Sunday, 27 June 2010

ကသစ်ပန်း နှင့် အာလမ္ဗရာ

ကိုဟန်ရေ …


အိမ်အပြန် ဆိုတဲ့ ကဗျာလေးမှာ “အာလမ္ဗရ၊ ထစ်သံပြကြိုး၊ မိုးစစ်ဘုရင်၊ မိုးကြိုးဆင်လည်း …” ဆိုပြီး ကျနော် ရေးခဲ့တာနဲ့ ပတ်သက်လို့ “အာလမ္ဗရ” ဆိုတာ ဘာလဲ ဆိုတာ အခု အသေးစိတ် ပြောပါ့မယ်ဗျာ။
အာလမ္ဗရ ဆိုတာနဲ့ ပတ်သက်လို့ … ‎‘အာလမ္ဗရမေဃော ဝိယ ထနတိ’ - အာလမ္ဗရမိုးကြိုးကဲ့သို့ ထစ်ကြိုး၏ - ဟု ရည်ရွယ်၍ ဆိုကြကုန်၏ .. လို့ အနက်ရပါသတဲ့။



“နတ်စည်ငယ်လေ … ပုစွန်လက်ရိုး … အာလမ္ဗရာ” … ဆိုတဲ့ ဆရာမြို့မငြိမ်း ရေးဖွဲ့ခဲ့တဲ့ ကသစ်ပန်း သီချင်းလေးကို ကြားဖူးမယ် ထင်ပါတယ်။ ဝဿန်ကာလ မိုးကျလာပြီ ဆိုတာနဲ့အမျှ “အုံ့ကာလေ … တဖွဲဖွဲ … ရွာလေ တသဲသဲ” ဆိုတဲ့ အချပိုဒ်လေးနဲ့အတူ အုံ့မှိုင်းလာတဲ့ အာကာပြင် … ဖွဲဖွဲလေး စွေရွာလာရာကနေ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မိုးခြိမ်းသံ၊ ထစ်ချုန်းသံတွေနဲ့ အတူ မိုးသီးမိုးပေါက်တွေ သွန်ပြီးရွာချနေတဲ့ မိုးကောင်းကင်ကို မှန်းဆ မြင်ယောင်လာရင်း “ဝေဆာ …. သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်ခါ … အသူရာ … ဒေါသထွက်လို့ .. မြင့်မိုရ်ထက်ကို … တက်လို့ စစ်ဖက်တဲ့အခါ …” ဆိုတဲ့ စာသားလေးနဲ့အတူ သိကြားမင်းနဲ့ အသူရာနတ်မင်းတို့ စစ်ခင်းကြပုံတွေ စိတ်ထဲမှာ မြင်ယောင်လာမိတယ်ဗျ။
တကယ်တော့လည်း သိကြား နဲ့ အသူရာ ဆိုတာက တစိမ်းတွေမှ မဟုတ်တာ၊ သိကြားမင်းရဲ့ မိဖုရား သုဇိတာ နတ်သမီး (သုဇာ = သူဇာ လို့လည်း ခေါ်ပါတယ် ဆိုပဲ) ဟာ ဝေပစိတ္တိအသူရာ နတ်မင်းကြီးရဲ့ ချစ်မငြီးတဲ့ ရင်နှစ်သည်းခြာ သမီးတော် ဆိုတော့ကာ အသူရာကြီးက သိကြားမင်းရဲ့ ယောက္ခမ အရင်းခေါက်ခေါက်ကြီးကိုး။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်က နဂိုတည်းက မတည့် ကြတော့ စစ်ခင်းပြီးမှ ယူထားရတဲ့ မိန်းမလေ၊ ခိုးပြေးရတာတဲ့ … အဲဒီကတည်းက မိဘ သဘောမတူရင် ခိုးပြေးတာ စပြီး ခေတ်စားလာတယ် ထင်ပါရဲ့ဗျာ …။ အသူရာတွေကလည်း ယမကာလုလင်ကြီးတွေဆိုတော့ မူးပြီး မှောက်နေကြတုန်း သိကြားမင်းတပ်တွေက မြင့်မိုရ်တောင်အောက်ကို တိတ်တိတ်ကလေး ပစ်ချထားတာ ခံလိုက် ရတာပါ။ အလစ်အငိုက် ပေါ့။
