Sunday 19 May 2013

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၆)

(၄) အချီအချအားဖြင့်

(ရတု အချီအချတွေက များပြားကျယ်ဝန်းလွန်းတာကြောင့် အချိန်ယူပြီး အသေးစိတ်ရေးနေရလို့ အချိန်အတော်ကြာသွားတာကို ခွင့်လွှတ်ပေးကြပါရန် အနူးအညွတ် တောင်းပန်အပ်ပါတယ်)

ရတု ချီနည်း ချနည်းတွေက အမျိုးမျိုး ရှိပါတယ်။ ဒီအချီအချနည်းတွေကို အသေးစိတ် ဆက်ပြီးရေးပြပါ့မယ်။ ဒီနည်းတွေအနက် ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုးကတော့ ...

‎(၁)        ထူးဆန်းထွေလာ
၂)        ညွန့်ရှင်
၃)        ပေါက်ပြ
‎(၄)        ငုံဖူး
‎(၅)        ပုလဲသွယ်
‎(၆)        လည်ကုပ်ချီ
‎(၇)        အဖျားကောက်
‎(၈)        ရွှေလောင်းပျံ
‎(၉)        သော်တာရောင်
‎(၁၀)      ကက္ကူဆူးချီဆူးချ
‎(၁၁)      နေရောင်ခြည်ပြေး
‎(၁၂)      ဖျောက်ဆိပ်လလယ်
‎(၁၃)      ညွန့်ဟုံ
‎(၁၄)      ခိုင်ညွန့်ခက်ဖြာ
‎(၁၅)      မဏိဆံကျင်
‎(၁၆)      အာသာဝတီဝစ္ဆံ
‎(၁၇)      မဏိဦးပြည်း
‎(၁၈)      ဇော်တခိုင်လုံး
‎(၁၉)      မပြတ်ကေသာ
‎(၂၀)      ဇမ္ဗူ့သပြေသီးမှည့်
‎(၂၁)      ချိန်ခွင်လျှာ
‎(၂၂)      ဘီလူးရယ်
‎(၂၃)      စာကျိုး
‎(၂၄)      စာဆန်း
‎(၂၅)      စာတုံး ...
ဆိုပြီး ဖြစ်ပါတယ်။ ကဝိလက္ခဏာဒီပနီကျမ်းမှာလည်း ၂၅-မျိုးလို့ပဲ ဖော်ပြပါတယ်။ ဒီ ၂၅-မျိုးမှာ ချတဲ့ အက္ခရာလုံးရေအရ သတ်မှတ်တဲ့ ရတုမျိုးက ၇-လုံး ချရတဲ့ ခိုင်ညွန့်ခက်ဖြာ၊ ၉-လုံး ချရတဲ့ မဏိဆံကျင်၊ ၁၁-လုံး ချတဲ့ အာသာဝတီဝစ္ဆံ၊ ၁၅-လုံး ချတဲ့ မဏိဦးပြည်း၊ ၁၉-လုံး ချတဲ့ ဇော်တခိုင်လုံး၊ ၂၉-လုံး ချရတဲ့ မပြတ်ကေသာ၊ ၃၅-လုံး ချရတဲ့ ဇမ္ဗူ့သပြေသီးမှည့် ဆိုပြီး ရတု ၇-မျိုးတွေ့ရပါတယ်။

ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာကတော့ ရတု အချီအချ ၄၁-မျိုး ပြထားပါတယ်။ အဲဒါတွေကတော့ ...
‎(၁) ခိုင်ညွတ်ခက်ဖြာ (ခိုင်ညွန့်ခက်ဖြာ လို့ ပိုပြီး အသုံးများပါတယ်)
‎(၂) မဏိဆံကျင်
‎(၃) အာသာဝတီဝတ်ဆံ
‎(၄) မဏိဥပည်း
‎(၅) ဇော်တခိုင်လုံး
‎(၆) မပြတ်ကေသာ
‎(၇) ဇမ္ဗူ့သပြေသီးမှည့်
‎(၈) ထူးဆန်းထွေလာ
‎(၉) ညွန့်ရှင်
‎(၁၀) ပေါက်ပြ
‎(၁၁) ငုံဖူး
‎(၁၂) ပုလဲသွယ်
‎(၁၃) လည်ကုပ်ချီ
‎(၁၄) အဖျားကောက်
‎(၁၅) ရွှေလောင်းပျံ
‎(၁၆) သော်တာရောင်
‎(၁၇) ကက္ကူဆူးချီ၊ ကက္ကူဆူးချ
‎(၁၈) နေရောင်ခြည်ပြေး
‎(၁၉) ဖျောက်ဆိပ်လလယ်
‎(၂၀) ညွန့်ဟုံ
‎(၂၁) ချိန်ခွင်ညှာ
‎(၂၂) ဘီလူးရယ်
‎(၂၃) စာကျိုး
‎(၂၄) စာတုံး
‎(၂၅) စာဆန်း
‎(၂၆) အစပြတ်
၂၇) စမ္ပါယ်ချီစမ္ပါယ်ချ
၂၈) မြင်းဆက်ခွ
၂၉) မြင်းဆက်ခွန့်
၃၀) ပွဲ့ကဆီ
၃၁) ဝမ်းပိုဒ်ကြီး
၃၂) လည်တို
၃၃) ညွန့်တက်
၃၄) ညွန့်လန်း
၃၅) ညွန့်တုံး
၃၆ ပိုဒ်စုံစကြာ
၃၇) ကိုယ်တွင်းပြည့်
၃၈) စာဖြတ်
၃၉) စာရိ
၄၀) ထောင့်တဲတွန့်
၄၁) သုံးလွန်းတင် ...
ဆိုပြီး ဖြစ်ပါတယ်။ ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး အပြင် အမှတ် (၂၆) ကနေ (၄၁) အထိ ၁၆-မျိုး ပိုတာကို တွေ့ရပါတယ်။

ဒီလို ရတုချီနည်း ချနည်းတွေကို လင်္ကာတွေနဲ့ ပညာရှိများ ရေးဖွဲ့စပ်ဆိုသွားခဲ့ကြပါတယ်။
ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး လင်္ကာကတော့ ...

ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး လင်္ကာ
ထူးဆန်းထွေလာ၊ ဟူသည်မှာမူ၊ သုံးဖြာပိုဒ်လုံး၊ စဆုံးရှည်တို၊ အဆိုမညီ၊ ချချီမတူ။ ။ ညွန့်ရှင် - မူကား၊ ထူတမ်းခွန်ဆင့်၊ စာလုံးဖြင့်သာ၊ ချသင့်ပညာတ်။ ။ ပေါက်ပြမှတ်ကား၊ သတ် မသတ်စွာ၊ အက္ခရာချီချ၊ အမျှမျှတည့်။ ။ ထိုမှတထူး၊ ငုံဖူး နှိုက်ကား၊ ၍့ပယ်ရှား၍့၊ တပါးသတ်ဖြင့်၊ အသင့်မလွဲ၊ ချီချမြဲတည့်။ ။ ပုလဲသွယ်မှာ၊ အသတ်ပါနှင့်၊ အက္ခရာ၍့၊ ပါလေ့မှန်ပြီ။ ။ အချီလည်ကုတ်၊ ရှေ့ပုဒ်-ဒု-တ၊ ပါဒနှိုက်ဝယ်၊ ဓိပ္ပါယ်ဖြစ်စေ၊ ပုဒ်ဖြစ်စေပင်၊ ယူလေတတန်။ ။ ရွှေလောင်းပြန်မှာ၊ မှန်-က-စ-တ၊ ယ-ပ-ရ မှ၊ သတ္တအက္ခရာ၊ ချီချပါလော့။ ။ သော်တာရောင်မူ၊ သတ်တူသံတူ၊ ကာရန်တူနှင့်၊ ချဟူ၍့ပြ။ ။ သို့ညီကြလည်း၊ ဟုချတပြီး၊ စာထင်းမီး နှင့်၊ တသီးညွန့်မဲ့၊ မည်ဘွဲ့မှတ်လေ။ ။ နေခြည်ရောင်ပြေး၊ အမည်ပေးကား၊ တေးအက္ခရ၊ က-တ-ထ စု၊ တခုခုဖြင့်၊ ချဟုပိုင်းခြား။ ။ အဖျားကောက် နှိုက်၊ ရှေ့ပိုဒ်ချမှာ၊ အက္ခရဓိပ္ပါယ်၊ တသွယ်သွယ်ကို၊ ရွယ်၍့ချီကောက်။ ။ ဖျောက်ဆိတ်လယ်လ၊ ဝဏ္ဏကြားတွင်၊ ပါဝင်လာဘိ၊ သတ်ရှိအက္ခရာ၊ ဖြင့်သာချတုံ။ ။ ညွန့်ဟုန်ကား ‘ဝ’၊ သတ်ရွေ့ချလော့။ ။ ထိုမှတချက်၊ ကက္ကုဆူးချီ-ကက္ကုဆူးချ၊ သုံးပဒပင်၊ ဆုံးစချချီ၊ မညီယွင်းချွတ်။ ။ ခိုင်ညွတ်ခက်ဖြာ၊ ချရာအဆုံး၊ ခုနစ်လုံးရှိ။ ။ မဏိ ဆန်ကျင်၊ ၉-လျှင်ချပြီး။ ။ အာသာဝတီဝတ်ဆံ၊ နိယံမြဲမှတ်၊ ဧက်ဒသ်ချနည်း။ ။ ဥပြည်းမဏိ၊ ချဘိပန္နရ။ ။ ဇော်တခိုင်လုံး၊ အဆုံး နောဒသ်။ ။ မပြတ်ကေသာ၊ မှာ နှစ်ဆဲ့ငါး။ ။ ပိုင်းခြားမှတ်ပြ။ ။ ဇမ္ဗူ့သပြေ၊ သီးမှည့်ရွှေတွင်၊ ထွက်ရေရုံးဘွဲ့၊ သုံးဆဲ့ငါးလုံး၊ ရတုထုံး၌၊ အဆုံးပဒ၊ သည်ထက်ကြွ၍့၊ ချခွင့်မကြိမ်။ ။ ချိန်ခွင်လျှာမှာ၊ ပ-တ သာလျှင်၊ တူရာအချ၊ ဒု-ကွဲရ၏။ ။ ထိုမှတသွယ်၊ ဘီလူးရယ်မူ၊ တူသောသုတိ၊ ရှိအက္ခရာ၊ သတ်သံပါဖြင့်၊ ကြံခါတမျိုး၊ လှီးလွှဲရိုးတည့်။ ။ စာကြိုးမှာကား၊ သဝေခြားသတ်၊ ဝ-အသတ်နှင့်၊ သတ်စပ်မြဲထုံး။ ။ စာတုံး င-ည၊ တ-နှင့် ပ-တည့်၊ န-မ တရပ်၊ သတ်စပ်ယှဉ်မှန်း၊ ချီချခန်းတည့်။ ။ စာဆန်းမှာသော်၊ လျော်နည်းသင့်နည်း၊ နိသျည်းမရှာ၊ ဆရာမတင်၊ ဆင်ခြင်မရှိ၊ မိမိထင်တိုင်း၊ ပေါက်လွှတ်စိုင်းသို့၊ ဂိုဏ်းမလွတ်စွာ၊ သူရူးစာတည့်။ ။ သင်္ချာစဉ်စီ၊ ပဉ္စဝီပင်၊ ချချီရတု၊ သိမှုဖြန့်ချိ၊ ဤသို့ရှိဟု၊ ကဝိပါသဏ္ဌ၊ ကျမ်းမ၌တွင်၊ မော်ကွန်းတင်သည်။ ။ ဉာဏ်မြင်လိုသူ မှတ်ကြောင်းတည်း။
(ကဗျာသင်္ဂဟမေဒနီ ကျမ်းမှ ...)

