Wednesday 3 October 2012

အနာပေါ်တုတ်ကျသွားတယ် ...

ဟိုနေ့က ရေးထားတဲ့ တေးထပ်လေးက Face Book ပေါ်ကမဆိုင်တဲ့သူတယောက်ကို တိုက်ရိုက်တည့်တည့်ကြီးထိသွားတယ် ထင်ပါရဲ့ ... အဲဒါ အနာပေါ်တုတ်ကျပြီး လာတိုက်ခိုက်နေလို့ အိုးမလုံ အုံပွင့်ပြီး မသိသားဆိုးရွားလွန်းတဲ့ငနဲလေးအတွက် လေးချိုးကြီးတပုဒ် ထပ်ရေးလိုက်ပါတယ် ... ဖတ်သာကြည့်ကြပါတော့ ခင်ဗျ ...

အသိပညာ မကြွယ်မပြည့်ရှာတော့၊
ငတိခမျာ တကယ်မသိပါဘဲ၊
ပြည့်တန်ဆာလို ကယောင်ကတမ်းနဲ့၊
အမှောင်ခန်းမှာ ဈေးပေါင်ကျိုးသလိုပ၊
အတွေးကြောင်တမျိုးဆို ခြောင်းမြောင်းကာ၊
ခွေးဟောင်ထိုးသလို စောင်းမြောင်းလာ။

အတွေ့အကြုံ မပြည့်စုံရှာသူမို့၊
စေ့စုံစွာ နင်လေမတတ်ပါဘဲ၊
ဘဝင်လေဟပ်ကာ စေတနာရှင်ယောင်နဲ့၊
တွင်တွင်ကြောင် အကြွားပိုညာလို့၊
စကားဆိုကာ အပြစ်ချည်းမြင်တာက၊
စပျစ်သီးချဉ်တဲ့ မြေခွေးလိုပေါ့၊
အရှည်မတွေးဘဲ ငြင်းချင်တာ၊
မင်းပညာ တထွာတမိုက်ငယ်နဲ့
အတင်းဝင်ကာ ဗလာတိုက်လာတော့၊
မသာအမှိုက်ရယ် သနားတာ။
စွာလိုက်သကွယ် ဟားစရာ။

အရှက်မဝင်၊
မျက်မမြင် ဆင်စမ်းသလိုပေါ့၊
မမြင်မကန်းရယ်နဲ့ မင့်ခမျာ၊
ဆင့်အဝှာ စမ်းကာမိရင်ဖြင့်၊
ပရမ်းပတာအသိနဲ့ ဘဝင်ပိုကာ၊
ဆင်ဆိုတာ ငှက်ပျောသီးပါလို့၊
အပြောကြီးပြောမှာ မြင်ယောင်သေး၊
ပေါတီးပေါချာ ဘဝင်ကောင်လေး။

သဘောအတွေးဟာ မခိုင်ရှာလေတော့၊
ငပေါလေးခမျာ ငိုင်ကာတွေလို့၊
မဆိုင်တာတွေ အူဟောင်နေရဲ့၊
အူကြောင်ကြောင် အတွေးမူးယုတ်နဲ့၊
လဒူကောင် ခွေးရူးစုတ်ကိုဖြင့်၊
အရေးအထူးမလုပ်ပါ အဆင့်ချင်းကွာသမို့၊
အသင့်လင်းစွာ ပြရင်းဆိုမယ်၊
လမင်းကို ခွေးမိုက်ဟောင်လည်း၊
အရေးမစိုက်ပေါင် အရောင်မပျက်ပါဘူး၊
ပြောင်လျက်သာ ထွန်းထိန်လင်းပါရဲ့၊
အိမ်တွင်းမှာ အပါးကျယ်တဲ့၊
(ဖားသူငယ် သနားတယ်ကွယ် ...)
အမှားကြွယ်တဲ့အတွေးနဲ့ ...
နားလည်ဟဲ့ခွေး။ ။



ဒါမျိုးကို ကာလပေါ်စာထောင့်လေးချိုးကြီး လို့ ခေါ်ပါတယ် ... နှစ်ထပ်ကျော့ ချရပါတယ် ...
သိပ်တော့မကြမ်းလှဘူး ထင်ပါရဲ့ဗျာ ... :D

ဟယ်ရီလွင်

5 comments:

lwannaung said...

ဟူးဟူးဟူးးးးးး ဒါလည်းကြိုက်တယ်ဗျာ။ သိနေတယ်နော..။ အဲ့လိုမရေးတတ်လို့ ရေးတတ်ရင် ရေးပြီး တင်လိုက်ချင်တာ ။ :P

နွေတေးရှင် (မင်းဧရာ) said...

အင်း....
ကျွန်တော်ကတော့ ဘာမှကို မသိတာပါ
အကိုလွမ်းနောင်ဆီကနေ တဆင့် သည်လို အဆင့်မြင့်တဲ့ ကဗျာတွေ သိပ်တန်ဖိုးရှိတယ့် စာပေတွေကို ဖတ်ခွင့်ရ လေ့လာခွင့်ရလို့ကို ကျေးဇူးတင်မဆုံးပါဘူး ။

ဖြစ်နိုင်မယ်ဆိုရင် များများရေးစေ့ချင်ပါတယ်ဗျာ
အခုခေတ်ထဲမှာ သည်လိုစာပေတွေ သိပ်မတွေ့ရတော့ပါဘူး ကျွန်တော်ကိုယ်တိုင်ကဘဲ ရှေးရိုးစွဲရှိနေလို့လား မပြောတတ်ဘူး သည်လိုမျိုးလေးတွေရေးနေတာကို မြင်လိုက်ရတော့ သိပ်ကို လေးစားမိတယ် အကို။

Harry said...

လွမ်းနောင်ရော ညီလေး နွေတေးရှင်ကိုရော ကျေးဇူးတင်ပါတယ် ... ဂန္ထဝင်ကဗျာကို မြတ်နိုးလို့ ကြိုးစားရေးရင်း တတ်နိုင်သလောက် ဖြန့်ဝေပေးနေတာပါ .. ညီလေးတို့တွေလည်း ဆက်ရေးကြဖို့ တိုက်တွန်းပါတယ် ..

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ရတု ၊ လေးဆစ်၊ တေးထပ် စတာတွေကို အသံအနေအထားနဲ့ လိုက်ဖတ်ရတာ သိပ်ကြိုက်တာပဲ .. အခု အစ်ကို့ရဲ့ ကာလပေါ်ကို အသံနဲ့လိုက်ဖတ်ရင်း ရယ်နေရလို့ အဆုံးကို မရောက်နိုင်ဘူး။

Harry said...

ဆုံးအောင်တော့ဖတ်ပါ ညီမရယ် ... :D