အသူရာတွေဘက်က ကြည့်မယ်ဆိုရင်လည်း မခံနိုင်စရာပါပဲ။ စစ်ကလည်း ရှုံးသေး၊ ကိုယ်နေတဲ့ နေရာကလည်း ဖယ်ရှားခံရသေး၊ သမီးလည်း ပါသွားသေး ဆိုတော့ သူတို့ကိုလည်း အပြစ်မဆိုသာဘူးပေါ့။ ဒါတောင် ကိုယ့် ဆရာတွေက ချက်ခြင်းသိသေးတာမဟုတ်ဘူးဗျ။ မူးပြီး ကောင်းနေတုန်းရှိသေးတာ။ အမူးပြေလို့ ဝေဇယန္တာ နန်းဘုံမြင့်ဆီက ပင်လယ်ကသစ်ပင်ကြီး ပန်းပွင့်တဲ့အချိန်မှာ သဘင်ပွဲ ဆင်နွှဲမယ်ဆိုပြီး ကြည့်လိုက်တော့မှ ကသစ်ပင်ကြီးမဟုတ်ဘဲ သခွပ်ပင်ကြီးက အဖြူရောင် သခွပ်ပွင့် တွေကို မြင်တော့မှပဲ “ဟင် … တာဝတိံသာလည်း မဟုတ်ပါလား” ရယ်လို့ သိပြီး ဒေါသအမျက် ခြောင်းခြောင်းထွက်လို့ မြင့်မိုရ်တောင်ပေါ်တက်၊ ဒေါသတကြီးနဲ့ ခပ်ကြမ်းကြမ်း တိုက်စစ်ဆင်လိုက်တဲ့အခါ အာလိန်ငါးဆင့် က စတုမဟာရာဇ် နတ်မင်းကြီး လေးပါး ဦးဆောင်တဲ့ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ရက္ခိုသ် တွေ မခံနိုင်တော့ပါဘူး။ ဒီအခါမှာ သိကြားမင်း ကိုယ်တိုင် ဝရဇိန်လက်နက်ကို ကိုင်စွဲလို့ နတ်မြင်းတစ်ထောင် က, တဲ့ ဝေဇယန္တာ နတ်ရထား ကိုစီးပြီး နတ်ဆင်တော်တွေ။ ရဲတံခွန်တွေနဲ့အတူ နေနတ်သား၊ လနတ်သား၊ ဝရုဏ နတ်မင်း၊ ဣသာန နတ်မင်း (မဟာပိန္နဲနတ် ဆိုတာ သူပါပဲတဲ့ …)၊ ပဇာပတိ နတ်မင်း တို့အပါအဝင် သုံးကျိပ် သုံးပါး သော စစ်သူကြီးများနဲ့ စစ်အင်္ဂါလေးပါး အပြည့်အစုံခင်းကျင်းပြီး ထွက်တိုက်တော့မှ အသူရာတို့ စစ်ရှုံးပြီး ပြန်ပြေးကြရပါတော့တယ်။
ကျနော်လည်း နိဒါန်းပျိုးပြီး လေရှည်နေတာနဲ့ လိုရင်းမရောက်တော့ဘူး ဖြစ်နေပြီ။ အဲဒီမှာမှ အာလမ္ဗရ စည်တော်က လာတာကိုးဗျ။ ဒီ စည်တော်ကြီးက ပုစွန်လက်မကြီးနဲ့ လုပ်ထားတာ။ အသူရာတွေရဲ့ စည်ဗျ။ အဲဒီပွဲ မှာ စစ်ရှုံးလို့ ပြန်ပြေးတော့ အဲဒီ အာလမ္ဗရ စည်တော်ကြီးပါ ပစ်ထားခဲ့ပြီး သေပြေးရှင်ပြေး ပြေးကြရတယ် ဆိုပဲ။ အဲဒါကိုတွေ့တော့ သိကြားမင်းက ဆွဲစေ့ ထားလိုက်တာပေါ့ဗျာ။ သိကြားကတော့ တန်သွားတာပေါ့။ သမီးလည်းရ၊ စစ်လည်းနိုင်တဲ့အပြင် စည်ကြီးပါ အပိုဆု ပေါက်လိုက်သေးတာကိုး။ မိုးခြိမ်းသံတွေဟာ ဒီစည်ကြီးကို တီးလိုက်တဲ့အခါ မြည်တဲ့အသံလို့ ဆိုရမှာပေါ့။
ဒီ စည်ကြီးရဲ့ နောက်ခံသမိုင်းကလည်း ဇာတ်လမ်းလေးနဲ့ပါပဲ။ ဇာတကအဋ္ဌကထာ၊ ဒုတိယတွဲ၊ တိကနိပါတ၊ ပဒုမဝဂ္ဂ မှာ ပါတဲ့ ကက္ကဋဇာတ် (ဇာတ်နံပါတ်-၂၆၇)‎ ပါ။
မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူစဉ်က လူဆိုးတွေကို နူးညံ့ချိုသာစွာ ပြောဆိုပြီး သူတို့ဖမ်းထားတဲ့ ‎လင်ယောက်ျားကို အသက်ဘေးကနေ ကယ်တင်ခဲ့တဲ့ အမျိုးသမီး တစ်ယောက်ကို အကြောင်းပြုပြီး ဒီအတိတ်ဇာတ်ကို ဟောတော်မူပါသတဲ့။ အရှင်ဝရသာမိက ကျနော့်ကို အနက်ချပေးထား ပါတယ်။

“လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားလောင်းသည် ဆင်မျိုး၌ ‎ဖြစ်လေသည်။ ထိုအခါ ဟိမဝန္တာမှ `ကုဠီရ´ ရေကန်ကြီးတွင် ကောက်နယ်တလင်းဝန်းခန့် ကြီးသော ‎ရွှေပုစွန်လုံးကြီး တကောင်ရှိသဖြင့် ထိုရေကန်ထဲသို့ ဆင်များ မဆင်းဝံ့ကြချေ။
ဘုရားလောင်းဆင်မင်းသည် ဇနီး၊ သားနှင့် မိခင်ဆင်မကြီးတို့ကိုပါခေါ်၍ ထိုပုစွန်လုံးကို ဖမ်းရန်ထွက်လာရာ ‎ရေကန်သို့ရောက်သောအခါ ရေကန်ပတ်ဝန်းကျင်မှ ဆင်များကိုပါ စည်းရုံးလေ၏။
ထိုနောက် ပုစွန်လုံးအကြောင်းလေ့လာရာ ပုစွန်လုံးသည် ဆင်များရေကန်မှ ပြန်တက်ချိန်တွင်သာ ‎ညှပ်ဖမ်းလေ့ရှိကြောင်း သိရလေသည်။
‎ပုစွန်လုံးကိုဖမ်းယူမည့်နေ့တွင် ဆင်အားလုံးတို့ ရေကန်ထဲဆင်းပြီးနောက် ပြန်တက်ကြသောအခါ ဆင်မင်းက ‎နောက်ဆုံးမှ ချန်တက်သည်။ ပုစွန်လုံးသည် ဆင်မင်းကို လက်မဖြင့် ညှပ်၍ ဖမ်းထားသဖြင့် ဆင်မင်းသည် ‎လွတ်အောင်မရုန်းနိုင်ဘဲ နောက်ဆုံးတွင် ကြောက်ကြောက်လန့်လန့်နှင့် သည်းစွာအော်မြည်လိုက်ရာ ‎အခြားဆင်များ ထွက်ပြေးသွားကြလေ၏။
‎ထိုအခါ ဇနီးဖြစ်သော ဆင်မက ‘သမုဒ္ဒရာ၊ ဂင်္ဂါနှင့် ယမုံနာ တို့တွင် ရှိကြသော ပုစွန်များထက် မြင့်မြတ်သော ‎ပုစွန်လုံးမင်း၊ ကျွန်ုပ်၏ လင်အား ချမ်းသာခွင့်ပေးပါလော့’ ဟု တောင်းပန်စကားဆိုလေ၏။
ပုစွန်သည် ဆင်မ၏ အသံကို တပ်မက်သဖြင့် ဆင်မထံ အာရုံရောက်သွားရာ ညှပ်ထားသော လက်မ၏ အားများ ‎လျော့ကျသွားလေသည်။
ထိုအခါ ဆင်မင်းသည် ခြေထောက်ကို မြှောက်၍ ပုစွန်လုံး၏ ကျောက်ကုန်းကို တက်နင်းလိုက်ရာ ပုစွန်လုံးသည် ‎ကျောက်ကုန်းကွဲ၍ ထိုနေရာ၌ပင် သေပွဲဝင်လေ၏။ ခပ်သိမ်းကုန်သော ဆင်တို့သည် စည်းဝေးကုန်၍ ပုစွန်ကို ‎ရေကန်၏ အပြင်သို့ ထုတ်၍ ကျောက်ကုန်းကို နင်းရာ မှုန့်မှုန့်ညက်ညက် ကျေစေကုန်၏။
ထိုပုစွန်၏ နှစ်ခုသော လက်မတို့ကို ကိုယ်မှခွဲ၍ လျောက်ပတ်သော အရပ်၌ ထားကုန်၏။
‎ထို ‘ကုဠီရ’ ရေကန်သည် ဂင်္ဂါမြစ် နှင့် တဆက်တည်း ဖြစ်၏။ ဂင်္ဂါမြစ်၏ ရေတက်သော ကာလ၌ ‎ဂင်္ဂါရေဖြင့် ပြည့်၏။
ဂင်္ဂါရေ နည်းသည်ရှိသော် ရေကန်မှ ရေသည် ဂင်္ဂါသို့ ဝင်၏။ ထိုအခါ ထိုနှစ်ခုသော လက်မတို့သည် ရေ၌ ‎ပေါလောပေါ်၍ ဂင်္ဂါမြစ်၌ မျောကုန်၏။
ထိုနှစ်ခုတို့တွင် တခုသောလက်မသည် သမုဒ္ဒရာ သို့ ဝင်၏။
တခုသော လက်မကား ဒသဘာတိက မင်းတို့သည် ရေကန်၌ ကစားကုန်သော် ထိုလက်မကို ရကုန်၍ ‘အာဠိင်္ဂ’ မည်သော မုရိုးစည်ကို ပြုလုပ်ကုန်၏။
သမုဒ္ဒရာသို့ ဝင်သော လက်မကား အသုရာ တို့သည် ယူကုန်၍ အာလမ္ဗရ - မည်သော စည်ကို ပြုလုပ်ကုန်၏။
ထိုအသုရာတို့သည် နောင်ကာလ၌ သိကြားမင်းနှင့် စစ်ထိုးကုန်လတ်သော် ရှုံး၍ အာလမ္ဗရ စည်ကို ပစ်၍ ‎ပြေးကုန်၏။
ထိုအခါ သိကြားမင်းသည် အာလမ္ဗရ စည်ကို မိမိရဲ့ အကျိုးငှာ ယူဆောင်စေခဲ့၏။”