စွယ်စုံကျော်ထင်ကျမ်းလာ ရတုချနည်းလင်္ကာကတော့ ...

စွယ်စုံကျော်ထင်ကျမ်းလာ ရတုချနည်း လင်္ကာ
စာချီစာဖြတ်၊ အဆုံးသတ်၌၊ အသတ်နှင့်သာ၊ ချသည်မှာမူ၊ ညွန့်ရှင် ဟူ၏၊ သတ်မူမသတ်၊ ရောလတ်သည်ကို၊ ပေါက်ပြ ဆိုရှင့်၊ ထိုအချမှာ၊ ၍မပါဘဲ၊ သာယာချိုမြ၊ ဧည်လေချသော်၊ ညွန့်ဖူး ခေါ်လော့၊ ထိုရော်အချ၊ က နှင့်တ ကား၊ ခေါ်ကြ ညွန့်လန်းထူးဆန်းထွေလာ၊ ဟူသည်မှာကား၊ ဆုံးမှာအချ၊ သုံးပါဒပင်၊ မညီချင်တည့်၊ သည့်ပြင် ပုလဲသွယ်၊ သတ်ရောလှယ်လိမ့်၊ မှတ်ဖွယ် ရွှေလောင်းပျံ၊ ချဟန် စ-တ၊ က-မ-ရ တည့်၊ ဝ သတ် ဆုံးလျှင်၊ ညွန့်တုံး တွင်ရှင့်၊ သည့်ပြင်တမည်၊ နေခြည်ရောင်ပြေး၊ စာစပ်ရေးကား၊ လေဝဂါဒိ၊ အပြစ်ရှိလိမ့်၊ သီရိထွန်းညိတ်၊ ဖျောက်ဆိပ်လလယ်၊ ဟူသည်ဝယ်ကား၊ အသတ်များ၏၊ အဖျားကောက် ချီ၊ တလီ လည်ဂုတ်စ၊ ဟူသမျှ၌၊ စသည်ကိုသာ၊ ခေါ် စ ပါရှင့်၊ ကာရန်မမှတ်၊ အသတ်မညီ၊ အချီမမျှ၊ ရှိကအထူး၊ ကက္ကူဆူးတည့်၊ နည်းတူ ဤမှာ၊ မဆိုရာ။ ။

ဒီ လင်္ကာမှာက (၁၃)မျိုးပဲ ဖော်ပြထားတာကို တွေ့ရပါမယ်။ ကဗျာ့ပါရဂူ ဖြစ်တော်မူတဲ့ ကျေးဇူးရှင် မန်လည်ဆရာတော် ဘုရားကြီးကလည်း ရတုချီနည်း ချနည်း လင်္ကာ ၂-ပုဒ်ကို ဖွဲ့ဆိုသွားတော်မူခဲ့ပါတယ်။

