Saturday, 22 November 2008

Rudiments and Theory of Music (8)

Tie, Legato (Slur) and Staccato


ပုံမှန် Note တွေကို နားလည်ပြီးတဲ့အခါ သူတို့ကို မူလတန်ဖိုးထက် ပိုပြီး အသံရှိန် ရှည်အောင် ဆွဲပြီး တီးရတဲ့ သင်္ကေတ တွေ အကြောင်းပြောပါမယ်။
အရင်ဆုံး Tie နဲ့ Legato ကို ကြည့်ပါမယ်။
Tie ဆိုတာကတော့ အသံတူတဲ့ Note (၂)လုံးကို မျဉ်းကွေးလေးနဲ့ဆက်ပေးထားတာပါ။ ဒီလိုဆက်ထားရင် ပထမ Note ကို တီးပြီး မျဉ်ကွေးနဲ့ ဆက်ပြထားတဲ့ ဒုတိယ Note ကို မတီးပဲ အဲဒီ Note ရဲ့ တန်ဖိုးကုန်ဆုံးသည်အထိ အသံရှိန်ကို ဆွဲ ပေးထားရပါမယ်။ သဘောကတော့ Crochet (၂) လုံးကို Tie နဲ့ဆက်ထားရင် ပထမ Crochet ကို သူကျမယ့် Beat မှာ တီးပြီး ကပ်လျက် Beat မှာ ဒုတိယ Crochet ကို မတီးပဲ အဲဒီ Beat ဆုံးတဲ့အထိ အသံရှိန်ဆက်ဆွဲထား (ဂီတာမှာဆိုရင် ဘယ်လက်ကွက်ကို မလွှတ်ဘဲ ဆက်ဖိထား) ရမှာဖြစ်ပါတယ်။ Tie ဟာ အမြဲတမ်း အသံခြင်း ထပ်တူညီတဲ့ Note တွေကိုသာ ဆက်ပါတယ်။ Note (၂) လုံးထက်မကလည်း ဆက်လို့ရပါတယ်။ အဲဒီလိုဆက်ထားရင် အမြဲတမ်း ပထမဆုံး အလုံးကိုသာ အသံထွက်အောင် တီးရမှာဖြစ်ပြီး ကျန်တဲ့ Tie နဲ့ဆက်ထားတဲ့ Note အားလုံးကို မတီးဘဲ အသံရှိန်သာ ဆွဲထားရမှာဖြစ်ပါတယ်။ သဘောကတော့ (၂) လုံးကို Tie လုပ်ထားရင် Semi-breve တလုံးနဲ့ သဘောချင်း အတူတူပါပဲ။ ဒီလိုပါပဲ .. Crochet (၂) လုံးကို Tie လုပ်ထားတာဟာ Minim တလုံးနဲ့ တန်ဖိုးချင်း၊ တီးပုံချင်း အတူတူပါပဲ။ အောက်က ပုံမှာ ပြထားပါတယ်။



