Monday, 20 February 2012

ငါးဆင့်သမိုင်း‎

ငါးဆင့်သမိုင်း‎

ထုံးမတိမ်၊‎
ငုံး, အိမ်, ကျူ, လ သို့၊‎
တူမျှစံနှိုင်း။‎

ထပ်တညီ၊‎
ကပ္ပဋ္ဌီတင်ထိုက်တဲ့၊‎
‎ယဉ်သိုက်ဝင် သည်မေနှင့်ရယ်၊‎
ငါးဆင့်သမိုင်း။ ။‎

(သစ္စာတိုင် ဒွေးချိုး)
စလေဦးပုည



“ကပ္ပဋ္ဌီတိ” ဆိုတာကတော့ ကမ္ဘာနှင့်အမျှ၊ ကမ္ဘာတည်သရွေ့ တည်တံ့နေမယ့်အရာတွေကိုဆိုလိုတာဖြစ်ပါတယ်။ ဒီလို ‎ကမ္ဘာနှင့်အမျှ တည်တံ့နေကြတဲ့ ကပ္ပဋ္ဌီတိလေးပါးမှာ ဥစ္စာသိုက်၊ ပညာသိုက်တို့လို အယဉ်အလှသိုက်ကိုဝင်တဲ့ ‎သူ့ရဲ့ချစ်သူကိုပါထည့်ပြီး ရေတွက်ရမှာမို့ လေးပါးတောင်မကဘဲ ငါးပါးထိအောင်ဖြစ်လာမှာပါလို့ ဖွဲ့နွဲ့တင်စား ‎လိုက်တာပါ။ ကမ္ဘာတည်သရွေ့ တည်ရှိနေတဲ့ အရာတွေကို ကဗျာထဲထည့်ပြီး အတိုဖွဲ့တဲ့နေရာမှာ ဦးပုညဟာ ‎စံတင်လောက်ပါတယ်။ “ကြာကနက် သောင်းဝှန်မှာ၊ ဒေါင်း, ပုစွန်, ဝံ, ငါး သို့ ...” ဆိုပြီးတော့လည်း ‘ကမ္ဘာ နှစ်ခါပျက် ‎စေတော့’ ဆိုတဲ့ သစ္စာတိုင် တေးထပ်ထဲမှာ စ၊ ဓ၊ ဗ၊ ဝ စမ (စာမ) လေးလုံးကို ဖွဲ့သွားပါတယ်။ “ပုစွန် ဝံ ငါး ‎ဒေါင်းမြီးဖျားမှာ၊ စာလေးပါးကျေကာမှ၊ သွေပါ့မယ် လှယဉ်ကြူးငဲ့ ...” ရယ်လို့လည်း ဝိဇယပြဇာတ်မှာ ရေးသွားပါသေးတဲ့အကြောင်း‎ ပြီးခဲ့တဲ့ ပို့စ်မှာရေးခဲ့ပြီးပါပြီ။ ဒီမှာ ပြန်ဖတ်ကြည့်နိုင်ပါတယ် ...
ကမ္ဘာနှစ်ခါပျက်စေတော့

အလျဉ်းသင့်လို့ ကပ္ပဋ္ဌီတိ လေးပါးကို ဖော်ပြရမယ်ဆိုရင် ... ‎
ငုံး = ဘုရားလောင်း ငုံးမင်းဘဝက သစ္စာဆိုထားတဲ့ တဆယ့်ခြောက်ပယ်စာမြေနေရာ
အိမ် = ကဿပ ဘုရားရှင်လက်ထက်က ဃဋိကာရ အိုးထိမ်းသည်ရဲ့ အိမ်နေရာ
ကျူ = ဘုရားလောင်း မျောက်မင်းရဲ့ သစ္စာအဓိဋ္ဌာန်ကြောင့် ကျူပင်တွေမှာ ကမ္ဘာတည်သရွေ့ အဆစ်မရှိဘဲ တိုးလျှိုပေါက် ‎ဖြစ်နေခြင်း‎
လ = လပေါ်မှာ ထင်နေတဲ့ ယုန်ရုပ် တို့ဖြစ်ကြပါတယ်။‎

