Thursday 4 December 2008

မိုးကြယ်စင်

အဖျားကောက် ပိုဒ်စုံရတု


မိုးကြယ်စင်။ ။ သွယ်လွင်မြမွှေး၊ လှသွေးကြွယ်ညီ၊ ရွယ်သီဆံမြ၊ လျှံကျညို့ညို၊ မို့မိုကိုယ်ဟန်၊ စိုပြန်လက်လင်း၊ ညက်ညင်းမွှေးနု၊ ထွေးဥနုသား၊ ရှုညားသွဲ့ပြောင်း၊ နွဲ့နှောင်းမြသွင်၊ လှဆင်တမ်းခေါ်၊ လွမ်းသော်ကြာမြင့်၊ ခါဆင့်ချမ်းဆောင်း၊ နွမ်းပြောင်းလွင့်မျော၊ တင့်မော ဖြိုးသွင်၊ မိုးစင်ကြယ်။

ကြယ်စင်မိုး။ ။ သွင်ဖြိုးမောတင့်၊ မျောလွင့်ပြောင်းနွမ်း၊ ဆောင်းချမ်းဆင့်ခါ၊ မြင့်ကြာသော်လွမ်း၊ ခေါ်တမ်းဆင်လှ၊ သွင်မြနှောင်းနွဲ့၊ ပြောင်းသွဲ့ညားရှု၊ သားနုဥထွေး၊ နုမွှေးညင်းညက်၊ လင်းလက်ပြန်စို၊ ဟန်ကိုယ်မိုမို့၊ ညိုညို့ကျလျှံ၊ မြဆံသီရွယ်၊ ညီကြွယ်သွေးလှ၊ မွှေးမြလွင်သွယ်၊ စင်ကြယ်မိုး။

စင်ကြယ်မိုး။ ။ ဖြိုးသွင်မောတင့်၊ လွင့်မျောပြောင်းနွမ်း၊ ချမ်းဆောင်းဆင့်ခါ၊ ကြာမြင့်သော်လွမ်း၊ တမ်းခေါ်ဆင်လှ၊ မြသွင်နှောင်းနွဲ့၊ သွဲ့ပြောင်းညားရှု၊ နုသားဥထွေး၊ မွှေးနုညင်းညက်၊ လက်လင်းပြန်စို၊ ကိုယ်ဟန်မိုမို့၊ ညို့ညိုကျလျှံ၊ ဆံမြသီရွယ်၊ ကြွယ်ညီသွေးလှ၊ မြမွှေးလွင်သွယ်၊ ကြယ်စင်မိုး။ ။

------------------

အဖျားကောက်ရတုလေး ဖြစ်ပါတယ်။ မယ်ဘွဲ့ အလှဘွဲ့ပေါ့။ ရိုးရိုး ပုံမှန်အဖျားကောက်ရတုမျိုးမဟုတ်ဘဲ ရေးပုံဆန်းဆန်းလေးရေးထားတဲ့ ရှေးရတု တပုဒ်တွေ့လို့ လိုက်ပြီးကြိုးစားရေးကြည့်ထားတာပါခင်ဗျာ။

