Sunday 15 September 2013

မြက်ရိုင်းလွင်ပြင်သို့ ...

မြက်ရိုင်းလွင်ပြင်သို့ ...


သဲတောင်ကုန်းလှိုင်း၊ သဲမုန်တိုင်းထဲ၊
ဒုန်းစိုင်းဖြတ်ကျော်၊ ထိုအဖော်အား၊
ကျနော်ထားရစ်ရတော့မည်။

နေ့ညမဟူ၊ နေပူမှောင်မိုက်၊
မိုးပြိုက်မြူကြား၊ အတူသွားလည်း၊
ခုများချန်ရစ်ရတော့မည်။

လမ်းအထွေထွေ၊ လမ်းတွေရှည်လျား၊
လမ်းပါးလမ်းသွယ်၊ လမ်းငယ်လမ်းလတ်၊
လမ်းဖြတ်လမ်းမြှောင်၊ လမ်းမှောင်လမ်းကြီး၊
လမ်းနီးလမ်းဝေး၊ လမ်းကလေးနှင့်၊
လမ်းသေးလမ်းမွှား၊ လမ်းကြားမကျန်၊
လမ်းမှန်မသိ၊ လမ်းမရှိငြား၊
လမ်းမှားလည်းလိုက်၊ လမ်းဝိုက်လမ်းကောက်၊
လမ်းစောက်လမ်းပြေ၊ လမ်းခွေလမ်းဖြောင့်၊
ကြောင့်ကြမထား၊ မမှုငြားဘဲ၊
သူ့အားဖြင့်ရုန်း၊ မာန်ဟုန်သုံးကာ၊
လုံးလုံးဖြတ်ကျော်ခဲ့ဖူး၏။

ပင်လယ်ကမ်းခြေ၊ သဲမြေကန္တာ၊
ရေပြာအလွန်၊ စွံပလွန်ရိပ်၊
ချွေးသိပ်ခဲ့ဖူး၊ ယှက်လူးကူးသန်း၊
ယက္ကန်းလွန်းပမာ၊ လူးလာပျော်မွေ့၊
ပင်လယ်ကွေ့တွင်၊ နေ့စဉ်အမျှ၊
တူတကွဖြင့်၊ ဘဝခရီး၊
ညည်းညည်းမညူ၊ အတူတူစိုင်း၊
ဝါညိုမှိုင်းသည့်၊
"မြက်ရိုင်းလွင်ပြင်"၊ ခရီးနှင်ရင်း၊
သခင်သစ်နှင့်ပျော်လေတော့။ ။

ဟယ်ရီလွင်

2 comments:

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကဗျာတွေကို သေချာဖတ်ဖို့က အချိန်တစ်ခုကို ပေးဖို့လိုတယ်လေ..
အစ်ကို့ကဗျာတွေဆို အပြန်ပြန်ဖတ်ြဖစ်တာကိုး

Harry said...

ကျေးဇူ ညီမပျိုးယု