ငုံး‎
ဘုရားအလောင်းတော် ငုံးမင်း အရွယ်မရောက်ခင်က အဖြစ်အပျက်တစ်ခုပါ။ တောမီးကြီးက လောင်လာပါတယ်။ ‎မိဘတွေကလည်း ထွက်ပြေးကြသွားကြလို့ အသိုက်ထဲမှာ ငုံးငယ်တကောင်တည်းကျန်ရစ်ခဲ့ပါတယ်။ ငယ်ရွယ်လှသေးတဲ့ ‎အတွက် အတောင်ကလည်း မပျံနိုင်၊ ခြေထောက်ကလည်း မသွားနိုင်ဖြစ်နေပါတယ်။ ဒီတော့ ဒီမီးဘေးက လွတ်မြောက်ဖို့ ‎သစ္စာတရားမှတပါး အခြားအားကိုးရာမရှိကြောင်း ဆင်ခြင်မိတဲ့ အလောင်းတော် ငုံးမင်းငယ်ဟာ အမှန်အတိုင်း ‎သစ္စာဆိုလိုက်တဲ့အခါ လောင်လာတဲ့ တောမီးကြီးဟာ သစ္စာ စွမ်းအားကြောင့် ရှောင်ကွင်းသွားပါ တော့တယ်။ ဒီ ငုံးမင်း ‎သစ္စာပြုတဲ့နေရာကနေ ဗဟိုပြုပြီး တဆယ့်ခြောက်ပယ်စာမျှရှိတဲ့ ဧရိယာဟာ ကမ္ဘာတည်သရွေ့ မီးမလောင်ဘဲ ‎တည်နေပါတယ်။ (‘ပယ်’ ဆိုတာ ရှေးခေတ်မြေအတိုင်းအတာပါ။ တပယ်ကို ၁.၇၅-ဧက နဲ့ ညီမျှပါတယ်။ ၁၆-ပယ် ‎ဆိုတော့ ၂၈-ဧကနဲ့ညီမျှပါတယ်) ပရိတ်ကြီး (၁၁) သုတ်ထဲက ဝဋ္ဋသုတ်တော် (ဝဋ္ဋပရိတ်တော်) ဟာ ဒီအဖြစ်အပျက်ကို ‎ဟောတော်မူတာပါပဲ။ “သန္တိပက္ခာ အ ပတနာ၊ သန္တိပါဒါ အဝဉ္ဇနာ။ မာတာပိတာ စ နိက္ခ န္တာ၊ ဇာတဝေဒ ပဋိက္က္ကမ။” ဆိုတဲ့ ‎အပိုဒ်ဟာ ဘုရားလောင်း ငုံးမင်း သစ္စာဆိုတော်မူတဲ့ အပိုဒ်လို့ သိရပါတယ်။‎
(ဧကနိပါတ်၊ ဝဋ္ဋကဇာတ်)‎

အိမ်
ကဿပ ဘုရားရှင်လက်ထက်က ‘ဃဋိကာရ’ လို့ခေါ်တဲ့ အိုးထိမ်းသည် တယောက်ရှိပါတယ်။ သူ့မှာ မျက်မမြင်မိဘနှစ်ပါး ‎ရှိပါတယ်။ သူ့အိမ်က ပစ္စည်း မှန်သမျှဟာ မြတ်စွာဘုရားရှင်နဲ့ သံဃာတော်တွေအတွက်သာလို့ ခံယူချက်ထားတဲ့ ‎သူဖြစ်ပါတယ်။‎
တနေ့တော့ ရဟန်းတော်တွေဟာ မြက်မိုးကျောင်းဆောင်တဆောင်ဆောက်လုပ်နေကြတုန်း အမိုးသက်ငယ် လိုအပ် ‎နေတဲ့အတွက် အတွင်းသိအစင်းသိဖြစ်သော ဃဋိကာရရဲ့အိမ်က သက်ငယ်အမိုးတွေကို သွားပြီး ဖျက်ယူကြပါတယ်။‎
ဃဋိကာရရဲ့ မျက်မမြင်မိဘနှစ်ပါးက သိကြပေမဲ့ ရဟန်းတော်များဆိုလျှင် ခွင့်လွှတ်ထားပြီးဖြစ်တာကြောင့် မတားမြစ် ‎ကြပါဘူး။ သားဖြစ်တဲ့ ဃဋိကာရ ပြန်လာတဲ့အခါ အကြောင်းစုံပြောပြကြပါတယ်။ မိသားစုသုံးဦးဟာ ရဟန်းတော်တွေ ‎မိမိတို့အပေါ် ရင်းနှီးမှု၊ အသိအမှတ်ပြုမှုအတိုင်းအတာကို တွေးမိပြီး စေတနာ သဒ္ဓါ တရား ထက်သန်စွာနဲ့ အလွန် ‎‎ဝမ်းမြောက်ဝမ်းသာတောင် ဖြစ်နေကြပါတယ်။‎
အဲဒီ စေတနာသဒ္ဓါတရားရဲ့ စွမ်းအားကြောင့် ဃဋိကာရရဲ့အိမ်ဟာ မိုးဘယ်လောက်ပဲ ရွာရွာ၊ အမိုးမရှိပေမဲ့ မိုးစိုစွတ်ခြင်း ‎မရှိတော့ပါဘူး။ ခေတ္တခဏမျှသာ မဟုတ်ပါ။ အဲဒီအိမ်နေရာဟာ တကမ္ဘာပတ်လုံး မိုး စိုစွတ်ခြင်း မရှိတော့ပါ။‎
(ဃဋိကာရသုတ်၊ အဋ္ဌကထာ)‎

