မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား (၁၈)
တေးထပ်ဆန်း
တေးထပ်ဆန်းမှာ ကာရန်ယူပုံပေါ်မူတည်ပြီး ပင်မအမျိုးအစား သုံးမျိုးဖြစ်တဲ့ သာမည၊ အရိုးခံနဲ့ သုံးချက်ညီ တေးထပ်တွေ အဖြစ် ထပ်ပွားသွားနိုင်တာကြောင့် သာမည တေးထပ်ဆန်း၊ အရိုးခံတေးထပ်ဆန်း နဲ့ သုံးချက်ညီ တေးထပ်ဆန်း ဆိုပြီး ထပ်ပြီးတော့ ခွဲခြားနိုင်ပါတယ်။
တေးထပ်ဆန်းဆိုတာက ဘာမှ မခက်ပါဘူး။ ပင်မ တေးထပ်တပုဒ်ကို အပိုပိုဒ်တွေ ထည့်ပေးလိုက်ရုံပါပဲ။ ဒါကြောင့် အပိုဒ်ရေ ပိုများသွားပါတယ်။ တေးထပ်တပုဒ် ကို (သာမညဖြစ်ဖြစ်၊ အရိုးခံဖြစ်ဖြစ်၊ သုံးချက်ညီ ဖြစ်ဖြစ်) အပိုပိုဒ်တွေ ထည့်လိုက်ရင် တေးထပ်ဆန်းဖြစ်သွားပါတယ်။ ဘယ်နေရာမှာထည့်ရမယ်လို့ ကန့်သတ်ထားခြင်း မရှိပါဘူး။ ကြိုက်ရာအပိုဒ်ကို အဲဒီအပိုဒ်မတိုင်ခင် အပိုပိုဒ် တပိုဒ် ထည့်နိုင်ပါတယ်။ အပိုပိုဒ်ကို ထည့်ရင် ထည့်မယ့်အပိုဒ်နဲ့ နဘေအပြည့်ထပ်ပြီးမှ ထည့်လေ့ရှိပါတယ်။ ဒါကို တွန့်ပိုဒ်၊ ကွန့်ပိုဒ် လို့ ခေါ်ပါတယ်။ သတိပြုဖို့က တေးထပ်ဆန်းမှာ တွန့်ပိုဒ် ထည့်ရင် တပိုဒ်လုံး အပြည့် ထည့်ရပါမယ်။ တဝက် တွန့်လို့ မရပါဘူး။ အဲဒီလို တပိုဒ်လုံး အပြည့်တွန့်တာကို "ကွန့်" တယ်၊ အဲဒီ အပိုဒ်ကို "ကွန့်ပိုဒ်" လို့လည်း ခေါ်ပါတယ်။ အပြည့်တွန့်ထားတဲ့ "တွန့်ပိုဒ်" လို့လည်း ခေါ်ပါတယ်။ ကျနော်ကတော့ ကွန့်ပိုဒ်လို့ ခေါ်တာကို ပိုကြိုက် ပါတယ်။
နမူနာ ဥပဒေသဆောင်ပုဒ် တေးထပ်ဆန်းကို ကြည့်ပါ။

ဥပဒေသ ဆောင်ပုဒ် တေးထပ်ဆန်း
၁။ တေးထပ်စာ အဆန်းဖွင့်မယ်လို့၊
၂။ တခဏ်းဖြင့် ရောက်လာ၊
၃။ အရမ်းနှင့်ကောက်ထာ၊
၎။ ဘောက်ကဗျာ ဖယ်၍့၊
၅။ ဆန်းယဉ်နု ဖူးပွင့်ပုံလို၊
၆။ ထူးတင့်ပုံ ရေးမည့်ဓလေ့။
