Friday, 22 March 2013

နှိုင်းပါနဲ့ခင်

ခုတလော ကိုယ့်ဟာကိုယ် ကဗျာမရေးဖြစ်လို့ သူများကဗျာတွေလိုက်ကြည့်ပြီး ကြိုက်ရင် အပြန်အလှန် ပြန်ရေးတာပဲ လုပ်နေပါတယ် ... လူလည်လုပ်တယ်၊ အချောင်ခိုတယ်လို့တော့ မထင်စေချင်ပါ ... မြန်မာကဗျာတွေမှာက ဒီလို အပြန်အလှန်ရေးလေ့ရှိပါတယ် ... နောက်ပြီး တခါတလေ ကဗျာကောင်းလေးတွေ ဖတ်မိမှ ကဗျာဝိညာဉ်က နိုးလာတာမျိုးလည်း ရှိတတ်ပါတယ် ... အခုလည်း ညီမပျိုးယုရေးထားတဲ့ အချိုးတွဲလေးကို အပြန်ချိုးလေး ပြန်ရေးလိုက်ပါတယ် ... မူရင်းကဗျာကို အရင်ခံစားကြည့်ပါ ...

တစ်စင်းတည်းသော လ

ညကဗျာ၊
မရ ဘယ်ခါရှိမတုန်း။
လှရာရာ သီကာကုံးပါကွယ့်
မယ့်အချစ်ဆုံး။

ပြုံးကြည်သာ၊
ပုန်း မရည်ပါ ရှုဦး (အုံး)။
လကမ္ဗလာ လွှာကာဖုံးပေလျက်၊
လှချက်မဆုံး။

မုန်းရက်လို့ မောင်ရှင်မြင်။

မယ့်အပြင် သည်ရင်ထဲ၊
စွဲမက်မထင် … ။

ကြည့်ပါရှင်၊
ကြယ်စင်တို့ ရာချီလည်း။

လကြာခြည် သည်တစ်စင်းက
ထွန်းပ စဉ်အမြဲ။ ။

(ပျိုးယုဝသုန်)

မူရင်း Link က ဒီမှာပါ ...

http://www.facebook.com/notes/pyo-yu-wathone/%E1%80%90%E1%80%85%E1%80%B9%E1%80%85%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%8A%E1%80%B9%E1%80%B8%E1%80%B1%E1%80%9E%E1%80%AC-%E1%80%9C/498743770162433?comment_id=5206785&notif_t=like

ဒီကဗျာကို ကျနော်ပြန်ရေးတဲ့ အပြန်ချိုးက ဒီလိုပါ ...

နှိုင်းပါနဲ့ခင်

ညကဗျာ၊
လှရာရာ သီကုံး။
ကြယ်စင်စုံ ပန်းရုံခင်းမှာ၊
မင်းအလှဆုံး။

လှမျက်နှာ၊
မြရွက်လွှာ ရှုမဆုံး။
ညခင်းရီ၊
မြနှင်းဆီကမ္ဗလာခင်း၊
လမင်းကပြုံး၊

မုန်းရက်တယ် သူထင်။

လှမျက်နှာ ငွေလမင်း၊
ဝင်းပရွှန်းလွင်။

နှိုင်းပါနဲ့ခင်၊
ကြယ်စင်နဲ့ လမင်း။

ညမဟူရာ၊
ကတ္တီပါ စိန်မှုန်ဖျန်းပါလို့၊
နန်းကြယ်စင် သဘင်ဦးမှာ၊
ပန်းသခင် လ,ရိပ်မှူးက၊
ထူးပ,ကာဝင်း။ ။

(ဟယ်ရီလွင်)

Read More...

Tuesday, 19 March 2013

မာနရှင်လား ထင်အားရက်ပေ ...