မန်လည်ဆရာတော်ကြီး ရေးသားတော်မူသော ကဝိကဏ္ဌပါသကျမ်းလာ ရတုချီနည်း ချနည်း လင်္ကာ ၂-ပုဒ်
(၁) တနည်းမှတ်လော့၊ ပြလတ်ပိမ့်ငှာ၊ ဤအခါတည့်၊ ကဗျာရတု၊ ဆိုမှုစီကုံး၊ အစဉ်ထုံးကား၊ သုံးပုဒ်လုံးမူ၊ မတူချီချ၊ ရှိကမည်မှန်း၊ ထူးဆန်းထွေလာ၊ ဟု-ခရာနှင့်၊ ချပါအကဲ့၊ အညွန့်မဲ့ ဟူ၊ တမူနာမ၊ ထင်းမီးစ တည်း၊ ချီချသုံးလီ၊ မညီကျီကျူး၊ ကက္ကူဆူး ဟု၊ အထူးမှတ်လေ၊ သဝေအသတ်၊ သတ်-မသတ်မျိုး၊ စာကျိုး ခေါ်ကြ၊ င-ည-တ-ပ၊ န-မ နှစ်ရပ်၊ သံတူစပ်သော်၊ ပညတ်ခေါ်သုံး၊ စာတုံး မည်ရ၊ အန္တမမှန်၊ ကာရန်မတူ၊ စာဆန်း ဟူ၏၊ သရူသဝဏ်၊ ထပ်ဟန်မလွဲ၊ အသတ်လဲ၍၊ လှီးလွှဲတသွယ်၊ ဘီလူးရယ် တည့်၊ သူငယ်မလိမ္မာ၊ ဖွယ်ရာမရှိ၊ ဆိုဘိသော့လား၊ စကားမည်ကာ၊ မစပ်ရာသား၊ လက္ခဏာခုနစ်၊ စင်စစ်မှတ်ဘိ၊ အမြဲသိလော့၊ သတ်ရှိချလျှင်၊ ညွန့်ရှင် ဟူလတ်၊ သတ်မဲ့တုံလျှင်း၊ ချီချခြင်းကို၊ ပေါက်ပြ ဆို၏၊ ထိုမှတဖြာ၊ ဤ ခရာလျှင်၊ မပါချချီ၊ သညီ ငုံဖူး၊ အထူးမှတ်မော၊ သတ်ရော ၍ ပါ၊ ချီချရာကား၊ သညာမှတ်ဘွယ်၊ ပုလဲသွယ် ရှင့်၊ ရှေ့ဝယ်မဆွ၊ ပုဒ်အစ၏၊ ဒု, တ, အက္ခရာ၊ တဖြာဖြာနှင့်၊ ဓိပ္ပာယတ္ထ၊ ချီတုံကမူ၊ နာမအညီ၊ လည်ဂုတ်ချီ တည့်၊ ထိုပြည်တဝ၊ ရှေ့ပုဒ်ချ၍၊ ပါထ-ခရာ၊ အဓိပ္ပာနှင့်၊ ယူကာချီမြှောက်၊ အဖျားကောက် တည့်၊ ထို့နောက်သမုတ်၊ ချီပုဒ်ကိုချ၊ ချပုဒ်တိုင်းချီ၊ ဤသို့စီမူ၊ စမ္ပါယ်ချီစမ္ပါယ်ချ၊ အချပုဒ်နှင့်၊ ကာရန်သင့်အောင်၊ ချီလင့်တုံက၊ မြင်းဆက်ခွ တည့်၊ ရှေ့ကဉာဏ်ဝန်၊ ဆရာမွန်တို့၊ နည်းညွှန်မှတ်ဖွယ်၊ မိန့်ခဲ့သွယ်တိုင်း၊ မကျယ်အကျဉ်း၊ လင်္ကာချဉ်းသည်။ ။ ရွှေမျဉ်းရွှေတန်-ရွှေကြိုးတည်း။ ။
(၂) က-စ-တ-ယ၊ ပ-ရ-မ တို့၊ သတ္တဗျဉ္ဇနာ၊ ချချီရာလည်း၊ မည်သာတတန်၊ ရွှေလောင်းပြန် ရှင့်၊ မှတ်ရန်တမူ၊ သတ်တူသံတူ၊ ကာရန်တူချ၊ လ၏မည်ဆောင်၊ သော်တာရောင် တည့်၊ ထို့နောင်တပါး၊ ခြား၍မှတ်ကြ၊ က-တ-ထ ဖြင့်၊ ချသည့်တမည်၊ နေရောင်ခြည်ပြေး၊ တရေး ညွန့်လန်း၊ ခေါ်မှန်းစဉ်ဆက်၊ သက်သက်ဝဏ္ဏ၊ ဧကဒွယာ၊ အကြားပါလတ်၊ သတ်မဲ့အက္ခရာ၊ ချတုံပါသော်၊ တွင်ခေါ်မြဲသိပ်၊ ဖျောက်ဆိပ်လလယ်၊ တသွယ်မည်မှတ်၊ မ-သတ်နည်းငြား၊ အသတ်များတုံ၊ စာ ညွန့်ဟုံတည့်၊ မှတ်ပုံအဆုံး၊ ခုနစ်လုံးချ၊ ဟူသမျှကား၊ နာမပညတ်၊ ခိုင်ညွတ်(ညွန့်)ခက်ဖြာ၊ နဝါချဘိ၊ မဏိဆံကျင်၊ ထို့ပြင်တဆစ်၊ ဆဲ့တစ်ချမှာ၊ အာသာဝတီ၊ ဆယ့်ငါးပြီမူ၊ မှတ်ယူမည်ရှိ၊ မဏိဥပြည်း၊ တနည်းထိုမှ၊ ဆယ့်ကိုးချသော် ဇော်တခိုင်လုံး၊ ချထုံးတလီ၊ ပဉ္စဝီ ကား၊ တွင်ညီမည်မှတ်၊ မပြတ်ကေသာ၊ ပဉ္စာတိံသ၊ နာမမည်ပြု၊ ဇမ္ဗူ့သပြေ၊ ထိုထက်ထွေ၍၊ ချစေလင်္ကာ၊ ထုံးမလာတည့်၊ နည်းနာလက်ရှိ၊ အရိုးသိလော့၊ ကဝိကဏ္ဌ၊ ပါသခေါ်ညွှန်း၊ နန်းစဉ်ထွန်းသည်။ ။ မော်ကွန်းရွှေပွင့်-တင်ထိုးတည်း။ ။