၇။ စိန်ခြူးမြင့် ဆောင်လယ်ဘုံမှာ၊
၈။ စောင်ထယ်ခြုံ ကတီမွေ့၊
၉။ မောင်မယ်စုံ ချီပွေ့လို့၊
၁၀။ ရီထေ့ထေ့ ပြုံးဟန်၊
၁၁။ သဒ္ဒါရုံဇောအငွေ့ဟာက၊
၁၂။ မနောခွေ့ ခွေ့တဲ့အသံ။
(ဝိုက်ကွန့်လို့ တွေးမှတ်ကြံတယ်)
၁၃။ ပိုဒ်တွန့်လို့ ရေးစပ်ပြန်သော်၊
၁၄။ တေးထပ်ဉာဏ် ဆန်းအစစ်ပါပဲ၊
၁၅။ ပန်းကသစ် ကုံကုမံ၊
၁၆။ သင်းပျံ့ ကျံကျံ၊
(စံမြန်းခွင့် ညီလာခံတယ်)
၁၇။ ဖလ်နန်းမြင့် သီဟာပျံမှာ၊
၁၈။ ဂီတာသံ ကျူးရင့်းဖျလေး။ ။
(မူရင်းသတ်ပုံအတိုင်း ရေးသားထားပါသည်။)
ဒီ နမူနာ ဥပဒေသ ဆောင်ပုဒ်တေးထပ်ကို ကြည့်မယ်ဆိုရင် တွန့်ပိုဒ် (ကွန့်ပိုဒ်) တွေ ထည့်ထားတာ တွေ့ရပါမယ်။ လက်သည်းကွင်းထဲက ပြထားတဲ့ အပိုဒ်တွေဟာ တွန့်ပိုဒ် (ကွန့်ပိုဒ်) တွေဖြစ်ပါတယ်။ စာအုပ်ထဲမှာတော့ တွန့်ပိုဒ်လို့ပဲ သုံးထားပါတယ်။ ဒါပေမဲ့ တကယ်တော့ ကွန့်ပိုဒ် အဖြစ် မှတ်ယူတာ ပိုသင့်ပါတယ်။ တွန့်ပိုဒ်၊ ကွန့်ပိုဒ် အကြောင်း တေးထပ်ကြီး အပြီးမှာ သီးခြား ရေးပြထားပါတယ်။ တေးထပ်ဟာ ၁၈ ပိုဒ် ရှိရမယ် ဆိုပေမဲ့ ဒီ အပိုပိုဒ်တွေထည့်လိုက်တဲ့အတွက် ဒီ တေးထပ်ဆန်းမှာ အပိုဒ်-၂၀ အထိရှိနေတာကို တွေ့နိုင်ပါတယ်။
အခု ဖော်ပြခဲ့တဲ့ နမူနာတေးထပ်ကတော့ အရိုးခံတေးထပ်ရဲ့ ကာရန်ယူပုံအတိုင်း ယူထားတာဖြစ်လို့ အရိုးခံတေးထပ်ဆန်း လို့ မှတ်ယူနိုင်ပါတယ်။
အခု ဖော်ပြခဲ့တဲ့ နမူနာတေးထပ်ကတော့ အရိုးခံတေးထပ်ရဲ့ ကာရန်ယူပုံအတိုင်း ယူထားတာဖြစ်လို့ အရိုးခံတေးထပ်ဆန်း လို့ မှတ်ယူနိုင်ပါတယ်။
တေးထပ်ကြီး
တေးထပ်ကြီးမှာလည်း ကာရန်ယူပုံပေါ်မူတည်ပြီး ပင်မအမျိုးအစား သုံးမျိုးဖြစ်တဲ့ သာမည၊ အရိုးခံနဲ့ သုံးချက်ညီ တေးထပ်တွေ အဖြစ် ထပ်ပွားသွားနိုင်တာကြောင့် သာမည တေးထပ်ကြီး၊ အရိုးခံတေးထပ်ကြီး နဲ့ သုံးချက်ညီ တေးထပ်ကြီး ဆိုပြီး ထပ်ပြီးတော့ ခွဲခြားနိုင်ပါတယ်။