ဒါဆိုရင် ဘာဖြစ်လို့ အလုပ်ရှုပ်ခံပြီး Tie လုပ်နေမှာလဲ၊ Crochet (၂) လုံးကို Tie လုပ်မယ့်အစား Minim တလုံးတည်း ရေးလိုက်ရင် မပြီးဘူးလား လို့ မေးစရာရှိပါတယ်။ အဲဒီလို ရေးလို့မရတဲ့နေရာတွေရှိပါတယ်။ ဥပမာ ဘားတဘား အဆုံးက အလုံးကို နောက်တဘားရဲ့ အစအထိ အသံရှိန်ဆွဲထားချင်တဲ့အခါမျိုးကျရင် Tie နဲ့ရေးမှရပါတယ်။ ဘားတခုရဲ့ အဆုံးအလုံးက Crochet ကို နောက်ဘားအစက Crochet အထိ အသံရှိန်ဆွဲချင်တဲ့အခါ Minim နဲ့ရေးလို့ မရတော့ပါဘူး။ ရေးလိုက်ရင် အဲဒီ bar ရဲ့ ရှိရမယ့် အလုံးရေထက် ကျော်ထွက်သွားပါလိမ့်မယ်။ အဲဒီလို အခါမျိုးမှာ Tie ကို သုံးရပါတယ်။ Time Signature အကြောင်းကျရင် ပိုရှင်းသွားပါလိမ့်မယ်။ နောက်ပြီး အသံတသံတည်းကို ၃-၄ ဘားလောက် ဆက်ပြီး အသံရှိန်ဆွဲထားချင်ရင်လည်း Tie ကိုသုံးမှ ရမှာပါ။
Legato (အချို့က Legado လို့လဲ ရေးပါတယ်။ Guitar မှာ အများဆုံးသုံးပါတယ်။ Slur လို့လဲ ခေါ်ပါတယ်။) ဆိုတာ ကတော့ အသံမတူတဲ့ Note အနည်းဆုံး (၂)လုံးကို မျဉ်းကွေးလေးနဲ့ဆက်ပေးထားတာပါ။ ဒီလိုဆက်ထားရင် ပထမ Note ကို တီးပြီး မျဉ်ကွေးနဲ့ ဆက်ပြထားတဲ့ ဒုတိယ Note ကို မတီးပဲ အဲဒီ Note ရဲ့ အလုံးရှိတဲ့နေရာကို ချောချောမွေ့မွေ့လေး ရောက်သွားအောင် ဂီတာလက်ကွက်ပေါ်မှာ ဖိထားတဲ့လက်ကို မကြွဘဲ ပွတ်တိုက်ရွှေ့ခြင်း (slide or gliss)၊ ဒါမှမဟုတ် အသံမြင့်ရာကိုပြရင် နောက်လက် တချောင်းနဲ့ လှမ်းဖိလိုက်ခြင်း (hammer-on) (သို့မဟုတ်) အသံနိမ့်ရာကိုပြထားရင် ဒုတိယအလုံးရှိတဲ့ နေရာကိုပါ ပြိုင်တူအရင်ဖိထားပြီး ပထမအလုံးကိုတီးပြီးမှ အဲဒီ ပထမအလုံးကို ဖိထားတဲ့ လက်ချောင်းကို ကြွလိုက်ခြင်း (ဒုတိယအလုံးနေရာကို ဖိထားတဲ့ လက်ကို မလွှတ်ရပါ) (pull-off) တို့ကိုလုပ်ရမှာ ဖြစ်ပါတယ်။ Piano မှာတော့ ပထမအလုံးကို လက်မလွှတ်ဘဲ ဖိထားရင်း နောက်အလုံးကို ဆက်တီးလိုက်တာပါ။ ဒီလို Legato လုပ်ရင် အသံဟာ ချောချောမွေ့မွေ့ လှလှပပလေးထွက်လာပါတယ်။ အောက်က နမူနာပုံစံကိုကြည့်ပါ။ Beat 1 နဲ့ 2 ဟာ Tie ဖြစ်ပြီး Beat 3 နဲ့ 4 က အလုံးတွေဟာ Legato ဖြစ်ပါတယ်။



ဒီ Note တွေကို ဂီတာနဲ့တီးကြည့်ရင် 1 မှာ G ကိုတီးပြီး 2 မှာ မတီးပဲ လက်ကိုဆက်ဖိထားပြီးအသံရှိန်ဆွဲထားရပါမယ်။ 3 က A note ကိုတီးပြီး & မှာ မတီးပဲ G ကို လက်နဲ့ ဖိထားပြီးမှ A ကို နှိပ်ထားတဲ့ လက်ကို ကြွလိုက်ရမှာ (pull-off) ဖြစ်ပါတယ်။ 4 မှာ A note ကိုတီးပြီး & မှာ မတီးပဲ B Note ကို လက်နဲ့ လှမ်းပေါက်လို့ပဲဖြစ်ဖြစ် (Hammer-on)၊ A ကို ဖိထားတဲ့လက်ကို မကြွဘဲ B Note ကိုရောက်တဲ့အထိ ဖိဆွဲသွားပြီးပဲဖြစ်ဖြစ် (slide or gliss) လက်အဆင်ပြေသလို တီးရမှာဖြစ်ပါတယ်။ နောက်တဘားက 1 မှာ C ကိုတီးပြီး 2-3-4 အထိ အသံရှိန် ဆွဲထားရမှာဖြစ်ပါတယ်။

Staccato and Tenuto
Staccato ဆိုတာကတော့ အသံပြတ်ပြတ် တီးရမယ့် Note တွေပါ။ တီးပြီးတာနဲ့ ချက်ချင်း ဘရိတ်ဖမ်းပြီး အသံရှိန်ကို သတ်ပြီး တီးရမှာဖြစ်ပါတယ်။ သူတို့ကို ရေးတဲ့အခါ Note တွေရဲ့ အောက်တည့်တည့် ဒါမှမဟုတ် အပေါ်တည့်တည့်မှာ အစက် (dot) လေးတွေထည့်ပြီးရေးထားရပါတယ်။
မျဉ်းတို (dash) လေးတွေနဲ့ ရေးပြထားရင်တော့ Tenuto လို့ခေါ်ပါတယ်။ အဲဒါဆို အဲဒီ Note ရဲ့ တန်ဖိုး (အသံရှိန်) အပြည့်တီးရပါမယ်။ နည်းနည်းလည်း ပိုပြီး ဖိတီး (stress or emphazie) ရပါတယ်။ Sostenuto လို့လည်း ခေါ်ပါတယ်။



ဆက်ပါဦးမယ် ...
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ . . .
ဟယ်ရီ

Read More...

