Sunday, 7 April 2013

အမျှဝေပါသည် မမေဓာဝီ - မိုင်နှစ်ထောင် မဇ္ဈိမ လှမ်းခဲ့ရ ဗုဒ္ဓဆီ (၆)

အမျှဝေပါသည် မမေဓာဝီ
မိုင်နှစ်ထောင် မဇ္ဈိမ လှမ်းခဲ့ရ ဗုဒ္ဓဆီ (၆)


နောက်တနေ့ ဖေဖေါ်ဝါရီလ ၁၅-ရက်နေ့မှာတော့ မနက် ၅-နာရီလောက် မနက်စာ ကြာဇံကျော်စားပြီး တောင်ငါးလုံးခို ရာဇဂြိုဟ်ကို နှုတ်ဆက်လို့ ဘုရားရှင်လက်ထက်က ပါဋလိပုတ်ပြည်ကြီး ဖြစ်ခဲ့တဲ့ ပတ္တနား (Patna) ကို မနက် ၆-နာရီလောက်မှာ ခရီးစထွက်ပါတယ်။ ရာဇဂြိုဟ်နဲ့ ပတ္တနားကလည်း မိုင်-၆၀ လောက်ပဲ ဝေးတာပါ။ ဒါပေမဲ့ လမ်းသိပ်မကောင်းလို့ ပတ္တနားကို မနက် ၉-နာရီလောက်မှ ရောက်ပါတယ်။ မြို့ထဲမှာ တတိယသင်္ဂါယနာ တင်တဲ့ နေရာကို လက်ရှိ ပန်းခြံအနေနဲ့တွေ့ရပါတယ်။ ဒါပေမဲ့ ဘာအထိမ်းအမှတ်မှ မရှိပါဘူး။ ဒါကြောင့် ကားလည်းမရပ်တော့ဘဲ ကားပေါ်ကပဲ လှမ်းကြည့်ခဲ့ကြပြီးတော့ ပတ္တနား မြန်မာကျောင်းကို ဆက်ထွက်လာကြပါတယ်။ ပတ္တနားမှာက တခြား ဖူးမြော်စရာ ဘာမှမရှိပါဘူး။


တတိယ သင်္ဂါယနာတင်ရာ နေရာ


ပတ္တနား မြန်မာကျောင်း

ပတ္တနား မြန်မာကျောင်းက ဘူတာကြီးနားမှာ ရှိပါတယ်။ တည်းခိုစရာ အခန်းတွေလည်း တော်တော်ကောင်းပါတယ်။ ပတ္တနားမြန်မာကျောင်းမှာ နေ့လည်စာကို ကြက်သားဟင်းရယ် အစိမ်းကျော်ရယ်နဲ့ ခပ်စောစောပဲ မနက် ၁၀-နာရီခွဲ လောက်မှာတွင် စားကြပါတယ်။ ဟင်းကတော့ အတော်လေး ကောင်းပါတယ်။ ပြီးတော့ ခဏနားပြီး မိုင်-၄၀ လောက် ဝေးတဲ့ ဝေသာလီ (Vaishali) ကို မနက် ၁၁-နာရီခွဲလောက်မှ ဆက်ထွက်ခဲ့ကြပါတယ်။ ပတ္တနားက မထွက်ခင်လေးမှာပဲ ဟိမဝန္တာရဲ့ တောင်စဉ် ၂၂-လုံးထဲက ဂင်္ဂုတ္တရီတောင်က မြစ်ဖျားခံပြီး ဗာရာဏသီမြို့မှာ မြစ်အဖြစ် စထင်ရှားလာတဲ့ နာမည်ကျော် ဂင်္ဂါမြစ်ကြီး (The river Ganges) ကို မဟတ္တမဂန္ဒီ တံတားကြီး (Mahatma Gandhi Setu) ပေါ်ကနေ ဖြတ်ကြရပါတယ်။ ကျနော်တို့ သွားတဲ့အချိန်က ဆောင်းအကုန်မို့ အလယ်ခေါင်မှာ သောင်တွေ ထွန်းနေပါတယ်။ ဂင်္ဂါမြစ်ကြီးက အကျယ်ကြီးမို့ တံတားကြီးကလည်း အရှည်ကြီးပါပဲ။ ၅၅ရ၅-မီတာ (၁၈,၂၉၁-ပေ) ရှည်ပြီး အိန္ဒိယမှာ အရှည်ဆုံး မြစ်ကူးတံတားကြီးဖြစ်ပြီး ကမ္ဘာ့အရှည်ဆုံး မြစ်ကူးတံတားကြီးတွေထဲက တခုပါ။ ၁၉၈၂-ခုနှစ်၊ မေလမှာ အိန္ဒိယဝန်ကြီးချုပ် အင်ဒီရာဂန္ဒီ ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။ အရှင်အာနန္ဒာထေရ်ဟာ ရာဇဂြိုဟ်နဲ့ ဝေသာလီကြား၊ တနည်းအားဖြင့် ဝဇ္ဇီတိုင်းနဲ့ မဂဓတိုင်းရဲ့ နယ်ခြား ဒီ ဂင်္ဂါမြစ်ကောင်းကင်ယံတနေရာမှာ ပရိနိဗ္ဗာန်ပြုပြီး ရုပ်ကလာပ်တော်ကို ၂-ပိုင်းခွဲပြီး နှစ်ပြည်ထောင်သားတွေ အန္တိမဈာပန ပူဇော်ကြနိုင်ဖို့ အဓိဋ္ဌာန်နဲ့ စွန့်ခဲ့တယ်လို့ ဆိုပါတယ်။


ဂင်္ဂါမြစ်

ပတ္တနားနဲ့ဝေသာလီကလည်း သိပ်မဝေးပေမဲ့ လမ်းတွေ မကောင်းလို့ နှစ်နာရီလောက်မောင်းရပါတယ်။ ဝဇ္ဇီတိုင်း၊ လစ္ဆဝီမင်းသားတွေ ဦးဆောင်ပြီး ပြည်သူ့ကိုယ်စားလှယ်တွေ စုပေါင်းအုပ်ချုပ်တဲ့ ဝေသာလီဟာ “ဘိက္ခုနီအစ ဝေသာလီက” ဆိုတဲ့ စကားအတိုင်း မြတ်စွာဘုရားက မိထွေးတော်ဂေါတမီနဲ့တကွ အမျိုးသမီးတွေကို ရဟန်း (ဘိက္ခုနီ) ပြုဖို့ စတင်ခွင့်ပြုခဲ့တဲ့နေရာမို့ ဘိက္ခုနီသာသနာ စတင်ခဲ့ရာ နေရာလည်းဖြစ်သလို မြတ်စွာဘုရား နောက်ဆုံး ဝါဆိုတော်မူခဲ့ရာ ဒေသလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကျော် ပြည့်တန်ဆာမ “အမ္ဗပါလီ” ရဲ့ သရက်ဥယျာဉ် (အမ္ဗဝန) ရှိရာနေရာလည်း ဖြစ်ပါတယ်။ ပြည့်တန်ဆာ ဖြစ်ပေမဲ့ မျက်နှာ အရေတွန့်လာတာကို မှန်ထဲမှာ မြင်မိရာကနေ ဘိက္ခုနီပြုပြီး သားတော် ဝိမလကောဏ္ဍညထေရ် ဆီကနေ တရားနာယူပြီး အရဟတ္တဖိုလ်ကို ရရှိသွားတဲ့ ရဟန္တာအရှင်မကြီးပဲ ဖြစ်ပါတယ်။ ဝေသာလီမှာ ရှေးဟောင်း ရေကန်ကြီးတခု ရှိပါတယ်။ ရေကန်ကြီးက အကြီးကြီးပါ၊ ပေ-၁၄၂၀ ရှည်ပြီး ပေ-၆၆၀ ကျယ်တယ်လို့ သိရပါတယ်။ လစ္ဆဝီမင်းတွေ ရေချိုးကြတဲ့ ရေကန်ကြီးလို့ ယုံကြည်ကြပါတယ်။ ရေကန်မှာတော့ ကားမရပ်တော့ပါဘူး။ ကားပေါ်ကပဲ လှမ်းကြည့်ခဲ့ပါတယ်။


