Tuesday 1 November 2011

ဤနေရာတွင်

ဤနေရာတွင် ...
ကာရန်တစ၊ လင်းမြမြဝေ၊
ကြယ်ကြွေပျိုးလက်၊ အိပ်မက်ရနံ့
ဆွတ်ပျံ့ဝေမူး နှင်းဆီဖူးသို့ ...

ဤနေရာတွင် ...
သံစဉ်လှုပ်နိုး၊ စောင်းကြိုးသီတင်း၊
ညှို့သွင်းခုံမင်၊ ပုံပြင်ညတို့၊
ဆွတ်ပြသီဝေ့ တရွေ့ရွေ့လွန် ...

ဤနေရာတွင် ...
ကြယ်စင်တတင်း၊ သူငယ်ချင်းဖို့၊
လမင်းမိုးစွန်၊ ပိုက်ကွန်ချည်ဖမ်း၊
တမ်းတမ်းတတ သီခဲ့ရဖူး ...

ဤနေရာတွင် ...
ဝင်ကာခိုနား၊ ပြန်ထွက်သွားလည်း၊
ချန်ထားခြေရာ၊ ဝေဒနာနှောင်း၊
အိပ်မက်ဟောင်းတို့၊ ပြန်ပြောင်းပုံပြင်၊
ပိုးအိမ်မျှင်ည လှိုက်ဖိုလျကျန် ...

ဤနေရာတွင် ...
တိမ်လွှာမြူဝေ့၊ ကြယ်ငွေ့နှင်းရိပ်၊
မှေးအိပ်လျတမ်း၊ မှော်ဝင်ပန်းနှင့်၊
နှုတ်ခမ်းဝတ်မှုံ၊ သင်းထုံပျံ့မှိတ်၊
အတိတ်တံတား၊ နှင်းကမ်းပါးအို ...

ဤနေရာတွင် ...
ရင်ခွင်ရိပ်ငြိမ်၊ စံအိမ်တည်ရာ၊
ကတ္တီပါနန်း၊ ဝတ်ရည်ဖြန်းလှုံ၊
ပန်းငုံယှက်မှေး၊ နုထွေးမွှေးမြ၊
အမတ,မှော်၊ ပျော်ဝင်လျောင်းစက်၊
အိပ်မက်ဥယျာဉ် ...
ဧဒင်မှကြိုနေဆဲပါ .... ။ ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...

ဟယ်ရီ


5 comments:

Angelhlaing(May everybody be happy and healthy! said...

ယခုလောလောဆယ်...
ဤနေရာတွင် ရောက်ရှိနေသည် အကို...

" ဤနေရာတွင် ...
ဝင်ကာခိုနား၊ ပြန်ထွက်သွားလည်း၊
ချန်ထားခြေရာ၊ ဝေဒနာနှောင်း၊
အိပ်မက်ဟောင်းတို့၊ ပြန်ပြောင်းပုံပြင်၊
ပိုးအိမ်မျှင်ည လှိုက်ဖိုလျကျန် ..."


ခံစားအားပေးလျှက်..

Harry said...

ညီမလေးအိန်ဂျယ်အား ကျေးဇူးတင်ပါကြောင်း ဤနေရာတွင် ပြောကြားလိုပါသည် ... :D

lwannaung said...

ကြိုက်တယ်အစ်ကိုရေ......။

အားကျလေးစားလျှက်ပါ.။

Harry said...

ကျေးဇူး ညီလေးလွမ်းနောင်ရေ

Anonymous said...

ဤနေရာမှ အစပြု၍...

ဤနေရာတွင်...
ကဗျာတစ်ပုဒ်၊ ရင်မှ ထုတ်ဖော်
ကာရန်ချော်လည်း၊ ကဗျာပဲလေ
ဖန်တီးနေကြ၊ ကဗျာမှသည်
ကဗျာဆီသို့၊ လာ သီစို့ တေး
ကဗျာလေးများ ဟစ်ကြွေးကြော်...။

ဤနေရာတွင်...
သံစဉ်မတီး၊ ဂီတ စည်းဝါး
အနီးနားမှာ၊ မရှိပါလည်း
ထိုဆည်းလည်း သံ၊ ရင်ဝယ် ငြိမ့်ညောင်း
ပီတိ လောင်း၍၊ ကဗျာမွေ့(လျော်)...။

ဤနေရာရာတွင်...
ဗီလိန် လူဆိုး၊ သူခိုး ဓါးပြ
မရှိကြပါ၊ သူယုတ်မာလည်း
မခိုရဲလေ၊ သူကောင်းတွေသာ
ခံစားပါလို့၊ စာလွှာချရေး
ကဗျာတေးများ ဖြစ်တည်နေ...။

ဤနေရာတွင်...
ကြယ်စင်တစ်သင်း၊ ဝန်းရံ လင်းသည့်
လမင်း မသာ၊ ညခါ မှောင်လည်း
ကဗျာတဲထိုး၊ ကဗျာမိုးအောက်
ပပ ရောက်သည် ထင်မိမှား...။

ဤနေရာတွင်...
နေခြည်ဆင်းသက်၊ အလင်းစက် ကဲ
မပူဘဲသာ၊ ငြိမ်းအေးလာ၍
မိုးရိပ်မမျှော်၊ ဘာသာ ပျော်လျှက်
ကဗျာဖတ်သော နှလုံးသား...။

ဤနေရာတွင်...
စုံညီမြင်ကွင်း၊ သတိုးမင်းဖျား
ဒွန်းစဏ္ဍားလည်း၊ ခံစား ဖွဲ့သီ
နှလုံးဆီမှ၊ လှစ်အန်ကျသည့်
မလှ တေးသွား၊ စံစားပါသည်
တပြေးညီသော ကဗျာများ...။

တောက ကိုရင်
၀၁.၁၁.၂၀၁၁
(ကိုဟယ်ရီ၏ ဤနေရာတွင် ကို မှီ၍ လက်တန်းစပ်မိသော ကဗျာ)
http://www.edinooyin.com/group/poem/forum/topics/4347155:Topic:4310482