Friday, 21 November 2008

Rudiments and Theory of Music (7)

Rhythm

Staff ပေါ်မှာ note တွေ ရေးသားတာကိုသိပြီးတဲ့နောက်မှာ “Rhythm” အကြောင်း အနည်းငယ်ပြောလိုပါတယ်။ အရင်ပို့စ် Rudiments and Theory of Music (6) က သံစဉ်ကလေးကို ပြန်ကြည့်ပါ။ အဲဒီ သံစဉ်ရဲ့ နရီ (Rhythm) ကို ရေးချရင် အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။ (Rhythm ကိုရေးတဲ့နေရာမှာ Melody မလိုအပ်တဲ့အတွက် Staff ရေးမပြတော့ပါဘူး။ Note တွေကိုသာ ရေးပြထားပါတယ်။)


ဒါဟာ ဒီသံစဉ်တခု ရဲ့ Rhythmic Pattern ပဲ ဖြစ်ပါတယ်။ အပေါ်က melody ပါတဲ့ Note နဲ့ ပြန်နှိုင်းယှဉ်ကြည့်ပါ။ မည်သည့် သီချင်းကိုမဆို ဒီသဘော အတိုင်း Rhythmic Pattern ရေးချလိုက်လို့ရပါတယ်။ ဒီတော့ Rhythm ဆိုတာဟာ သီချင်း ဆိုဖို့ Rhythm ဂီတာ တီးပေး နေတာ မဟုတ်ပါဘူး။ Rhythm Guitar တီးခြင်းမဟုတ်သလို မြန်မာပြည်မှာ အလွယ်တကူ Beat (cha cha, slow, 6/8, country အစရှိသဖြင့်) လို့ ခေါ်နေကြတဲ့ Rhythm Guitar တီးတဲ့ style တွေလဲ မဟုတ်ပါဘူး။ Rhythm ဂီတာ ဆိုတာက Accompaniment သာဖြစ်ပါတယ်။
ဒီတော့ Rhythm ဆိုတာဟာ သီချင်းတပုဒ်လုံးမှာပါတဲ့ ဘားတိုင်းမှာ ရှိနေတဲ့ Note တွေရဲ့ Value အစီအစဉ်ကို ပြောတာဖြစ် ပါတယ်။ အရေးကြီးတဲ့အပြင် အမှတ်မှားနေကြမှာစိုးလို့ အသေအချာ မှတ်ထားစေလိုပါတယ်။ ပိုပြီးရှင်းအောင် အောက်က ဥပမာ နှစ်ခုကိုကြည့်ပါ။



Piece A နဲ့ B မှာ ပါတဲ့ Note အလုံးတွေ ဟာ ဘားတိုင်းမှာ အကုန်တူပါတယ်။ C - CD - E - C | D - ED - C -|| ချည်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ Rhythm မတူပါဘူး။ အောက်ကပုံကိုကြည့်ပါ။



ဒီလို Rhythmic pattern မတူတဲ့အတွက် တီးကြည့်လိုက်ရင် အလုံးတွေ တူသော်ငြားလည်း မတူကွဲပြားတဲ့ သံစဉ်ကို ရရှိမှာ ဖြစ်ပါတယ်။ အောက်က ပုံစံ (၂)ခု ကို ဆက်ကြည့်ပါ။



ဒီပုံစံမှာ ပြထားတဲ့ Piece C နဲ့ D ကတော့ အလုံးတွေ မတူပါဘူး။ ဒါပေမယ့် သူတို့ရဲ့ Rhythm က အတူတူပါဘဲ။ အောက်က ပုံမှာကြည့်ပါ။



ဒီမှာတော့ အလုံးတွေ မတူပေမယ့် Rhythm တူတဲ့အတွက် တီးကြည့်လိုက်ရင် နီးစပ်ဆင်တူတဲ့ ခံစားမှု တခုကို ရရှိပါလိမ့်မယ်။
ဒါလောက်ဆို Rhythm နဲ့ ပတ်သက်လို့ ရှင်းလောက်ပြီလို့ ထင်ပါတယ်။

ဆက်ပါဦးမယ် ...

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ . . .
ဟယ်ရီ


Read More...

