ငါးဆင့်သမိုင်း
ငါးဆင့်သမိုင်း
ထုံးမတိမ်၊
ငုံး, အိမ်, ကျူ, လ သို့၊
တူမျှစံနှိုင်း။
ထပ်တညီ၊
ကပ္ပဋ္ဌီတင်ထိုက်တဲ့၊
ယဉ်သိုက်ဝင် သည်မေနှင့်ရယ်၊
ငါးဆင့်သမိုင်း။ ။
(သစ္စာတိုင် ဒွေးချိုး)
စလေဦးပုည
“ကပ္ပဋ္ဌီတိ” ဆိုတာကတော့ ကမ္ဘာနှင့်အမျှ၊ ကမ္ဘာတည်သရွေ့ တည်တံ့နေမယ့်အရာတွေကိုဆိုလိုတာဖြစ်ပါတယ်။ ဒီလို ကမ္ဘာနှင့်အမျှ တည်တံ့နေကြတဲ့ ကပ္ပဋ္ဌီတိလေးပါးမှာ ဥစ္စာသိုက်၊ ပညာသိုက်တို့လို အယဉ်အလှသိုက်ကိုဝင်တဲ့ သူ့ရဲ့ချစ်သူကိုပါထည့်ပြီး ရေတွက်ရမှာမို့ လေးပါးတောင်မကဘဲ ငါးပါးထိအောင်ဖြစ်လာမှာပါလို့ ဖွဲ့နွဲ့တင်စား လိုက်တာပါ။ ကမ္ဘာတည်သရွေ့ တည်ရှိနေတဲ့ အရာတွေကို ကဗျာထဲထည့်ပြီး အတိုဖွဲ့တဲ့နေရာမှာ ဦးပုညဟာ စံတင်လောက်ပါတယ်။ “ကြာကနက် သောင်းဝှန်မှာ၊ ဒေါင်း, ပုစွန်, ဝံ, ငါး သို့ ...” ဆိုပြီးတော့လည်း ‘ကမ္ဘာ နှစ်ခါပျက် စေတော့’ ဆိုတဲ့ သစ္စာတိုင် တေးထပ်ထဲမှာ စ၊ ဓ၊ ဗ၊ ဝ စမ (စာမ) လေးလုံးကို ဖွဲ့သွားပါတယ်။ “ပုစွန် ဝံ ငါး ဒေါင်းမြီးဖျားမှာ၊ စာလေးပါးကျေကာမှ၊ သွေပါ့မယ် လှယဉ်ကြူးငဲ့ ...” ရယ်လို့လည်း ဝိဇယပြဇာတ်မှာ ရေးသွားပါသေးတဲ့အကြောင်း ပြီးခဲ့တဲ့ ပို့စ်မှာရေးခဲ့ပြီးပါပြီ။ ဒီမှာ ပြန်ဖတ်ကြည့်နိုင်ပါတယ် ...
ကမ္ဘာနှစ်ခါပျက်စေတော့
အလျဉ်းသင့်လို့ ကပ္ပဋ္ဌီတိ လေးပါးကို ဖော်ပြရမယ်ဆိုရင် ...