လစ္ဆဝီမင်းများ ရေချိုးရာကန်ကြီး

ဒါနဲ့ပဲ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီး နှစ်ပေါင်းတရာ အကြာ (ဘီစီ-၃၈၃) ကာလာသောကမင်း (King Kalasoka) လက်ထက် ဒုတိယ သင်္ဂါယနာ တင်ရာ အထိမ်းအမှတ်စေတီရှိရာ ဥယျာဉ်ကြီးကို ရောက်တော့ နေ့လည် တနာရီခွဲလောက် ရှိနေပါပြီ။ အဲဒီမှာ ရှေးဟောင်း သုတသေနဌာနက တူးဖော်နေဆဲ အဆောက်အဦးတွေလည်း တွေ့ရပါတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူတဲ့အခါ ဝေသာလီပြည်က ဝေစုရခဲ့တဲ့ ဓာတ်တော်မွေတော်တွေကို ဌာပနာပြီး တည်ထားတဲ့ ထူပါရုံစေတီရာ (stupa) ကိုလည်း ဖူးရပါတယ်။ ထူပါရုံစေတီဆိုတာ မြေပေါ်မှာ မြေကြီးထက်မြင့်အောင် တည်ထားတဲ့ မြေပေါက်စေတီလို့ အဓိပ္ပာယ်ရပါသတဲ့။ ဒီစေတီက မူလက ၁၆-တောင်အချင်းရှိတဲ့ မြေစေတီလေးဖြစ်ပြီး ဘီစီ ငါးရာစုလောက်မှာ တည်ထားတယ်လို့ ခန့်မှန်းကြပါတယ်။ နောက်ပိုင်း မောရိယခေတ်မှာ အချင်း ၂၄-တောင်ရှိတဲ့ စေတီအဖြစ် အုတ်နဲ့ငုံပြီး ထပ်တည်ကြတယ်လို့ ခန့်မှန်းပါတယ်။ ၁၉၅၈-ခုနှစ်မှာ တူးဖော်တွေ့ရှိ တဲ့အခါ ပြာခဲတွေနဲ့ မြေကြီးတွေ တဝက်တပျက်ပြည့်နေတဲ့ ကျောက်သားဓာတ်တော်ကြုတ်ထဲမှာ ဓာတ်တော်တွေနဲ့အတူ ခရုသင်းငယ်တခု၊ ဖန်ပုတီးစေ့ နှစ်စေ့၊ ရွှေပြားအပိုင်းအစတခုနဲ့ အမှတ်အသားထွင်းထုထားတဲ့ ကြေးနီဒင်္ဂါးတပြား ရရှိကြောင်း ကျောက်စာရေးထိုးထားပါတယ်။


ဒုတိယသင်္ဂါယနာတင်ရာနေရာ ဥယျာဉ်အဝင်


ဥယျာဉ်အတွင်း


ဓာတ်တော်ဌာပနာရာ ထူပါရုံစေတီတော်ရာ

ဒါ့အပြင် မြတ်စွာဘုရား သီတင်းသုံးခဲ့ပြီး ဒုတိယ သင်္ဂါယနာတင်ခဲ့ရာ ကူဋာဂါရာသာလာဝိဟာရကျောင်းတော်ရာ (ပြဿာဒ် ပါသော ကျောင်းတော်) လည်းရှိပါတယ်။ ဘီလူးဘေးက ကင်းဝေးအောင် မြတ်စွာဘုရားနဲ့ ညီတော် အရှင်အာနန္ဒာတို့ “ရတနသုတ်တော်” ကို ရွတ်ဖတ်ဟောကြားခဲ့တဲ့အတွက် လစ္ဆဝီမင်းတွေက တောအုပ်ကြီး (မဟာဝီရ) ထဲမှာ ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ကျောင်းတော်လို့ သိရပါတယ်။ ကျောင်းတော်ရာဘေးမှာ အရှင်အာနန္ဒာရဲ့ ဓာတ်တော်တွေကို ဌာပနာပြီး လစ္ဆဝီမင်းတွေတည်ထားတဲ့ အာနန္ဒာစေတီ ရှိပါတယ်။ စေတီကြီးက တဝက်တပျက် ပြိုကျနေပါပြီ။ သီရိဓမ္မာ အာသောကမင်းကြီးက ကုသိနာရုံကို မျက်နှာမူပြီး တည်ခဲ့တဲ့ ခြင်္သေ့ရုပ်ကြီးပါတဲ့ ကျောက်စာတိုင်ကြီးလည်း ရှိပါတယ်။ အာနန္ဒာစေတီရဲ့ ဘေးမှာ လစ္ဆဝီမင်းတွေ ရာဇဘိသေက (ဘိသိက်ခံရာ) ရေကန်တကန်ရှိပါတယ်။ အဲဒီကနေ မလှမ်းမကမ်းမှာ အမ္ဗပါလီရဲ့ သရက်တောကျောင်း (အမ္ဗပါလဝန ဝိဟာရ) ကို တူးဖော်တွေ့ရှိထားပါတယ်။ ဥယျာဉ်ကြီးကတော့ အကျယ်ကြီးပါပဲ။ ပန်းတွေဘာတွေနဲ့ တော်တော်လေးလှပါတယ်။


အာနန္ဒာစေတီ


ကူဋာဂါရာသာလာဝိဟာရကျောင်းတော်ရာ၊ အာနန္ဒာစေတီ၊ အာသောက ကျောက်စာတိုင်


ကူဋာဂါရာသာလာဝိဟာရကျောင်းတော်ရာ၊ အာနန္ဒာစေတီ၊ အာသောက ကျောက်စာတိုင်၊ လစ္ဆဝီမင်းများ ဘိသိက်ခံရာ ရေကန်