မာနရှင်

ပန်းတစ်ခက်
လှမ်းလက်ရယ်တဲ့ ဘယ်မမီ။

လရာသီအခါလင့်ပေလျက်
ပွင့်ခက်ဝေစီ..။

ပွင့်ရွှေရည်
နေခြည်ငွေ့ ခိုရင်း။

ပွေ့လိုသူ မျှော်သူ တိမ်းအောင်
စိမ်းရက်လေခြင်း။ ။


(ပျိုးယုဝသုန်)

ညီမလေး ပျိုးယု ရေးထားတဲ့ လေးဆစ်လေးဖြစ်ပါတယ် ... မူရင်းကဗျာကို ဒီမှာ ဖတ်နိုင်ပါတယ် ...
http://www.facebook.com/notes/pyo-yu-wathone/%E1%80%99%E1%80%AC%E1%80%94%E1%80%9B%E1%80%BD%E1%80%84%E1%80%B9/497655206937956?comment_id=5201610¬if_t=like

အလွန်လှတဲ့ လေးဆစ်လေးမို့ ဖတ်ကြည့်ပြီးပြီးချင်း အပြန်အချိုးလေး ချက်ခြင်း comment မှာ ရေးလိုက်မိပါတယ် ... မြန်မာကဗျာတွေမှာ ဒီလိုပဲ အပြန်အလှန် ရေးလေ့ရှိပါတယ် ... ဒါကြောင့် အမှတ်တရလည်း ဖြစ်သွားအောင် ခု ပြန်တင်လိုက်ပါတယ် ... တခါတည်း လက်တန်းချရေးလိုက်တဲ့အတိုင်းပဲ ဘာမှ ပြန်မပြင်ဘဲ တင်ပေးလိုက်ပါတယ် ... လက်တန်းချရေးလိုက်တာမို့ ချို့ယွင်းချက်ရှိရင် သည်းခံပေးကြဖို့ မေတ္တာရပ်ခံပါတယ် ...

တခက်ပန်း၊
လက်လှမ်းလို့မမီ။

မြလွှာရည်၊
လရာသီ ချိန်ခါသင့်ပေမဲ့၊
ဝင့်လျက်သာထည်။

ဆွတ်ချူမည်၊
မျှော်ရည်လို့ဝေဖူး။

ပွေ့လိုသူ၊
မေ့ကိုမူ အချူခက်ပေလို့၊
မက်မပြေ တမင်တကာထိန်းကာပဲ၊
တသက်နွေ ရင်မှာကိန်းတယ်ကွယ်၊
စိမ်းလို့ဟုတ်ဘူး။ ။

(ဟယ်ရီလွင်)

(ခေါင်းစဉ်မရှိပါ)

Read More...

Saturday, 16 March 2013

အမှားတရံ

အမှားတရံ


ဟုတ်ကဲ့ ...
မှားခဲ့သပေါ့ ...
သိပ်ကိုမှားတာ ...

ချစ်သူရဲ့ အလောင်းကို လျစ်လျူရှုခဲ့တာ
လူမမည်သားလေးတွေကို ပေယျာလကံပြုခဲ့တာ
ရာစုနှစ်တစိတ်နီးပါး အကျယ်ချုပ်ခံခဲ့ရတာ
အိုကြီးအိုမနဲ့ ခင်ဗျားတို့အတွက် ပြေးနေလွှားနေရတာ
သန်းနဲ့ချီတဲ့ ဒေါ်လာတွေကို အကုန်လှူပစ်ခဲ့တာ
တိုင်းပြည်ကို အားလုံးထက်ပိုချစ်ခဲ့တာ
အခု ... တောင်တလုံးအတွက် အမှန်တရားကို ဖွင့်ပြခဲ့တာ ...
အဲဒါ အားလုံးဟာ "သမိုင်းရဲ့တရားခံ" လို့ အပြောခံရဖို့အတွက်ပဲ ...

ဟုတ်ကဲ့ ...
မှားခဲ့သပေါ့ ...
သိပ်ကိုမှားတာ ...