Saturday, 15 November 2008

ဆောင်းညအိပ်မက်မြူ

ဇာတိမ်ကန့်လွှာ၊ မြူပဝါနှင့်၊
ကဗျာအိပ်မက်၊ နှင်းရည်စက်တို့၊
ဆောင်းရက်ညမှာ၊ ပိတ်ဆီးကာသော်၊
မှိန်ကာဝိုးဝါး၊ မထင်ရှားလည်း၊
ထွင်းသွားထိုးဖေါက်၊ မြင်ရလောက်သည့်၊
မနောက်မကြည်၊ ပီတပီနှင့်၊
ဇာခြည်နောက်မှာ၊ မောင့်ကလျာ၏၊
ရုပ်လွှာဖျော့ဖျော့၊ ကြော့ကြော့လျရှင်း၊
မြအဆင်းကို၊ လမင်းကဗျာ၊
အိပ်မက်လွှာခက်၊ သလွန်ထက်တွင်၊
ညို့ညက်မြင်ခိုက်၊ မောလှိုက်သက်ပြင်း၊
ရှိုက်သွင်းကာငင်၊ သံစဉ်နွဲ့နှောင်း၊
တပြောင်းပြန်ပြန်၊ စောင်းညှို့သံမှ၊
ရုန်းပြန်ထသော်၊
မောလျမပီ၊ သီကရီသို့၊
ရာသီဆောင်းည အိပ်မက်မြူ။ ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

Read More...

Saturday, 8 November 2008

ဝေရွှန်းစန္ဒာ

ဝေရွှန်းစန္ဒာ အစချီ အချီညီအချညီ ပိုဒ်စုံ ရတု

ရေးသူ - လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံ (ဘယနန္ဒမိတ်၊ မဟာသီဟသူရ) (၁၀၈၅-၁၁၆၁)

(၁) ဝေရွှန်း စန္ဒာ။ ချမ်းရိပ်သာသို့၊ မျက်နှာ တူရူ၊ တ-သည်သူလျှင်၊ ဇဗ္ဗူ အောင်ခန်း၊ ရွှေပြည်နန်းသို့၊ ရောက်ပန်းကြီးအင်၊ နေ မရွှင်ခဲ့၊ လွင်လည်း တဆိုင်၊ မြိုင်လည်း တထွေ၊ မြေလည်း တထူး၊ ဝေးခေါင်ကြူးသို့၊ ရောက်ဖူးမည်ထား၊ ရွှေညာဖျားလည်း၊ ရှေးကား မဆွ၊ ကြားရသည်သာ၊ ဘယ်ရပ်မှာဟု၊ ကြောင်းရာ တစိ၊ တပ်မသိခဲ့၊ ကျွန်းကြီ့ချက်ချာ၊ တို့နေရာနှင့်၊ ဘာသာကွဲလမ်း၊ မြိုင်တောဝှမ်းဝယ်၊ အချမ်း မတူ၊ အပူ အမျှ၊ ကြုံပြန်ရရှင့်၊ သိင်္ဃအောင်မြေ၊ လယ်ချက်ဗွေ၌၊ နေလည်း တဆန်း၊ နန်းလည်း မခြား၊ မထွေပြားတည့်၊ ကိုးပါး န၀ရတ်၊ ရွှေပြသာဒ်က၊ မျက်မြတ် လျှံရည်၊ ထွန်းလှည့် လည်သည်။ ။ နေခြည်ထဲတွင် ပါလိမ့်မည်။

(၂) နေ၀န်းဖန်ဝါ။ ထိန် စကြာလည်း၊ အာကာဖိတ်ဆီး၊ ကျွန်းလုံးညီးမျှ၊ ထိနီးမိုးလယ်၊ ဖြိုးဖြိုးကယ်၍၊ အံ့ဘွယ်ယှက်သန်း၊ ရှုမခန်းတည့်၊ ရွှေနန်းမှန်ဆီ၊ ရှိရာဆီသို့၊ မြှောက်ချီဦးတင်၊ စက်ရာဝင်လည်း၊ ကြည်လင်ရှိခိုး၊ စက်ရာနိုးလည်း၊ လက်မိုးလှည့်လည် မျှော်မိသည်ရှင့်၊ ရွှေပြည်တော်မှာ၊ ခုချိန်ကာကို၊ သူဇာသာစံ၊ မိတ်နံ မပြား၊ ဓာတ်တံခါး၏၊ ယွန်းစား ရှေ့မှာ၊ ပျော်ဘွယ် သာရှင့်၊ သီတာ ပတ်ကုံး၊ မြစ်နှင့် ကျုံးလည်း၊ တလုံးတည်းရေ၊ စီးတွေတွေ တည့်၊ မိုးနွေ မခေါင်၊ လက်ယာ မြှောက်လျက်၊ နတ်ဆောင်ယူပို့၊ လေ၏သို့လျှင်၊ ရွှေမြို့ရွှေပြည်၊ ၀န်းပတ်လည်သည်။ ။ ရေကြည် သဲပြင် သာလိမ့်မည်။