အသူရာ ဆိုတဲ့ စာလုံးပေါင်းနဲ့ ပတ်သက်လို့ကတော့ ပါဠိမူရင်းက အသုရာ ပါတဲ့ … ပိတ္တာအသုရာ၊ နတ်အသုရာ ဆိုပြီး အသုရာ နှစ်ပါးရှိပါသတဲ့။ အခု ဇာတ်လမ်းက အသုရာတွေကတော့ နတ်အသုရာတွေပါ။ သုရာ ဆိုတာ နတ်၊ ၄င်းတို့ရဲ့ ဆန့်ကျင်ဘက်ဖြစ်လို့ အသုရာ မည်သည် လို့ ပါရာဇိကဏ်အဋ္ဌကထာဂဏ္ဌိ၊ ပ-တွဲ ကို ကိုးကားပြီး ပါဠိသက် ဝေါဟာရအဘိဓာန်က ဆိုပါတယ်။ ဒါပေမဲ့ အသုရာ လို့ ခေါ်ရတာ ထက် အသူရာ လို့ဆိုရတာက အသံပိုပြေလို့၊ နှုတ်သက်သာလို့ ဥ-သရ ကိုဦ-သရ ပြောင်းပြီး အသူရာ ဖြစ်လာတာ လို့ ဆိုပါတယ်။
ချမ်းမြေ့ပါစေ ဗျာ …


ဟယ်ရီ

Read More...

Sunday, 20 June 2010

ခရမ်းပြာဝိုင် (၁၂)

အလင်းတစ၊ ပျို့အက်ကျစဉ်၊
ညအသင်္ချေ၊ သခင်နေရက်၊
အိပ်မက်တံလျှပ်၊ ဖြတ်ဖြတ်လွန့်လူး၊
မူးယစ်သီဝေ့၊ နဂါးငွေ့တို့၊
လွေ့လွေ့စင်စင်၊ သခင်မြင်ပါ ...

မျက်ရည်လိမ်းကြူ၊ အဆိပ်မြူနှင့်၊
ကြယ်ဖြူခိုးမျှင်၊ ခြုံလွှာဆင်သ၊
သခင်မထံ၊ ပန်းကာရန်ဆက်၊
မျက်ရည်ဝိုင်ချို၊ ပြိုလေသည့်မိုး၊
တိတ်တခိုးရှိုက်၊ လောင်မြိုက်ရင်းပင်၊
ခရီးနှင်ခဲ့၊ ကြယ်ဝေလဲ့ဖြာ၊
ခရမ်းပြာရဲ့၊ လွမ်းဇာချဲ့တိမ်၊
နှင်းမိုးအိမ်မှ၊ ကျိန်စာအစ၊
ကြယ်ကြွေညတွေ ...

လရောင်မြင်မှား၊ တိမ်ဖျား၌ခို၊
အတ္တချိုတို့၊ ဝေ့စိုဝင်းစက်၊
ပြာလင်းလက်ရီ၊ မျက်ရည်ဝိုးဝါး၊
ပန်းစကား၏၊ လွမ်းဖျားမြစ်ရင်း၊
ချစ်ခြင်းဋီကာ၊ ကမ္ဘာတည်သရွေ့ ...

ရင်နှင့်အမျှ၊ ချစ်ရပါသူ၊
လွမ်းရိပ်မြူသွဲ့၊ လင်းပြာလဲ့မူး၊
ပွင့်ဦးစံပယ်၊ ရနံ့တွယ်ငင်၊
ကြယ်စင်ပန်သ၊ လွလွဖြူဖွေး၊
ညီမလေးရေ ....

သြော် ... ဒီလိုနှင့်၊
ရင်နင့်သည်းထန်၊ လျှပ်စီးမာန်တင်း၊
မိုးယံဝင်းဝိုး၊ လျှပ်လက်ပျိုးချိန်၊
တိမ်ကြိုးပန်းခက်၊ အလွမ်းစက်တို့၊
နွမ်းပျက်တေးကို၊ စောင်းအိုကြိုးထက်၊
အက်ကွဲနင့်ဆို၊ ငိုခဲ့ကြသည်၊
ဝေးခဲ့ပြီလေ ...