ဥယျာဉ်တွင်း နှင်းဆီပန်းများ


ဥယျာဉ်တွင်းမြင်ကွင်း

အဲဒီမှာ နှစ်နာရီလောက်ကြာအောင် လှည့်လည်ဖူးမြော်ကြပြီးတော့မှ ဝေသာလီမြန်မာကျောင်းကို ဆက်သွားကြပါတယ်။ မြန်မာကျောင်းက အဲဒီတုန်းကတော့ ပင်မကျောင်းဆောင်ကြီးက ဆောက်လုပ်ဆဲပါ။ အဲဒီမှာ ကော်ဖီသောက်၊ မုန့်စား၊ ခဏနားပြီး ညနေ လေးနာရီလောက်မှာ ဝေသာလီကနေ ၁၄၆-မိုင်ဝေးတဲ့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူရာ ကုသိနာရုံ (Kushinagar) ကို ဆက်သွားကြပါတယ်။ လမ်းမှာ မြတ်စွာဘုရား အာယုသင်္ခါရ လွှတ်တော်မူခဲ့တဲ့ စာပါလစေတီကို ဝင်ဖူးခဲ့ပါတယ်။


ဝေသာလီ မြန်မာကျောင်း


မြတ်စွာဘုရား အာယုသင်္ခါရ လွှတ်တော်မူခဲ့ရာ စာပါလစေတီ

ကုသိနာရုံ မြန်မာကျောင်းကို ရောက်တော့ ည ရှစ်နာရီခွဲလောက်ရှိပါပြီ။ မြန်မာကျောင်းက တော်တော်ကျယ်ပါတယ်။ အခန်းတွေလည်း အများကြီးနဲ့ တည်းလို့ခိုလို့ အဆင်ပြေပါတယ်။ ပစ္စည်းတွေ အခန်းမှာ နေရာချပြီး ငါးကြော်နဲ့ညစာစား၊ ကျောင်းကို ငွေလှူကြပြီး မိုးချုပ်နေပြီမို့ ဘယ်မှ မသွားနိုင်တော့ဘဲ ညအိပ်ကြရပါတယ်။

နောက်နေ့ ကုသိနာရုံပတ်ဝန်းကျင် ခရီးစဉ်အကြောင်း ဆက်ပါဦးမယ် ...

ဟယ်ရီလွင်

Read More...

Thursday, 4 April 2013

အမျှဝေပါသည် မမေဓာဝီ - မိုင်နှစ်ထောင် မဇ္ဈိမ လှမ်းခဲ့ရ ဗုဒ္ဓဆီ (၅)

အမျှဝေပါသည် မမေဓာဝီ
မိုင်နှစ်ထောင် မဇ္ဈိမ လှမ်းခဲ့ရ ဗုဒ္ဓဆီ (၅)


မမေရေ ...
ကျနော် အလုပ်များနေလို့ ဆက်မရေးဖြစ်ဘဲ နောက်ကျသွားတာ တောင်းပန်ပါတယ်။ အခု ခရီးစဉ်အကြောင်း ဆက်ရမယ်ဆိုရင် ... တနေဝင်ပျောက် တမိုးသောက်လို့ နောက်တနေ့ ဖေဖေါ်ဝါရီလ ၁၄-ရက်နေ့ မှာတော့ မနက် ၅-နာရီခွဲလောက် မနက်စာ ကြာဇံကျော်စားပြီး ရာဇဂြိုဟ် မြန်မာကျောင်းကနေ ဝေဘာရတောင်ကို ခပ်စောစောပဲ မနက် ၆-နာရီလောက်မှာ ခရီးစထွက်ပါတယ်။ ဝေဘာရတောင်က သိပ်မဝေးလှပါဘူး။ ဆယ့်ငါးမိနစ်လောက်ပဲ မောင်းရုံနဲ့ တောင်ခြေကို ရောက်ပါတယ်။



ဝေဘာရတောင် နံနက်ခင်း

ရာဇဂြိုဟ်ကို ပတ်လည်ဝိုင်းရံထားတဲ့ တောင် ၅-လုံးထဲက တလုံးဖြစ်တဲ့ ဝေဘာရတောင်ဟာ မြင့်ပါတယ်။ လမ်းလျှောက်တက်ရင် တနာရီလောက်တက်ရတာမို့ သက်ကြီးရွယ်အိုတွေ အတွက် အထမ်းသမားနဲ့ တက်မှ အဆင်ပြေပါလိမ့်မယ်။ တောင်ခြေကို အရောက်မှာတော့ အထမ်းသမား မရပါဘူး။ အထမ်းသမားလိုရင် ကြိုပြောရမယ်လို့ အဲဒီတော့မှသိရပါတယ်။ နီလာခရီးသွားလုပ်ငန်းက ညကတည်းက ပြောထားတယ် ဆိုပေမဲ့ လူတိုင်းမသိလိုက်ရပါဘူး။ ဘယ်တုန်းက ဘယ်လိုပြောလိုက်သလဲ ဆိုတာလည်း မသိပါဘူး။ ဒါနဲ့ နီလာကို ပြဿနာရှာရပြန်တာပါပဲ။ မရရအောင် စီစဉ်ပေး ဆိုတော့မှ ဘာတွေလုပ်တယ်တော့ မသိဘူး၊ ကျနော်တို့ကတော့ ခိုက်ခိုက်တုန်အေးတဲ့ ရာဇဂြိုဟ်ရဲ့ မနက်စောစော လေတဟူးဟူးတိုက်နေတဲ့ ဝေဘာရတောင်ခြေမှာ လေးဆယ့်ငါးမိနစ်လောက် စောင့်ဆိုင်းပြီးမှ ကိုယ်ရွှေအထမ်းသမားတွေ ရောက်လာပါတယ်။ အထမ်းက စောင်ပုခက်နဲ့ လူနှစ်ယောက် ထမ်းတာပါ။ ကျိုက်ထီးရိုးတက်သလိုပါပဲ။ ရူပီး ငါးရာလောက် ပေးရပါတယ်။ ဗုဒ္ဓဂါယာ ဘုရားဖူးသွားတော့မယ်ဆိုရင် အဲဒီ ကုန်ကျစားရိတ်တွေလည်း ထည့်တွက်ပြီး ငွေအလုံအလောက် ဆောင်သွားဖို့ လိုအပ်ပါလိမ့်မယ်။ အကုန်စားရိတ်ငြိမ်းလို့ ပြောထားပေမဲ့ ဒီစားရိတ်တွေက ကိုယ့်ဟာကိုယ် ပေးရတာပါ။ နောက်ပြီး အမွှေးတိုင်၊ ဖယောင်းတိုင်၊ ဆီမီး စတာတွေ ကပ်လှူပူဇော်ချင်တယ်၊ ရွှေချချင်တယ်ဆိုရင်လည်း အကုန်လုံး မြန်မာပြည်ကနေ အပြည့်အစုံ ယူလာဖို့ လိုပါလိမ့်မယ်။