(၃) နွေကျွန်းသန်ခါ။ ခုချိန်ခါကို၊ ကျောင်းသာရာမ်ခင်း၊ စေတီတွင်း၌၊ သီတင်းအလှူ၊ ရွှေပြည်သူတို့၊ ဆုယူ စည်းဝေး၊
ဖြူဖြူ ဖွေးလိမ့်၊ စက်မှေးခိုက်တွင်၊ အိမ်မက်မြင်သို့၊ မရွှင် ရူတ၊ လွမ်းလိုက် လှရှင့်၊ ညွှန်ပြ ကျိုးဆက်၊ ဆယ်ကျော်သက်က၊ ကြင်ဖက်အတူ၊ တောင်းဆုယူသည်၊ အိမ်သူ ချောသွယ်၊ သုံးယောက် မယ်နှင့်၊ ပင်လယ်ခြားရာ၊ ခရီး ကွာသို့၊ မှာလည်း မကြား၊ သွားလည်း မသင့်၊ ဖြစ်သဖြင့်လျှင်၊ ပူခွင့် ရှည်ရေး၊ ရှိချေသေး၏၊ ရင်သွေး ရွှေတောင်၊ သား မောင်နှမ၊ ဆင်းသိင်္ဂတို့၊ မွေးဘ ရင်ခွင်၊ ရွှေလက်တင်၍၊ ယူငင် ပိုက်ဖြား၊ ဖျော်မည်များနှင့်၊ နှစ်ပါး မျက်ခြည်၊ သားနှင်းရည်သည်။ ။ ရွှေလည်ဆွဲချင် ရှာလိမ့်မည်။

Read More...

Friday, 7 November 2008

နှင်းဆီဆူး

နှင်းဆီဆိုတာ၊ ဆူးရှိပါမှ၊
ဆွတ်လာလက်ကြမ်း၊ နောက်ရွံ့လှမ်း၏။

ဆူးမရှိလျှင်၊ နှင်းဆီယဉ်ကို၊
လျင်လျင်သူငါ၊ ခူးခွင့်သာ၍၊
မကြာပျက်ယွင်း၊ အလှကင်းမည်။

နှင်းဆီသူခိုး၊ ပန်းမုဆိုးများ၊
ယိုးစွပ်လာကြ၊ ဆုးချွန်မြကြောင့်၊
အလှနှင်းဆီ၊ ယိုယွင်းသည်တဲ့။

မုဆိုးစကား၊ မာယာပျားလို၊
လှည့်ဖျားတတ်ကုန်၊ လူ့ဇာတ်ခုံမှာ၊
ဘယ်ပုံဆိုစေ၊ နှင်းဆီမေကို၊
ရန်ထွေကင်းပ၊ မသီခအောင်၊
နေ့ညမရှောင်၊ အမှောင်အလင်း၊
မိုးနှင်းသည်းသည်း၊ နေပဲပူပူ၊
သူသိချင်သိ၊ မသိချင်နေ၊
မသွေမပျက်၊ ကြင်နာလက်နှင့်၊
ဆိပ်ထက်မြလူး၊ နှင်းဆီဆူးသို့၊
သက်မှူးချစ်နှင်း၊ ရန်ပယ်ရှင်းအောင်၊
အလျဉ်းမသွေ၊ စောင့်ရှောက်နေဖို့၊
ကိုယ်လေဆူးခက်ဖြစ်ပါစေ။

အကျည်းတန်စေ၊ ထီးကျန်ပါစေ၊
သူငါဘယ်သို့၊ အပြစ်ဖို့စေ၊
နှစ်မြို့မှုကင်း၊ သူပင်ငြင်းစေ၊
နှင်းဆီအလှ၊ ဆူးများကသာ၊
မုချကာကွယ်ပေးမြဲတည်း။ ။

ဟယ်ရီ

ရေးထားတာတော့ တနှစ်လောက်ရှိနေပါပြီ။ မတင်ရသေးလို့ တင်လိုက်တာပါ။
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ

Read More...

Tuesday, 30 September 2008

အလည်လာသူအပေါင်းသို့ တောင်းပန်လွှာ

ခင်မင်လေးစားတဲ့ လာရောက်ဖတ်ရှုအားပေးကြသူအပေါင်းတို့ခင်ဗျား ...
ကျနော် ခရီးသွားစရာရှိတဲ့အတွက် ပို့စ်အသစ် တင်ခြင်းကို အောက်တိုဘာတလလုံး ခဏ ရပ်ဆိုင်းထားရပါမယ်ခင်ဗျား
ဒီအတွက် လာရောက်ဖတ်ရှုအားပေးတဲ့သူအားလုံးကို အထူးပဲ တောင်းပန်ပါတယ်ခင်ဗျာ

အားလုံးကို ခင်မင်လေးစားစွာဖြင့်
ဟယ်ရီ

Read More...