ကျူ
ဘုရားလောင်းမျောက်မင်းဟာ အြွေခအရံပေါင်းများစွာနဲ့ တောကြီးမျက်မည်းထဲ လှည့်လည်နေချိန်ကဖြစ်ပါတယ်။ ‎ရေငတ်လို့ ရေရှာနေကြတုန်း ရေကန်တကန်ကို တွေ့မိကြပါတယ်။ ဒါပေမဲ့ ပြဿနာက ဒီရေကန်ဟာ ဘီလူးစောင့်တဲ့ ‎ရေကန် ဖြစ်နေပါတယ်။‎
မျောက် များစွာအတွက် အခက်အခဲကြီးနဲ့ ရင်ဆိုင်လိုက်ရတာပါ။ ရေမသောက်ရရင် အားလုံးရေငတ်ပြီး သေဆုံးကြရ ‎ပါတော့မယ်။ ရေကန်ထဲဆင်းပြီး သောက်ပြန်ရင်လည်း ဆင်းသောက်တဲ့ မျောက်တွေအားလုံး ဘီလူးစားခံရ ပါလိမ့်မယ်။ ‎တကယ့်ကို ကျဉ်းထဲကျပ်ထဲ၊ ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ် လှည်းတုတ် ဆိုတဲ့ မတိုးသာ၊ မဆုတ်သာ အခြေအနေပါ။‎
‎ဒီအခက်အခဲကို ဘုရားလောင်းမျောက်မင်းက ခေါင်းဆောင်ပီသစွာနဲ့ ပညာသားပါပါဖြေရှင်းပေးလိုက်ပါတယ်။ ရေကန် ‎‎ဝန်းကျင်မှာ ကျူပင်တွေရှိပါတယ်။ ဒီတော့ ရှိတဲ့ ကျူပင်တွေအကုန် အဆစ်တွေပွင့်ပြီး တိုးလျှိုပေါက် ‎တပေါက်တည်းဖြစ်စေဖို့ ဘုရားလောင်း မျောက်မင်းက အဓိဋ္ဌာန် လိုက်ပါတယ်။ ခေါင်းဆောင်စိတ်ဓါတ်ရယ်၊ ဒုက္ခသည်ကို ‎ကယ်တင်လိုတဲ့ ပရဟိတစိတ်ဓါတ်တွေရဲ့ စွမ်းအားကြောင့် ရေကန်ဝန်းကျင်မှာရှိတဲ့ ကျူပင်အားလုံး အဆစ်တွေပွင့်ကုန်ပြီး ‎တပေါက်တည်း ဖြစ်ကုန်ပါတယ်။‎
အဲဒီတော့မှ အခုခေတ်မှာ ရေပိုက်တွေဆက်ပြီး ရေသယ်ယူကြသလိုမျိုး အဆစ်ပွင့်သွားတဲ့ ကျူပင်တွေကို ဆက်ပြီး ‎ရေကန်ထဲ မဆင်းကြဘဲ အဝေးကနေ ရေသောက်ယူကြပါတယ်။‎
“ရေကန်ထဲဆင်းလာလို့ကတော့ စားမယ်” လို့ ကြုံးဝါးထားတဲ့ ဘီလူးခမျာ ဘာမှ မတတ်နိုင်ရှာတော့ပါဘူး။ မြင့်မြတ်တဲ့ ‎ပရဟိတစိတ်ဓါတ်ရဲ့ စွမ်းအားနဲ့ အောင်ပွဲခံခဲ့တဲ့ ရေကန်ဝန်းကျင်မှာ ပေါက်လာသမျှ ကျူပင်အားလုံးဟာ အဆစ်တွေပွင့်ပြီး ‎တပေါက်တည်းဖြစ်ကာ တကမ္ဘာလုံး တည်နေပါတော့တယ်။‎
(ဧကနိပါတ်၊ နဠကပါနဇာတ်)‎