ဝေဘာရတောင် အတက်

ဒါနဲ့ မနက် ၇-နာရီလောက် တောင်ပေါ်စတက်ကြပါတယ်။ တက်တက်ချင်းပဲ ဟိန္ဒူဘာသာဝင်တွေ အထွတ်အမြတ်ထားပြီး ရေချိုးကြတဲ့ ရေပူစမ်းလေး တောင်ခြေအတက်နားမှာ တွေ့ရပါတယ်။ ဘုရားရှင်လက်ထက်က “တပေါဒါမြစ်” ဆိုတာ အဲ့ဒီ ရေပူစမ်းလေးပဲလို့ ဆိုပါတယ်။ ဗိမ္မိသာရမင်း ခေါင်းဆေးမင်္ဂလာပြုလေ့ရှိတဲ့ မြစ်လို့ အဆိုရှိပါတယ်။ တခါတော့ ဗိမ္မိသာရမင်း ခေါင်းဆေးမင်္ဂလာပြုဖို့အလာမှာ ရဟန်းတော်တွေ ရေချိုးနေကြတာ မပြီးနိုင်လို့ ခေါင်းဆေးမင်္ဂလာ မပြုရဘဲ လှည့်ပြန်သွားရတာကြောင့် ဒါကို မြတ်စွာဘုရားသိတော့ ရဟန်းတော်တွေ ဒီမှာ ရေတခါချိုးပြီးရင် ဆယ့်ငါးရက်အတွင်း ရေထပ်မချိုးရဘူး လို့ ပညတ်တော်မူခဲ့ရပါသတဲ့။ အခုတော့ ရောဂါပျောက်တယ်ဆိုပြီး ဟိန္ဒူဘာသာဝင်တွေ အတော် များများ ရေလာချိုးကြပါတယ်။ သူတို့တွေကက ဇာတ်နိမ့် ဇာတ်မြင့် ခွဲထားတော့ ဇာတ်မြင့်တွေက အထက်ပိုင်း သီးသန့်နေရာမှာ အခန်းနဲ့ဘာနဲ့ သားသားနားနား သန့်သန့်ရှင်းရှင်း ရေချိုးကြပြီး သူတို့ ရေချိုးထားတဲ့ ရေတွေက တောင်အောက်ပိုင်းကို ဆက်စီးလာပြီး အဲဒီမှာ ကန်တွေနဲ့ ခံပြီး ဇာတ်နိမ့်တွေက ချိုးရရှာတာပါ။ ဇာတ်နိမ့်တွေ ချိုးတဲ့နေရာရောက်တော့ ရေတွေက ညစ်ပတ်ပြီး ရွှံ့ဗွက်သာသာပဲ ရှိပါတော့တယ်။ အဲဒီ ရေ ညစ်ညစ်ပတ်ပတ်တွေကိုပဲ လူများစု ဖြစ်တဲ့ ဇာတ်နိမ့်တွေခမျာ ချိုးနေရသလို အဝတ်လေးတွေလည်း အဲဒီမှာပဲ လျှော်နေရတာ တွေ့တော့ ကျနော် အတော်စိတ်မကောင်းဖြစ်မိပါတယ်။ ဆိုးဝါးလွန်းတဲ့ ဇာတ်စံနစ်ဟာ အိန္ဒိယမှာ ဒီလို ၂၁-ရာစုအထိ ရှင်သန်နေဆဲပါ။


ရေပူစမ်း ဇာတ်မြင့်ရေချိုးဆိပ် (တပေါဒါမြစ်)

ဒါနဲ့ပဲ ဆက်တက်ခဲ့တော့ တောင်တဝက်သာသာလောက်မှာ ရှင်မဟာကဿပ သီတင်းသုံးရာဂူ လို့ဆိုတဲ့ ပိပ္ပလိဂူကို ဖူးတွေ့ရပါတယ်။ ရှင်မဟာကဿပရဲ့ လူဘဝအမည်ကို အစွဲပြုပြီး ခေါ်တာပါ။ တောင်အတက်အဆင်းက လှေကားထစ်တွေ တောက်လျှောက် လုပ်ထားပါတယ်။ အဲဒီကနေ ဆက်တက်သွားတဲ့ လမ်းမှာ ဂျိန်းဘာသာဝင်တွေရဲ့ ဘုရားကျောင်းကိုလည်း တွေ့ရပါတယ်။ အဲဒါပြီးတော့ ပထမသင်္ဂါယနာတင်ရာ သတ္တပဏ္ဏိ လိုဏ်ဂူတော်ကို ရောက်တော့ မနက် ၈-နာရီလောက် ရှိပါပြီ။ ရှင်မဟာကဿပ အမှူးပြုတဲ့ ရဟန္တာငါးရာက ပိဋကတ်သုံးပုံကို စုပေါင်းရွတ်ဆို နှုတ်မှာသိုပြီး ပထမဦးဆုံး သင်္ဂါယနာတင်ခဲ့တဲ့ ဝေဘာရတောင်က လိုဏ်ဂူတော်ပဲ ဖြစ်ပါတယ်။ စရည်းပင်ပေါက်ရာ လိုဏ်ဂူလို့ အဓိပ္ပာယ်ရပါတယ်။ ဒါနဲ့ လိုဏ်ဂူရှေ့ မြေပြင်မှာ မြန်မာကျောင်းဆရာတော်က သီလပေး၊ တရားနာ၊ ပရိတ်တော်တွေ စုပေါင်း ရွတ်ဆိုကြပြီး လိုဏ်ဂူထဲ ဝင်ကြည့်ကြပါတယ်။ လိုဏ်ဂူက အတော်လေး ကျဉ်းပြီး ရှည်လျားပါတယ်။ အမြင့်က လူတရပ် လွတ်ရုံလောက်ပါပဲ။ တချို့နေရာတွေမှာ ခေါင်းငုံ့သွားရပါတယ်။ အထဲမှာတော့ ဗုဒ္ဓရုပ်ပွားတော်တချို့ ရှိပါတယ်။ ဂူနံရံမှာ ရွှေချတဲ့လူတွေလည်း ချကြပါတယ်။ ရဟန္တာငါးရာလုံး ဝင်ပြီး သင်္ဂါယနာတင်ဖို့အတွက် လိုဏ်ဂူက ကျဉ်းလွန်းတယ်လို့ ယူဆတာကြောင့် ဆရာတော်ကို လျှောက်ကြည့်တော့ လိုဏ်ဂူရှေ့ မြေညီပြင်မှာ အဇာတသတ်မင်းက မဏ္ဍပ် ထိုးပြီး သင်္ဂါယနာ တင်တာလို့ ယူဆတယ် ဆိုတဲ့အကြောင်း မြန်မာကျောင်းဆရာတော်ကပြောပါတယ်။ မြေညီပြင်က အခုအခါကျတော့ တော်တော်လေး ကျဉ်းနေပါပြီ။ နေရာအတော်များများက မြေပြိုရာမှာ ပါသွားပြီလို့ ယူဆရပါတယ်။


