Monday 11 June 2012

ပြာကျမှ ပြန်ပါ

ပြာကျမှ ပြန်ပါ

ချစ်ရသူ ခင်ခင်ငဲ့၊
ဘဝင်မြင့်သက်ညှာ၊
ဆင်မသင့် ခက်ပါသည်၊
သက်သာရာမရ၊
သည်ကိုဖြင့် တိမ်းခဲ့ချော်ပြီ၊
စိမ်းနဲ့နော် ဘုန်းခင့်လာပ။

ကလာပ်စုရုပ်ကြွင်းကို၊
ပြုတ်ယွင်းယိုကာလ၊
ဖုတ်သင်္ဂြိုဟ်ဈာပန၊
ပြာကျမှ ပြန်ပါ၊
ဝဇီရာစိန်သံလျှင်းငယ်နှင့်၊
တရှိန်ချင်း လှမ်းချင်လို့မှာ။

ဝတိံဆင်း နန်းကိန္နရာလို၊
လျှမ်းထိန်ဝါဝေဝင်းနှင့်၊
ရွှေပယင်းငွေလက်တော်၊
ဘုန်းကိုင်ခဲ့နော်၊
အသုဘကမ္မဋ္ဌာန်းတော်ကို၊
ကြဌာန်းပျော် အိုရှုလှည့်လေး။ ။

(တောင်သမန်လယ်စား မောင်ဖေငယ် )

တောင်သမန်လယ်စား မောင်ဖေငယ် ကွပ်မျက်ခံရကာနီးတွင် နောက်ဆုံးရေးသား၍ သူ့ကျေးဇူးရှိဖူးသူ မိုးကောင်းဝန်မင်းအား ပေးခဲ့သော တေးထပ် ဖြစ်ပါသည်။

အကွပ်မျက် မခံရမီ ရာဇဒဏ်ဖြင့် မိုးကောင်းသို့ ပို့ကာ မောင်ဖေငယ်အား ချုပ်နှောင်ထားလေသည်။ မိုးကောင်းမှ တဖန် သူ့အားကွပ်မျက်ရန် ဗန်းမော်သို့ ထပ်ဆင့်ပို့လိုက်ပြန်သည်။ ဗန်းမော်သို့ ပို့ကာနီးဆဲဆဲ မိုးကောင်းတွင် ချုပ်နှောင်ထားခြင်း ခံနေရစဉ် မောင်ဖေငယ်သည် သီပေါဘုရင် နှင့် စုဘုရားလတ် အပါးတွင် အလွန်ချောမောပြေပြစ်သော မိဘုရားအသစ်ကလေးတပါး အမြဲလိုလို တွေ့နေရသည်ဟူသော သတင်းကို ကြားသိလိုက်ရသည့်အခါ တိတ်တခိုးချစ်ရသော သူ့ညီမလေး ခင်ကြီး (ဒိုင်းခင်ခင်) တယောက် မိဘုရားအဖြစ် ပျော်ရွှင်စွာ စံမြန်းနေရပေပြီဟု ဝမ်းသာဝမ်းနည်း ဖြစ်မိရှာလေသည်။ ထို့ကြောင့်ပင် သူ့ရုပ်အလောင်းအား လာရောက် ရှုစားတော်မူလှည့်ပါဟု သံတော်ဦးတင်လိုက်ခြင်း ဖြစ်ပေသည်။

(သို့ရာတွင် မောင်ဖေငယ် မသိလိုက်သည်မှာ သူအလွန်ချစ်သော ညီမလေး ခင်ကြီး (ဒိုင်းခင်ခင်) သည် သီပေါဘုရင်၏ ရင်သွေးကို လွယ်ထားရင်း တိုင်တားမင်းကြီး၏ မြင်းဇောင်းထဲတွင် လျှို့ဝှက်အကျဉ်းစံဘဝဖြင့် ဆင်းရဲကျပ်တည်းစွာနေနေရရာမှ စုဘုရားလတ် လက်ချက်ဖြင့် လည်မျိုပေါ်ကျဆင်းလာသော ပါးကွက်သားများ၏ တုတ်ချက်ကို သနားစဖွယ်ခံစားရင်း သူ့ထက် အရင်ဦးစွာ လူ့လောကမှ ထွက်ခွာသွားရရှာလေပြီ ...)