ဒီမှာလည်း တွန့်ပိုဒ်ပဲ ထည့်တာပါ။ ဒါပေမဲ့ တေးထပ်ဆန်းနဲ့ ကွာသွားတာက တေးထပ်ကြီးမှာဆိုရင် တွန့်ပိုဒ်တွေကို တပိုဒ်လုံးလည်း ထည့်သလို (ကွန့်ပိုဒ် ထည့်သလို)၊ တဝက်လည်း တွန့် ပါတယ်။ အပိုဒ်ရေပိုများပါတယ်။ စာလုံးရေလည်း ပိုထည့်လို့ ရပါတယ်။ တေးထပ်ဆန်းက တဝက်မတွန့်ပါဘူး။ အပြည့်ပဲ တွန့်ပါတယ် (တနည်းအားဖြင့် "ကွန့်" ပါတယ်)။ စာလုံးရေလည်း ပိုထည့်လေ့ မရှိပါဘူး။
နမူနာ ဥပဒေသဆောင်ပုဒ် တေးထပ်ကြီးကို ကြည့်ပါ။

ဥပဒေသ ဆောင်ပုဒ် တေးထပ်ကြီး
(ဘမရာပလ္လင် ခန်းအဝလိုပ၊) - (ကွန့်ပိုဒ်)
၁။ စာသဘင် နန်းအကြွဆီက၊
၂။ စွမ်းသမျှ ကြံကာ၊
(ဆန်းအလှ - ဝမ်းပထမ) - (တွန့်ပိုဒ်)
၃။ ကျမ်းကဗျာ့ နန္ဒာကို၊
၎။ အဟံ ငါ စီကုံး၊
၅။ အတ္တုက္ကန့် ပရဝမ်၊
၆။ သကျမွန် ကင်းတဲ့နှလုံး။
(ပြီးဆိုစို့ - နည်းထိုထို့) - (တွန့်ပိုဒ်)
၇။ မှီးသိုဖို့ ထုတ်အကုန်ကြံတယ်၊
၈။ သုတ်ပုံစံ ယှဉ်သုံး၊
၉။ နှုတ်ငုံရန် အယဉ်ဆုံးရယ်လို့၊
၁၀။ ခင်တဖုန်း ဓိဋ္ဌာန်၊
(ကောင်းမဟာ ပန်းတပွင့်လိုပ) - (ကွန့်ပိုဒ်)
၁၁။ ပေါင်းကဗျာ အပြွမ်းဖွင့်တာမို့၊
၁၂။ တကျမ်းနှင့် ပြီးလိမ့်အမှန်။
(မျိုးအရှိ သီချင်းသံငယ်) - (ကွန့်ပိုဒ်)
၁၃။ စိုးတစိ ကြွင်းမကျန်တယ်၊
၁၄။ ကျမ်းဂန်ဂန် ရှာမှီစုပါလို့၊
၁၅။ စာစီမှု နည်းဖုံဖုံ၊
၁၆။ စုံကြီး စုံ့ထက်စုံ၊
(မရှိ မာန၊ အတိ ဂါရဝ) - (တွန့်ပိုဒ်)
၁၇။ နိဝါတ ပွားခိုလှုံတယ်၊
၁၈။ များဗိုလ်ပုံ သာကြောင်းပလေး။ ။
(လုံးပို ပိုဒ်ကွန့် - သုံးဆိုလိုက်တွန့်) - (တွန့်ပိုဒ်)
ပြုံးချိုကြိုက်မွန့် ရေးမှီးကဗျာကို၊ - (ကွန့်ပိုဒ်)
