မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၃)
တေးတွဲ့
တေးတွဲ့ကဗျာအမျိုးအစားဟာလည်း အခုခေတ်မှာ တိမ်မြုပ်နေပြီ ဖြစ်ပေမဲ့ ရေးသားစပ်ဟပ်ရာမှာ အလွန်စိတ်ဝင်စားစရာ ကောင်းတဲ့ ကဗျာမျိုး ဖြစ်ပါတယ်။ ဗဟုသုတလည်း ရအောင်၊ အမျိုးအစားလည်း စုံအောင် ရည်ရွယ်ပြီး အကျဉ်းချုပ် ဖော်ပြလိုက်ပါတယ်။
တေးတွဲ့ဆိုတဲ့ အမည်ကို အရင်စကြည့်မယ်ဆိုရင် ...
တေး - ဆိုတာ ကဗျာ သီချင်း လို့ အဓိပ္ပာယ်ရပြီး သင်္ချာ ဂဏန်းအရ ၃- ဆိုတဲ့ အနက်ကို ဖော်ပြပါတယ်။
တွဲ့ - ဆိုတာကတော့ လေးကန် ဖင့်နွှဲတဲ့ အနက်သဘောကို ဖော်ပြပါတယ်။
ဒါကြောင့် ဖြေးနှေး ဖင့်နွှဲစွာ ရွတ်ဆိုရသော ကဗျာ (သို့မဟုတ်) အပုဒ် ၃-ပိုဒ်ဖြင့် ဖင့်နွှဲ ဖြည်းညင်းစွာ သီဆိုရသော ကဗျာလို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။
နောက်တမျိုးအနေနဲ့ဆိုရင် ...
တေး - ကို ဂဏန်းသင်္ချာ ၃-ခု အနေနဲ့ယူပြီး တွဲ့ - ကိုတော့ တွဲ (ဆက်တွဲခြင်း) အနက်အဓိပ္ပာယ်လို့ ယူဆပြန်တော့ အပိုဒ် ၃-ပိုဒ် ဆက်တွဲ ရေးရတဲ့ ကဗျာလို့ အဓိပ္ပာယ် တမျိုးရပြန်ပါတယ်။
တေးတွဲ့ကို ရေးတဲ့အခါ အပိုဒ်သုံးပိုဒ် ရေးပြီး အချီ တူညီရမှာဖြစ်ပါတယ်။ အချီပိုဒ်ကို လဟုချီပြီး ဂရု ချပါတယ်။ နောက်ဆုံးပိုဒ်ကိုတော့ တေးထပ်လိုပဲ “လေး” ဆိုတဲ့ စကားလုံးနဲ့ ချရပါတယ်။ ရတုတွေရေးတဲ့အခါ အချီညီ၊ အချညီ ရေးကြပေမဲ့ အဲဒီလို အမြဲတမ်း ညီအောင်ရေးစပ်ဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ တေးတွဲ့ကတော့ အချီ ညီကို ညီရပါမယ်။
တပိုဒ် မှာ အချိုး ၄-ချိုးစီ ပါတယ်။ ရှေးလေးချိုးကြီး အသွားဆန်ဆန်၊ လေးလုံးစပ်တချို့၊ သံချို အသွားဆန်ဆန် ငါးလုံး,ခြောက်လုံး တချို့ ထားပြီး စပ်ရပါတယ်။ အချီမှာတော့ ၃-လုံး ချီနည်းနဲ့ ၄-လုံး ချီနည်း နှစ်မျိုးရှိတယ်လို့ ဆိုထားတာကို တွေ့ရပါတယ်။
နမူနာ တေးတွဲ့ ကဗျာတပုဒ် ကြည့်ရအောင်။
(၁) “ဘုံနန်းက-မှန်းဆ ချေ လျှင်”
ဃောသ လေးပြန်၊ ဝေးလောက်တန်တွင်၊ နိဗ္ဗာန်ရည်မှန်းလို့၊ တည်သန်းပုံ သဗ္ဗညုလို၊ ရွှန်းနုစုံလင်၊
တက်, သက်,လှေကား၊ နှစ်စုံပွားလို့၊ ထူးခြားသန့်ရှင်း၊ ဘိုးတော်မင်းထက်၊ ဉာဏ်လင်းအင်၊ မမြင် တောင်းပေရသေး။
စူဠာမဏိ၊ မည်တော်ရှိတဲ့၊ သီရိထွေငေါ်၊ စေတီကျော်ကို၊ ပြည်တော်သူ သွတ်လှယ်ကူးလို့၊ ဖူးကြတယ် လေး။
(၂) “ထုံပန်းလှ-ပန်းက ထွေအင်”
ဆွမ်းတော် ရေကြည်၊ ပွဲရံတည်သား၊ တီးစည် ခတ်ရွမ်းလို့၊ ရောင်လျှမ်း အရုဏ်ခပ်လျှင်၊ ဆွမ်းကပ်လို့ တင်၊
တန်ဆောင်တိုင်များ၊ ရေတော်ငါးနှင့်၊ နံပါး ပန်းသင်း၊ ညနေခင်းမှာ၊ ထပ်သွင်းတင်၊ ရင် ပြင် တော် လင်းထိန်လို့ မွှေး။
ရှင်လူကစ၊ နံနက် ညတိုင်း၊ ညွတ်ခ ပူဇာ၊ စိန္တေယျာဝယ်၊ မသေရာ နိဗ္ဗာန်နန်းကို၊ မှန်းဆုပန် လေး။
(၃) “စုံဆန်းစွ- ခန်းဝဗွေ ပြင်”
ကျောင်းတော် အုတ်ဂူ၊ အဆူဆူတွင်၊ နိဗ္ဗူရည်စူးတဲ့၊ ထေရ်ထူးတွေ ကိန်းပျော်ဝပ်တယ်၊ ကွက်လပ်မ မြင်၊
တကျောင်းတော်လုံး၊ ရေကြည်သုံးဖို့၊ ပတ်ကုံးရှင်းလင်း၊ တောင်တူးရွင်းက ရေသွင်းလျှင်၊ ကန်တွင် ရေပန်း လျှံလို့ ဖွေး။
သောတုဇန၊ စာသင်စ၍၊ ထေရအရာ၊ မြတ်သံဃာတို့၊ ချမ်းသာစွာ မြတ်တရားကို အားထုတ်ကြ လေး။ ... ။
ဒီပုံစံမှာ ...