ရှင်မဟာကဿပထေရ် သီတင်းသုံးတော်မူခဲ့ရာ ပိပ္ပလိဂူ


တောင်ငါးလုံးခို ရာဇဂြိုဟ်


ဝေဘာရတောင်အတက်လမ်း


ပထမသင်္ဂါယနာတင်ရာ သတ္တပဏ္ဏိ လိုဏ်ဂူတော်


လိုဏ်ဂူအဝင်ဝ


လိုဏ်ဂူတွင်း မီးပူဇော်ထားကြပုံ

ဒါနဲ့ တောင်ပေါ်က ပြန်ဆင်းလာကြတော့ ၉-နာရီလောက်မှာ တောင်အောက်ကို ပြန်ရောက်ကြပါတယ်။ ပြီးတော့ ကျောက်လှည်းဘီးရာကို သွားကြည့်ကြပါတယ်။ ဝေဘာရတောင်နားက ပဏ္ဍဝတောင်ခြေမှာပါ။ ရှေးခတ် ကုန်သည်တွေ လှည်းအစီးများစွာနဲ့ လှည့်လည်သွားလာ ရောင်းဝယ်ဖောက်ကားခဲ့ရာကနေ ကျောက်သားပြင်ထက်မှာ ဘီးရာ ထင်ထင်ရှားရှား ထင်ကျန်ရစ်ခဲ့တဲ့ ကျောက်ဖြစ်နေတဲ့လှည်းလမ်းကြောင်း ကျောက်လှည်းဘီးရာတွေပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရားအလောင်းတော်ဘဝ တောထွက်လာပြီး တရားကျင့်နေခိုက်မှာ ရာဇဂြိုဟ်မှာ ဆွမ်းခံပြီး ဒီ တောင်ခြေက ကျောက်ဖျာတွေပေါ်မှာ ဆွမ်းစားလေ့ရှိတယ်လို့ ဆိုပါတယ်။ ဘယ်ကျောက်ဖျာလဲတော့ မသိနိုင်တော့ပါ။ ကျောက်ဖျာ တချပ်ပေါ်မှာ ဆွမ်းဘုဉ်းပေး နေတဲ့ အလောင်းတော်ရဲ့ ပုံရိပ်ကို စိတ်ထဲကနေပဲ ရည်မှန်းပြီး ကန်တော့ခဲ့ရပါတယ်။


ကျောက်လှည်းဘီးရာ

အဲဒီကနေတခါ သမားတော်ဇီဝကရဲ့ သရက်ဥယျာဉ် (ဇီဝကအမ္ဗဝန) ကျောင်းတော်ရာကို ဆက်သွားကြပါတယ်။ ဆရာဇီဝကဟာ ပုဂ္ဂိုလ်ကို ကြည်ညိုတတ်သောအရာမှာ အသာဆုံးအမြတ်ဆုံး ဆိုတဲ့ ဧတဒဂ်ဘွဲ့တံဆိပ်တော်ရတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ သီလ၊ သမာဓိ၊ ပညာစတဲ့ ဂုဏ်ကျေးဇူး အထူးရှိတဲ့ရဟန်းကို ဂုဏ်ကျေးဇူးအလျောက် အထူးတလည် ကြည်ညိုမြတ်နိုးတတ် တာကြောင့် 'ပုဂ္ဂလ ပသန္န' ဘွဲ့တံဆိပ်ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သာသနာမှာ ပထမဆုံး သင်္ကန်းအလှူ သမိုင်းထူ ခဲ့တဲ့၊ ဖခင်ကို သတ်မိပြီး စားမဝင်၊ အိပ်မရနဲ့ စိတ်ဆင်းရဲခြင်း ကြီးစွာဖြစ်ပြီး ရောဂါရနေတဲ့ အဇာတသတ်မင်းကို ဗုဒ္ဓထံမှောက် အမြန်ရောက်အောင် စောင့်ရှောက်ပို့ဆောင်ပေးခဲ့တဲ့သူလည်း ဖြစ်တဲ့ သမားတော်ကြီး ဆရာဇီဝကရဲ့ သရက်ဥယျာဉ် ကျောင်းတော်ရာပါ။ ဒီနေရာမှာပဲ မြတ်စွာဘုရားရှင်ဟာ အဇာတသတ်မင်းကို သာသနာ့ဝန်ထမ်း ရဟန်းများရဲ့ (လုပ်အားခလို့ ခေါ်ဆိုနိုင်တဲ့) ရဟန်းဖြစ်ရခြင်း အကျိုးရရှိပုံကို ရှင်းလင်းဟောပြတဲ့ “သာမညဖလသုတ္တန်” ကို တန်ဆောင်မုန်းလပြည့်နေ့မှာ ဟောကြားတော်မူခဲ့ပါတယ်။ ကျောင်းတော်ဝင်းက အတော်လေးကျယ်ပြီး ကားလမ်းက ကျောင်းတော်ဝင်းရဲ့ အလယ်လောက်က ဖြတ်သွားတာမို့ လက်ရှိအခြေအနေမှာတော့ ကားလမ်းရဲ့ ဟိုဘက်သည်ဘက် နှစ်ဘက်ခွပြီး တည်ရှိနေပါတယ်။ ကျောင်းတော်ရာက အောက်ခံ ဖောင်ဒေးရှင်းတွေ ကျန်ပါသေးတယ်။ မြတ်စွာဘုရားကိုယ်တော်တိုင် သီတင်းသုံးတော်မူခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။


ဇီဝက သရက်ဥယျာဉ် (ဇီဝကအမ္ဗဝန) ကျောင်းတော်ရာ (လမ်းတဖက်ခြမ်း)