ငုံး = ဘုရားလောင်း ငုံးမင်းဘဝက သစ္စာဆိုထားတဲ့ တဆယ့်ခြောက်ပယ်စာမြေနေရာ
အိမ် = ကဿပ ဘုရားရှင်လက်ထက်က ဃဋိကာရ အိုးထိမ်းသည်ရဲ့ အိမ်နေရာ
ကျူ = ဘုရားလောင်း မျောက်မင်းရဲ့ သစ္စာအဓိဋ္ဌာန်ကြောင့် ကျူပင်တွေမှာ ကမ္ဘာတည်သရွေ့ အဆစ်မရှိဘဲ တိုးလျှိုပေါက် ဖြစ်နေခြင်း
လ = လပေါ်မှာ ထင်နေတဲ့ ယုန်ရုပ် တို့ဖြစ်ကြပါတယ်။
ငုံး
ဘုရားအလောင်းတော် ငုံးမင်း အရွယ်မရောက်ခင်က အဖြစ်အပျက်တစ်ခုပါ။ တောမီးကြီးက လောင်လာပါတယ်။ မိဘတွေကလည်း ထွက်ပြေးကြသွားကြလို့ အသိုက်ထဲမှာ ငုံးငယ်တကောင်တည်းကျန်ရစ်ခဲ့ပါတယ်။ ငယ်ရွယ်လှသေးတဲ့ အတွက် အတောင်ကလည်း မပျံနိုင်၊ ခြေထောက်ကလည်း မသွားနိုင်ဖြစ်နေပါတယ်။ ဒီတော့ ဒီမီးဘေးက လွတ်မြောက်ဖို့ သစ္စာတရားမှတပါး အခြားအားကိုးရာမရှိကြောင်း ဆင်ခြင်မိတဲ့ အလောင်းတော် ငုံးမင်းငယ်ဟာ အမှန်အတိုင်း သစ္စာဆိုလိုက်တဲ့အခါ လောင်လာတဲ့ တောမီးကြီးဟာ သစ္စာ စွမ်းအားကြောင့် ရှောင်ကွင်းသွားပါ တော့တယ်။ ဒီ ငုံးမင်း သစ္စာပြုတဲ့နေရာကနေ ဗဟိုပြုပြီး တဆယ့်ခြောက်ပယ်စာမျှရှိတဲ့ ဧရိယာဟာ ကမ္ဘာတည်သရွေ့ မီးမလောင်ဘဲ တည်နေပါတယ်။ (‘ပယ်’ ဆိုတာ ရှေးခေတ်မြေအတိုင်းအတာပါ။ တပယ်ကို ၁.၇၅-ဧက နဲ့ ညီမျှပါတယ်။ ၁၆-ပယ် ဆိုတော့ ၂၈-ဧကနဲ့ညီမျှပါတယ်) ပရိတ်ကြီး (၁၁) သုတ်ထဲက ဝဋ္ဋသုတ်တော် (ဝဋ္ဋပရိတ်တော်) ဟာ ဒီအဖြစ်အပျက်ကို ဟောတော်မူတာပါပဲ။ “သန္တိပက္ခာ အ ပတနာ၊ သန္တိပါဒါ အဝဉ္ဇနာ။ မာတာပိတာ စ နိက္ခ န္တာ၊ ဇာတဝေဒ ပဋိက္က္ကမ။” ဆိုတဲ့ အပိုဒ်ဟာ ဘုရားလောင်း ငုံးမင်း သစ္စာဆိုတော်မူတဲ့ အပိုဒ်လို့ သိရပါတယ်။
(ဧကနိပါတ်၊ ဝဋ္ဋကဇာတ်)
အိမ်
ကဿပ ဘုရားရှင်လက်ထက်က ‘ဃဋိကာရ’ လို့ခေါ်တဲ့ အိုးထိမ်းသည် တယောက်ရှိပါတယ်။ သူ့မှာ မျက်မမြင်မိဘနှစ်ပါး ရှိပါတယ်။ သူ့အိမ်က ပစ္စည်း မှန်သမျှဟာ မြတ်စွာဘုရားရှင်နဲ့ သံဃာတော်တွေအတွက်သာလို့ ခံယူချက်ထားတဲ့ သူဖြစ်ပါတယ်။
တနေ့တော့ ရဟန်းတော်တွေဟာ မြက်မိုးကျောင်းဆောင်တဆောင်ဆောက်လုပ်နေကြတုန်း အမိုးသက်ငယ် လိုအပ် နေတဲ့အတွက် အတွင်းသိအစင်းသိဖြစ်သော ဃဋိကာရရဲ့အိမ်က သက်ငယ်အမိုးတွေကို သွားပြီး ဖျက်ယူကြပါတယ်။
ဃဋိကာရရဲ့ မျက်မမြင်မိဘနှစ်ပါးက သိကြပေမဲ့ ရဟန်းတော်များဆိုလျှင် ခွင့်လွှတ်ထားပြီးဖြစ်တာကြောင့် မတားမြစ် ကြပါဘူး။ သားဖြစ်တဲ့ ဃဋိကာရ ပြန်လာတဲ့အခါ အကြောင်းစုံပြောပြကြပါတယ်။ မိသားစုသုံးဦးဟာ ရဟန်းတော်တွေ မိမိတို့အပေါ် ရင်းနှီးမှု၊ အသိအမှတ်ပြုမှုအတိုင်းအတာကို တွေးမိပြီး စေတနာ သဒ္ဓါ တရား ထက်သန်စွာနဲ့ အလွန် ဝမ်းမြောက်ဝမ်းသာတောင် ဖြစ်နေကြပါတယ်။
အဲဒီ စေတနာသဒ္ဓါတရားရဲ့ စွမ်းအားကြောင့် ဃဋိကာရရဲ့အိမ်ဟာ မိုးဘယ်လောက်ပဲ ရွာရွာ၊ အမိုးမရှိပေမဲ့ မိုးစိုစွတ်ခြင်း မရှိတော့ပါဘူး။ ခေတ္တခဏမျှသာ မဟုတ်ပါ။ အဲဒီအိမ်နေရာဟာ တကမ္ဘာပတ်လုံး မိုး စိုစွတ်ခြင်း မရှိတော့ပါ။
(ဃဋိကာရသုတ်၊ အဋ္ဌကထာ)
ကျူ
ဘုရားလောင်းမျောက်မင်းဟာ အြွေခအရံပေါင်းများစွာနဲ့ တောကြီးမျက်မည်းထဲ လှည့်လည်နေချိန်ကဖြစ်ပါတယ်။ ရေငတ်လို့ ရေရှာနေကြတုန်း ရေကန်တကန်ကို တွေ့မိကြပါတယ်။ ဒါပေမဲ့ ပြဿနာက ဒီရေကန်ဟာ ဘီလူးစောင့်တဲ့ ရေကန် ဖြစ်နေပါတယ်။
မျောက် များစွာအတွက် အခက်အခဲကြီးနဲ့ ရင်ဆိုင်လိုက်ရတာပါ။ ရေမသောက်ရရင် အားလုံးရေငတ်ပြီး သေဆုံးကြရ ပါတော့မယ်။ ရေကန်ထဲဆင်းပြီး သောက်ပြန်ရင်လည်း ဆင်းသောက်တဲ့ မျောက်တွေအားလုံး ဘီလူးစားခံရ ပါလိမ့်မယ်။ တကယ့်ကို ကျဉ်းထဲကျပ်ထဲ၊ ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ် လှည်းတုတ် ဆိုတဲ့ မတိုးသာ၊ မဆုတ်သာ အခြေအနေပါ။
ဒီအခက်အခဲကို ဘုရားလောင်းမျောက်မင်းက ခေါင်းဆောင်ပီသစွာနဲ့ ပညာသားပါပါဖြေရှင်းပေးလိုက်ပါတယ်။ ရေကန် ဝန်းကျင်မှာ ကျူပင်တွေရှိပါတယ်။ ဒီတော့ ရှိတဲ့ ကျူပင်တွေအကုန် အဆစ်တွေပွင့်ပြီး တိုးလျှိုပေါက် တပေါက်တည်းဖြစ်စေဖို့ ဘုရားလောင်း မျောက်မင်းက အဓိဋ္ဌာန် လိုက်ပါတယ်။ ခေါင်းဆောင်စိတ်ဓါတ်ရယ်၊ ဒုက္ခသည်ကို ကယ်တင်လိုတဲ့ ပရဟိတစိတ်ဓါတ်တွေရဲ့ စွမ်းအားကြောင့် ရေကန်ဝန်းကျင်မှာရှိတဲ့ ကျူပင်အားလုံး အဆစ်တွေပွင့်ကုန်ပြီး တပေါက်တည်း ဖြစ်ကုန်ပါတယ်။
အဲဒီတော့မှ အခုခေတ်မှာ ရေပိုက်တွေဆက်ပြီး ရေသယ်ယူကြသလိုမျိုး အဆစ်ပွင့်သွားတဲ့ ကျူပင်တွေကို ဆက်ပြီး ရေကန်ထဲ မဆင်းကြဘဲ အဝေးကနေ ရေသောက်ယူကြပါတယ်။
“ရေကန်ထဲဆင်းလာလို့ကတော့ စားမယ်” လို့ ကြုံးဝါးထားတဲ့ ဘီလူးခမျာ ဘာမှ မတတ်နိုင်ရှာတော့ပါဘူး။ မြင့်မြတ်တဲ့ ပရဟိတစိတ်ဓါတ်ရဲ့ စွမ်းအားနဲ့ အောင်ပွဲခံခဲ့တဲ့ ရေကန်ဝန်းကျင်မှာ ပေါက်လာသမျှ ကျူပင်အားလုံးဟာ အဆစ်တွေပွင့်ပြီး တပေါက်တည်းဖြစ်ကာ တကမ္ဘာလုံး တည်နေပါတော့တယ်။
(ဧကနိပါတ်၊ နဠကပါနဇာတ်)
လ
ဂင်္ဂါမြစ်နှင့် နီးစပ်သောတောအုပ်တခုမှာ ဘုရားလောင်းယုန်မင်းဟာ မျောက်၊ မြေခွေး၊ ဖျံ ဆိုတဲ့ မိတ်ဆွေသုံးဦး တို့ကို အဆုံးအမပေးပြီး ချစ်ခင်စွာနေကြတဲ့အခိုက်ဖြစ်ပါတယ်။
လပြည့်နေ့ဖြစ်တဲ့ ဥပုသ်နေ့ဟာ ဒါနပြုဖို့၊ သီလဆောက်တည်ဖို့အတွက် အသင့်တော်ဆုံး နေ့ထူးနေ့မြတ် ဖြစ်ကြောင်း သူတော်ကောင်းဓါတ်ခံရှိကြတဲ့ သူတို့အားလုံးက လက်ခံထားကြပါတယ်။ လက်ခံလောက်အောင်လည်း ယုန်မင်းက အမြဲတမ်း သွန်သင်ဆုံးမလေ့ရှိပါတယ်။
အဲဒီ လပြည့်နေ့တနေ့မှာ သူတို့လေးဦးရဲ့စိတ်ဓါတ်ကို မှတ်ကျောက်တင်ဖို့ သိကြားမင်းက အလှူခံပုဏ္ဏား အသွင်နဲ့ ရောက်ရှိလာခဲ့ပါတယ်။ မျောက်၊ မြေခွေး၊ ဖျံ တို့ကတော့ လှူဒါန်းဖွယ်ပစ္စည်းတွေ အလွယ်တကူရှိနေကြလို့ လုံးဝ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ယုန်မင်းအတွက်ကတော့ စဉ်းစားရခက်နေပါတယ်။
သူမြတ်နိုးတဲ့နေ့တနေ့မှာ သူမြတ်နိုးတဲ့အလှူခံကရောက်ရှိလို့လာခဲ့ပါပြီ။ သူမြတ်နိုးတဲ့ အပေါင်းအသင်းတွေရဲ့ လက်ထဲ မှာ လှူဖွယ် ဝတ္ထုပစ္စည်းတွေက ရေကန်အသင့်၊ ကြာအသင့်။ သူ့လက်ထဲမှာတော့ ဘာဆိုဘာမျှ မရှိရှာပါဘူး။ ယုန်မင်းမှာ ရှိနေတာက အလှူခံပုဂ္ဂိုလ်အပေါ်မှာ ထားရှိတဲ့ စေတနာ၊ သဒ္ဓါတရားတို့ပဲ ဖြစ်ပါတယ်။
ဒီ စေတနာ၊ သဒ္ဓါတရားတို့ကိုပဲ တွန်းအားတခုအဖြစ်အသုံးပြုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ရဲရင့်ပြတ်သားလှပြီး အသက်နဲ့ခန္ဓာတွေကိုတောင် ငဲ့ညှာခြင်းမရှိတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောကြားလိုက်တဲ့ စကားတို့က သက်သေခံ နေပါတယ်။ ဒီစကားကတော့ ....
“မီးမွှေး၍ မီးကျီးရအောင်ပြုလုပ်ပါ။ ကျွန်ုပ် ခုန်ချပါမည်။ ကျွန်ုပ်အသားကျက်သောအခါ သင်ယူစား၍ တရားအားထုတ်ပါ” တဲ့။
သိကြားမင်းကိုယ်တိုင် အံ့ဩယူရတဲ့ စကားသံတွေပါပဲ။ ဒါနဲ့ ဆက်လက် စမ်းသပ်မယ် ဆိုပြီး မီးမွှေးပြီး မီးကျီးရအောင် ဖန်တီးပေးလိုက်ပါတယ်။ တကယ့်သေဘေးမို့ မီးကျီးတွေရမှ စိတ်ပြောင်းပြီး ရှောင်ပြေးရင်လည်း အပြစ်တော့ မတင်ရက်ပါဘူး။ ဒါပေမဲ့ ယုန်မင်းကတော့ အားရရွှင်လန်းစွာနဲ့ပဲ မီးကျီးတွင်းထဲသို့ ခုန်ဆင်းလိုက်ပါတယ်။
ဒုတိယမ္ပိ ထပ်မံအံ့ဩစရာ အဖြစ်အပျက်တခု ဖြစ်ပွားသွားပြန်ပါတယ်။ ရဲရဲနီ ပူလောင်နေတဲ့ မီးကျီးခဲတွေဟာ ရဲရဲနီတဲ့ ယုန်မင်းရဲ့ သတ္တိကို ယှဉ်ပြိုင်ဝံ့တဲ့ အားအင်လုံးဝမရှိတဲ့အကြောင်း ရေခဲတုံးတမျှ အေးကုန်ကြတဲ့ မီးသွေးခဲတွေ ဖြစ်သွားပုံက သက်သေပြနေပါတော့တယ်။ ကိုယ်ကို လောင်ကျွမ်းဖို့ မဆိုထားနဲ့၊ အမွေးတွေကိုတောင် အပူငွေ့ကလေး ဟပ်သွားတာမျိုး မရှိခဲ့ပါဘူး။
ဒီနောက်မှာတော့ သိကြားမင်းဟာ ယုန်မင်းကို ရင်ခွင်မှာ ကြင်နာနွေးထွေးစွာပွေ့ပိုက်ပြီး သူ့ရဲ့အဖြစ်မှန်၊ ဇာတိအမှန်ကို ပြောပြလိုက်ပါတယ်။ ပြီးတော့ အတွေးတခု ထပ်ဝင်လာပါတယ်။ “လောကထဲတွင် လူပင်ဖြစ်စေ၊ တိရစ္ဆာန်ပင် ဖြစ်စေ၊ ထူးချွန်ကောင်းမွန်လာလျှင် အများနည်းယူလောက်အောင် မှတ်တမ်းတင်၍ ဂုဏ်ပြုသင့်သည်” ဆိုတဲ့ အတွေးပါပဲ။
ဒီအတွေးကို လက်တွေ့အကောင်အထည်ပေါ်လာစေဖို့ တောင်ဆီကိုညှစ်ယူပြီး လဗိမာန်မှာ ယုန်ရုပ်ထင်နေအောင် သိကြားတို့ရဲ့ တန်ခိုးနဲ့ ရေးခြယ်လိုက်ပါတယ်။ ဒီလို ရေးခြယ်လိုက်တဲ့ လဗိမာန်မှာ ထင်နေတဲ့ ယုန်ရုပ်ပုံသဏ္ဌာန်ဟာ တကမ္ဘာပတ်လုံး တည်နေပါတော့တယ်။
အလျဉ်းသင့်လို့ ပြောချင်တာတခုရှိပါတယ်။ တချို့တွေက ဒီဖြစ်ရပ်ကို စကားကပ်ပြီး ငြင်းကြ၊ မထေမဲ့မြင်ပြုကြ ပါတယ်။ လကမ္ဘာ ပေါ်ကို လူတွေရောက်နေပြီ၊ ဘာ ယုန်ရုပ်မှလည်း မတွေ့ပါလား၊ ပိဋကတ်တော်လာ စကားတွေဟာ အလကားပဲလို့ ပြောကြ ပါတယ်။ တကယ်တော့ လပေါ်မှာ ယုန်ရုပ်ထုကြီး သွားထားတယ်လို့လည်း မပြောခဲ့ ပါဘူး။ ကမ္ဘာပေါ်ကနေ ကြည့်လိုက်ရင် ယုန်ရုပ်ပုံကလေး ပေါ်နေအောင်ပဲ လုပ်ထားခဲ့တာ ဆိုတာကို သတိပြုသင့်ပါတယ်။
(စတုက္ကနိပါတ်၊ သသပဏ္ဍိတဇာတ်)
ကိုးကား။
(၁) ပရိတ်ကြီး ၁၁-သုတ် ပါဠိတော်။
(၂) မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကြင်ရွာ၊ မှန်ကျောင်းပရိယတ္တိစာသင်တိုက်၊ အာဂုံစာတော်ပြန်ပွဲ နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်၊ ရွှေရတု ပူဇာစာစောင် မှ ဦးအဂ္ဂည (သာသနဓဇ ဓမ္မစရိယ)၊ ဂုဏဝတီတိုက်ကျောင်း၊ ဘုရားကြီးတိုက်၊ မန္တလေးမြို့ရေးသားသော “ကမ္ဘာတည်သရွေ့” ဆောင်းပါး။