ဘာတွေကများဆန်းနေသလဲ ဆိုရင် ... အဓိက ကတော့ သုံးပိုဒ်လုံးမှာ စကားလုံးတွေအတူတူ ရှေ့နောက်ပြောင်း (ပတ်လည်ရိုက်) ထားတာပါ။ (အဖျားကောက်ရတုတိုင်းကတော့ ဒီလိုရေးစရာမလိုပါဘူး။)
ပထမအပိုဒ်ကတော့ ထိပ်ချင်းချွတ် (၄-၂)ကာရန်နဲ့ ရေးလိုက်ပါတယ်။ ပါဒတခုရဲ့အဆုံး(၂)လုံးနဲ့ နောက်ကပ်လျက်ပါဒရဲ့ အစ (၂)လုံး ကို နဘေထပ်ယူလိုက်ပါတယ်။
ပြီးတော့ ဒုတိယအပိုဒ်ကိုသေချာဖတ်ကြည့်လိုက်ပါ။ ပထမ အပိုဒ်ကို အဆုံးကနေ တလုံးချင်း ပြောင်းပြန် ပြန်ရေးလိုက်တာပါပဲ။ ကာရန်ရော၊ နဘေရော မပြောင်းပါဘူး။
တတိယအပိုဒ်က ဒုတိယအပိုဒ်မှာရှိတဲ့ ပါဒတခုချင်းရဲ့ ရှေ့ဆုံးစာလုံး၂လုံးကို ပြောင်းပြန်ပြန်ရေးလိုက်တာပါပဲ။ အဲဒီတော့ တပိုဒ်လုံးက ပါဒအားလုံးဟာ ဦးတိုက် (၄-၁) ကာရန်တွေချည်းပဲဖြစ်သွားပါတယ်။ နဘေ မပါတော့ပါဘူး။
(ကောင်းတာတခုက တပိုဒ်ပဲရေးပြီး နောက်နှစ်ပိုဒ်အတွက် စကားလုံးတွေ စဉ်းစားစရာမလိုတော့ဘူးပေါ့နော် ... ရှေ့နောက် ပတ်လည်ရိုက်လိုက်ရုံပါပဲ ... ဟဲဟဲ)

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

7 comments:

Dr. Yi Yi Win said...

အားပါးပါး…ပတ်လည်ရိုက်နိုင်လောက်စရာ တစ်ပိုဒ်ရေးနိုင်ဖို့ ကလည်း နည်းနည်းနောနော ပညာနဲ့ မရပါဘူးရှင်။

အိ said...

သြော် ပညာတွေပညာတွေ..ကိုဟယ်ရီတို့များ..

Anonymous said...

မိုက်တယ်ဗျို့...

အလုပ်တွေရှုပ်နေတာနဲ့ အရှုပ်တွေလုပ်နေတာ
လူပေါင်းမှားတာနဲ့ လူမှားပေါင်းတာ
အတွေးချော်တာနဲ့ အချော်တွေးတာ

တူသလိုလိုနဲ့ မတူဘူး ကိုဟယ်ရီရ...
နောက်တစ်ပိုဒ်က ပြန်ကူးတယ်ဆိုပေမယ့် အင်း... ဒါကြောင့်လည်း မိုက်တယ်လို့ပြောတာ။

ကျွန်တော်လည်း အချိန်ရရင် စမ်းကြည့်မယ်။ ဒါပေမယ့် ကဗျာဖြစ်မဖြစ်တော့... မသိသေးဘူး။ အခုတော့ ပဒုမ္မာကြာရေးနည်း တစ်ပုဒ် ထပ်တင်ထားတယ်ဗျို့။

ခင်မင်စွာဖြင့်
ဟန်သစ်ငြိမ်

မေဓာဝီ said...

ကိုဟယ်ရီရေ .. ဒီလို ရေးနိုင်ဖို့ တကယ်မလွယ်တာပါ။ ကိုဟယ်ရီရဲ့ အားထုတ်မှုကို ချီးကျူးမိသလို ... မြန်မာ ရတု ကဗျာတွေကို ချစ်မြတ်နိုးတဲ့ ကိုဟယ်ရီကို လေးစား မိပါတယ်။

Anonymous said...

မိုက်တယ်..
နာမည်က အစကြိုက်သွားတာ
တော်တယ်ဂျာကိုဟယ်ရီကတော့
ခြေဖျားမှီဖို့တောင် တော်တော်ကြိုးစားရမှာ ဟမ်းလော့(ခ်)က . =(
anyway, i love it, every single thing. :*

Anonymous said...

ပါရမီရှင် ဆိုရလောက်တဲ့ စာတွေကို ဆက်လက်ပြီး အောင်မြင်စွာ ရေးသားနိုင်ပါစေဗျာ .

အားကျလေးစားလျက်
မင်းဒင်

Harry said...

အားပေးတဲ့အတွက် အားလုံးကို ဖေါ်မပြနိုင်လောက်အောင် ကျေးဇူးတင်ပါတယ် ခင်ဗျာ