Thursday 12 July 2012

အက်ဆေး (သို့မဟုတ်) Essay

အက်ဆေး (Essay) နဲ့ ပတ်သက်လို့ အရင်က Poemscorner မှာ ရေးခဲ့ဖူးတာလေး နည်းနည်းပြုပြင်ပြီး ပြန်တင်ပေး လိုက်ပါတယ်။

တချို့က Essay ကို ဆောင်းပါးလို့ ထင်နေကြပါတယ်။ Essay ဟာ ဆောင်းပါး မဟုတ်ပါဘူး ... ဆောင်းပါးက Article လို့ခေါ်ပါတယ်။ Essay က အက်ဆေးလို့ပဲ ပြောရမှာပါပဲ။ ငယ်ငယ်တုန်းကရေးရတဲ့ ''စာစီစာကုံး'' ကိုလည်း Essay လို့ခေါ်ပါတယ်။ ဒါပေမယ့် အဲဒါချည်းပဲမဟုတ်ပါဘူး။ စာပေဗိမာန် ကတော့ ''စာတမ်းငယ်'' လို့ နာမည်ပေးထားပါတယ်။ ဆရာအောင်သင်းကတော့ အက်ဆေးဟာ ရသပါတဲ့အတွက် ''ရသစာတမ်းငယ်'' လို့ခေါ်တာပိုသင့်တော်ပါသတဲ့။ မင်းလူရေးတဲ့ ''အက်ဆေးချစ်သူ'' ထဲမှာ ပါပါတယ်။ ဖတ်ကြည့်ပါ။ တချို့ကတော့လည်း ''အက်ဆေး'' လို့ပဲ တိုက်ရိုက် အသံဖလှယ်ပြီး မွေးစားစကားလုံးအနေနဲ့ သုံးကြပါတယ်။ ကျနော်ကတော့ အဲဒါကို ပိုကြိုက်ပါတယ်။

အက်ဆေးဆိုတာ ပြင်သစ်စကား essayer ကနေလာတာဖြစ်ပါတယ်။ “to try or to attempt” လို့ အဓိပ္ပါယ် ရပါတယ်။ အင်္ဂလိပ်စကား essay ဆိုတာကလည်း “a trial or an attempt” ဆိုတဲ့ အဓိပ္ပါယ်နဲ့ စသုံးခဲ့တာပါ။ အခုထိလည်း အဲဒီ အဓိပ္ပာယ်နဲ့ သုံးလို့ရပါသေးတယ်။ ပထမဆုံး အက်ဆေး ဆိုပြီး စတင်ဖော်ပြ သုံးစွဲခဲ့တဲ့ စာရေးဆရာကတော့ ပြင်သစ် စာရေးဆရာ Michel de Montaigne (1533-1592) ပါတဲ့။ ၁၆-ရာစု ကတည်းကနော်။ သူက သူရေးထားတဲ့စာတွေဟာ သူ့အတွေး၊ စိတ်ကူး ခံစားချက်တွေကို စာအဖြစ် လုံလုံလောက်လောက် ပြောင်းလဲဖော်ပြနိုင်ဖို့ ကြိုးပမ်းချက်တခု အနေနဲ့တင်ပြတာမို့ ဒီလို essayer လို့ သုံးတာပါ။ အင်္ဂလိပ်စာပေမှာတော့ Francis Bacon က ၁၅၉၇-မှာ အက်ဆေးဆိုပြီး စတင်စာအုပ်ထုတ်ခဲ့ပါသတဲ့။

တကယ်တော့ အက်ဆေးဆိုတာက စာတိုလေးပါပဲ။ ရေးတဲ့သူက သူ့ ကိုယ်ပိုင်ခံစားချက်၊ ထင်မြင်ယူဆချက်တွေကို တင်ပြတာ ပါပဲ။ ၀တ္ထုတို (short story) နဲ့ ကွာတာက ၀တ္ထု ဆိုရင် အတိုဖြစ်ဖြစ်၊ အရှည်ဖြစ်ဖြစ် ဇာတ်လမ်း၊ ဇာတ်ကွက်ပါရမယ်။ ဇာတ်ဆောင်တွေပါရမယ်။ လှည့်ကွက်လေးတွေလည်း ပါရမယ်ပေါ့။ ဇာတ်ရှိန်တက်အောင် လုပ်တာတွေ ဘာတွေလည်းပါရမယ်။ နောက်ပြီး အစနဲ့ အဆုံးရှိရပါမယ်။ အက်ဆေးကတော့ အဲဒါတွေ ဘာမှမလိုပါဘူး။ ပါချင်လည်းပါမယ်၊ မပါချင်လည်းမပါဘူးပေါ့။