သယံဇာတပုံပေါ်
ငုတ်တုတ်ထိုင်နေရုံနဲ့ ...
ဘာမှဖြစ်မလာဘူး ...
ပန်းကန်တက်ဖို့ ခြေလှမ်းတပြင်ပြင်နဲ့ ...
"ရွှေရေး" တို့ကလည်း တမှောင့် ...
လက်ခမောင်းတပြင်ပြင်နဲ့
"တောကြောင်"တွေကလည်း တမှောင့် ...
"စောလူး" တွေကို ပစ်ထားခဲ့ပါတော့ အမေ

မှတ်ထားကြ
တောင်တလုံးနဲ့တော့ ...
သူ့ကိုမလဲနိုင်ဘူး ကိုယ့်လူတို့ ...
နှစ်ယောက်တပိုင်းဆိုတာ လူထုမဟုတ်ဘူး
ကိုယ့်အတ္တသေးသေးလေးဟာ လူထုဆန္ဒမဟုတ်ဘူး
နောက်ကွယ်ကမြှောက်ပေးနေတာ ပြည်ချစ်စိတ်မဟုတ်ဘူး

အဲဒီတောင်မပြိုခင်
သစ္စာတရားဟာ ပြိုလဲသွားခဲ့
ရိုးသားမှုဟာ ပြိုလဲသွားခဲ့
ကိုယ်ကျိုးစွန့်မှုတွေ ပြိုလဲသွားခဲ့
အနစ်နာခံမှုတွေ ပြိုလဲသွားခဲ့
အသိပညာတွေ ပြိုလဲသွားခဲ့
ကိုယ်ကျင့်သိက္ခာတွေ ပြိုလဲသွားခဲ့

အတ္တတွေ ...
မာနတွေ ...
ဒေါသတွေ ...
မောဟတွေ ... နဲ့အတူ
(အဆိုးဆုံးက ...)
လောဘတွေ ...
မျက်နှာဖုံးတပ်ပြီး
တောင်ထိပ်မှာ မင်းမူကြလေရဲ့ ...

ဟုတ်ကဲ့ ...
မှားခဲ့သပေါ့ ...
သိပ်ကိုမှားတာ ...

မှတ်ထားကြပါ ...
ထပ်ပြောရဦးမယ် ...
အခု ခင်ဗျားတို့ ခေါ်နေတဲ့ ...
"သမိုင်းရဲ့တရားခံ" ဆိုတဲ့ အမျိုးသမီးကြီးရဲ့ ဖခင် ပြောခဲ့တဲ့စကား ...

"ကျုပ်တို့အပါအဝင် တိုင်းရင်းသားအားလုံးကို
ဂျပန်က -ိုး သွားပေမဲ့ ဆီဆွတ်သွားလို့ တော်သေးတယ်
အင်္ဂလိပ်ပြန်ဝင်လာရင်တော့ ဆီမဆွတ်ဘဲ -ိုး လိမ့်မယ် ... " တဲ့

အခုလည်း စောင့်နေကြပါ
အဲဒီအချိုးတွေနဲ့ဆို
"ဟိုလူတွေ" ပြန်လာရင် ကျုပ်တို့အားလုံးကို
ဆီမဆွတ်ဘဲ -ိုး လိမ့်မယ် ...

အဲဒီကျရင်တော့ ...
ဟုတ်ကဲ့ ...
မှားခဲ့သပေါ့ ...
သိပ်ကိုမှားတာ ...

ဟယ်ရီလွင်

Read More...

Monday, 11 March 2013

ခရမ်းပြာနှင်းဆီ (သီချင်း)

ကျနော်ရေးထားတဲ့ "ခရမ်းပြာနှင်းဆီ" ကဗျာလေးကို ကျနော့်သူငယ်ချင်း ကို Nay Htun က သီချင်းလေးအဖြစ် သံစဉ်ထည့်ပြီး ကိုယ်တိုင် သီဆို တီးခတ်ဖန်တီးပေးထားပါတယ် ... rhythm သဘောအရ စကားလုံး မဆိုစလောက်လေးပဲ ပြင်ထားတာမို့ မူရင်းကဗျာရဲ့ ခံစားချက်မပျက်တဲ့အပြင် သီချင်းပုံစံနဲ့ ပြောင်းလဲခံစားရတာ တမျိုးဆန်းသစ်ပါတယ် ... ခံစားကြည့်ကြ စေလိုပါတယ် ...

http://youtu.be/I_bqot0M-NM



ရှိတဲ့ instrument လေးတွေနဲ့တင် studio မှာလည်းမဟုတ်ဘဲ in-house နဲ့ ဒီလောက် quality မျိုး ဖန်တီးပေးနိုင်တာ တော်ရုံပညာ စေတနာနဲ့ မရနိုင်တဲ့အတွက် ကိုနေထွန်းကိုလည်း အထူးကျေးဇူးတင်ပါတယ် ...