Sunday, 28 September 2008

မေတ္တာကွန်

မေတ္တာကွန်၊
နွံလိုသာပ။

ရုန်းထွက်ရန်ခက်ပါရဲ့၊
စက်ရာမဲ့ည။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ခင်ဗျား
ဟယ်ရီ

Read More...

Saturday, 27 September 2008

နှောင်ထုံးဖြေပါ

မင်းခိုင်းရင်ပျော်၊
မင်းခေါ်ရာဘယ်မငြင်းပေမယ့်၊
သူငယ်ချင်း သဇင်ညှာရယ်၊
ငယ်စာရင်း မ၀င်ပါသမို့၊
ဘ၀င်မှာ ဆူလျှံတက်အောင်၊
တမင်ခွာ သူချန်ရက်တာလား၊
အကြံခက်ကာပွေ။

အလာခက်လေတော့၊
စာရွက်ပေါ် ကဗျာကြွေ၊
စာစေလို့ ခြယ်မှုန်း။

မှေးအိပ်မပျော်၊
အတွေးရိပ်ပေါ် ကဗျာနားလို့၊
အခါတပါးက အတိတ်သခင်ရယ်၊
စိတ်အစဉ်မှာ ယွင်းမကွာငြိကာပဲ၊
အရိပ်မြင်ရာ မင်းသာရှိလေရဲ့၊
ညှဉ်းပါဘိ နွေညလယ်မှာ၊
ငွေလငယ် မင်းရှောင်ပုန်းပြီလား၊
နှောင်ထုံးဖြေအုန်း။ ။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ
ဟယ်ရီ

Read More...

ဗေဒါလမ်း (၄၁) - တလှည့်စီ စုန်ဆန်မြဲ

မနက်ခင်းဆီက၊ စုန်ဆင်းခဲ့ မဗေဒါ။
မွန်းတည့်ချိန် နေ့လယ်ခင်း
သင်း ပြန်တက်လာ။
ညနေ စောင်းလာတော့
ချောင်းဖျားရောက် ဆိတ်ငြိမ်ရာ
မဗေဒါ မအိပ်။
စုန်ချိန်မှာ စုန်ပြန်ရပေါ့
ချောင်းဝမှာ ပြန်စည်ကား
ချောင်းဖျားမှာ တိတ်။

အို အချင်း မဗေဒါ။
ကျူရိုးရှင် ကျူတံသေးနဲ့
တေးချိုလို့သာ။
ဆိတ်ငြိမ်ရာ စည်ကားရာ
ရောက်ရာမှာ မယ်မစွဲ။
ကပ်ချည် ခွာချည်နဲ့
တစ်လှည့်စီ စုန်ဆန်မြဲ
ညည်းတတ်ပါပဲ။ ။

ဇော်ဂျီ
(ဖျာပုံ စာပေလုပ်သား မဂ္ဂဇင်း၊ ၁၉၈၁)

မနက်ခင်းဆီတုန်းက စုန်ဆင်းသွားခဲ့တဲ့ မဗေဒါဟာ မွန်းတည့်ချိန်နေ့လယ်ခင်းမှာ ပြန်ဆန်တက်လာပါတယ်။ ညနေလည်း စောင်းလာရော ချောင်းဖျားကိုတောင်ရောက်နေပေမယ့် ဆိတ်ငြိမ်ရာချောင်းဖျားမှာ မအိပ်ဘဲ စုန်ချိန်ကျတော့ ပြန်စုန်ဆင်းရပြီး စည်ကားတဲ့ချောင်းဝကို ရောက်နေရပြန်ကာ ချောင်းဖျားမှာ ပြန်တိတ်ဆိတ်လို့နေပြန်ပါတယ်။
အို .. မဗေဒါရယ်၊ ကျူရိုးရှင်ကတော့ ကျူတံသေးနဲ့ တေးချိုချိုတွေသီပြီးနေဆဲပါ။ ဆိတ်ငြိမ်ရာအရပ်၊ စည်ကားရာအရပ်ရယ်လို့ ရောက်တဲ့ အရပ်ကို အစွဲမရှိပဲ ကပ်ချည်ခွာချည်နဲ့ စုန်တစ်ခါဆန်တစ်လှည့်နဲ့ မညည်းမညူဘဲ တစ်လှည့်စီသာ စုန်နေဆန်နေမြဲပါလား .. လို့ ကျူရိုးရှင်က ပြောလိုက်ပါတော့တယ်။