ခရမ်းပြာဝိုင်၊ လွမ်းဗျာဆိုင်ဝဲ၊
ကြေကွဲဆို့နင့်၊ ဆိုင်းညို့ရင့်သီ၊
ရင်နှင့်ဆွဲသည့် လွမ်းပန်းချီ။ ။

ဖတ်ရှုခံစား အားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Monday, 14 June 2010

အိမ်အပြန်

ဆောင်းခိုငှက်တို့၊ တေးယှက်ရင့်ကျူး၊
မိုးဦးအမီ၊ မိုင်ထောင်ချီစေ၊
သည်လေတသုတ်၊ မိုးမချုပ်မီ၊
ကျုပ်တို့ အိမ်ကိုပြန်ကြမည်။

မိုးယံဖျားက၊ ဝေရ မ္ဘလေ၊
လာစေလာစမ်း၊ ကြမ်းကြမ်းခိုက်ခိုက်၊
မိုက်မိုက်မဲမဲ၊ အံကိုခဲကာ၊
စိတ်ဇွဲမာန်တင်း၊ တောင်ဟုန်ခွင်းလို့၊
ကျုပ်တို့အိမ်ကို ပြန်ကြမည်။

အာလမ္ဗရ၊ ထစ်သံပြကြိုး၊
မိုးစစ်ဘုရင်၊ မိုးကြိုးဆင်လည်း၊
ဘဝင်မတွန့်၊ မရွံ့မပြေး၊
ရွေးမျှမဖြုံ၊ မာန်ဟုန်မဖြုတ်၊
ကျုပ်တို့အိမ်ကို ပြန်ကြမည်။

ရိုးမကိုကျော်၊ ပင်လယ်ပေါ်ဖြတ်၊
တောင်ပံခတ်ရင်း၊ အားမာန်တင်းထား၊
မိုးဖျားမိုးယံ၊ လေကိုဆန်လို့၊
ညဥ့်ယံစုပ်စုပ်၊ မိုးမချုပ်မီ၊
ကျုပ်တို့ အိမ်ကိုပြန်ကြမည်။


အိမ်ပြန်ချင်သော ညီမငယ် မိုးအိမ်သို့ ...

ဟယ်ရီ

Read More...

Sunday, 13 June 2010

ခရမ်းပြာဝိုင် (၁၁)

နိဒါန်းမဲ့ နိဂုံး ...
မစခင်က ဆုံးပြီးသားပါ
ညီမလေး ခရမ်းပြာ ...

နိဂုံးရဲ့ နောက်ဆက်တွဲဖြစ်ရင်
အပြစ်တင်ထိုက်သူဟာ
ရူးမိုက်မိတဲ့ ကိုယ်ပဲ ဖြစ်ပါလိမ့်မယ်။

ဘယ်သောအခါမှ
ပန်မယ်မဟုတ်မှန်း
သိခဲ့ပါလျက်နဲ့
အလွမ်းဝိုင်ပွင့်တွေ
ဝေနေအောင်စိုက်ခဲ့မိတယ်လေ

လတစင်းတော့ မဖြစ်ခဲ့ပါဘူးကွယ် ...
ဒါပေမဲ့လည်း
ရေးရေးထင် မြင်သာရုံလေးဖြစ်ဖြစ်
ညနက်နက်မှာ
လက်ကနဲ ဝေ့ခဲ့တဲ့
လင်းပျပျ ကြယ်စင်ငွေ့လေး အဖြစ်နဲ့တော့
အလင်းတချို့ ဝေနိုင်ခဲ့လေမလား ...

နက္ခတ်တို့ အိမ်အပြန်၊
တိမ်ယံက အရိပ်နှောင်းနဲ့၊
နိမိတ်ဟောင်းတွေ မချိုခဲ့ပါဘူး၊
အငိုတလှည့် အပြုံးတခါ၊
မုန်းစရာမှ မဟုတ်တာကွယ် ...

အိပ်မက်ဖူးတွေကို ...
မင်းမခူးခဲ့ပေမဲ့ ...
ဝိုင်တပွင့်ရဲ့ ဝတ်ဆံတွေကို ...
မင်းမပန်ခဲ့ပေမဲ့ ...
မင်းကို လွမ်းတိုင်းတော့
ဂန္ထဝင်ပန်းရိုင်းတွေ
ကိုယ့်လက်ဖျားမှာ ပွင့်ကြပါလိမ့်မယ်
ညီမလေး ခရမ်းပြာရယ် ...


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Tuesday, 11 May 2010

မှော်နွယ်ညများ

မြင်လွှာရုံအောက်၊ ‎
ကိုယ်ယောင်ဖျောက်ခဲ့သူရေ၊
ပင်လယ်ဖြူရဲ့ လေပြည်၊
ကဝေလက်သည်းနဲ့၊
အသည်းတံခါးကို လှစ်၊
မာယာလှိုင်းငွေ့ရစ်ခြုံသိုင်း၊
ချစ်သူရဲ့ သမိုင်းက၊
အရိုင်းတစ္ဆေတကောင် ...‎

ဧဒင်ရေ ...‎
မှော်နွယ်တွေရစ်ဝိုင်းလို့၊
သစ်လှိုင်းယောင်အောက်က
တယောက်သူရင်ကို ‎
ပင်သစ်ညိုပွင့်ချပ်သုဉ်းတဲ့အထိ
ဖုံးကာထားလေရော့သလား ...‎