ခံစားအားပေးတဲ့သူများအားလုံးကို အထူးကျေးဇူးပါခင်ဗျာ ...

ဟယ်ရီလွင်

Read More...

Wednesday, 13 February 2013

ဖေဖော်ဝါရီ ဆယ့်သုံးမှာ ...

တိုင်းပြည်အပေါ် ကျေးဇူးကြွေးများ ဆပ်သွားခဲ့လေသလား ....
အရင်းအနေနဲ့ အသက်ကို ပေးပြီး ...
အတိုးအနေနဲ့ သမီးထွေးလေးကိုပါ ထပ်ပေးခဲ့သေးရဲ့ ...

၁၉၁၅ မတိုင်မီအထိ ...
ဖေဖော်ဝါရီ ၁၃-ရက်နေ့ဟာ ...
ပြက္ခဒိန်ထဲက သာမန်နေ့တနေ့ထက် မပိုပါ ...

ဟယ်ရီလွင်

Read More...

Tuesday, 12 February 2013

ချစ်သူများနေ့တဲ့လားနှင့် ပတ်သက်၍ ...

အခု ကဗျာဆရာ မောင်လွမ်းဝေက ခွင့်လွှတ်ဖို့ ဝန်ခံတောင်းပန်ထားပါတယ် ... သူ့အနေနဲ့ Forward mail က ရောက်လာတဲ့ ကဗျာကို တွေ့လို့ ကျနော်ရေးမှန်းလည်း မသိလို့ သူ ထပ်ဆင့် ခံစားပြီး ရေးဖွဲ့ထားတာ ဖြစ်ကြောင်းလည်း ရှင်းပြပါတယ် .. ကျနော့်ကိုလည်း ကိုယ်တိုင်ဆက်သွယ်ပြီး တောင်းပန်ပါတယ် ... ဒီကိစ္စမှာ ကျနော့်ကဗျာ ဖြစ်ကြောင်း သိတဲ့အချိန်ကစပြီး ကျနော့်ကို ဆက်သွယ်ဖို့ သူကြိုးစားခဲ့ပါတယ် ဆိုတာလည်း မှန်ပါတယ် ... အကြောင်းကြောင်းကြောင့် online တက်တဲ့ အချိန်ချင်း မတူလို့ အချိန်မီ ဆက်သွယ်လို့ မရခဲ့ခြင်း ဖြစ်ပါတယ် ... သူ့ပို့စ်ကို ဒီမှာ ဖတ်ကြည့်နိုင်ပါတယ် ... အခုလို ယောက်ျားပီပီ ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း ဝန်ခံတောင်းပန်တဲ့ မောင်လွမ်းဝေ ရဲ့ စိတ်ဓာတ်ကိုလည်း ချီးကျုး ဂုဏ်ယူပါတယ် ... ကျနော့်အနေနဲ့လည်း နားလည်ကျေနပ်ကြောင်း ခွင့်လည်းခွင့်လွှတ်ပါကြောင်း အားလုံးကို အသိပေးလို ပါတယ် ...

https://www.facebook.com/photo.php?fbid=420043518082881&set=a.254274497993118.61840.100002317091254&type=1&theater

ဟယ်ရီလွင်

Read More...

Thursday, 7 February 2013

နောက်တခါ ... လာပြန်ချည်သေး ...

နောက်တခါ ... လာပြန်ချည်သေး ...