အခု ဆရာကြီးရဲ့ ဗေဒါလမ်းကဗျာစု ၄၁ပုဒ်လုံး ဒီမှာဆုံးသွားပါပြီ။ အားလုံး ဖတ်ရှုခံစားပြီး ကျေနပ်နိုင်ကြပါစေ။ နားလည်နိုင်ကြလိမ့်မယ်လို့ လဲ ထင်ပါတယ်။ တစ်စုံတစ်ရာကို ခံစားရရှိနိုင်ကြမယ်လို့လဲ မျှော်လင့်ပါတယ်။ ကျနော့်ဘ၀မှာ ဒီ ဗေဒါလမ်းကဗျာလေးတွေဟာ တစ်စုံတစ်ခုသော အတိုင်းအတာအထိ ခံစားချက်၊ အတွေးအမြင်နဲ့ အားအင်တွေ ပေးခဲ့ပါတယ်။ ဒီ ဗေဒါလမ်းကဗျာလေးတွေကိုဖတ်ပြီး ဘ၀အတွက် အသုံးဝင်မယ့် အတွေးအမြင်တွေ၊ အားမာန်တွေ ရရှိလာကြမယ်ဆိုရင် ကျနော့်အနေနဲ့ မျှဝေရကျိုးနပ်ပါပြီ။

ခံစားရတဲ့ ခံစားချက်တွေ၊ မြင်တဲ့အမြင်တွေကိုလည်း ပြန်လည်ဆွေးနွေးပြောပြပေးစေလိုပါတယ်။

ကျနော်ရေးထားတာတွေဟာ ကျနော်တစ်ဦးတည်းခံစားရတဲ့ခံစားမှုကို ကျနော်နားလည်သလို မျှဝေခံစား ရေးပြ ဆွေးနွေးခြင်းသာဖြစ်ပါတယ်။ ဒီအတိုင်းမှန်တယ်လို့မဆိုလိုပါဘူး။ ဆရာကြီး ဇော်ဂျီလို ပါရမီရှင် ကဗျာက၀ိကြီးတစ်ဦးအနေနဲ့ တွေးသွား၊ ရေးသွားတဲ့ မူလခံစားမှုကို ကျနော်ဘယ်လိုမှ လိုက်မမီနိုင်သလို အလွန်အဆင့်အတန်းမြင့်တဲ့ ကဗျာတွေမို့ အပြည့်အ၀ပီပြင်မှန်ကန်အောင်လည်း ကျနော့်အဆင့်လောက်နဲ့ ဖေါ်ပြဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျနော်နဲ့ မတူတဲ့၊ ကွဲပြားခြားနားတဲ့ အမြင်များရှိမယ်ဆိုရင် ကဗျာကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ချစ်မြတ်နိုးကြတဲ့သူများအနေနဲ့ ဆွေးနွေးပေးကြဖို့ အလေးအနက် မေတ္တာရပ်ခံဖိတ်ခေါ်ပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...

ဗေဒါလမ်း (၄၀) - ချောင်းမအသိ

ချောင်းမကို ၀င်၊ မြင်ပါရဲ့လား။
ဒီဆိုင်မှာ ပေါ်လာမြဲ၊ ၀ဲကြီးပါလား။

ဒီ သရဲ ၀ဲလယ်တွင်။
ဝဲလှည့်ရာ ဗေဒါချောငဲ့၊ မောရလိမ့်ထင်။
ဒီဝဲကြောင့် မယ်ငြိုငြင်၊ နှုတ်ပြစ်တင် စကား။
ချောင်းမကို မယ့်လက်ညှိုး၊ ထိုးလိုက်မယ်လား။

အိုအချင်း ကျူရိုးရှင်။
မောလိမ့်မယ် တကယ်ပဲ၊ ၀ဲလှည့်ခိုက်တွင်။
ချောင်းမထဲ ကြုံမြဲပင်၊ ဆင်ခြင်မိပါရဲ့။
ချောင်းမကို ဒါပေမယ့်၊ ၀င်လိုက်မယ်ကွယ့်။

ဒီဝဲကြောင့် မငြိုငြင်။
ရေအီလျှင် ဒီသရဲ၊ ရှဲရမည်ပင်။
ဒီသရဲ မရှဲခင်၊ ဗေဒါစင် ပြာအိ။
ဒီဝဲဒဏ် ခံရည်ရှိ၊ ချောင်းမ အသိ။

ဒီဝဲကြောင့် မငြိုငြင်။
မမောခင် ထွက်ချင်လဲ၊ ခဲရမည်ပင်။
ဒီဝဲက ထွက်နိုင်ခင်၊ ဗေဒါစင် ပြာအိ။
ဒီဝဲဒဏ် ခံရည်ရှိ၊ ချောင်းမအသိ။ ။

ဇော်ဂျီ
(ငွေတာရီ၊ အမှတ် ၁၂၃၊ စက်တင်ဘာ၊ ၁၉၇၀)

