အဖျားကောက် ပိုဒ်စုံရတု
မိုးကြယ်စင်။ ။ သွယ်လွင်မြမွှေး၊ လှသွေးကြွယ်ညီ၊ ရွယ်သီဆံမြ၊ လျှံကျညို့ညို၊ မို့မိုကိုယ်ဟန်၊ စိုပြန်လက်လင်း၊ ညက်ညင်းမွှေးနု၊ ထွေးဥနုသား၊ ရှုညားသွဲ့ပြောင်း၊ နွဲ့နှောင်းမြသွင်၊ လှဆင်တမ်းခေါ်၊ လွမ်းသော်ကြာမြင့်၊ ခါဆင့်ချမ်းဆောင်း၊ နွမ်းပြောင်းလွင့်မျော၊ တင့်မော ဖြိုးသွင်၊ မိုးစင်ကြယ်။
ကြယ်စင်မိုး။ ။ သွင်ဖြိုးမောတင့်၊ မျောလွင့်ပြောင်းနွမ်း၊ ဆောင်းချမ်းဆင့်ခါ၊ မြင့်ကြာသော်လွမ်း၊ ခေါ်တမ်းဆင်လှ၊ သွင်မြနှောင်းနွဲ့၊ ပြောင်းသွဲ့ညားရှု၊ သားနုဥထွေး၊ နုမွှေးညင်းညက်၊ လင်းလက်ပြန်စို၊ ဟန်ကိုယ်မိုမို့၊ ညိုညို့ကျလျှံ၊ မြဆံသီရွယ်၊ ညီကြွယ်သွေးလှ၊ မွှေးမြလွင်သွယ်၊ စင်ကြယ်မိုး။
စင်ကြယ်မိုး။ ။ ဖြိုးသွင်မောတင့်၊ လွင့်မျောပြောင်းနွမ်း၊ ချမ်းဆောင်းဆင့်ခါ၊ ကြာမြင့်သော်လွမ်း၊ တမ်းခေါ်ဆင်လှ၊ မြသွင်နှောင်းနွဲ့၊ သွဲ့ပြောင်းညားရှု၊ နုသားဥထွေး၊ မွှေးနုညင်းညက်၊ လက်လင်းပြန်စို၊ ကိုယ်ဟန်မိုမို့၊ ညို့ညိုကျလျှံ၊ ဆံမြသီရွယ်၊ ကြွယ်ညီသွေးလှ၊ မြမွှေးလွင်သွယ်၊ ကြယ်စင်မိုး။ ။
------------------
အဖျားကောက်ရတုလေး ဖြစ်ပါတယ်။ မယ်ဘွဲ့ အလှဘွဲ့ပေါ့။ ရိုးရိုး ပုံမှန်အဖျားကောက်ရတုမျိုးမဟုတ်ဘဲ ရေးပုံဆန်းဆန်းလေးရေးထားတဲ့ ရှေးရတု တပုဒ်တွေ့လို့ လိုက်ပြီးကြိုးစားရေးကြည့်ထားတာပါခင်ဗျာ။
ဘာတွေကများဆန်းနေသလဲ ဆိုရင် ... အဓိက ကတော့ သုံးပိုဒ်လုံးမှာ စကားလုံးတွေအတူတူ ရှေ့နောက်ပြောင်း (ပတ်လည်ရိုက်) ထားတာပါ။ (အဖျားကောက်ရတုတိုင်းကတော့ ဒီလိုရေးစရာမလိုပါဘူး။)
ပထမအပိုဒ်ကတော့ ထိပ်ချင်းချွတ် (၄-၂)ကာရန်နဲ့ ရေးလိုက်ပါတယ်။ ပါဒတခုရဲ့အဆုံး(၂)လုံးနဲ့ နောက်ကပ်လျက်ပါဒရဲ့ အစ (၂)လုံး ကို နဘေထပ်ယူလိုက်ပါတယ်။
ပြီးတော့ ဒုတိယအပိုဒ်ကိုသေချာဖတ်ကြည့်လိုက်ပါ။ ပထမ အပိုဒ်ကို အဆုံးကနေ တလုံးချင်း ပြောင်းပြန် ပြန်ရေးလိုက်တာပါပဲ။ ကာရန်ရော၊ နဘေရော မပြောင်းပါဘူး။
တတိယအပိုဒ်က ဒုတိယအပိုဒ်မှာရှိတဲ့ ပါဒတခုချင်းရဲ့ ရှေ့ဆုံးစာလုံး၂လုံးကို ပြောင်းပြန်ပြန်ရေးလိုက်တာပါပဲ။ အဲဒီတော့ တပိုဒ်လုံးက ပါဒအားလုံးဟာ ဦးတိုက် (၄-၁) ကာရန်တွေချည်းပဲဖြစ်သွားပါတယ်။ နဘေ မပါတော့ပါဘူး။
(ကောင်းတာတခုက တပိုဒ်ပဲရေးပြီး နောက်နှစ်ပိုဒ်အတွက် စကားလုံးတွေ စဉ်းစားစရာမလိုတော့ဘူးပေါ့နော် ... ရှေ့နောက် ပတ်လည်ရိုက်လိုက်ရုံပါပဲ ... ဟဲဟဲ)
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ
Read More...
Summary only...