လရိပ်ယှက်မိုး၊
ကြယ်စင်ရေ ညှိုးမသွားပါနဲ့၊
မိုးဖျားအောက်က တယောက်သူ၊
နောက်လူဟာ ရှေ့အရောက်၊
နေ့ညတွေပျောက်ဆုံးလျက်၊
တာထွက်စောတဲ့ ပင်လယ်ပြင်မှာ၊
ပန်းဝင်မဦးခဲ့တဲ့ ရွက်လှေတစင်းရဲ့
လေလွင့်အလင်းနှစ်များသမိုင်း
ရာဇဝင်တွေ အပြိုင်းပြိုင်းကျ၊
ခိုင်းနှိုင်းလည်း မပြချင်တော့ပါဘူး .... ။‎

လျော့လုလု နေခြည်အောက်မှာ ...‎
ပျောက်ဆုံးခဲ့ရတဲ့ ဆည်းဆာအိပ်မက်ကို
တသက်လုံး ရေးဆွဲ ...‎
လက်တွေ သုဉ်းလို့
ပျက်ကြွေပြုန်းတဲ့အထိပေါ့
သြော် ... မမုန်းမှန်းတော့ သိခဲ့ပါတယ် ...
မမုန်းမှန်းတော့ သိခဲ့ပါတယ်လေ ...‎


ကျနော် အခုတလော အလုပ်အရမ်းများနေတာနဲ့ ပို့စ်အသစ်မတင်ဖြစ်တာ အတော်ကြာသွားပါတယ် ... ရေးလက်စ တပိုင်းတစနဲ့ ကဗျာတွေလည်း ရှိနေပါတယ် ... အသစ်မတင်ဖြစ်တဲ့အချိန်အတွင်းမှာကို သံယောဇဉ်နဲ့ မပျက်မကွက် အမြဲလာပြီး ဖတ်ရှုခံစားအားပေးကြတဲ့ ညီအကို မောင်နှမများ ကို ကျေးဇူးအထူးပါခင်ဗျာ ...

ဟယ်ရီ

Read More...

Saturday, 17 April 2010

ပိတောက်ဖူး


တန်ခူးနွေရဲ့၊
ဖူးလေတဲ့ ပိတောက်ဝါ။

သင်္ကြန်မိုး၊
မာန်ပျိုးကာ ငြိုးလေသလား၊
ဖြိုးစွေမရွာ။

နှစ်ကူးတဲ့ နွေဆန်းတာ၊
လေကြမ်းသာ သုတ်ဖြူး။

လတန်ခူးအခါ၊
မြအဖူးမှာ မိုးရေဖြန်းပါမှ၊
ဝေလန်းကာ ပွင့်ရှာရမယ်ပေါ့၊
လေကြမ်းသာ ဆင့်လာကြရင်တော့၊
တင့်ကာလှ မပွင့်ဝေခင်၊
လွင့်ကြွေကာ ညှိုးခွေနွမ်းမယ်ကွယ့်၊
မိုးရေဖြန်းမှ သူဝင့်ကာ၊
ပွင့်လွှာမှာ ရွှေပြောက်လူးရမယ့်၊
နွေပိတောက်ဖူး။ ။



မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော အတာသင်္ကြန်တော် အခါသမယ ဖြစ်ကြပါစေရန် ဆုမွန်ကောင်း တောင်းချွေအပ်ပါသည်။
တန်ခူးမည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုးပြေး ဝေးကွာကင်းပ ကွယ်ပျောက်နေပါသဖြင့် အခါသင့်ပေမင့် မပွင့်နိုင်ရှာသော ပိတောက်ဝါများသို့ ...

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Tuesday, 2 March 2010

စိမ်း

‎‎‎‎‎‎

စိမ်‎းသခင်စိမ်‎း‎‎‎ထင်ပြ၊‎‎စိမ်း‎‎‎ပင်မြ‎‎စိမ်း‎‎‎ဆင်၊
စိမ်‎း‎‎‎သွင်လျ‎‎စိမ်‎း‎‎‎ပြင်ပြင်၊‎စိမ်း‎‎‎အစဉ်‎စိမ်း‎‎‎ရက်၊‎
စိမ်‎း‎‎တသက်စိမ်‎း‎မျက်ခြယ်၊‎စိမ်း‎‎‎လက်ဝယ်‎စိမ်း‎‎‎ပုံဆင်လျက်။‎
စိမ်‎း‎‎‎ရင့်ရင့်‎စိမ်‎း‎‎‎ဆင့်ရာ၊‎စိမ်း‎‎‎ပွင့်ညှာ‎စိမ်း‎‎‎ရွက်၊‎
‎စိမ်‎း‎‎‎ရင့်ဖြာ‎စိမ်‎း‎‎‎ဖက်လို့၊‎စိမ်း‎‎‎ခက်ခက်‎စိမ်း‎‎‎မူ၊‎
စိမ်‎း‎‎‎တမင်‎စိမ်‎း‎‎‎ပင်စိုက်ပါလို့၊‎စိမ်း‎‎‎ရင်ပိုက်‎စိမ်း‎‎‎ရက်လေသူ။‎
စိမ်‎း‎‎သွေ့သွေ့‎စိမ်‎း‎‎‎ငွေ့ပူ၊‎‎စိမ်း‎‎‎လေ့သူ‎စိမ်း‎‎‎ဝေလွင့်၊‎
စိမ်‎း‎‎‎လေဝင့်‎စိမ်‎း‎‎‎လှတိမ်းဖွေ၊‎စိမ်း‎‎‎မြ‎စိမ်း‎‎‎မြေ၊‎
စိမ်‎း‎‎‎ဝေတဲ့‎စိမ်‎း‎‎‎မြူခြေ၊‎စိမ်း‎‎‎သူရေ‎စိမ်း‎‎‎ရက်လှလေး‎။ ။‎