ကျနော်ရေးထားဖူးတဲ့ "ချစ်သူများနေ့တဲ့လား" ဆိုတဲ့ ကဗျာကို မှတ်မိကြဦးမယ် ထင်ပါတယ် ...
အဲဒီကဗျာကို စာလုံးနည်းနည်းလေးပြောင်းထားတာကလွဲလို့ အတွေးရော ပုံစံ အသွားအလာပါ တထပ်တည်း ကူးထားတဲ့ ကဗျာတပုဒ် အခု ထပ်တွေ့ရပါတယ် ... ကဗျာဆရာ လွမ်းဝေဆိုတဲ့ ပုဂ္ဂိုလ်ရေးထားတာပါ ... အောက်ကလင့်ခ်မှာ ဖတ်ကြည့်နိုင်ပါတယ် ...

http://www.facebook.com/photo.php?fbid=409573575800848&set=a.329330483825158.78075.322396224518584&type=1&comment_id=1238646&notif_t=photo_reply

ကျနော့်ကဗျာ မူရင်းကိုတော့ ဒီမှာ ပြန်ဖတ်နိုင်ပါတယ် ခင်ဗျာ ...

http://www.facebook.com/note.php?note_id=473246930391
http://harrylwin.blogspot.com/2009/02/blog-post_14.html

ကျနော်ပြောတာ မှန်မမှန် ယှဉ်ဖတ်ကြည့်ရင် သိနိုင်ပါလိမ့်မယ် ...

Ethic ဆိုတာ ဂျို(ချို)နဲ့လားကွယ့် လေသံများတောင် ဟ,ဘူးကွယ် လို့ ကျနော် ရေးခဲ့ဖူးပါတယ် ... အခုလည်း တခွန်းတည်းပဲ ပြောချင်ပါတယ် ...

"လိပ်ပြာသန့်သန့်နဲ့ အိပ်ရာဝင်နိုင်ပါစေ ကဗျာဆရာ ကိုလွမ်းဝေ ခင်ဗျား ... "

ဟယ်ရီလွင်

Read More...

Sunday, 27 January 2013

တကောင်တည်း

တကောင်တည်း

အရေအတွက်က၊
အဖြေမထွက်ပါလေ။

အရည်အသွေးမှ၊
အရှည်တွေးဆစရာပေ။

ပမာဏဟာ၊
ပဓာနအရာ မဟုတ်ပါအမေ၊
ထုတ်စရာအဖြေ မတွေ့။

အမြင်ရယ်မလျှမ်းပါဘူး၊
သမင်ဆယ်လှမ်း ကျားတလှမ်းတဲ့၊
သားလွမ်းရင် အမေရေ၊
ရေမြေခြားကာမနီးပေမဲ့၊
မီးတွေရယ် ဘယ်လို လောင်လို့၊
ခရီးရှည်ရယ် ဘယ်လို မှောင်လည်း၊
အောင်ပွဲတွေနဲ့ အစဉ်တွေ့မှာပေါ့၊
နောင်မခွဲ အမေရဲ့ ရင်ငွေ့မှ ...
တကောင်တည်းပေမဲ့ ခြင်္သေ့။ ။

အမေ့ဖို့ ရေးတဲ့ကဗျာ ...

ဟယ်ရီလွင်

Read More...

Friday, 11 January 2013

ဗေဒါလမ်း (သို့မဟုတ်) ကျွန်းနုမြေမှ အလှပန်းချီ

ဗေဒါလမ်း (သို့မဟုတ်) ကျွန်းနုမြေမှ အလှပန်းချီ


“ဗေဒါလမ်း” ဆိုရင်တော့ ဆရာဇော်ဂျီရဲ့ အကောင်းဆုံး ဂန္ထဝင်မြောက်လက်ရာမှန်း သိပြီးဖြစ်ကြပါလိမ့်မယ် ... ကျနော့် အသည်းစွဲကဗျာစုပဲ ဖြစ်ပါတယ်။ ဒီကဗျာစုထဲက ဗေဒါလမ်း (၁၀) ပန်းပန်လျက်ပဲ ကို စန္ဒယားချစ်ဆွေ သံစဉ်ရှာပြီး (ဒေါ်) ကြည်ကြည်ဌေး သီဆိုထားတဲ့ “ညိုပြာပြာ ... လတာပြင်ခြေရင်း” ဆိုပြီး စထားတဲ့ “ပန်းပန်လျက်ပါ” ရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးကိုတော့ အားလုံးလိုလို ကြားဖူးကြပါလိမ့်မယ် လို့ ထင်ပါတယ်။