ချောင်းမကိုအ၀င်၊ ချောင်းလက်တက်နဲ့ ချောင်းမဆုံရာ ဒီချောင်းဆိုင်မှာ ရေစီးအားနှစ်ခုအဆုံကြောင့် ပေါ်လာမြဲဖြစ်တဲ့ ၀ဲကြီးရှိနေပါတယ်။ မြင်ရဲ့လား .. တဲ့။ ကျူရိုးရှင်က သတိပေးရင်းမေးလိုက်တာပါ။
ဆက်ပြီး ဒီ မကောင်းဆိုးဝါးသရဲလိုဆိုးတဲ့ ၀ဲအလယ်မှာ မဗေဒါတော့ ၀ဲလှည့်သမျှချာချာလည်ပြီး မထွက်နိုင်ပဲ မောနေရလိမ့်ဦးမယ်ထင်ပါတယ်။ ဒီဝဲကြောင့် ချောင်းမကြီးကို ငြိုငြင်ပြီး လက်ညှိုးထိုးလို့ အပြစ်တင်စကား နှုတ်ဖျားကနေဆိုဦးမှာလား .. လို့ မေးလိုက်ပါသေးတယ်။
အို .. ကျူရိုးရှင်ရယ်၊ ၀ဲထဲမှာလှည့်နေရခိုက်ကတော့ တကယ်ပဲမောရပါလိမ့်မယ်။ ချောင်းမထဲကိုဝင်တာနဲ့ ဒီလိုပဲ ကြုံစမြဲဆိုတာလဲ ဆင်ခြင်မိပါတယ်။ ဒါပေမယ့် ချောင်းမထဲကိုတော့ ၀င်လိုက်ပါ့မယ်ကွဲ့ ... လို့ မဗေဒါက ပြန်ပြောပါတယ်။
ဒီဝဲကြောင့်တော့ မငြိုငြင်ပါဘူး။ ရေအီပြီး ကျသွားချိန်ဆိုရင် ဒီသရဲ အဝေးကိုရှဲလို့ သွားရမှာပါ၊ အဲဒီလို ဒီသရဲ ၀ဲကြီး ရှဲမသွားခင်အထိ မဗေဒါပြာစင်အိက ဒီဝဲဒဏ်ကို ခံနိုင်ရည်ရှိတယ်ဆိုတာ ချောင်းမအသိပါ။
ဒီဝဲကြောင့်တော့ မငြိုငြင်ပါဘူး။ မမောခင် ပြန်ထွက်ချင်လဲ ထွက်လို့မရဘဲ အားခဲနေရဦးမှာပါ၊ အဲဒီလို ဒီဝဲကြီးထဲကမထွက်နိုင်ခင်အထိတော့ မဗေဒါပြာစင်အိက ဒီဝဲဒဏ်ကို ခံနိုင်ရည်ရှိတယ်ဆိုတာ ချောင်းမအသိပါ ... လို့ မဗေဒါက ဆက်ပြောပြလိုက်ပါတယ်။

ကျနော်တို့တွေ ကျင်လည်ကျက်စားနေထိုင်ရှင်သန်ရာ ဒုက္ခစုံတဲ့ မနုဿဘုံမှာ သုခချည်းပဲ မရှိနိုင်ပါဘူး။ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ၊ ဘေးရန်တွေနဲ့လည်း ရင်ဆိုင်ကြရမှာ အမှန်ပါ။ ဘယ်သူမှ ရှောင်လွှဲလို့မရနိုင်ပါဘူး။ ဒီလို ကြုံတွေ့ကြရရင် ရင်ဆိုင်နိုင်ဖို့ ခံနိုင်ရည်ရှိဖို့ လိုပါတယ်။ အဲဒီလို ခံနိုင်ရည်ရှိအောင်ကလည်း အတွေ့အကြုံ လိုပါတယ်။ ဒီဒုက္ခက မလွတ်မြောက်နိုင်သေးခင်တော့ ကြံ့ကြံ့ခံရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီဒုက္ခတွေဟာ မမြဲဘူး၊ အချိန်တန်ရင် ပျောက်ကွယ်သွားမှာပါပဲ။ ဒါကို ရင်မဆိုင်လို့လည်းမရသလို အမြဲလည်း ကြုံနေရမှာမဟုတ်ဘူး။ ဒုက္ခကိုရင်မဆိုင်ချင်ဘူးဆိုပြီး ဘ၀ကို ဇာတ်သိမ်းလိုက်လို့ မရသလို ဘ၀ကိုအပြစ်တင်နေလို့လည်း မရဘူး ... လို့ခံစားမိပါတယ်။

ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးပါ ...
ဟယ်ရီ

Read More...