Saturday 17 April 2010

ပိတောက်ဖူး


တန်ခူးနွေရဲ့၊
ဖူးလေတဲ့ ပိတောက်ဝါ။

သင်္ကြန်မိုး၊
မာန်ပျိုးကာ ငြိုးလေသလား၊
ဖြိုးစွေမရွာ။

နှစ်ကူးတဲ့ နွေဆန်းတာ၊
လေကြမ်းသာ သုတ်ဖြူး။

လတန်ခူးအခါ၊
မြအဖူးမှာ မိုးရေဖြန်းပါမှ၊
ဝေလန်းကာ ပွင့်ရှာရမယ်ပေါ့၊
လေကြမ်းသာ ဆင့်လာကြရင်တော့၊
တင့်ကာလှ မပွင့်ဝေခင်၊
လွင့်ကြွေကာ ညှိုးခွေနွမ်းမယ်ကွယ့်၊
မိုးရေဖြန်းမှ သူဝင့်ကာ၊
ပွင့်လွှာမှာ ရွှေပြောက်လူးရမယ့်၊
နွေပိတောက်ဖူး။ ။



မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော အတာသင်္ကြန်တော် အခါသမယ ဖြစ်ကြပါစေရန် ဆုမွန်ကောင်း တောင်းချွေအပ်ပါသည်။
တန်ခူးမည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုးပြေး ဝေးကွာကင်းပ ကွယ်ပျောက်နေပါသဖြင့် အခါသင့်ပေမင့် မပွင့်နိုင်ရှာသော ပိတောက်ဝါများသို့ ...

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

10 comments:

johnmoeeain said...

ဒီတစ်နှစ်တော့...
ပန်းပိတောက်တို့
နွမ်းခြောက်လည်း
လှမ်းကောက်ရန် အခွင့်မသာ
ပိတောက်ဖူးတို့
နှစ်ကူးကို လှစ်ပြလည်း
အိမ်အပြန်လမ်း
လှမ်းလျှောက်ရန် ဖြစ်မလာ...။
သြော်....
ပန်းပိတောက်ဝါ၀ါ။

မေဓာဝီ said...

သင်္ကြန်ကလဲ တန်ခူးလမှာ ကျတာ မဟုတ်တော့ သင်္ကြန်မှာ သင်္ကြန်မိုးလဲ မရွာတော့တာ ထင်ပါရဲ့။ ကဗျာလေး သဘောကျတယ် ဦးဟယ်ရီရေ ... မင်္ဂလာနှစ်သစ် ဖြစ်ပါစေ ... ။

စုချစ် said...

မင်္ဂလာနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ...

Harry said...

မိုးအိမ်ရေ .. ငါ့ညီမက အိမ်အတော်လွမ်းနေပြီထင်တယ် ... မကြာခင်တော့ ပိတောက်တွေကောက်ဖို့ အိမ်ပြန်ရမှာပါ ...

မင်္ဂလာနှစ်သစ်ပါ မမေရေ ... ဒီနှစ်က ဝါထပ်တော့ သင်္ကြန်က ကဆုန်ထဲရောက်သွားတာပေါ့ ... အဲဒီတော့ သင်္ကြန်မိုးလည်း မျက်စိလည်သွားတယ် ထင်ပါတယ် ...

စုချစ်လည်း ရွှင်လန်းချမ်းမြေ့ပါစေဗျာ ... မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေ

သွယ်လင်းဆက် said...

အကိုဟယ်ရီ နှစ်သစ်မှာ အရာရာပျော်ရွှင်ကျေနပ်စွာဖြင့် ဖြတ်ကျော်နိုင်ပါစေ။

ညီ
..... သွယ်လင်းဆက်

Harry said...

ကျေးဇူးပါ ညီလေးရေ ..
ညီလည်း မင်္ဂလာနှစ်သစ်မှာ အစစအရာရာ မင်္ဂလာအပေါင်း ခညောင်း ပြည့်စုံပါစေ ...

မင်းဒင် said...

မိုးရေဖြန်းမှ သူဝင့်ကာ၊
ပွင့်လွှာမှာ ရွှေပြောက်လူးရမယ့်၊
နွေပိတောက်ဖူး။ ။

ပိတောက်ဖူးနဲ့အတူ ကိုဟယ်ရီဘဝ ချမ်းမြေ့ ပျော်ရွှင်နိုင်ပါစေခင်ဗျား ။

ခင်မင်လျက်
မင်းဒင်

အိ said...

ကိုဟယ်ရီရေ ကဗျာလာဖတ်တယ်

Dr. Yi Yi Win said...

ဗျို့ ..ဦးဟယ်ရီ..ပိတောက်ဖူး အ၀ါရောင်တစ်ခက်လောက်ပါ။ :D
နှစ်သစ်မှာ ပျော်ပါစေ။

ဒေါ်ယု

Harry said...

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ အကိုမင်းဒင်ရေ ...

ကဗျာအသစ်ရေးဦးလို့ အမြဲပူဆာတဲ့ အိမ ... အခုအသစ်ရေးထားပြီနော် ...

ရော့ဗျို့ ... ဒေါ်ယု ... ပစ်လိုက်ပြီ .. ဗုံး ... အဲလေ ပိတောက်ဖူးပါ ... :D
ဒေါ်ယုလည်း ထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