ဇီဝက သရက်ဥယျာဉ် (ဇီဝကအမ္ဗဝန) ကျောင်းတော်ရာ

ပြီးတော့မှ ဗိမ္မိသာရမင်းကြီးကို ချုပ်နှောင်ထားရာ အကျဉ်းထောင်နေရာကို ဆက်သွားကြပါတယ်။ ဖခင်ရင်းချာ မညှာတာဘဲ အာဏာစွဲမက် လိုရမ္မက်ကြောင့် ရက်စက်သတ်ဖြတ်၊ အဇာတသတ်က ချမှတ်ခဲ့သည့် ဗိမ္မိသာရမင်း အကျဉ်းစံရာ အကျဉ်းထောင်လို့ ရာဇဂြိုဟ်မြန်မာကျောင်းမှာ ရေးထားပါတယ်။ အဲဒီမှာ ဗိမ္မိသာရမင်းကြီးကို ခတ်ခဲ့တဲ့ ခြေထိပ်တွေ့ရတယ်လို့ ဆိုပါတယ်။ တွေ့ရတဲ့ နေရာကို အမှတ်အသားလေး လုပ်ထားပါတယ်။ အကျဉ်းချခဲ့တဲ့ နေရာကတော့ ချိုင့်ကလေးလို ဖြစ်နေပါတယ်။ အဲဒီနေရာကနေ ဂိဇ္ဈကုဋ်တောင်ကို လှမ်းမျှော်ကြည့်လျှင် ဂိဇ္ဈကုဋ်တောင်မှာရှိတဲ့ မြတ်စွာဘုရားကျောင်းတော်ရာကို လှမ်းပြီး ဖူးမြင်ရပါတယ်။ သူ အင်မတန်ချစ်ရပါတဲ့ သားတော်လေးဟာ ဆရာအတင်မှားပြီး ရှင်ဒေဝဒတ်ရဲ့ မြှောက်ပေးမှုကြောင့် အာဏာငမ်းဖမ်းပြီး ဖခင်ကို ထောင်သွင်းအကျဉ်းချရုံမက ရက်စက်စွာနှိပ်စက်ခဲ့တာမို့ အကျဉ်းထောင်ထဲမှာ ခြေဖဝါးကို ဓားနဲ့ ခွဲ၊ ဆားသိပ်ခံရလို့ ဝေဒနာ အပြင်းအထန်ခံစားနေရရှာတဲ့ မင်းဧကရာဇ်တဖြစ်လဲ အကျဉ်းစံ ဗိမ္မိသာရမင်းကြီးကို စိတ်ထဲက မြင်ယောင်မိပါတယ်။ ဒီလိုအချိန်တွေမှာ ဗိမ္မိသာရမင်းကြီးဟာ မြတ်စွာဘုရားရှိရာ ဂန္ဓကုဋီတိုက်တော်ဆီကို မျှော်မှန်းပြီး ဘုရားရှင်ကို ရည်စူးဖူးမြော်ရင်း ခံစားနေတဲ့ ဝေဒနာသက်သာကြောင်းပဲ တောင်းဆုချွေမိလေမလား၊ အကျဉ်းစံဘဝကပဲ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တောင်းဆုချွေမိလေမလား၊ ဒါမှမဟုတ် အရိယာသောတာပန်ပုဂ္ဂိုလ်တဦးဖြစ်တာနဲ့ အညီ စိတ်အတွင်းကနေ တရားကိုသာ နှလုံးသွင်းပြီး တရားတော်နဲ့ သည်းခံ မွေ့လျော်နေမလား ဆိုတာကတော့ ဗိမ္မိသာရ မင်းကြီးသာလျှင် သိနိုင်ပါလိမ့်မယ် မမေရေ ... ရာဇဂြိုဟ်ပတ်ဝန်းကျင်ဟာ ကြည်နူးစရာ၊ ကြေကွဲစရာ အတိတ်ဇာတ်ကြောင်းတွေနဲ့ ပြည့်နှက်နေပါတယ်။


ဗိမ္မိသာရမင်းကြီးအား အကျဉ်းချထားရာ အကျဉ်းထောင်နေရာ


ခြေထိပ်တွေ့ရာနေရာ


ဗိမ္မိသာရအကျဉ်းထောင်မှ လှမ်းမြင်ရသော ဂိဇ္ဈကုဋ်တောင်ရှိ ဂန္ဓကုဋီတိုက်

စိတ်မကောင်းဖြစ်ရင်းနဲ့ပဲ အကျဉ်းတိုက်နေရာဟောင်းကနေ ခွာခဲ့ပြီး ဗိမ္မိသာရမင်းကြီးရဲ့ ဘဏ္ဍာတော်တိုက်ရှိရာ နေရာဆီ ဆက်ခဲ့ကြပြန်ပါတယ်။ “ဆွန်ဘဏ္ဍာ” (ရွှေတိုက်) လို့ခေါ်ကြပါတယ်။ ဗိမ္မိသာရမင်းကြီးက ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား တွေကို တစုတည်း သိမ်းဆည်းထားခဲ့သည့် ဘဏ္ဍာတိုက်ဟောင်းနေရာဖြစ်ပါတယ်။ ကျောက်တောင်ကြီးကိုထွင်းပြီး အခန်းကျယ်ကြီးနှစ်ခန်းဖွဲ့ထားခဲ့တဲ့ ဘဏ္ဍာတိုက်ကြီးက ကြီးကျယ်ထည်ဝါလှပေမဲ့ အခုတော့လည်း သင်္ခါရသဘောအရ ယိုယွင်း ပျက်စီး နေပါပြီ။ ဒါပေမဲ့ အခန်းတွေကတော့ အကောင်းအတိုင်း ကျန်ပါသေးတယ်။ တံခါးကြီးတွေ တပ်ဆင်ခဲ့တဲ့ တိုင်ကြီးတွေ ထည့်ထားတာ ဖြစ်နိုင်တဲ့ တွင်းပေါက်ဝတွေ အပေါက်ဝမှာ ကျန်ပါသေးတယ်။ အရင်ကဆို လုံခြုံရေး အထူးတင်းကြပ်ပြီး အစောင့်အကြပ်တွေ ပြည့်နှက်နေတဲ့ နေရာ ဖြစ်မှာပါပဲ။


ဗိမ္မိသာရမင်းကြီး ဘဏ္ဍာတော်တိုက် (ဆွန်ဘဏ္ဍာ)


ဘဏ္ဍာတော်ထားရာ လက်ျာဘက်အခန်း


တံခါးတိုင် တပ်ဆင်ရာတွင်း


ဘဏ္ဍာတော်ထားရာ လက်ဝဲဘက်အခန်း


ဘဏ္ဍာတော်ထားရာ လက်ဝဲဘက်အခန်းအတွင်းပိုင်း

ဆွန်ဘဏ္ဍာကနေ အဇာတသတ်မင်းကြီးရဲ့ ဓာတ်တော်တိုက်ကို ဆက်သွားပါတယ်။ အဇာတသတ်မင်းကြီးဟာလည်း မင်းပျိုမင်းလွင် လူငယ်ဘဝမှာ ငယ်ရွယ်သူတို့ သဘာဝ အတိုင်း တန်ခိုးအပြကောင်းတဲ့ ရှင်ဒေဝဒတ်ကို ဆရာ အတင်မှား ခဲ့လို့ ဖခင်ကို သတ်မိတဲ့ ပိတုဃာတကကံကြီးထိုက်သွားလို့သာပါ ... နောက်ပိုင်းမှာ ဆရာဇီဝကရဲ့ ကောင်းမှုနဲ့ ဘုရားရှင်ကို ဖူးမြော်ရပြီး သာသနာတော်ကို အကြည်ညိုဆုံး အထောက်ပံ့ဆုံး မင်း၊ ပထမသင်္ဂါယနာရဲ့ ဒါယကာမင်း ဖြစ်ခဲ့ပြီး ပဉ္စာနန္တရိယကံကြီးသာ မထိုက်ခဲ့ရင် ဒီဘဝမှာတင် အရိယာဖြစ်နိုင်တဲ့ ပုဂ္ဂိုလ်ပါပဲ။ ဆရာအတင်မှားရင် တသံသရာလုံး မှောက်တယ် ဆိုတာ အဇာတသတ်မင်းက ပြနေပါတယ်။ အဇာတသတ်မင်းက ဗုဒ္ဓရဲ့ ဓာတ်တော်မွေတော် တွေကို တစုတစည်းထဲ စုပေါင်းပြီး သိမ်းဆည်းထားခဲ့တဲ့ ဓာတ်တော်တိုက်ဟောင်းပဲ ဖြစ်ပါတယ်။ “မဏိယာမတ်” လို့ အခု ခေါ်ကြပါတယ်။