ဒါပေမဲ့ အဲဒီလို မဟုတ်ဘဲ ဗေဒါလမ်းကဗျာစုထဲက သင့်ရာအပိုဒ်တွေကို စုစည်းပြီး သီချင်းတပုဒ်အဖြစ် ဖန်တီးထားတဲ့ နောက် “ဗေဒါလမ်း” သီချင်းတပုဒ် ရှိနေပါသေးတယ်။ အခုခေတ်မှာတော့ ကြားဖူးတဲ့သူ အလွန်နည်းပါးသွားပြီ ထင်ပါတယ်။ ကျနော့် အသည်းစွဲ “ဗေဒါလမ်း” ကဗျာစုထဲက အချိုးလေးတွေကို ယူပြီး စာသားလုံးဝ မပြောင်းဘဲ သီချင်းအဖြစ် ဖန်တီးထားတဲ့ “ကျွန်းနုမြေမှ အလှပန်းချီ” ဆိုတဲ့ သီချင်းလေးပါ ... ငယ်ငယ်တုန်းက ရေဒီယိုမှာ ခဏခဏ ကြားခဲ့ဖူးပါတယ် ... ဒါပေမဲ့ သီချင်းခေါင်းစဉ်လည်း မသိ၊ ရေးတဲ့လူ၊ ဆိုတဲ့လူ ဘယ်သူမှ မသိခဲ့ပါဘူး။ ဒီသီချင်းကို မကြားရတာ အခုဆိုရင် နှစ်ပေါင်း သုံးဆယ်ဝန်းကျင်လောက် ရှိနေပြီ ဆိုတော့ တမ်းတမိပါတယ်။ အခုတော့ Facebook က “မြန်မာသံလေးတွေ နားထောင်ကြမယ်” http://www.facebook.com/groups/BurmeseSongs/ ဆိုတဲ့ Group ကနေတဆင့် မြန်မာ့ဂီတပညာရှင် ဦးမောင်မောင်သန်း Maung Maung Than ရဲ့ ကျေးဇူးနဲ့ ဒီသီချင်းကို ခေါင်းစဉ်လည်းသိ၊ ပြန်နားဆင်ခွင့်လည်း ရခဲ့ပြီ ဖြစ်ပါတယ် ... မူရင်းအဆိုရှင်ကိုတော့ မသိပါ။ ဒါပေမဲ့ ခင်ညွန့်ရီ ပြန်ဆိုထားတဲ့ တေးလေးကို ခံစားကြည့်ချင်တယ်ဆိုရင် ဒီမှာ နားဆင်နိုင်ပါတယ်။ (ကျနော် အပူကပ်လို့ ရှာဖွေပေးတဲ့ ဦးမောင်မောင်သန်းကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ...)

http://minus.com/lrnpekCXlItlF

ဒီသီချင်းက ဆရာကြီးရဲ့ ဗေဒါလမ်းကဗျာစုထဲက အချိုးလေးတွေကို ကောင်းနိုးရာရာ ထုတ်နှုတ် ဖွဲ့သီထားခြင်းပဲ ဖြစ်ပါတယ်။ စာသား လုံးဝ မပြောင်းလဲဘဲ မူရင်းအချိုးအတိုင်း လှပတဲ့မြန်မာသံစဉ်လေးတွေကို ထည့်ပြီး ဖန်တီးသွားတဲ့ ဂီတပညာရှင်ကြီးကိုလည်း အထူးပဲ လေးစားမိပါတယ်။ ဒီသီချင်းဖြစ်လာအောင် ထုတ်နှုတ်သုံးစွဲသွားတဲ့ အဖွဲ့လေးတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