တေးကြီးမဟာ ခေါ်ကြောင်းသာပလေး။ ။ - (ကွန့်ပိုဒ်)
(မူရင်းသတ်ပုံအတိုင်း ရေးသားထားပါသည်။)
ဒီ ဆောင်ပုဒ်နမူနာထေးထပ်ကို ကြည့်ရင် မူရင်းအပိုဒ် မစခင် (ဘမရာပလ္လင် ခန်းအဝလိုပ၊) ဆိုပြီး နဘေကိုက် အပိုဒ်ပြည့် တွန့်ပိုဒ် တပိုဒ် ထည့်ပါတယ်။ ပြီးမှ မူရင်းအပိုဒ် ကျမ်းကဗျာ့ နန္ဒာကို ဆိုတဲ့ အပိုဒ် မတိုင်ခင် (ဆန်းအလှ - ဝမ်းပထမ) ဆိုပြီး ကျမ်းကဗျာ့ နဲ့ နဘေကိုက် တွန့်ပါတယ်။ ဒါပေမဲ့ ကျမ်းကဗျာ့ နန္ဒာကို ဆိုတဲ့ အပိုဒ်တပိုဒ်လုံး အပြည့်အဝ နဘေမယူတော့ဘဲ ကျမ်းကဗျာ့ နဲ့ ဆန်းအလှ၊ ဝမ်းပထမ ဆိုပြီး တဝက်ပဲ နဘေယူပြီး တွန့်ထားတာပါ။ ကျန်တဲ့အပိုဒ်တွေမှာလည်း ဒီလိုပဲ တဝက် တွန့်တဲ့အခါတွန့်၊ အပြည့် တွန့်တဲ့အခါ တွန့်ပါတယ်။ နောက်ဆုံးအဆုံးသတ်မှာ ... များဗိုလ်ပုံ သာကြောင်းပလေး ဆိုပြီး အချပိုဒ် ရေးပြီးပေမဲ့ နောက်ထပ်ပြီး (လုံးပို ပိုဒ်ကွန့် - သုံးဆိုလိုက်တွန့်) ဆိုပြီး ပြုံးချိုကြိုက်မွန့် နဲ့ နဘေယူပြီး တဝက်တွန့်ယုံမက ပြုံးချိုကြိုက်မွန့် ရေးမှီးကဗျာကို၊ တေးကြီးမဟာ ခေါ်ကြောင်းသာပလေး ဆိုပြီး လုံးပိုအကွန့်ပိုဒ်အနေနဲ့ ထည်ြ့ပီး ရေးစပ် ထားတာ တွေ့ရပါလိမ့်မယ်။ ဒါမျိုးကို နှစ်ကြော့ချ၊ နှစ်ထပ်ချလို့ ခေါ်ပါတယ်။ လေးချိုးကြီးတွေမှာလည်း ဒီလိုအပိုဒ်မျိုး ထည့်စပ်လေ့ရှိပါတယ်။
ဒီလောက်ဆို တေးထပ်ကြီး အကြောင်း သိလောက်ပြီ ထင်ပါတယ်။
ဒီလောက်ဆို တေးထပ်ကြီး အကြောင်း သိလောက်ပြီ ထင်ပါတယ်။
အတွန့်၊ အကွန့်
ဒီနေရာမှာ အတွန့်၊ အကွန့် အကြောင်းကို နည်းနည်း ကြားဖြတ်ပြီးပြောချင်ပါတယ်။ ရှစ်ဆယ်ပေါ်တေးထပ်မှာလည်း ဒီ အတွန့်၊ အကွန့်ပိုဒ်တွေ တွေ့ရမှာမို့ပါ။
အတွန့် - အကွန့် ဆိုတာကတော့ ...