‎ဂင်္ဂါမြစ်နှင့် နီးစပ်သောတောအုပ်တခုမှာ ဘုရားလောင်းယုန်မင်းဟာ မျောက်၊ မြေခွေး၊ ဖျံ ဆိုတဲ့ မိတ်ဆွေသုံးဦး တို့ကို ‎အဆုံးအမပေးပြီး ချစ်ခင်စွာနေကြတဲ့အခိုက်ဖြစ်ပါတယ်။‎
လပြည့်နေ့ဖြစ်တဲ့ ဥပုသ်နေ့ဟာ ဒါနပြုဖို့၊ သီလဆောက်တည်ဖို့အတွက် အသင့်တော်ဆုံး နေ့ထူးနေ့မြတ် ဖြစ်ကြောင်း ‎သူတော်ကောင်းဓါတ်ခံရှိကြတဲ့ သူတို့အားလုံးက လက်ခံထားကြပါတယ်။ လက်ခံလောက်အောင်လည်း ယုန်မင်းက ‎အမြဲတမ်း သွန်သင်ဆုံးမလေ့ရှိပါတယ်။‎
အဲဒီ လပြည့်နေ့တနေ့မှာ သူတို့လေးဦးရဲ့စိတ်ဓါတ်ကို မှတ်ကျောက်တင်ဖို့ သိကြားမင်းက အလှူခံပုဏ္ဏား အသွင်နဲ့ ‎ရောက်ရှိလာခဲ့ပါတယ်။ မျောက်၊ မြေခွေး၊ ဖျံ တို့ကတော့ လှူဒါန်းဖွယ်ပစ္စည်းတွေ အလွယ်တကူရှိနေကြလို့ လုံးဝ ‎ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ယုန်မင်းအတွက်ကတော့ စဉ်းစားရခက်နေပါတယ်။‎
သူမြတ်နိုးတဲ့နေ့တနေ့မှာ သူမြတ်နိုးတဲ့အလှူခံကရောက်ရှိလို့လာခဲ့ပါပြီ။ သူမြတ်နိုးတဲ့ အပေါင်းအသင်းတွေရဲ့ လက်ထဲ မှာ ‎လှူဖွယ် ဝတ္ထုပစ္စည်းတွေက ရေကန်အသင့်၊ ကြာအသင့်။ သူ့လက်ထဲမှာတော့ ဘာဆိုဘာမျှ မရှိရှာပါဘူး။ ယုန်မင်းမှာ ‎ရှိနေတာက အလှူခံပုဂ္ဂိုလ်အပေါ်မှာ ထားရှိတဲ့ စေတနာ၊ သဒ္ဓါတရားတို့ပဲ ဖြစ်ပါတယ်။‎
‎ဒီ စေတနာ၊ သဒ္ဓါတရားတို့ကိုပဲ တွန်းအားတခုအဖြစ်အသုံးပြုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ရဲရင့်ပြတ်သားလှပြီး ‎အသက်နဲ့ခန္ဓာတွေကိုတောင် ငဲ့ညှာခြင်းမရှိတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောကြားလိုက်တဲ့ စကားတို့က သက်သေခံ ‎နေပါတယ်။ ဒီစကားကတော့ ....‎
“မီးမွှေး၍ မီးကျီးရအောင်ပြုလုပ်ပါ။ ကျွန်ုပ် ခုန်ချပါမည်။ ကျွန်ုပ်အသားကျက်သောအခါ သင်ယူစား၍ တရားအားထုတ်ပါ” ‎တဲ့။‎
သိကြားမင်းကိုယ်တိုင် အံ့ဩယူရတဲ့ စကားသံတွေပါပဲ။ ဒါနဲ့ ဆက်လက် စမ်းသပ်မယ် ဆိုပြီး မီးမွှေးပြီး မီးကျီးရအောင် ‎ဖန်တီးပေးလိုက်ပါတယ်။ တကယ့်သေဘေးမို့ မီးကျီးတွေရမှ စိတ်ပြောင်းပြီး ရှောင်ပြေးရင်လည်း အပြစ်တော့ ‎မတင်ရက်ပါဘူး။ ဒါပေမဲ့ ယုန်မင်းကတော့ အားရရွှင်လန်းစွာနဲ့ပဲ မီးကျီးတွင်းထဲသို့ ခုန်ဆင်းလိုက်ပါတယ်။‎
