Wednesday 28 November 2012

မန်လည်ဆရာတော်နှင့် နှုတ်ခမ်းမွှေး ဦးဉာဏဝံသ

မန်လည်ဆရာတော်နှင့် နှုတ်ခမ်းမွှေး ဦးဉာဏဝံသ

သီဟိုဠ်ပြန်ဘုန်းကြီး ဦးဉာဏဝံသ (နှုတ်ခမ်းမွှေး ဦးဉာဏဝံသ လို့ နောက်ပိုင်း လူသိများပါတယ်) က ထူးရင်ထူးမှ ရူးရင်လည်း ရူးမှ ကျော်ကြားမယ်၊ မြန်မာပြည် ပြန်ရောက်ရင် အထူးနာမည်ကျော်အောင် အထူးအဆန်း တခုခုတော့ လုပ်ပြရတော့မယ် ဆိုပြီးသီဟိုဠ်မှာ ပညာသင်နေတုန်း ခဏခဏ ပြောပါတယ်တဲ့ ... မြန်မာပြည်ပြန်ရောက်တော့ လုပ်ချလိုက်ပုံက ဘုရားအလောင်းတော်ဟာ တောထွက်စဉ်က (ကေသ မဿုံ) ဆံပင်နဲ့ မုတ်ဆိတ်မွှေးကိုသာ ပယ်တယ်၊ နှုတ်ခမ်းမွှေးကို ပယ်တယ်လို့ ပိဋကတ်စာပေ ကျမ်းဂန်တွေမှာ တိုက်ရိုက်မလာတာကြောင့် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က နှုတ်ခမ်းမွှေးတော်နှင့် ခံ့ခံ့ညားညား သပ်သပ်ပယ်ပယ် တင့်တယ်ကြည်ညိုဖွယ် ကောင်းလှပါတယ် ဆိုပြီး ဘုရားဆင်းတုတော်တွေ ပန်းချီပုံတွေမှာ နှုတ်ခမ်းမွှေးတပ်ကြဖို့ တရားလှည့်ဟောရုံမက ဓနုဖြူက ကျိုက်ကလွန်ပွန်းစေတီတော်ရဲ့ တန်ဆောင်းထဲက ရုပ်ထုတော်တဆူကို နှုတ်ခမ်းမွှေးတွေ တပ်ပြီး "နှုတ်ခမ်းမွှေးဂိုဏ်း" ကိုတောင် ထောင်လိုက်ပါသတဲ့ ....

ဒါကို မန်လည်ဆရာတော်ကြီး ကြားတော့ အောက်က ဒွေးဆစ်သဖြန်လေး စပ်ပြီး ဆော်လိုက်တော့မှ ငြိမ်သွားပါသတဲ့ ...

လုပ်ငန်းရယ်ပို၊
နှုတ်ခမ်းကို သူကြည်ညိုသတဲ့၊
သီဟိုဠ်ပြန်ဘုန်း။

စဉ် ရှေး ... ဟို၊
ဖင်မွေးကို ဘယ်လိုဆိုပါ့၊
သီဟိုဠ်ပြန် ဆရာဉာဏ်ရဲ့၊
အပဒါန်ရွှေစာတမ်းကို၊
ကျမ်းပြပါအုံး။ ။


မန်လည်ဆရာတော်ကြီးက အဲဒီလို ထိထိမိမိနဲ့ ခပ်စပ်စပ်လေး ရေးတဲ့နေရာမှာ တကယ့်ကို ပါရဂူပါပဲ ... ဒါကြောင့်လည်း ကဗျာ့ပါရဂူ လို့ သတ်မှတ်ကြတာပါ ...

ဟယ်ရီလွင်

3 comments:

lwannaung said...

ဦးဟယ်ရေ.. ကျွန်တော်တွေ့ဖူးတာထဲမှာ ဒုတိယပိုဒ် အချီက

ထင်တွေးငယ်ပို ဆိုပြီး တွေ့ဖူးတယ်ဗျ။ မူကွဲဖြစ်မယ်ထင်တယ်။ နောက်ပြီး.. အပါဒါန်ကို ဆိုလိုတာထင်တယ်။

Harry said...

ဟုတ်တယ် လွမ်းနောင် ... တချို့က ထင်တွေးငယ်ပို လို့ ရေးကြတယ် ... ဒါပေမဲ့ ကိုယ်ငယ်ငယ်ကတည်းက ကြားဖူးတာရော ... စာအုပ်ထဲမှာရောက "စဉ် ... ရှေး ဟို" လို့ပဲမို့ အဲဒီအတိုင်းရေးလိုက်တာ ... အပဒါန် ကတော့ အပါဒါန်ကို ဆိုလိုတာပါ ...

နွေတေးရှင် (မင်းဧရာ) said...

ကဗျာကောင်း မြောက်များစွာကို ဖတ်ခွင့်ရလို့ ကျေးဇူးပါ အကိုရာ
သည်လို ကဗျာတွေ ငတ် နေတာကြာပါပေါ့ဗျာ။