အတွန့်ဆိုတာ “ကြောက်ရွံ့၍ နောက်တွန့် သွားသည်” ဆိုတဲ့ စကားလိုပဲ နောက်ဆုတ်သွားတာကို တွန့်တယ်လို့ ဆိုလို တာပါ။ ကဗျာမှာ နောက်ကိုဆုတ်ပြီး တွန့်လို့ ကာရန်ယူရေးသားတာမျိုးကို အတွန့် လို့ခေါ်ပါတယ်။
အကွန့်ဆိုတာကတော့ “ရွှေဉာဏ်တော် ကွန့်မြူးတယ်” ဆိုတဲ့ စကားအသုံးအနှုန်းလိုပဲ ဖြစ်မြဲဖြစ်စဉ်ထက် ပိုမိုလွန်ကဲပြီး ပြုလုပ်တာကို ကွန့်တယ် လို့ ဆိုလိုတာဖြစ်ပါတယ်။ ကဗျာမှာလည်း ရေးသားမြဲ ထုံးစံအပိုဒ်တွေထက် ပိုမိုလွန်ကဲ ရေးစပ်ခြင်းကို အကွန့်လို့ ခေါ်ပါတယ်။
တေးထပ်ဆန်းမှာပြထားတဲ့ လက်သည်းကွင်းထဲက အပိုဒ်တွေဟာ တကယ်တော့ အကွန့်ပိုဒ်တွေပါပဲ။ တွန့်ပိုဒ်လို့ ဒီနေရာမှာ သုံးထားပေမဲ့ တကယ်တော့ အကွန့်ပိုဒ်တွေဖြစ်ပါတယ်။ ကွန့်ပိုဒ် ဆိုတာက ရေးရိုးရေးစဉ် ၁၈-ပိုဒ်ကနေ ထပ်ဖြည့်ထားတဲ့ အပိုပိုဒ်တွေကို အကွန့်ပိုဒ်လို့ ခေါ်တာ ဖြစ်ပါတယ်။ ၁၈-ပိုဒ်ထဲက မည်သည့်အပိုဒ်မဆို ကွန့်နိုင်တယ်လို့ ဆိုပါတယ်။
တေးထပ်ကြီးမှာတော့ လက်သည်းကွင်းထဲက ထပ်တွန့်ကာရန်ယူထားတဲ့ အပိုဒ်မျိုးကို (တွန့်ပိုဒ် ဆိုပြီး ဘေးက ထပ်ရေးပြထားပါတယ်) တွန့်ပိုဒ် လို့ ခေါ်ပါတယ်။ တွန့်ပုံကတော့ တွန့်လိုတဲ့အပိုဒ်ရဲ့ ရှေ့ထက်ဝက် (အက္ခရာ ၃-လုံး၊ ၄-လုံး) ကို ကာရန်တူ လုံးရေတူ ပြုပြီး တဆဖြစ်စေ နှစ်ဆဖြစ်စေ နောက်သို့ဆုတ်ကာ တွန့်နိုင်ပါသတဲ့။ အခုပြထားတဲ့တေးထပ်ကြီးမှာတော့ နှစ်ဆ တွန့်ထားတယ်လို့ ဆိုနိုင်ပါတယ်။
ဘယ်နေရာမှာ တွန့်ပိုဒ်ထည့်ရမလဲဆိုတော့ ၁၊ ၃၊ ၅၊ ၇၊ ၉ ... စတဲ့ "မ" အပိုဒ်တွေကို တွန့်နိုင်ပါတယ်။ ဆိုလိုတာက အဲဒီ မ-အပိုဒ်တွေမတိုင်ခင် တွန့်ပိုဒ် တပိုဒ်ထည့်နိုင်ပါတယ်။

ပိုဒ်စုံ တေးထပ်ကို ဆက်လက်ဖော်ပြပါမယ် ....
ဖတ်ရှုခံစားအားပေးတဲ့ မြန်မာကဗျာချစ်သူအားလုံးကို ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ
2 comments:
အပိုင်း ၁၇ ပြီးကတဲက အပိုင်း ၁၈ ကို မျှော်နေတာလေ... စောင့်ရတာလည်း... သိပ်မကြာပါဘူးနော်... ၁နှစ်နီးပါးလောက်ပဲ... ဟီး....
း-)
မြန်မာကဗျာအကြောင်း ဗဟုသုတ အများကြီးရတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်...ကိုဟယ်ရီရေ...
း-)
စောင့်မျှော်အားပေးလျက်...
ခင်မင်စွာ... စုချစ်
သေချာဖတ်ပြီး ဘာပြောရမှန်းတောင်မသိတော့ ပါဘူး ကိုဟယ်ရီရယ်။ဆရာတဆူတင်လောက် ပါပေရဲ့ ။
ခင်လျက်
မင်းဒင်
Post a Comment