(၁) “ဘုံနန်းက-မှန်းဆ ချေလျှင်”
(၂) “ထုံပန်းလှ-ပန်းက ထွေအင်”
(၃) “စုံဆန်းစွ- ခန်းဝ ဗွေပြင်” ...
ဆိုပြီး အချီ ၃-ပိုဒ် ကို နဘေကိုက်ပြီး အချီညီပိုဒ်စုံရတု လို စပ်ဆိုထားပါတယ်။ အချီ ၃-ပိုဒ်လုံးကို က-လှ-စွ ဆိုတဲ့ လဟုသံ နဲ့ ချီထားပြီး လျှင်၊ အင်၊ ပြင် ဆိုတဲ့ ဂရုသံ နဲ့ ချထားပါတယ်။
နောက်အပိုဒ်တွေကို ကြည့်ရင်လည်း ရှေးလေးချိုးကြီး ရေးစပ်သလို လေးလုံးစပ်မျိုး အပြင် ငါးလုံး,ခြောက်လုံး သင့်သလို ထည့်ပြီး စပ်ဆိုသွားတာတွေ့နိုင်ပါတယ်။ ပထမချိုးရဲ့ အချနဲ့ ဒုတိယချိုးရဲ့အချမှာ သံလျော့ သံချင်း ညီစေပြီး တတိယချိုးနဲ့ စတုတ္ထချိုးကို (ဧး =အေး) ကာရန်နဲ့ ဆုံးစေရပါတယ်။ ဘာကြောင့်ဆိုတော့ တေးတွဲ့တပုဒ်လုံးရဲ့ အချဖြစ်တဲ့ စတုတ္ထချိုးရဲ့ အဆုံးမှာ (လေး) သဒ္ဒါနဲ့သာ အမြဲ ချရလို့ပဲ ဖြစ်ပါတယ်။
တေးတွဲ့မှာ လေးချိုးလိုပဲ တတိယချိုး၏ ဆုံးခါနီးပိုဒ်မှာ ပထမချိုး၊ ဒုတိယချိုးကို ပြန်ငဲ့တဲ့ ကာရန်ပြန် တချက်စီ ရှိရပါသေးတယ်။
ပထမပိုဒ်မှာ လျှင်-လင် .. ဆိုတာကို (ဉာဏ်လင်းအင် က) အင် နဲ့ ပြန်ငဲ့တယ်။
ဒုတိယပိုဒ်မှာ အင်-တင် … ဆိုတာကို (ထပ်သွင်းတင် က) တင် နဲ့ ပြန်ငဲ့တယ်။
တတိယပိုဒ်မှာ ပြင်-မြင် .. ဆိုတာကို (ရေသွင်းလျှင် က) လျှင် နဲ့ ပြန်ငဲ့တယ်။
အထက်ဖော်ပြပါ တေးတွဲ့က အချီ ၃-ပိုဒ် ညီပြီး အချမညီတဲ့ တေးတွဲ့ဖြစ်ပါတယ်။
အချီအချ ညီတဲ့ တေးတွဲ့ နမူနာကတော့ …
ဆဋ္ဌသံဂါယနာနှင့် ပဋိဝိသောဓကဖွဲ့ တေးတွဲ့ကဗျာ
(မြန်မာပိဋကတ်တော် ပဋိဝိသောဓက-အရှင်တိလောကသာရ ဖွဲ့ဆိုသည်)
(၁) “လူပေါင်းခလို့ - ကြည်မြကော် ရော်”၊
ထေရဝါဒ၊ ဆောင်ပိုက်ကြတဲ့၊ ပဉ္စနဂိုရ်၊ ခငြောင်းခိုကြ၊ ဗဟိုမဏ္ဍိုင်မှတ်၊ မြန့်ရဌ် ပြည် တော်။
သီရိမင်္ဂလာ၊ ကုန်းတော်သာနှင့်၊ ကမ္ဘာဧး ... မည်၊ မွေသရီရှင်၊ စေတီခွင်မှာ၊ စီရင်ဖန်ဆောက်၊ ဝိသုကမ်ဖောက်သည်သို့၊ ကျောက်ဂူ တော်၊ ပျံ့ ကျော်ဘဝဂ်ဝှန်တည့် ကြွေး။