လေးထပ်ကြော့ စကြာတေးထပ်လေးပါ .... "စိမ်း" တလုံးတည်းကို အပိုဒ်ငယ်တိုင်းရဲ့ အစ စာလုံးနဲ့ အပိုဒ်ဝက်ရဲ့ အစ စာလုံးတွေမှာ မူတည်ပြီး ပတ်လည်ရေးထားတာပါ။ ဒီလိုပုံနဲ့လည်း ရေးလေ့ရှိပါတယ် ....



ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Monday, 15 February 2010

ခရမ်းပြာဝိုင် (၁၀)‎

ဝေဖူးပေမဲ့၊
မေ မခူးတဲ့ အိပ်မက်တွေ။

ပျိုးမိသမျှ အလွမ်းပါ၊
ခရမ်းပြာရေ။

ဝိုင်တပွင့်ရဲ့ဝတ်ဆံတွေ၊
မပန်လေခဲ့ပေမင့်။

လွမ်းတိုင်းကွယ် ...‎
ပန်းရိုင်းနွယ် အခက်များက
လက်ဖျားမှာပွင့်။ ။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Saturday, 13 February 2010

ရာပြည့်သို့ ငါးနှစ်အလို

အပိုမတွေး၊
ကိုယ်ရေးတွေ ဘေးဖယ်ကာ။

သုံးဆယ့်နှစ် မွေးနေ့အကြို၊
တရက်သာလိုပါသော်လည်း၊
ထိုအရာတွေ ရင်မခုန်၊
သူ "ပင်လုံ" မှာ။

ဗိုလ်ချုပ်ရယ်၊
အပိုအလုပ်ပယ် ပြတ်သားစွာနဲ့၊
မရပ်နားပါ ခရီးဆက်ပြန်ပေါ့၊
မနက်ဖြန် မွေးနေ့လို့တောင်၊
အတွေးဝေ့လို့ မနေနိုင်ရှာ၊
ခိုင်မာတဲ့စိတ်ထား။

မုသားမဆို၊
သူ့စကားရယ် မချိုပါဘူး၊
မလိုတမာ ကင်းရှင်းစွာနဲ့၊
အပိုမပါ ဘွင်းဘွင်းသာကွယ့်၊
ရှင်းလင်းစွာ တွေးသ၍မှာ၊
မွေးနေ့ဘာလဲ သူမခင်၊
ဘေးတွေ့မှာလဲ မပူပင်နဲ့၊
သူအစဉ် တိုင်းပြည်ဖို့သာတွေး၊
‎(အော် ... ) တူမမြင် နှိုင်းမီဖို့ရာဝေးပါရဲ့၊
သမိုင်းချီလို့သာ အလေးပြုချင်၊
‎(ကျနော်တို့ရဲ့) ကျေးဇူးရှင် မွေးဖွားရက်ကို၊
အတွေးများဆက် ပုံပြုသမို့၊
အလေးထားလျက် အကုန်စုလို့၊
ဂုဏ်ပြုစို့လား။ ။


ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ၉၅-နှစ်မြောက် မွေးနေ့အမှတ်တရ ...
ထာဝရ ရိုသေလေးစားဦးညွတ်လျက် ...

ဟယ်ရီ

Read More...