ဗေဒါလမ်း-၁၀၊ ပန်းပန်လျက်ပဲ၊ ပထမအချိုး
ဗေဒါလမ်း-၃၊ ဘယ်ရွာဆိပ်ကမ်း၊ ပထမအချိုး
ဗေဒါလမ်း-၁၆၊ ချောင်းလှဖို့ကို၊ ဒုတိယအချိုး
ဗေဒါလမ်း-၃၂၊ ပန်းသိပါရဲ့၊ တတိယအချိုး
ဗေဒါလမ်း-၁၉၊ ချောင်းတခွင်၊ ဒုတိယအချိုး
ဗေဒါလမ်း-၃၀၊ ပန်းခဲ့သည်ပဲ၊ ပထမအချိုး

ဒီ အချိုးလေးတွေကို ဆက်စပ်ပြီး သံစဉ်ထည့်လိုက်တော့ “ကျွန်းနုမြေမှ အလှပန်းချီ” ဆိုတဲ့ တေးသီချင်းတပုဒ် ဖြစ်လာပါတယ်။ စာသားအပြည့်အစုံကို အောက်မှာ ခံစားကြည့်နိုင်ပါတယ်။

ကျွန်းနုမြေမှ အလှပန်းချီ

စာသား - ဆရာဇော်ဂျီ (ဗေဒါလမ်းကဗျာစု)
သံစဉ် - ????
ဆို - ခင်ညွန့်ရီ

(ညိုပြာပြာ လတာပြင်ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ချောင်းပြင်မှာ စီတန်းလို့
ဗေဒါပန်း ရေကြင်ဆွေ၊ မျောလို့သာနေ
ကမ်းကွေ့မှာခွေ၊ ကမ်းပြေတော့စင်း
သည်ချောင်းရေ လေမခတ်တယ် စီးတတ်လေခြင်း။) ၂

(သူ့စိတ်နဲ့သူ့ကိုယ်။
ချောင်းတစ်ခွင်မြင်သမျှ ချောင်းလှဖို့ကို။
ဘုတ်မက ချိုချင်ချို
ဗျိုင်းညိုက အောက်ချင်အောက်။
အုန်းညီနောင် စောင်းချင်စောင်း
ချောင်းကောက်ချင်ကောက်။) ၂

(အိုအချင်း ကျူရိုးတံ၊
လမုစဉ်အနောက်နားက၊ ဝါးခတ်တဲ့ခြံ။
အုန်းခြံနဲ့ ဓနိခြံ၊ ကွမ်းသီးခြံပါတဲ့။
စုန်ဆန်ရာ ဗေဒါလမ်းက ပန်းသိပါရဲ့။) ၂

(တစ်ရွာကိုကျော် ၊ တစ်ခေါ်လောက်စခန်း
မဗေဒါဆန်တဲ့ချောင်း၊ ကျောင်းနဲ့နတ်လမ်း။

နတ်လမ်းကိုကျော်၊ တစ်ခေါ်လောက်စခန်း
မဗေဒါယာဘက်ဘေး၊ တဲလေးအိမ်တန်း။) ၂

(နေလုံးရယ်နီ။
တိမ်ပန်းချီနေသွေးနဲ့၊ နတ်ရေးသည်သို့။
ဒီအကျပေမို့
အလှ လတာပြင်က၊ ကျူရိုးရှင်လှေကလေးနဲ့
မျှော်ငေးလို လို့။) ၂

အားလုံးပဲ ခံစားနားဆင်နိုင်ကြည့်နိုင်ကြပါစေ ...

ဟယ်ရီလွင်

Read More...

Tuesday, 1 January 2013

နှစ်ဟောင်းနှစ်သစ်

နှစ်ဟောင်းနှစ်သစ်

နှစ်ထောင့်ဆယ့်နှစ်၊
သူကျန်ရစ်ကာ၊
တနှစ်ကုန်ဆုံး ပြန်လေပြီ။

နှစ်ထောင့်ဆယ့်သုံး၊
သူလာဦးမည်၊
မဆုံးလေသည့် သံသရာ။ ။

အားလုံးပဲ မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေ ...

ဟယ်ရီလွင်

Read More...