အဇာတသတ်မင်းကြီး ဓာတ်တော်တိုက်


ဓာတ်တော်တိုက်မြင်ကွင်း


ဓာတ်တော်တွင်း

ဓာတ်တော်တိုက်ဟောင်းကို ကြည့်ရှုဖူးမြော်ဖူး ရာဇဂြိုဟ်မြန်မာကျောင်းကို ပြန်ထွက်ခဲ့ကြတော့ မနက် ၁၁-နာရီခွဲနေပါပြီ။ ကျောင်းကို နေ့လည် ၁၂-နာရီလောက် ပြန်ရောက်ပြီး ကျောင်းက စီစဉ်ပေးထားတဲ့ ငါးဟင်းရယ်၊ အစိမ်းကြော်ရယ်နဲ့ နေ့လည်စာ စားကြပါတယ်။ ငါးဟင်းကတော့ ကျနော် သိပ်မကြိုက်လှပါဘူး။

နေ့လည်စာစားပြီး ချက်ချင်းဆိုသလိုပဲ ဝေဠုဝန်ကျောင်းတော်ရာဟောင်းဖြစ်တဲ့ ဥယျာဉ်ဆီကို ထွက်ခွာခဲ့ကြတာ နေ့လည် ၁-နာရီလောက်မှာ ရောက်ပါတယ်။ ဝေဠုဝန်ကျောင်းတော်ဟာ ဗိမ္မိသာရမင်းက မြတ်စွာဘုရားအမှူးပြုတဲ့ ရဟန်း သံဃာတော်တွေကို သာသနာမှာ ပထမဦးဆုံး လှူဒါန်းခဲ့တဲ့ကျောင်းဖြစ်တဲ့အပြင် ပထမ မဟာသန္နိပါတ အစည်းအဝေး (သံဃာစုံညီအစည်းအဝေး)ကြီး ကျင်းပပြီး လက်ယာတော်ရံ နဲ့ လက်ဝဲတော်ရံ အဂ္ဂသာဝကနှစ်ပါးကို ခန့်အပ်ခဲ့တဲ့ ကျောင်းတော်လည်း ဖြစ်တဲ့အတွက် သာသနာသမိုင်းအတွက် အထူးအရေးပါတဲ့ နေရာပဲ ဖြစ်ပါတယ်။ ကျောင်းတော်ရာဟောင်းကို ခုထိ ရှာလို့ မတွေ့သေးပါဘူး။ ဒါပေမဲ့ ကျောင်းတော်ဝင်းအတွင်းမှာရှိတဲ့ ကာလန္ဒက (ရှဥ့်နက်)ရေကန်၊ အဂ္ဂသာဝကနှစ်ပါးကိုး ခန့်အပ် ချီးမြှင့်တဲ့နေရာ (ပထမ မဟာသန္နိပါတ အစည်းအဝေး ကျင်းပတဲ့နေရာ)တွေကို ဖူးမြော်ကြည်ညိုရပါတယ်။ သြဝါဒပါတိမောက်ကို ဟောကြားတော်မူခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ ကာလန္ဒက ရှဥ့်နက်ရေကန်ကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဘုရင်ကြီးက ရေကန်နားမှာ အိပ်ပျော် နေတုန်း မြွေတကောင်က ပေါက်သတ်မလို့ အလာမှာ ရုက္ခစိုးက ရှဥ့်နက်ယောင်ဆောင်ပြီး ဘုရင်ကြီးကို အသံပေး အော်မြည်ပြီး နှိုးလို့ အချိန်မီနိုးလာပြီး ပေါက်သတ်မယ့်မြွေကို သတ်လိုက်နိုင်တာကြောင့် အသက်ချမ်းသာရာ ရသွားတယ် လို့ ဆိုပါတယ်။ ဒါနဲ့ အဲဒီရေကန်နဲ့ ရှဥ့်နက်တွေကို ဘေးမဲ့ပေးထားခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီလေးရှိပါတယ်။ အခုတော့ ရှဥ့်နက်တွေ မတွေ့တော့ပါဘူး။ ဝေဠုဝန်ကျောင်းတော်ဟာ မြတ်စွာဘုရား ဒုတိယ၊ တတိယ၊ စတုတ္ထ၊ သတ္တရသမ (၁၇-ကြိမ်မြောက်) နဲ့ ဝိသတိမ (အကြိမ်-၂၀ မြောက်) ဝါတွေ ဆိုခဲ့တဲ့ .. ငါးဝါတိုင်တိုင် သီတင်းသုံးတော်မူခဲ့တဲ့ ကျောင်းတော် ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အလှမင် အလှပြင်တဲ့ အလှဘုရင်မ ခေမာမိဘုရားကို အကျွတ်တရားရအောင် တရားဟော ချေချွတ်တော်မူခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။


ဝေဠုဝန်ကျောင်းတော်ဝင်း


ပထမ မဟာသန္နိပါတ အစည်းအဝေးကြီး ကျင်းပရာနေရာ


ကာလန္ဒက (ရှဥ့်နက်)ရေကန်

နေ့လည် ၂-နာရီခွဲလောက်မှာ ဝေဠုဝန်ကျောင်းတော်ကနေ ထွက်ပြီး မဟာယနဝါဒကို ထူထောင်ခဲ့တဲ့ ဆရာတော် နာဂအဇ္ဇုန တည်ထောင်ခဲ့တဲ့ နာလန္ဒာတက္ကသိုလ်ဟောင်းနေရာကိုသွားကြပါတယ်။ အေဒီ ၂-ရာစုမှာ ကမ္ဘာ့ဗုဒ္ဓဘာသာ တက္ကသိုလ်ကြီး ဖြစ်ခဲ့ပြီး ကျောင်းဆောင်ပေါင်း ၁၈၀-ရှိပါတယ်။ သဒ္ဒါကျမ်း၊ အလင်္ကာကျမ်း၊ တက္ကဗေဒ၊ ဆေးပညာနဲ့ ဗေဒင်၊ လက္ခဏာတွေကို သင်ကြားပို့ချပေးခဲ့တယ်လို့ ဆိုပါတယ်။ ထေရဝါဒ၊ မဟာယန၊ ဟိနာယန မခွဲခြားဘဲ ဘယ်ဗုဒ္ဓဘာသာဂိုဏ်းမဆို ပညာသင်ကြားလို့ရပါတယ်။ မင်းအဆက်ဆက် ထောက်ပံ့ခဲ့ တာကြောင့် နှစ်ပေါင်း တထောင်လောက် တည်တံ့ခဲ့ပြီး အေဒီ ၁၂-ရာစု အကုန်မှာတော့ အာဖဂန်နစ္စတန်တောင်ပိုင်းက မူဆလင်စစ်သူကြီး မိုဟာမက် ဘင်ဘက်ခ်တီးယား ခီလ်ဂျီ (Mohhamad bin Bakhtiyar Khilji) က မီးရှို့ဖျက်ဆီးသွားတာ ခံလိုက်ရလို့ ပျက်စီးခဲ့ရပါတယ်။ နာလန္ဒာမြို့ဟာ လက်ယာတော်ရံ အဂ္ဂသာဝကြီး ဓမ္မသေနာပတိ ဖြစ်တော်မူတဲ့ ရှင်သာရိပုတ္တရာရဲ့ ဇာတိလည်းဖြစ်ပြီး ဒီမှာရှိတဲ့ မယ်တော်ကြီးရဲ့ တိုက်ခန်းမှာပဲ ပရိနိဗ္ဗာန်ပြုတော်မူခဲ့ပါတယ်။ ပရိနိဗ္ဗာန် ပြုတော်မူခါနီးအထိ မယ်တော်ကြီး သာရီပုဏ္ဏေးမကြီးဟာ ဗြဟ္မဏအယူဝါဒီ အဖြစ်နဲ့ပဲ ရှိသေးတာမို့ မယ်တော်ကြီးကို ဗုဒ္ဓဘာသာဝင်ဖြစ်လာအောင် တရားပြပြီး မွေးကျေးဇူးဆပ်ဖို့ ဇာတိကို ပြန်လာပြီး ပရိနိဗ္ဗာန် ပြုတော်မူခဲ့ရပါတယ်။ နောက်ဆုံးအချိန်မှာမှ မယ်တော်ကြီးကို ဗုဒ္ဓဘာသာဝင်ဖြစ်လာအောင် တရားပြနိုင်ခဲ့တာပါပဲ။ ပရိနိဗ္ဗာန်ပြုတော်ရာနေရာမှာ အသောကမင်းကြီး တည်တော်မူခဲ့တဲ့ အထိမ်းအမှတ်စေတီဟောင်းရှိပါတယ်။