ဒီလင်္ကာအရတော့ ရတု ချီနည်း ချနည်း ၂၇-မျိုး ရှိပါတယ် ... ညွန့်မဲ့ နဲ့ ထင်းမီးစ ကအတူတူပါပဲ။

ဒီ ချီနည်းချနည်းတွေကို လေ့လာကြည့်တဲ့အခါ ကျမ်းတွေမှာပါတဲ့နည်းတွေက ၄၁-မျိုး၊ ၂၈-မျိုး အစရှိသဖြင့် အမျိုးမျိုးရှိပေမဲ့ ယေဘူယျပြန်ခွဲကြည့်ရင် အဓိက အားဖြင့်တော့
၁) လုံးရေ အရ
၂) အက္ခရာ နဲ့ အသတ် အရ
ဆိုပြီး (၂)မျိုးပဲ ရှိပါတယ် ... တကယ်တမ်းတော့ ၇-လုံး ချ ခိုင်ညွန့်ခက်ဖြာရတုမျိုးပဲ များပြီး တခြားချနည်း ရတုမျိုးက အလွန်နည်းပါးလှပါတယ်။
ဒီတော့ တခုချင်းကို အသေးစိတ် ထပ်ပြီး ဆက်လက်ဖော်ပြပါမယ်။

ဟယ်ရီလွင်

2 comments:

နွေတေးရှင် (မင်းဧရာ) said...

ဖတ်တယ် သိပ်နားမလည်သေးဘူး အစ်ကိုရ
စာအုပ်တွေ ကိုဝယ်ဖတ်မှနဲ့တူတယ်
ကျွန်တော်တို့ကြတော့ နည်းနည်းဝေးနေတယ် ။

Harry said...

ဟုတ်ပါတယ် ညီလေး ... ဒီအတိုင်းဖတ်ရင် နားလည်ဖို့ ခက်ပါတယ် ... အဲဒီနည်းတွေ အားလုံး အသေးစိတ် ထပ်ရှင်းပေးပါမယ် ... အခု တခါတည်းတင်လိုက်ရင် ပို့စ် သိပ်ရှည်သွားပြီး ဖတ်ရတာ လေးသွားမှာ မို့ပါ