Monday 23 November 2009

ကြယ်ကြွေဆုတောင်း

ကြယ်တို့မည်သည်၊ ညယံဆီ၌၊ သီရီကြွေကျ၊ မြေသို့ခချိန်၊ ခဏတာဝယ်၊ တောင်းဆုရွယ်သော်၊ အကယ်ပင်ပြည့်၊ ‎‎ဆိုဓလေ့ကို၊ တကွေ့ချိန်ခါ၊ ကြားနာဖူးခဲ့၊ ထူးတဲ့ဖြစ်အင်၊ တကယ်ပင်လား၊ မထင်ငြားလည်း၊ လွင့်ပါးစိတ်နယ်၊ ‎‎ဖြေတွယ်ရာမဲ့၊ သောကရဲ့လူ၊ အပူတွေများ၊ ပျောက်လိုငြားပေါ့၊ စောင့်စားဆုချွေ၊ ပန်ဖူးပေ၏၊ ဝေရီဝေမြ၊ ‎‎ကြယ်ကြွေကြသည်။ ။ ညအခါ၌သာတကား။

ရွယ်လို့ရည်မည်၊ ခါရာသီပြောင်း၊ ပြာရီဆောင်းလဲ့၊ နှောင်းနွဲ့နွဲ့နှင်း၊ သွဲ့သင်းသင်းသုန်၊ မှိုင်းမှုန်မြမြ၊ ပျပျပျံ့ပျူး၊ ‎‎လွမ်းလေလူးလို့၊ သည်းဦးသူ့ကို၊ တမ်းစိတ်ပိုစဉ်၊ ဟိုအရင်က၊ ချိုရွှင်မြသည့်၊ ငွေလမျက်နှာ၊ ရှက်ရိပ်ဖြာဝှက်၊ ‎‎ဆံနွယ်ယှက်ငင်၊ ညက်ညက်ငြင်မြ၊ ပြုံးစစသည်။ ။ နှမလာခိုက်မှာတကား။

ဘယ်သို့ဆီရည်၊ ဝေသီထွေပြား၊ နွေရက်များသာ၊ အခါခါနှင့်၊ ရာသီစက်ဝန်း၊ ဖန်ဖန်ယွန်းချိန်၊ လဲ့ရွှန်းစန္ဒီ၊ ဘယ်ဝယ်ဆီလဲ၊ ‎‎ထွေရီမိန်းမော၊ သောကတောလယ်၊ ဖျောက်သောခြေရာ၊ ဖွေရှာတွေ့သူ၊ ဖြစ်စေဟူသား၊ ရင်ပူလှိုက်ဝေ၊ တောင်းဆုချွေမိ၊ ‎‎ကြယ်ကြွေဆုတောင်း၊ ပြည့်စေကြောင်းဟု၊ ဆင့်လောင်းဆုပန်၊ အဖန်ဖန်နှင့်၊ မိုးယံရီမြ၊ ကြယ်ကြွေညသည်။ ။ လမသာ ‎‎မိုက်ပါတကား။


ရတုတွေကို ခေါင်းစဉ်တပ်လေ့မရှိဘူး ဆိုပေမဲ့ မတပ်ရဘူးလို့တော့လည်း ဆိုမထားတာကြောင့် ဒီရတုလေးကိုတော့ ခေါင်းစဉ်တပ်လိုက်ပါတယ် ...

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...‎
ဟယ်ရီ

6 comments:

Anonymous said...

ြဲKo Harryရေ ကြယ်ကြွေဆုတောင်းပြည့်စေဖို့ဒီရတုနဲ့တူတူဆင့်လောင်းဆူပန်လိုက်တယ်ရှင့် ;D

Harry said...

ကျေးဇူး ကောင်းစံရေ ...
ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ

အိ said...

ကဗျာလာဖတ်ပါတယ်ဗျ ရေးကြပါရေးကြပါ နာလိုတော့ဘူး။
ခရမ်းပြာကဗျာရေးပါဦးဗျို့

Harry said...

ရေးပါ ဆိုတာ ရေးဖြင့်မရေးဘဲ သူများကို လိုက်မနာလို ဖြစ်နေတယ် ..
ခရမ်းပြာ နောက်တပုဒ် မကြာခင်တင်ပေးမယ် အချောသပ်နေလို့

မင်းဒင် said...

ညအခါ၌သာတကား။
နှမလာခိုက်မှာတကား။
လမသာ ‎‎မိုက်ပါတကား။
................
‎‎ထွေရီမိန်းမော၊ သောကတောလယ်၊ ဖျောက်သောခြေရာ၊ ဖွေရှာတွေ့သူ၊ ဖြစ်စေဟူသား၊
..................
အင်း ၊ ဖွဲ့တတ်လွန်းလို့ ၊မှန်ရာကို ဝန်ခံရရင် ဘယ်လို ချီးမွမ်းရမယ် ဆိုတာ စကားလုံး မရှာဝံ့လောက် အောင် ပါပဲ ။များစွာနှစ်ခြိုက် မိပါကြောင်း အရိုးခံစကားဆိုပါရစေ ။

လေးစားလျက် ။

ိမင်းဒင်

Harry said...

လာရောက်အားပေးတဲ့အတွက်ရော ... ချီးကျူးစကားအတွက်ပါ ကျေးဇူးအထူးတင်ပါတယ် အကိုရေ ..
ကျနော်တော့ မိုးနဲ့ခေါင်းနဲ့ ဆောင့်မိတော့မယ် :D