Tuesday, 2 February 2010

မြင်လှည့်ပါ ခရမ်းပြာ (ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ်)‎

တေးထပ်ထဲမှာ ဒီတေးထပ်မျိုးကို ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ် လို့ ခေါ်ပါတယ်။ တခြားတေးထပ်တွေက အပိုဒ်ကြီး ‎တပိုဒ် (အပိုဒ်ငယ် ၁၈-ပိုဒ်) နဲ့ပဲ ရေးဖွဲ့ပေမဲ့ ဒီ ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ်ကတော့ ပိုဒ်စုံ ရတုတွေလိုပဲ အပိုဒ်ကြီး ‎သုံးပိုဒ် ရေးရပါတယ်။ ဒါ့အပြင် "ကိုယ်တွင်းပြည့်" လို့ ဆိုထားတဲ့အတွက် အပိုဒ်ကြီး တပိုဒ်ချင်းစီရဲ့ အပိုဒ်ငယ်တွေ ‎အားလုံးကို နဘေကိုက်အောင် ရေးရပါတယ်။ မှန်ရာကို ဝန်ခံရရင် ရေးရတာ အလွန်ခက်ပါတယ်။ အစွမ်းကုန်ကြိုးစားပြီး ‎ရေးကြည့်ထားတာပါ။ ရေးဖူးတယ် ရှိအောင်ပေါ့။ ဒါတောင် လုံးဝ အသစ်ရေးတာမဟုတ်ဘဲ အရင်က ရေးထားတဲ့ ‎‎"မြင်လှည့်ပါ ခရမ်းပြာ" ဆိုတဲ့ အရိုးခံတေးထပ်လေးကို နည်းနည်း ပြင်ဆင်ပြီး ကျန်တဲ့နှစ်ပိုဒ်ကို နဘေလိုက်ထပ်ပြီး ‎ရေးလိုက်တာပါ။ ကျနော် အရင်က ရေးခဲ့ဖူးတဲ့ လောကနာရီ နဲ့ ခရမ်းပြာမေ ဆိုတဲ့ ကိုယ်တွင်းပြည့်ပိုဒ်စုံ ရတု ၂-ပုဒ် လိုပဲ ဒါမျိုးထပ်ရေးဖို့ ‎မလွယ်တော့ပါဘူးခင်ဗျာ .... ‎
ဖတ်ကြည့်ကြပါဦး ... ဝေဖန်စရာရှိရင်လည်း အားမနာတမ်း ဝေဖန်သွားနိုင်ပါတယ်။ ကြိုဆိုလျက်ပါ ခင်ဗျာ ...‎


မြင်လှည့်ပါ ခရမ်းပြာ (ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ်)‎

ရင်ထဲမှာ အမြဲလွမ်းလို့၊ အသည်းနွမ်းနဲ့ ခေါ်မယ်၊
အမြဲတမ်းကွယ့် ပျော်စေရွယ်၊ ဖျော်ဖြေမယ် ကဗျာငှက်၊
အလာခက် ဝါရွက်ကြွေအောင်၊ ညာရက်လေ သဲမြညှာသက်။‎
ဝေတခက် ခြွေရက်လေတယ်၊‎ ကြွေရွက်တွေ မြေသက်၊‎
ပွေခက်မပြေ အခြေပျက်လို့၊ နေထက်မက ပူတာ၊
နွေရက်ည ဘဝင်ဆူအောင်၊ ကြင်သူရယ် နေရက်နိုင်တာ။
ယိမ်းဝေ့ဝေ့ ယိမ်းရွေ့ကာ၊ ယိမ်းလေ့ပါ ခြွေစေဦး၊‎
ဝေနေမဆုံး သစ်လွင်လက်ဖြာ၊ ချစ်ရင် တသက်တာ၊
ပင်ထက်က ပန်းကညာကို၊ မလှမ်းသာ ရင်လဲ့ညှာဆွေး။

စဉ်မြဲသာ စွဲလန်းလို့၊ အမြဲတမ်းကွယ့် မပျော်တယ်၊
ပုလဲပန်းလဲ့ ဘော်ငွေခြယ်၊ ခေါ်နေမယ် အရှာဆက်၊
ခါတသက် ဗျာစက်ပွေအောင်၊‎ ကြာရက်ရှည် ခွဲရတာခက်။‎
အနေခက် နွေရက်တွေရယ်၊‎ ရှည်သထက်ရှည် အကြွေဆက်၊‎
အဖြေမထွက်လေ ပွေခက်လို့၊ ဖြေခက်ရ သူမှာ၊
နေရက်လှ မမြင်သူယောင်၊ ရင်ပူတယ် အနေခက်မှိုင်ကာ။
တိမ်းလွေ့လွေ့ တိမ်း၍သာ၊ တိမ်းမွေ့ကာ လေပြည်သုဉ်း၊‎
မေရေမုန်း ပစ်ကျဉ်ရက်ပါ၊ ချစ်စဉ်မပျက်သာ၊‎
‎စဉ်ဆက်ည အနွမ်းဗျာပို၊ အလှမ်းကွာ ‎သခင်နဲ့သာဝေး။

မြင်ဆဲပါ အမြဲတမ်းမို့၊ အစွဲအလန်းနဲ့ မျှော်တယ်၊
‎အသည်းလမ်းရဲ့ အပေါ်မယ်၊ ‎မျှော်နေတယ် အလာခက်၊‎
ကဗျာသက် ကြာရက်ရှည်တောင်၊ ဖြာမျက်ရည်‎ ဝဲရပါလျက်။
နွေအဆက် ဝေရွက်တွေရယ်၊ ကြွေလျက်လေ မြေထက်၊
နွေရက်ရှည် အဖြေခက်လို့၊ အခြေပျက်ည မဟူရာ၊
ခြွေရက်ပါ့ တမင်သူလှောင်၊ ယဉ်မူသွယ် ဆွေသက်ပိုင်ညှာ၊
စိမ်းသွေ့သွေ့ စိမ်းငွေ့ဖြာ၊ စိမ်း၍သာ နေစေဦး၊‎
ရေမြေဆုံး ချစ်ကြင်လျက်သာ၊‎ ပြစ်မမြင်ရက်ပါ၊‎
ရင်ထက်က လွမ်းကဗျာကို၊ ခရမ်းပြာ မြင်လှည့်ပါလေး။ ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...