နာလန္ဒာတက္ကသိုလ်ရှေ့မှာတော့ ဈေးတန်းလေးရှိပါတယ်။ အမှတ်တရ လက်ဆောင်ပစ္စည်းလေးတွေ စားစရာတွေ ဝယ်လို့ရပါတယ်။ ရဲရဲတင်းတင်း အားမနာတမ်း ဈေးဆစ်ဖို့တော့ မမေ့ပါနဲ့။

နာလန္ဒာတက္ကသိုလ်ဟောင်းကနေ ညနေ လေးနာရီလောက် ထွက်ခဲ့ပြီး မြန်မာကျောင်းပြန်ရောက်ကြတော့ ရေမိုးချိုး၊ ခဏ နားပြီး ညနေ ခြောက်နာရီလောက် ဘဲဥချဉ်ရည်ဟင်းနဲ့ ညစာစားကြပါတယ်။ ဟင်းတွေကတော့ ဆားအလွန်ပေါ့လို့ ကျနော့်အနေနဲ့ သိပ်အရသာ မတွေ့လှပါဘူး။

ပြီးတော့ နောက်နေ့ ခရီးဆက်ရမှာမို့ ပစ္စည်းတွေသိမ်းဆည်းထုပ်ပိုးရပါတယ်။ Luggage ပြန်လည်ဖြန့်ဝေမှုတွေကတော့ ညံ့ချက်က ကမ်းကုန်ပါပဲ။ အခန်းဝအရောက် ပစ္စည်းတွေ ပို့ပေးမယ်ဆိုပြီး ရန်ကုန်မှာတုန်းက ပြောထားပေမဲ့ ခရီးအစအဆုံး တခါမှ ပို့မပေးပါဘူး။ သူတို့ စုပုံချထားတဲ့နေရာကနေ အခန်းကိုရောက်အောင် ကိုယ့်ပစ္စည်းကိုယ် သယ်ကြရပါတယ်။ ကျနော် ပြသနာရှာနိုင်လွန်းလို့ ကျနော်တို့ ပစ္စည်းတွေကိုတော့ အခန်းဝအထိ လိုက်ပို့ပေးပါတယ်။ ကျန်တဲ့လူတွေ ကတော့ ဘာမှမပြောဘဲ သူတို့ဟာသူတို့ သယ်ကြပါတယ်။

ဆိုးတာက ခရီးစဉ်တလျှောက်လုံးမှာ professional guide လုံးဝ မပါတာပါပဲ။ အဲဒီ ပိုင်ရှင်ဆိုတဲ့ အမျိုးသမီးနဲ့ နောက်ထပ် အကူအမျိုးသမီးတယောက်ပဲ ပါလာပြီး ဘာမှ မရှင်းပြသလောက်ပါပဲ။ ရောက်ရာကျောင်းက သံဃာတော်တွေ ပင့်လာပြီး သံဃာတော်တွေ ရှင်းပြတာနဲ့ပဲ ရောချလိုက်တာပါ။ ရာဇဂြိုဟ် မြန်မာကျောင်း ရှေ့တည့်တည့်မှာတင် အဇာတသတ်မင်းရဲ့ ခံတပ်မြို့သစ်နေရာရှိပါတယ်၊ ကားလမ်းပဲခြားပါတယ်၊ အဲဒါကို ဒီလိုရှိပါတယ်ရယ်လို့ လုံးဝ တခွန်းမှ မပြောပါဘူး။ ကျနော် ကျောင်းက သံဃာတွေကို ကိုယ့်ဟာကိုယ် လျှောက်မေးလို့ သိရတာပါ။ မြို့သစ်နေရာထဲမှာ စေတီလေး တချို့ရှိပါတယ်။ ဒါပေမဲ့ ခြုံနွယ်ပိတ်ပေါင်းတွေ၊ လူအညစ်အကြေးတွေနဲ့ ညစ်ပတ်နေလို့ သွားတော့ မဖူးခဲ့ တော့ပါဘူး။


ရာဇဂြိုဟ်ညနေဆည်းဆာ


အဇာတသတ်မင်းမြို့သစ်နေရာ


ရာဇဂြိုဟ်မြို့တွင်း

လက်ဝဲတော်ရံ အဂ္ဂသာဝကကြီးဖြစ်တဲ့ ရှင်မဟာမောဂ္ဂလန်ကို ခိုးသားငါးရာ ရိုက်နှက်လို့ ပရိနိဗ္ဗာန်ပြုခဲ့ရာ ကျောက်ဖျာနက်ကြီး (ကာဠသိလာ) လည်း ရာဇဂြိုဟ်မြို့ဟောင်း တောင်ဘက်အထွက် ကားလမ်းရဲ့ လက်ဝဲဘက် တောင်ခြေနားမှာ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီကိုတော့ မရောက်ခဲ့ပါဘူး။ ဘုရားရှင်လက်ထက်တော်က မဂဓတိုင်း၊ မင်းနေပြည်တော် ဖြစ်ခဲ့တဲ့ ရာဇဂြိုဟ်တဝိုက်မှာ အမှတ်တရအဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တဲ့ နေရာတွေက အတော်များများ ရှိတာမို့ အကုန်လုံးကို ဒီလို နှစ်ပတ်ခရီးစဉ်အတွင်းမှာ ရောက်အောင် သွားဖို့တော့ မဖြစ်နိုင်ပါဘူး မမေရေ ... အေးအေးဆေးဆေး အချိန်ယူပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် တလတန်သည်၊ နှစ်လတန်သည် နေပြီး သွားမှပဲ နှံ့အောင် ရောက်ပါလိမ့်မယ်။

နောက်နေ့ခရီးစဉ်အကြောင်း ဆက်ပါဦးမယ် ...

ဟယ်ရီလွင်

Read More...