ဖေဖော်ဝါရီ မွန်းတိမ်း
ဖေဖော်ဝါရီ မွန်းတိမ်း
Henry Wadsworth Longfellow ရဲ့ ကဗျာတွေ ဒေါ်လေးမေ (မေဓာဝီ) တင်နေတာနဲ့ ဖတ်ဖြစ်ပါတယ် ... အရင်ဆုံး ဖတ်လိုက်မိတာက "Afternoon in February" ပါ ... အဲဒါလေးကို ဖတ်မိပြီး အတော် သဘောကျသွားတာနဲ့ ဘာသာပြန်ပြီး ရေးမိပါတယ် ... အချိုးတွဲပုံစံလေး ပါ ... ဒွေးဆစ်လေးတွေ တွဲပြီး ရေးလိုက်တာပါ ...
ဖေဖော်ဝါရီ မွန်းတိမ်း
နေ့အကုန်၊
ညဦးရုံ ခုန်အဆင်း။
စိမ့်မြေတို့ အေးခဲပျစ်၊
မြစ်သေတစင်း။
တိမ်လွှာတို့ ပြာမှုန်သွင်၊
နီရဲလွင် နေမင်း။
ဇနပုဒ် ပြတင်းထက်၊
လင်းလက်ဘိခြင်း။
နှင်းမြူခဲ တဖန်ပြန်၊
ခြံစည်းရိုး မြုပ်ကွယ်ပျောက်။
လွင်ပြင်ထက် လမ်းမကျယ်၊
ဘယ်ဝယ်ဆီရောက်။
ကြောက်စရာ့ ရိပ်လှိုင်းသွင်၊
မြက်ရိုင်းပြင်ထဲမှာလား။
လေးတွဲ့တွဲ့ ဖြတ်ကျော်လာ၊
မသာရထား။
ခေါင်းလောင်းသံ လွင်၊
ရင်တွင်းစိတ်ပေါင်း။
ခြောက်ခြားဖွယ် တုံ့ပြန်ကြ။
မရဏခေါင်းလောင်း။
အရိပ်ဆိုး ထပ်ကြပ်ပါ၊
အသည်းနာ ကြေကွဲ၊
ဈာပန ခေါင်းလောင်းကြိုး၊
ရင်တွင်း ထိုးဆဲ။ ။
မမေကိုလည်း ဘာသာပြန်ပါလို့ ပြောလိုက်ပါတယ် ... အဲဒါကို တွန့်ဆုတ်တွန့်ဆုတ် လုပ်နေလေရဲ့ ... (အဲ့ဒီ အပျိုကြီးဟာ အမြဲတမ်း အဲဒီအတိုင်းပဲ ... ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့ ... ပြောလိုက်ရင်) ဒါပေမဲ့ နောက်ဆုံးတော့ သူပြန်လိုက်တာက ကျနော့် ကဗျာထက်တောင် ပိုကောင်းနေသေးရဲ့ ... အမှန်အတိုင်းပြောရရင် ဒေါ်လေးမေ လေးလုံးစပ်နဲ့ ဘာသာပြန်ရေးထားတဲ့ ကဗျာကို ကျနော်ကိုယ်တိုင် ဘာသာပြန်ပြီး ရေးထားတဲ့ ကဗျာထက် ပိုကြိုက်ပါတယ် ... ခံစားကြည့်နိုင်ကြဖို့ အောက်မှာ တင်ပေးလိုက်ပါတယ် ... မူရင်းကို ဒီမှာ သွားဖတ်နိုင်ပါတယ် ...
ဖေဖော်ဝါရီ မွန်းလွဲချိန်
တရွေ့ရွေ့နှင့်
နေ့တာလွင့်ကြွေ
ညဥ့်ဦးခြေချ
အမှောင်ကျဆဲ
အေးခဲစိမ့်မြေ အို … မြစ်သေ … ။
တိမ်လွှာလွင့်ပါး
ပြာမှုန်များသွင်
ထိုကောင်းကင်၌
နေဝင်ဆည်းဆာ
အာကာပြင်ထက် မှိန်ပြိုးပြက် … ။
ဖြူစင်လွနှင်း
ကျဆင်းတဖန်
ဝင်းခြံစည်းရိုး
ခြုံလွှမ်းမိုးလျက်
လမ်းမထက်မှာ နှင်းမွေ့ယာ … ။
မြက်ခင်းပြင်ကျယ်
ကြောက်ဖွယ်ပုံရိပ်
တိုးတိတ်ဖြတ်သွား မသာ ရထား … ။
ခေါင်းလောင်းသံမြည်
အဝေးဆီမှ
မရဏမင်း
ခေါ်ဆောင်ချဉ်းသို့
ရင်တွင်းညှိုးငယ်
အဘယ်နတ်ဆိုး ခေါင်းလောင်းထိုး … ။
ခြေရာချန်ထား
အရိပ်များစွာ
ဝေးကွာပျက်သုဉ်း
နှလုံးပူဆွေး
အချက်ပေးနေ
သေမင်းတမန် ခေါင်းလောင်းသံ … ။ ။
(မေဓာဝီ)
မူရင်းကဗျာကိုပါ ယှဉ်တွဲဖတ်နိုင်ဖို့ တင်ပေးလိုက်ပါတယ် ...
"Afternoon in February"
The day is ending,
The night is descending;
The marsh is frozen,
The river dead.
Through clouds like ashes
The red sun flashes
On village windows
That glimmer red.
The snow recommences;
The buried fences
Mark no longer
The road o'er the plain;
While through the meadows,
Like fearful shadows,
Slowly passes
A funeral train.
The bell is pealing,
And every feeling
Within me responds
To the dismal knell;
Shadows are trailing,
My heart is bewailing
And tolling within
Like a funeral bell.
Written by Henry Wadsworth Longfellow (1807-1882)
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီလွင်
4 comments:
အဲဒါကို စောစောက မပြောဘူး။ ဒီလိုမှန်းသိ အချိန်ကုန်ခံပြီး မပြန်ပေါင် :)) ဦးလေးဟယ်ရီ ပြန်တာက မူရင်း ကဗျာနဲ့ ပိုနီးစပ်တာမို့ ပိုကောင်းပါတယ်။
အကို စာတွေ ဖတ်ပြီး တစ်ခါတစ်လေ စမ်းရေးကြည့်တယ် ပြိးတော့ ကိုယ်ဘာသာ ရယ်မိတယ် ဘာတွေမှန်းမသိလို့...:):)
ခံစားအားပေးလျှက်ပါအကို...
@မေဓာဝီ => အဲလို မပြန်မှာသိလို့ တမင်တကာ မပြောတာ ... :D
@Anglehlaing => ရေးပါ ညီမလေးရယ် ... ဘာတွေမှန်း မသိလို့ ရယ် မဟုတ်နိုင်ပါဘူး ... ကောင်းမှာပါနော်
Post a Comment