မေတ္တာဖြင့်

ဟယ်ရီလွင်

6 comments:

Angelhlaing(May everybody be happy and healthy! said...

ရင်နှင့်စရာ အဖြစ်မျိုး.......တွေ :(

Harry said...

ဟုတ်တယ် ညီမလေး ... သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ် က ပြည်သူတွေရဲ့ ဘဝတွေဟာ ဒီလိုပါပဲ ...

Family Board said...

ကျွန်တော်ဖတ်ရတဲ့စာအုပ်ထဲမှာတော့ မောင်ဖေငယ်အသတ်ခံရခါနီးသူသမိန်းမဆီကိုပို့ လိုက်တဲ့ရတုလို့ ပြောထားပါတယ်၊၊ကျေးဇူသိတတ်တဲ့ရတုမဟုတ်ပါဘူး၊၊ ပြိးတော့ ဒိုင်းခင်ခင်က ဘယ်တုန်ကမှမိဘုရားမဖြစ်ခဲ့ပါဘူး သူတမျိုးလုံးတဆွေလုံးသူနဲပက်သက်တဲ့သူမှန်သမျှအကုန်လုံးအသတ်ခံရခဲ့တာပါ၊။ သူကိုသတ်ပြိးတော့မှ မောင်ဖေငယ်အသတ်ခံခဲ့ရတာပါ

Harry said...

ဟုတ်ပါတယ် .. ဒိုင်းခင်ခင်က မိဘုရားမဖြစ်ခဲ့ပါဘူး ... ကျေးဇူးသိတတ်တဲ့ ရတုလို့လည်း မပြောထားပါဘူး ... သူ့ရဲ့ကျေးဇူး ရှိခဲ့ဖူးလို့ သူ့ကို စောင့်ရှောက်ထားတဲ့ မြို့ဝန်လက်ထဲကို ထည့်ပေးခဲ့တဲ့ တေးထပ်ပါ ... ရတုလည်း မဟုတ်ပါဘူး ... မြို့ဝန်လက်ထဲထည့်ပေးခဲ့တာ မြို့ဝန်ဖို့ ရေးပေးတာ မဟုတ်ပါဘူး ... သူ့ခံစားချက်ကို သူ ရေးပြီး ပေးတာပါ ... သူထင်တာက သီပေါမင်း အသစ်မြှောက်လိုက်တဲ့ မိဘုရားငယ်ငယ် ချောချောလေးဟာ သူ့ညီမလေး ဒိုင်းခင်ခင်လို့ ထင်သွားတာပါ ... တကယ်က အဲဒါ စုဘုရားလတ်ရဲ့ ညီမ စုဘုရားလေး ဖြစ်ပါတယ် ... သူသေပြီးမှ မောင်ဖေငယ် အသတ်ခံရတယ် ဆိုတာကတော့ ရှင်းပါတယ် ... အောက်ဆုံးစာပိုဒ်ကို ပြန်ဖတ်ကြည့်ပါ

နွေတေးရှင် (မင်းဧရာ) said...

အဲသည့်တေးထပ်ကို သိပ်ပြီးစွဲမက်ခဲ့တာပေါ့ အကိုရာ
သိပ်လွမ်းစရာကောင်းတဲ့ အကြောင်းတွေလည်း စုံလို့ပေါ့
ဟိုတုန်းကများ တောင်သမန် အင်းအနားကိုရောက်ပြီ ဆိုရင် မောင်ဖေငယ်ရဲ့ တေးထပ်အငွေ့အသက်တွေက ရင်ထဲကို ၀င်ရောက်နေရာယူတော့တာဘဲ။

သူကြီးမင်း (တုံးဖလား) said...

ဆရာရေ။
ဆရာရဲ့ ဒီပို့စ်လေး လင့်ခ်ယူပြီး ဖေ့စ်ဘုတ်မှာ ရှယ်ထားပါတယ်။
ဒီတေးထပ်လေးကို ငယ်ငယ်ကထဲက နှစ်သက်နေမိခဲ့တယ်။
ကျေးဇူးတင်ပါတယ် ဆရာ။