ဆောင်းပါး (article) ကျပြန်တော့ အချက်အလက်ခိုင်မာမှုရှိရမယ်။ တိကျမှုရှိရမယ်။ အဆိုးအကောင်းတွေ ခွဲခြားပြနိုင်တယ်။ သုတပိုင်းကို ပိုပြီးဦးတည်ရေးလေ့ရှိတယ်ပေါ့လေ။ အက်ဆေးကတော့ ရသကို ဦးစားပေးရေးတာပါ။ ဒီထဲမှာ အချက်အလက်တွေ ဘာတွေ ပါချင်လည်းပါမယ်၊ ပါချင်မှလည်းပါမယ်၊ ဘာအကြောင်းအရာမဆိုဖြစ်နိုင်ပါတယ်။ အဓိကကတော့ ရေးတဲ့သူရဲ့ စိတ်ကူးစိတ်သန်းက အဓိကပါပဲ။ ဘလော့တွေမှာ ရေးနေကြတဲ့ ပို့စ် တွေဟာ တကယ်တော့ အက်ဆေးတွေများပါတယ်။

ဒါပေမဲ့ အက်ဆေးကို တိတိကျကျ အဓိပ္ပာယ် ဖွင့်ဆိုဖို့တော့ ခက်ပါတယ်။ article နဲ့ short story ကြားမှာ overlap ဖြစ်နေတယ် လို့ပဲ ပြောရမှာပါပဲ။

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ

ဟယ်ရီလွင်

2 comments:

johnmoeeain said...

ကျွန်တော်လည်း "အက်ဆေး" လို့ သုံးရတာတကို ပိုသဘောကျတယ်..။ အက်ဆေးဆိုတာကို crop လုပ်ခြင်းတစ်မျိုး ဖြစ်မယ်ထင်တယ်။ နောက် စာရေးသူရဲ့ အတွေးနဲ့ အာဘော်ကပဲ ဦးဆောင်သွားတော့ "အက်ဆေး" တွေမှာ အမှန်တရားက ရာနှုန်းပြည့် မပါဝင်ပြန်ဖူး။ တစ်ချို့အက်ဆေးတွေက အဆက်အစပ်မရှိပြန်ဖူး။ တစ်ချို့အက်ဆေးတွေက ၀င်္က၀ုတ္တိတွေများလွန်းတယ်။ အကျိုးအကြောင်းတွေ၊ နှိုင်းယှဉ်ခြင်းတွေ၊ တစ်ခုခုကိုပဲ အသားပေးပြောလိုခြင်းတွေ... အက်ဆေးက တော်တော်တော့ ကျယ်ပြန့်လွန်းတယ်နော်..။ ဘာပဲဖြစ်ဖြစ် "အက်ဆေး" တွေကို သဘောကျပါတယ်..။ ကျွန်တော့်အတွက်တော့ "အက်ဆေး" ဟာ လှောင်ပိတ်နေတဲ့ အတွေးတွေနဲ့ စိတ်ကူးတွေအတွက် ထွက်ပေါက်တစ်ခုလို့ပဲ မြင်နေမိတယ်..။ ဒါပေမယ့် ခုတလော ထွက်ပေါက်ကို ကိုယ့်ဟာကိုယ် ပိတ်ထားရတယ်.. :)

johnmoeeain said...

ကျွန်တော်လည်း "အက်ဆေး" လို့ သုံးရတာတကို ပိုသဘောကျတယ်..။ အက်ဆေးဆိုတာကို crop လုပ်ခြင်းတစ်မျိုး ဖြစ်မယ်ထင်တယ်။ နောက်

စာရေးသူရဲ့ အတွေးနဲ့ အာဘော်ကပဲ ဦးဆောင်သွားတော့ "အက်ဆေး" တွေမှာ အမှန်တရားက ရာနှုန်းပြည့် မပါဝင်ပြန်ဖူး။

တစ်ချို့အက်ဆေးတွေက အဆက်အစပ်မရှိပြန်ဖူး။ တစ်ချို့အက်ဆေးတွေက ၀င်္က၀ုတ္တိတွေများလွန်းတယ်။ အကျိုးအကြောင်းတွေ၊

နှိုင်းယှဉ်ခြင်းတွေ၊ တစ်ခုခုကိုပဲ အသားပေးပြောလိုခြင်းတွေ... အက်ဆေးက တော်တော်တော့ ကျယ်ပြန့်လွန်းတယ်နော်..။ ဘာပဲဖြစ်ဖြစ်

"အက်ဆေး" တွေကို သဘောကျပါတယ်..။ ကျွန်တော့်အတွက်တော့ "အက်ဆေး" ဟာ လှောင်ပိတ်နေတဲ့ အတွေးတွေနဲ့ စိတ်ကူးတွေအတွက်

ထွက်ပေါက်တစ်ခုလို့ပဲ မြင်နေမိတယ်..။ ဒါပေမယ့် ခုတလော ထွက်ပေါက်ကို ကိုယ့်ဟာကိုယ် ပိတ်ထားရတယ်.. :)