ဂူတော်ဝန်းကျင်၊ ဆောက်ဦပြင်သည်၊ စည်ပင်သိမ်ကျောင်း၊ ဇရပ်ပေါင်းနှင့်၊ မညောင်းအာရုံ၊ တည်ရှိဟုံငယ်၊ ကြည်ယုံသဒ္ဓါပွား...၊ “အားရဖွယ်လေး”။
(၂) “တူကြောင်းပြစို့ - ရည်ဆမြော် မြော်”၊
လိုဏ်ဂူခွင်ဝယ်၊ ထေရ်ရှင်ထက်မြက်၊ ငါးထောင်ဝက်နှင့်၊ ဂုဏ်စက်ပွားလျှံ၊ နိုင်နိုင်ငံမှ၊ သံကြီးမင်းကြီး၊ ပေါင်းဆုံကာစည်းပါကြ၊ ချီးအပ်ထုတ် ဖော်။
မြန်နိုင်ငံအုပ်၊ စိုးရချုပ်သည့်၊ ပြည့်ဥက္ကဋ္ဌ၊ အစိုးရနှင့်၊ ဗုဒ္ဓဘာသာ၊ ဖွဲ့ကြီးမှာလည်း၊ မဟာဝီရိ၊ စိုက်တည်ရှိလျက်၊ စုံပြည့် ဖေါ်၊ ခါ တော်ဖွင့်ခဲ့ ခြိမ့်ခြိမ့် ကြွေး။
နိုင်ငံတော်သူ၊ လက်အုပ်ထူလျက်၊ တူရူချဉ်းကပ်၊ နေ့မလပ်ဘဲ၊ ပြွပ်ပြွပ်နှစ်လို၊ လွန်ကြည်ညိုသည်၊ ပိုမိုလျှံဝှန်အား ...၊ “ပွားကြတယ်လေး”။
(၃) “မူကောင်းရဖို့ - ထေရ်မျာ့းပျော် ပျော်”၊
နွေနှောင်းနွယ်တာ၊ ဝါတော်ခါမို့၊ သံဂါကာရ၊ ထေရ်ရှင်လှတို့၊ ပထမသန္နိပါ၊ ဆုံးစေကာလျှင်၊ လိုရာပြန်ကြွသွား၊ နားကြလေ သော်။
ပါဠိ ပဋိဝိသောဓကာ၊ သြသာနာနှင့်၊ မြန်မာပြန်ညှိ၊ ပဋိဝိသော်၊ သံဃာတော်တို့၊ ဖြော်ဖြော်အားအင်၊ လုံ့လဆင်၍၊ နေ့စဉ်မလပ်၊ တိုက်ဆိုင်ဖတ်ပါလို့၊ တည်းဖြတ် ခေါ်၊ မူ တော်မူကောင်း တည်စိမ့် တွေး။
မြန်မာတိုင်းသူ၊ မြဲရှုယူဖို့၊ မြန်မူပြန်ကာ၊ ပြင်ဆင်ရာ၌၊ ကောင်းပါလေဿး၊ ချောစေရေးမှာ၊ ကြံတွေးဝေါဟာ၊ ပါဝစနာပြင်၊ ဋ္ဌကထာ,ဋီ၊ အလီလီနှင့်၊ ကိုက်ညီရပေ၊ ဤအနေငယ်၊ ထွေထွေကြံဝန်ပွား ...၊ “များလှတယ်လေး”။
ဒီ တေးတွဲ့မှာ အချီသုံးပိုဒ်လုံး အချင်းချင်း ညီကြသလို အချသုံးပိုဒ်လုံးလည်း အချင်းချင်း ညီကြတာကို တွေ့ရပါမယ်။ ဒါ့အပြင် အချီပိုဒ်တွေမှာ “လူပေါင်းခလို့ - တူကြောင်းပြစို့ - မူကောင်းရဖို့” ဆိုပြီး အက္ခရာ ၄-လုံးနဲ့ ချီသွားတာကိုလည်း တွေ့နိုင်ပါတယ်။
ဒီလောက်ဆို တေးတွဲ့ကို မြင်သာလောက်ပါပြီ။ ဒီဘက်ခေတ်မှာ လုံးဝမရေးကြသလောက်ဖြစ်နေပြီမို့ ဒီလောက်နဲ့ပဲ တေးတွဲ့ အကြောင်းကို ရပ်နားလိုက်ပြီး ရတုအကြောင်းကို ဆက်ပါမယ်။
ဟယ်ရီ