‎ဒုတိယမ္ပိ ထပ်မံအံ့ဩစရာ အဖြစ်အပျက်တခု ဖြစ်ပွားသွားပြန်ပါတယ်။ ရဲရဲနီ ပူလောင်နေတဲ့ မီးကျီးခဲတွေဟာ ရဲရဲနီတဲ့ ‎‎ယုန်မင်းရဲ့ သတ္တိကို ယှဉ်ပြိုင်ဝံ့တဲ့ အားအင်လုံးဝမရှိတဲ့အကြောင်း ရေခဲတုံးတမျှ အေးကုန်ကြတဲ့ မီးသွေးခဲတွေ ဖြစ်သွားပုံက ‎သက်သေပြနေပါတော့တယ်။ ကိုယ်ကို လောင်ကျွမ်းဖို့ မဆိုထားနဲ့၊ အမွေးတွေကိုတောင် အပူငွေ့ကလေး ဟပ်သွားတာမျိုး ‎မရှိခဲ့ပါဘူး။‎
‎ဒီနောက်မှာတော့ သိကြားမင်းဟာ ယုန်မင်းကို ရင်ခွင်မှာ ကြင်နာနွေးထွေးစွာပွေ့ပိုက်ပြီး သူ့ရဲ့အဖြစ်မှန်၊ ဇာတိအမှန်ကို ‎ပြောပြလိုက်ပါတယ်။ ပြီးတော့ အတွေးတခု ထပ်ဝင်လာပါတယ်။ “လောကထဲတွင် လူပင်ဖြစ်စေ၊ တိရစ္ဆာန်ပင် ဖြစ်စေ၊ ‎ထူးချွန်ကောင်းမွန်လာလျှင် အများနည်းယူလောက်အောင် မှတ်တမ်းတင်၍ ဂုဏ်ပြုသင့်သည်” ဆိုတဲ့ အတွေးပါပဲ။‎
‎ဒီအတွေးကို လက်တွေ့အကောင်အထည်ပေါ်လာစေဖို့ တောင်ဆီကိုညှစ်ယူပြီး လဗိမာန်မှာ ယုန်ရုပ်ထင်နေအောင် ‎သိကြားတို့ရဲ့ တန်ခိုးနဲ့ ရေးခြယ်လိုက်ပါတယ်။ ဒီလို ရေးခြယ်လိုက်တဲ့ လဗိမာန်မှာ ထင်နေတဲ့ ယုန်ရုပ်ပုံသဏ္ဌာန်ဟာ ‎တကမ္ဘာပတ်လုံး တည်နေပါတော့တယ်။‎
အလျဉ်းသင့်လို့ ပြောချင်တာတခုရှိပါတယ်။ တချို့တွေက ဒီဖြစ်ရပ်ကို စကားကပ်ပြီး ငြင်းကြ၊ မထေမဲ့မြင်ပြုကြ ပါတယ်။ ‎လကမ္ဘာ ပေါ်ကို လူတွေရောက်နေပြီ၊ ဘာ ယုန်ရုပ်မှလည်း မတွေ့ပါလား၊ ပိဋကတ်တော်လာ စကားတွေဟာ ‎အလကားပဲလို့ ပြောကြ ပါတယ်။ တကယ်တော့ လပေါ်မှာ ယုန်ရုပ်ထုကြီး သွားထားတယ်လို့လည်း မပြောခဲ့ ပါဘူး။ ‎ကမ္ဘာပေါ်ကနေ ကြည့်လိုက်ရင် ယုန်ရုပ်ပုံကလေး ပေါ်နေအောင်ပဲ လုပ်ထားခဲ့တာ ဆိုတာကို သတိပြုသင့်ပါတယ်။‎
(စတုက္ကနိပါတ်၊ သသပဏ္ဍိတဇာတ်)‎

ကိုးကား။‎
‎(၁)‎ ပရိတ်ကြီး ၁၁-သုတ် ပါဠိတော်။‎
‎(၂)‎ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကြင်ရွာ၊ မှန်ကျောင်းပရိယတ္တိစာသင်တိုက်၊ အာဂုံစာတော်ပြန်ပွဲ ‎နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်၊ ရွှေရတု ပူဇာစာစောင် မှ ဦးအဂ္ဂည (သာသနဓဇ ဓမ္မစရိယ)၊ ဂုဏဝတီတိုက်ကျောင်း၊ ‎ဘုရားကြီးတိုက်၊ မန္တလေးမြို့ရေးသားသော “ကမ္ဘာတည်သရွေ့” ဆောင်းပါး။‎

No comments: