Tuesday, 29 December 2009

ကန္တာရဆောင်း

ကမ္ဘာဦးအလွမ်းပင်လေလား ...‎
အို ... မြောက်ပြန်လေ ...‎
စိုမြစိမ့်လွင်သော ‎
ထို့အတူ ကြုံရခဲလှသော ...‎
ကန္တာရမိုးစက်ပေါက်တို့အလွန် ...‎
ဆောင်းပျိုမသည် ‎
မြူလွှာရုံကို ဆင်မြန်းရင်း ...‎
ကတ္တီပါခြေလှမ်းနုနုတို့ဖြင့် ...‎

နှင်းမဲ့လေသည့်
ဟေမာန်ညို့ညို့ ...‎
လှိုင်းမဲ့လေသော
ကမ်းခြေလွင်လွင် ...‎
မြောက်ပြန်လေ၏ လက်သည်းရိုင်း တငုံ ...‎
သွဲ့သွဲ့သင်းသော မိုးဓားတလက်၏ တီးတိုးသံစဉ် ...‎
ခါးသက်သက် တိမ်လွှာညိုညို တချို့ ...‎
ပြင်းရှရှ ကြယ်စင်ငွေ့တို့၏ ရနံ့ချို တချို့ ...‎
ဟိုး ... ဝေးဝေးက
လျှပ်ပြက်သံတချို့ ...‎
‎... တချို့
‎... တချို့

ကန္တာရသည်
ခါးသီးစိမ့်မြမှုတို့ လွှမ်းရစ်နေ၏။ ‎
နေမင်းသည် ...‎
စောစီးစွာ ပုန်းကွယ်ချိန် ...‎
လွင့်လွင့်ဝေ့ဝဲနေသည့်
သဲလှိုင်းကုန်းများ၏ ဝန်းကျင် ...‎
သဲပြင်ပေါ်တွင် ...‎
တင်ရစ်လေခဲ့သော ကမ္ဗည်းစဉ်
တလောကလုံးတွင်
ခရမ်းပြာရိပ်တို့
ယှက်သန်းဝေဖြာ ....‎
အရာရာသည် ... ‎
ကန္တာရ၏ ရင်ခုန်သံ တချက် ...‎

နှင်းဆီလမ်းခွဲ၏ တဘက်တွင် ...‎
ဆည်းဆာအိပ်မက်တို့
ဝင့်ဝဲလွင့်ဝေနေလေရော့မည် ...‎

ဒီအချိန်ဆို ...‎
ဝေသီတိမ်းမူးဖွယ်ညယံတို့တွင်
လွင့်မောပျော်စံနေရော့မည်လား ...‎

ကြယ်ရံတို့ဖြင့် ပျော်ပါလေ ...‎
အလင်းပန်းကြွေများဆင့်ရင်း ...‎
တစစီ ပြိုကျခဲ့လေသည့် ...‎
ကန္တာရ၏ ဟိုမှာဘက်ရှိ
ကြယ်စင်နန်းအိုလေးရှိရာဆီသို့ ...‎
ခြေဖွနင်းရင်းသာ .... ‎
ပြန်ခဲ့ပါမည် ခရမ်းပြာ ...‎

အလွမ်းတို့ဖြင့် သီကုံးအပ်သော
အိပ်မက်လက်တဆုပ်စာဖြင့် ... ‎
သံယောဇဉ်တို့ဖြင့် ဖွဲ့တည်အပ်သော
ချစ်ခြင်းဝတ်လွှာတို့ဖြင့် ...‎
စွန့်လွှတ်ခြင်းတို့ဖြင့် ဝေဆာခဲ့သော
အရုဏ်ပွင့်ချပ်တို့ဖြင့် ...‎
နူးညံ့စွာပေးအပ်ခဲ့သော
အရှုံးဝတ်ဆံတို့ဖြင့် ...‎

မိုးသောက်အလွန် ...‎
မွန်းတည့်အလွန် ...‎
ဆည်းဆာအလွန် ...‎
ညဥ့်ယံ၏အလွန် ...‎
အတ္တ၏အလွန် ...‎
မာန၏အလွန် ...‎
ရင်ခုန်သံတို့၏အလွန် ...‎
မိုးကုတ်စက်ဝိုင်း၏အလွန် ...‎
ထို့ထက်ပိုလွန်၍ ....‎
ဆောင်း၏အလွန် ...‎
ကန္တာရဆောင်း၏အလွန် ...‎
ကန္တာရဆောင်း၏အလွန် ...‎
ကန္တာရဆောင်း၏အလွန် ...‎

Read More...

Saturday, 19 December 2009

တိုက်ပွဲပျော် ... သို့

ပုခက်ထဲက၊ အူဝဲဟစ်ကာ
စစ်ကြေငြာပြီး၊ လောကကြီး၏‎၊
ခါးသီးတွေ့ကြုံ၊ အလုံးစုံကို၊
မဖြုံအံခဲ၊ ပွဲဆက်နွှဲရင်း‎၊
လူလဲတော်တော် ကြီးခဲ့ပေါ့။‎

မိုက်လဲမိုက်လို့၊ တိုက်လဲတိုက်ခဲ့၊
ရှုံးလိုက်တာလဲ အသင်္ချေ။ ‎
ရဲလဲရဲလို့၊ နွှဲလည်း နွှဲခဲ့၊
နိုင်ပွဲတွေလဲ အနန္တ။‎

‎ဒီလိုပဲပေါ့‎၊
တိုက်ပွဲဆိုတာ၊ သာချင်သာမယ်၊‎
တိုက်ပွဲဆိုတာ၊ နာချင်နာမယ်၊‎
ဘယ်မှာ ခန့်မှန်းသိနိုင်မလဲ။‎

နာနာသာသာ၊ ဘာမှမဖြုံ၊
စိတ်လုံခြုံရင်၊
မတုန်မလန့်ဖျပ်ပါဘူး။‎
အဟုန်မတန့်ရပ်ပါဘူး။‎

ရှေ့ကဆီး၍၊
လမ်းခရီးထဲ၊ သစ်ပင်လှဲမလား။‎
ရှေ့ကကန့်၍၊
အဟန့်အတား၊ ဆူးတွေထားမလား။‎
ယောက်ျားဟေ့နော်၊
တိုက်ပွဲပျော်
ကျွန်တော်တိုက်ရင်း တက်မှာပဲ။‎

ဓနုဖြူ ကျော်ထွန်း

ယောက်ျားဟေ့နော် ... တိုက်ပွဲပျော် ... ကျနော်တိုက်ရင်း တက်မှာပဲ .... တဲ့ ...

ဒီ ကဗျာလေးကို ကဗျာချစ်သူများ မှတ်မိကြမလားတော့ မသိပါဘူး။ ၁၉၇၀ ပြည့်လွန်နှစ်များက ရေးခဲ့တဲ့ ဆရာ ‎ဓနုဖြူ ကျော်ထွန်း ရဲ့ လက်ရာ တိုက်ပွဲပျော် ဆိုတဲ့ ကဗျာလေးပါ။ ကျနော် အင်မတန်ကြိုက်လို့ မှတ်ထားခဲ့တာ ‎ကြာပါပြီ။ဓနုဖြူ ကျော်ထွန်း ဆိုတာ တခြားသူ ဟုတ်ပါရိုးလား ... နာမည်ကျော် ဟာသ စာရေးဆရာ အနှစ်သုံးထောင် ‎ဆရာကြီးကွေး ခေါ် အီကြာကွေးပါပဲ။ ပထမတော့ အနှစ်တထောင် ဆရာကြီးကွေး၊ အဲဒီကနေ အနှစ်နှစ်ထောင် ‎ဆရာကြီးကွေး နဲ့ နောက်ဆုံး အနှစ်သုံးထောင် ဆရာကြီးကွေး ဆိုပြီး ရေးနေတဲ့ ဆရာ အီကြာကွေးပါ။ ဂုရုကွေး ‎ပေါ့ဗျာ။
အခုတော့ တိုက်ပွဲပျော်ကြီးဟာ မရဏမင်းနဲ့ စစ်ခင်းတဲ့ တိုက်ပွဲမှာ ကျဆုံးသွားခဲ့ရှာပါပြီ။ ရန်ကုန် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၅-ရက်၊ ညနေ ၆-နာရီမှာ ‎လူကြီးရောဂါနဲ့ ကွယ်လွန် သွားခဲ့ပါပြီ။ ကွယ်လွန်ချိန်မှာ ဆရာဟာ အသက် ၇၂-နှစ် ရှိပြီ ဖြစ်ပါတယ်။

ဆရာကြီးကွေး၏ ဘဝ တစေ့တစောင်း

ဆရာ အီကြာကွေးရဲ့ ဇာတိချက်ကြွေကတော့ ဓနုဖြူမြို့ မင်းပိုင်ရပ်မှာပါ။ ၁၉၃၈ ခုနှစ် မတ်လ ၄ ရက်၊ ‎တနင်္လာနေ့မှာ ‎အဘ ဦးမောင်နှစ်နှင့် အမိဒေါ်ညွန့်မေ တို့က ဖွေးဖွားခဲ့တဲ့ တဦးတည်းသောသားဖြစ်ပါတယ်။ ‎‎နာမည်ရင်း ဦးကျော်ထွန်းပါ။ မူလ ကဗျာ ကလောင် အမည်က ဓနုဖြူ ‎ကျော်ထွန်းဖြစ်ပါတယ်။‎ ဓနုဖြူ အစိုးရ ‎အထက်တန်းကျောင်းမှာ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့ပါတယ်။


စာရေးဆရာ အီကြာကွေး
(ဧရာဝတီက ရယူပါတယ်)

ဆရာ အီကြာကွေး မကွယ်လွန်ခင်က အမှတ် ၂၆၅၊ မင်္ဂလာလမ်း၊ ၁၂ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ‎ရန်ကုန်မြို့ မှာရှိတဲ့ သူ့နေအိမ်မှာ ဆွေမျိုးမရှိဘဲ တပည့်တချို့နဲ့ နေထိုင်ခဲ့ပါတယ်။ အဲဒီ နေအိမ်ကို ‎‎မကွယ်လွန်ခင်ကတည်းက သာသနာရေးဝန်ကြီးဌာနကို ကြိုတင် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။
ကွယ်လွန်ချိန်အထိ အိမ်ထောင်မရှိဘဲ တကိုယ်တည်း လူပျိုကြီးဘဝနဲ့ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။


ဆရာကြီးကွေး၏ အိမ် (မိုးမခ မှ ရယူပါတယ်)

စာပေတာဝန်များထမ်းဆောင်ခဲ့ပုံ

အသက် ဆယ့်ခြောက်နှစ်အရွယ်၊ ၁၉၅၄ ခုနှစ် ဇန္နဝါရီလကတည်းက စလို့ စာရေးသားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန် ‎အသက် ၇၂-နှစ် အရွယ်အထိ စာပေရေးသားခြင်းကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ အခု ‎ကွယ်လွန်ချိန် ၂၀၀၉-ခုနှစ် အထိဆိုရင် စာရေးသက်တမ်း ၅၅-နှစ်ကျော် ၅၆-နှစ်နီးပါး ရှိခဲ့တဲ့ စာရေးဆရာကြီး ‎တဦး ဖြစ်ပါတယ်။





(DVB (ဒီမိုကရက်တစ် မြန်မာ့အသံ) သတင်းဌာန မှ ‎ရယူပါတယ်)


လူမှုရေး အသော့အထေ့၊ သရော်စာ၊ ဟာသစာတွေ ရေးသားပြီး နာမည်ကျော်ကြားတဲ့ စာရေးဆရာ အီကြာကွေး ‎ဟာ လုံးချင်းဝတ္ထုပေါင်း ၂၀ ကျော်ခန့်နဲ့ ကဗျာ၊ ဝတ္ထုတို၊ သရော်ဟာသ စာပေများကို ကိုယ်ပိုင်ဟန်များဖြင့် ‎ရေးသား တင်ဆက်ခဲ့ပါတယ်။
သူဟာ စာရေးဆရာကြယ်နီ၏ တပည့်တဦးဖြစ်ကြောင်းသိရတယ် လို့ ဧရာဝတီသတင်းဌာနက ဆိုပါတယ်။
ထင်ရှားသည့် စာပေ လက်ရာတွေကတော့ ဓနုဖြူ ကျော်ထွန်း အမည်ဖြင့် ကဗျာပေါင်း ၁၂၀၀ ကျော်၊ မဂ္ဂဇင်း ‎ဝတ္ထုတို ၈၀ ကျော်၊ မဂ္ဂဇင်းဝထ္ထုရှည် ‎၃ ပုဒ်နှင့် "ပီမိုးနင်း၏ ဝတ္တုတို အတတ်ပညာ" အမည်ရှိ စာပေကျမ်း တကျမ်း ‎ပြုစုခဲ့သူဖြစ်ကြောင်း ... ၂၀ ရာစု မြန်မာစာရေး ဆရာများနှင့် စာစုစာရင်း စာအုပ်တွင် ‎ဖော်ပြထားပါတယ်။
ဆရာအီကြာကွေးဟာ လမ်းညွှန်နည်းပြ သင့်ဘဝ မဂ္ဂဇင်းမှာ ကဗျာအယ်ဒီတာအဖြစ် ‎‎နှစ်ပေါင်းသုံးဆယ်ကျော် ဆောင်ရွက်ခဲ့ပြီး လူငယ်ကဗျာရှင်ပေါင်းများစွာကို စင်တင်ပေးခဲ့ပါတယ်။ ‎‎သောကြာစာစောင်၏ အယ်ဒီတာချုပ် အဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ‎ပေါ်ပြူလာ ဂျာနယ်အတွက်လည်း စာပေများ ရေးသားခဲ့ပါသေးတယ်။ (ဧရာဝတီ) အခြားကလောင်အမည်တွေ ‎နဲ့လည်း စာပေအမျိုးအစား များစွာ ရေးသားခဲ့ပါတယ်။
၁၉၅၄-‎ခုနှစ်၊ ဇန်နဝါရီလ ၉-ရက်နေ့ထုတ် ဟံသာဝတီသတင်းစာ မဂ္ဂဇင်းမှာ "ချစ်တိုင်းပြည်" ကဗျာဖြင့် ‎‎စာပေလောကထဲသို့ စတင်ဝင်ရောက်လာခဲ့ပြီး ‎၁၉၅၃-၅၄-ခုနှစ်မှာ စာပေ ဝါသနာရှင်များအသင်း (ဓနုဖြူ) ကို ‎ဖွဲ့စည်းပြီး စာပေတာဝန်မှူးနဲ့ စာကြည့်တိုက်မှူး တာဝန်တွေကိုယူခဲ့ကာ မုန်တိုင်းစာစောင် အမှတ် (၁) နဲ့ အမှတ် ‎‎(၂) တို့ကို ထုတ်ဝေခဲ့ပါတယ်။ ‎၁၉၅၇-ခုနှစ်မှာ ဓနုဖြူ ကဗျာဆရာအသင်းကို တိုးချဲ့ဖွဲ့စည်းပြီး ဥက္ကဋ္ဌ အဖြစ် ‎တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ‎၁၉၅၈-ခုနှစ်မှာ ပြည်သူ့လူငယ်အဖွဲ့ (ဓနုဖြူ) မှာ ဥက္ကဋ္ဌ တာဝန် အပြင် ‎ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (ဓနုဖြူ)မှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ‎အဲဒီနှစ်မှာပဲ ‎အသင်းစာကြည့်တိုက်ကို တည်ထောင်ဖွဲ့စည်းရင်း ရန်ကုန်က စာရေးဆရာကြီးတွေကို ဖိတ်ကြားပြီးတော့ ‎စာဆိုတော်နေ့ စာပေဟောပြောပွဲတွေကို ဓနုဖြူမှာ စတင်ကျင်းပပေးခဲ့တာဟာ ၁၉၆၃-ခုနှစ် အထိ ဖြစ်တယ်လို့ ‎သိရပါတယ်။ ဓနုဖြူမှာ စာပေဟောပြောပွဲတွေကို မျိုးစေ့ စ,ချပေးခဲ့သူပဲ ဖြစ်ပါတယ်။
၁၉၆၉-ခုနှစ်မှာ ရန်ကုန်မြို့၊ တောင်ဥက္ကလာ ကဗျာ့ကလာပ်စည်းရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပစ္စက္ခကဗျာများနှင့် ‎ပဲ့တင်သံကဗျာများ စုပေါင်း ကဗျာစာအုပ် နှစ်အုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အီကြာကွေး အမည်နဲ့ ရေးခဲ့တဲ့ ‎‎"နောင်တခါ မေးရင် ဖြေလိုက်မယ်" ‎ဝတ္ထုတိုကို ပထမဆုံး ရုရှဘာသာသို့ ပြန်ဆိုခြင်း ခံခဲ့ရကြောင်း သိရပါတယ်။
ကဗျာဆရာ လက်သင်တွေအတွက် လမ်းညွှန်နည်းပြ မဂ္ဂဇင်းမှာ "ကဗျာ့ပွဲခင်းသာ" ကဏ္ဍကို နှစ်ပေါင်း သုံးဆယ် ‎ကျော် လစဉ်မပျက် တာဝန်ယူရေးသားခဲ့ပြီး နောက်ပိုင်း သောကြာစာစောင်မှာ အဲဒီကဏ္ဍကို သုံးနှစ်ကျော် ‎ဆက်လက် တာဝန်ယူရေးသားခဲ့ကြောင်း သိရှိရတာမို့ ဆရာဟာ အီကြာကွေး အမည်နဲ့ ကျော်ကြားခဲ့ပြီး ‎ဟာသတွေ၊ သရော်စာတွေ ရေးနေခဲ့ပေမဲ့ ငယ်ချစ်ဖြစ်တဲ့ ကဗျာအပေါ် သံယောဇဉ်ကြီးလွန်းပြီး ‎တာဝန်အထူးကျေပွန်ခဲ့သူဖြစ်ကြောင်းလည်း သိနိုင်ပါတယ်။
‎အီကြာကွေးအမည်နဲ့ သရော်စာ၊ ဟာသစာတွေကိုတော့ ၁၉၅၇-ခုနှစ်မှာ ရေးသားခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဟာသ ‎‎စာရေးဆရာ အီကြာကွေး အနေနဲ့ နိုင်ငံကျော်ခဲ့ပါတယ်။ သူဟာ လုံးချင်း အုပ်-၂၀ ကျော် ရေးသားထုတ်ဝေခဲ့တဲ့ ‎အထဲက ‎ဟာသ မဟုတ်တဲ့ "မျက်စိအောက်က ဇရာ" နဲ့ “ငုတ်တုတ်ထင်ရှားရေးဖော်များ” စတဲ့ ‎စာအုပ်တွေဟာ ‎ထင်ရှားပါတယ်။


ဆရာအီကြာကွေးရဲ့ လက်ရာ ဖြစ်တဲ့ "ငုတ်တုတ်ထင်ရှား ရေးဖော်များ"
(DVB စာမျက်နှာက ရရှိပါတယ်)


ဒါတွင်မကသေးပါဘူး၊ ဆရာကွေးဟာ ရွှေမန်းသဘင်မှာ ရှေ့ပိုင်းပြဇာတ် ဒါရိုက်တာအဖြစ် "ပုတီးတလုံး ‎ဂျောက်ခနဲ"၊ ‎‎"မျက်လုံးများပင်မြင်ပါပြီ" နဲ့ "အဆိပ်တောမှ ပြန်ခဲ့ပါ" ဆိုတဲ့ ‎ရှေ့ပိုင်းပြဇာတ်တွေကိုလည်း ‎ရေးသားခဲ့ပါတယ်။ (ဧရာဝတီ)‎
လက်ရှိ မြန်မာပြည်ရဲ့ စီးပွားရေးအခြေအနေတွေကို သူကိုယ်တိုင် ဂုရုကွေးဆိုတဲ့ ဇာတ်ကောင်အဖြစ်နဲ့ ပါဝင်တဲ့ ‎အတို့အထိ သရော် ဟာသလေးတွေနဲ့ စာဖတ်ပရိသတ်ကို မနောခွေ့စေခဲ့သလို ဒကာဆိတ်၊ ဆိုက်ကားဆရာ ‎စာကလေး အစရှိတဲ့ ဇာတ်ကောင်များနဲ့ သူ့မူပိုင် ဟိုက်ရှာလဘတ်ရည်၊ သွပ်သွပ်သွပ်သွပ် စတဲ့ ‎စကားလုံးလေးတွေဟာ တနိုင်ငံလုံးက လူကြီးလူငယ်တွေကြားမှာ ရေပန်းစားခဲ့တာပါ။ ခွေးတွေကို ဇာတ်ကောင် ‎အဖြစ်ထားပြီး "ဖိုက်တာဘောလုံး၏ ကြိုးပမ်းချက်များ" ဆိုတဲ့ အသော့ အထေ့ ဟာသ ဝတ္ထုတိုတွေလည်း ‎အတွဲလိုက် ရေးသားခဲ့ပါ သေးတယ်။
မိုးဝေမဂ္ဂဇင်းမှာပါတဲ့ "ခွပ်လိုက်ကြစို့ သူငယ်ချင်း" နဲ့ ရှုဒေါင့်ဂျာနယ်က "နိုင်ငံတော်ပြည်အရေး" ပင်တိုင်ကဏ္ဍ ‎တွေမှာ ပရိသတ် အခိုင်အမာရခဲ့ပါတယ်။ မော်ကွန်းဂျာနယ် သက်တမ်းတလျှောက် အဆက်မပြတ်ရေးခဲ့တဲ့ ‎အသော့အထေ့စာမူတွေကို စုစည်းပြီး "တွေ့ရကြုံရ ရှတတ လေးတွေ" ဆိုတဲ့ လုံးချင်းစာအုပ်အဖြစ်လည်း ‎ပြန်လည်ထုတ်ဝေခဲ့ပါတယ်။



ဆရာကြီးကွေး၏ တွေ့ရကြုံရ ရှတတလေးတွေ စာအုပ်


အနုပညာရှင်တို့၏ စကားများ

အော်ပီကျယ်
ငယ်စဉ် ကျောင်းသားဘဝကတည်းက ဆရာကြီးရဲ့ စာပေလက်ရာတွေနဲ့ ရင်းနှီးခဲ့ပြီး လေးစားခဲ့ရသူ ‎ကာတွန်းဆရာ အော်ပီကျယ်ကတော့ စာပေလောကရဲ့ အဖိုးတန်လှတဲ့ ကလောင်တလက် ဆုံးရှုံးတဲ့အတွက် ‎ဝမ်းနည်းမိတယ် လို့လည်း ကာတွန်းဆရာ အော်ပီကျယ်က မဇ္ဈိမ (မြန်မာ) သတင်းဌာန ကို ပြောခဲ့ပါတယ်။
‎"အဓိက သရော်စာပေတွေမှာ ဆရာကြီးတို့က ထိပ်ဆုံးမှာ ရှိတယ်။ ဆရာ့ရဲ့ သရော်စာတွေကို ကျနော်တို့ ‎ငယ်ငယ်ကတည်းက စွဲလမ်းတယ်။ ဆရာဆုံးသွားတော့ တကယ့် ပင်တိုင် ဟာသစာရေးဆရာတယောက် ‎လျော့သွားတာပေါ့ ခင်ဗျာ၊"‎
‎"သူက လူတိုင်းနဲ့ ခင်တယ်။ သူ့ဘဝတလျှောက်လုံးက စာပေလုပ်ငန်းတခုထဲနဲ့ပဲ ရပ်တည်ခဲ့တယ်" လို့ သူက ‎ပြောပါတယ်။
လွတ်လပ်သော မြန်မာ့အသံ (RFA) သတင်းဌာနကိုတော့ ...‎
‎"ဆရာအီကြာကွေးက ကျနော်တို့ရဲ့ သင်ဆရာ မဟုတ်တောင် မြင်ဆရာပေါ့ဗျာ။ သူရေးတာလေးတွေက ‎တကယ်ထိထိမိမိပါ၊ ကောင်းပါတယ်။ ကျနော်တို့က နဂိုကတည်းက ကြိုက်လည်းကြိုက်တယ်၊ ‎လေးလည်းလေးစားတယ်။ စာပေတခုတည်းနဲ့ ဆရာအီကြာကွေးတို့က အသက်မွေးရတာလေ။ ‎ဆရာတို့ဟာကျလည်း များသောအားဖြင့် မဂ္ဂဇင်းတွေမှာ ရေးတဲ့ဟာလေးတွေဆိုတော့ ဝင်ငွေအားဖြင့်ကျတော့ ‎သိပ်ပြီးတော့မများဘူးပေါ့။ အဲ့ဒါကိုပဲ စွဲစွဲမြဲမြဲစာရေးပြီး အသက်မွေးဖော်ရတယ် ဆိုတော့ ကျနော်တို့က ‎တကယ်ချီးကျူးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစိုက်မတ်မတ် ရေးခဲ့တာကိုး။ အဲ့တော့ ကျနော်တို့က ‎နှမြောပါတယ်။ ဆရာမှ မဟုတ်ပါဘူး၊ ဘယ်သူမဆို စာပေလောကထဲက ဆုံးသွားကြရင် နှမြော စရာကြီးပဲ။ ‎ကလောင်တချောင်း လျော့လျော့သွားတာကိုး ..." လို့ RFA သတင်းဌာနကို ကာတွန်း အော်ပီကျယ်က ‎ပြောခဲ့ပါတယ်။

စာပေစာနယ်ဇင်းလောကရှိ စာရေးဆရာ တဦး
ဆရာကြီး အီကြာကွေးရဲ့ အမှတ်တရ သရော်ဟာသ တခုဖြစ်သည့် 'တိုင်ထောင်ထားတဲ့ မာစတာ' ဟာလည်း ‎ဖတ်မိသူများအတွက် ရင်ထဲ စွဲမှတ်သွားစေကြောင်း လုပ်ဖော်ကိုင်ဖက်ဖြစ်သူ စာပေစာနယ်ဇင်းလောကရှိ ‎စာရေးဆရာ တဦးက ယခုလို မှတ်ချက်ပေးခဲ့ပါသေးသတဲ့။
‎"ဆရာ့အရေးအသားက သိပ်ပြောင်မြောက်တယ်။ ၈၃ ခုနှစ်လောက်ကပေါ့။ အဲဒီတုန်းက တိုယိုတာ ‎ဖောင်ဒေးရှင်းတခုက စာရေးဆရာတွေရဲ့ စာပေတွေကို စုဆောင်းပြီး ပြိုင်ပွဲတခု လုပ်ပေးတယ်။ ဆုရတဲ့သူတွေကို ‎TV တလုံး လက်ဆောင်ပေးမယ် ပြောပေမယ့် တကယ်တမ်းတော့ မပေးဘူး။ အဲဒါကို ဆရာက သရော်ထားတာ" ‎လို့ သူက မဇ္ဈိမ သတင်းဌာန ကို ပြောပါတယ်။

မင်းလူ
ဆရာ အီကြာကွေးရဲ့ လူနေမှု ဘဝတစိတ်တပိုင်းကို စာရေးဆရာ မင်းလူက ...‎
‎"သူက လောဘမရှိဘူး၊ ‎မာန်မာန မရှိဘူး၊ လူငယ် တွေနဲ့ ရောရော၊ နှောနှော ပေါင်းသင်းလို့ရတယ်၊ ဘဝကို ‎ပျော်ပျော်ပါးပါး၊ ‎လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားချင်တယ်၊ သိပ်လေးနက်တဲ့ ‎‎အကြောင်းအရာတွေကို သူမလုပ်ချင်ဘူး" လို့ ဧရာဝတီ သတင်းဌာနကိုပြောပါတယ်။
‎"ဆရာကွေးရဲ့ သရော်စာတွေမှာ အငြိုးအတေးနဲ့ ပုဂ္ဂိုလ်ရေး ထိခိုက်တာမျိုးမပါဘူး၊ သူ့ရဲ့ ‎သရော်စာတွေက ‎ရိုးသားတယ်၊ ထူးခြားတဲ့ အချက်က တကယ်လေးနက်ပါတယ်ဆိုတဲ့ နိုင်ငံရေး ‎အကြောင်းအရာ၊ တခြား ‎တွေးခေါ်ပိုင်းဆိုင်ရာတွေ အားလုံးကို သူအကုန်သိတယ်၊ ဒါပေမယ့် ‎သူကိုယ့်သူ ပညာတတ်ကြီးလို မနေခဲ့ဘူး" ‎လို့လည်း သူက ဆက်ပြောပါတယ်။
‎"ဆရာကွေးကိုပြောရင် အများကြီးဗျ၊ သင်္ကြန်ခေတ်ကောင်းခဲ့တဲ့ ‎တလျှောက်လုံးမှာ သင်္ကြန်သံချပ် တော်တော် ‎များများ ရေးခဲ့တယ်၊ သင်္ကြန်လှည့်ကားမှာလည်း သူက ‎လိုက်တယ်၊ သင်္ကြန်ပိုးလည်းရှိတယ်" လို့လည်း ‎ဆရာမင်းလူက ဆက်ပြောခဲ့ပါသေးတယ်။

လူငယ် ကဗျာဆရာ ဏီအဲဝိုင်
ဆရာ အီကြာကွေးရဲ့ စာဖတ်ပရိသတ်တဦးဖြစ်သူ လူငယ် ကဗျာဆရာ ဏီအဲဝိုင် က ...‎
‎"ဆရာကြီးရဲ့ ‎‎"တိုက်ပွဲပျော်" ဆိုတဲ့ ကဗျာဟာ ကျနော်တို့ လူငယ်တွေ အတွက် အများကြီး စိတ်ဓာတ်ခွန်အား ‎‎ဖြစ်စေပါတယ်" လို့ ဧရာဝတီ သတင်းဌာနကို ပြောပြပါတယ်။
‎‎"အနှစ်တထောင် အီကြာကွေးလို့ သူ့ကိုယ့်သူ ဆိုခဲ့ပေမယ့်လည်း အခုလို နှစ်တရာမပြည့်ခင်မှာ ‎ဆုံးပါးသွားတဲ့ ‎အတွက် နှမြောမိ ပါတယ်၊ ဆရာကြီးရဲ့ ကဗျာတွေ၊ ဟာသ ဉာဏ်ရွှင်တဲ့ ‎အရေးအသားတွေ ရှေ့ဆက် ‎မတွေ့ရတော့ဘူးဆိုတော့ စာပေ လောက အတွက်လည်း ‎ဆုံးရှုံးမှုကြီးဖြစ်ပါတယ်" လို့လည်း ဏီအဲဝိုင် က ‎ဆက်ပြောပါတယ်။
လုပ်ဖော်ကိုင်ဖက် စာပေသမားတွေကတော့ ခုလို ဆရာကြီး အီကြာကွေး ကွယ်လွန်သွားတာဟာ ‎မြန်မာ့စာပေလောကရဲ့ အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုကြီးတခု ဖြစ်တယ်လို့ ဆိုကြပါတယ်။

မောင်မိုးသူ
ဆရာကြီးဆုံးတဲ့ညပိုင်း ‎ဆရာကြီးနဲ့ ခေတ်ပြိုင် စာပေလောကသားတွေ ဆုံတွေ့နေကြတဲ့အချိန်မှာ အီကြာကွေး ဆုံးပါးသွားတယ်ဆိုတာ ‎သိလိုက်ရတဲ့အတွက် စိတ်မကောင်း ဖြစ်ကြရတဲ့အကြောင်း စာရေးဆရာ အယ်ဒီတာ ရုပ်ရှင်ဒါရိုက်တာတဦး ‎ဖြစ်တဲ့ ဆရာကြီးမောင်မိုးသူက လွတ်လပ်တဲ့ အာရှအသံ သတင်းဌာန (RFA) ကို အမှတ်တရစကား ‎အခုလိုပြောပါတယ်။

‎"ဘဘတို့ မနေ့ညက စာရေးဆရာရဲ့ မွေးနေ့မှာ ဘဘတို့ သူငယ်ချင်းတွေ အကုန်လုံး စုသွားနေတုန်း ‎တော်တော် များများ ဆုံနေကြတုန်း အဲ့မှာ စ ကြားတာပဲ။ အစတုန်းက ဆေးရုံတက်တဲ့အကြောင်း အဏ္ဏဝါစိုးမိုး ‎ဖုန်းက ပြောတယ်။ နောက် ဆုံးတာလည်း အဏ္ဏဝါစိုးမိုး ဖုန်းဆက်လာတော့မှသိတယ်။ အီကြာကွေး ဆုံးတာနဲ့ ‎ပြောစရာ ရိုးရိုးလေးပါပဲ။ အင်မတန် ချစ်စရာကောင်းတယ်။ သဘောကောင်းတယ်။ ပျော်စရာကောင်းတယ်။ ‎စာပေဟောပြောပွဲတွေမှာ ဟောရင်လည်း သူက နာမည်ကြီးပဲလေ။ သူနဲ့ လုပ်ကိုင်ရတာလဲ ‎ချစ်စရာကောင်းပါတယ်။"‎
ဆရာကြီးအီကြာကွေးရဲ့ စာပေဆောင်းပါး တော်တော်များများကို သူတာဝန်ခံခဲ့တဲ့ စာပေမဂ္ဂဇင်းတွေမှာ ‎အခန်းဆက် ဖော်ပြခဲ့တဲ့အခါ လူထုရဲ့ အကြိုက်တွေ့တဲ့ ဆောင်းပါးတွေ ဖြစ်ခဲ့တယ်လို့ ဓနမဂ္ဂဇင်းတိုက် ‎အယ်ဒီတာ တာဝန်ယူခဲ့သူ ဆရာမောင်မိုးသူက ဆက်ပြောခဲ့ပါတယ်။

ဒေါက်တာလွဏ်းဆွေ
‎ဆရာကြီး အီကြာကွေးဟာ ဓနုဖြူကျော်ထွန်း ဆိုတဲ့ ကလောင်အမည်နဲ့ လစဉ်ဆောင်းပါးတွေ ရေးခဲ့ဖူးတဲ့ ‎မြားနတ်မောင် မဂ္ဂဇင်းရဲ့ အယ်ဒီတာဟောင်း ဒေါက်တာလွဏ်းဆွေကလည်း ဆရာကြီးဟာ လောဘရမက် ‎အလွန်နည်းပြီး ရခဲ့သမျှ စာမူခတွေကိုတောင် လုပ်ဖော်ကိုင်ဖက် စာရေးဆရာတွေကို ခွဲဝေပေးတတ်တယ်။ ‎အင်မတန် သဘောဖြူတဲ့ ဆရာကြီးပါလို့ ပြောပါတယ်။
"ဟုတ်ကဲ့ ဆရာနဲ့ပတ်သက်ပြီး အဓိက သတိထားမိတာကတော့ ဘဝမှာ သူက ဘာမှ လောဘစိတ် ၊ဒေါသစိတ်၊ ‎မောဟစိတ်တွေ မရှိဘူး။ ဆရာဟာ ဖြူစင်တဲ့ လူတယောက်ဖြစ်တယ်။ လူတဖက်သားကို ကောက်ကောက် ‎ကွေ့ကွေ့ မရှိဘူး။ ပျော်ပျော်နေမယ်၊ သူရတာမှန်သမျှ လှူမယ်၊ အများအတွက်လုပ်မယ်။ ဘဝမှာ အားလုံး ‎အဆင်ပြေအောင် နေထိုင်တဲ့သူ တယောက် ဆိုတော့ ဆရာရဲ့ဘဝက ဖြူစင်သန့်ရှင်းတဲ့ လူတယောက်လို့ ‎ပြောရမှာပေါ့နော်။" လို့ ဒေါက်တာလွဏ်းဆွေက RFA ကို ပြောသွားပါတယ်။

ဆရာမောင်စိမ်းနီ
ကဗျာဆရာကနေ သရော်စာရေးသူဘဝကို ပြောင်းလဲသွားတဲ့ ဆရာကြီးအီကြာကွေးရဲ့ စာပေဘဝဖြတ်သန်းမှုနဲ့ ‎ပတ်သက်လို့ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာမောင်စိမ်းနီက "သူက ကဗျာဆရာဗျ။ ကျနော်တို့ ‎ကတော့ ကဗျာဆရာဆိုတော့ နှမျောတာပေါ့။ သူရေးခဲ့တာလေးတွေက ကောင်းခဲ့တာကိုး" လို့ ‎ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းဌာနကို အမှတ်တရ ပြောကြားပါတယ်။
‎"တိုင်းရင်းမေတို့ ဘာတို့တုန်းက သူရေးခဲ့တာတွေ တော်တော်များများ ကောင်းခဲ့တယ်။ ကဗျာအနေနဲ့တုန်းက ‎တော့ ဓနုဖြူကျော်ထွန်းအနေနဲ့ ဖြစ်တာပေါ့လေ။ နောက်ပိုင်းကျမှ အီကြာကွေးဖြစ်ပြီးတော့ ပျော့စိကုန်တာတွေ ‎ဖြစ်ကုန်တာပေါ့။"‎
ဆရာဟာ မြန်မာ့စာပေလောကအတွက် လိုအပ်နေတဲ့ သရော်စာပေနဲ့ ဟာသစာပေတွေကို ကလောင်သွား ‎ထက်ထက်မြက်မြက်နဲ့ ရေးသားနိုင်ခဲ့သူလို့လည်း ဆရာမောင်စိမ်းနီက သုံးသပ်ချီးကျူးပါတယ်။
သရော်စာတွေကို ထိထိမိမိရေးနိုင်စွမ်းတဲ့ အီကြာကွေး ဆုံးပါးသွားတာဟာ မြန်မာစာပေအတွက် နှမျောစရာပါ ‎လို့လည်း မောင်စိမ်းနီက ပြောပါတယ်။
ကာတွန်းအော်ပီကျယ်နဲ့ ဆရာအီကြာကွေးတို့ရဲ့ မိတ်ဆွေရင်း စာရေးဆရာ တက္ကသိုလ်စိန်တင်တို့ကလည်း ဒီနှစ် ‎ထဲမှာ ဟာသစာရေးဆရာ နီကိုရဲ ကွယ်လွန်သွားပြီးနောက် အခုလည်း ဆရာအီကြာကွေး ဆုံးပါးသွားပြီဖြစ်လို့ ‎နှမျောပါတယ်လို့ ပြောပါတယ်။

ဆရာကြီးကွေး၏ နောက်ဆုံးခရီး








ဆရာ အီကြာကွေး၏ နာရေးနှင့်ပတ်သက်ပြီး ရုပ်ရှင်မင်းသား အကယ်ဒမီ ကိုကျော်သူ ဦးစီးတဲ့ ‎နာရေးကူညီမှုအသင်းက ‎တာဝန်ယူပြီးတော့ သူ့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ဒီဇင်ဘာ ၁၇ ရက်နေ့ ‎‎ကြာသပတေးနေ့ နေ့လည် ၂-နာရီမှာ ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်ကတဆင့် ရေဝေး သုသာန်ကို ‎‎သယ်ဆောင်ပြီး မီးသင်္ဂြိုဟ် ခဲ့ပါတယ်။




အကယ်ဒမီကျော်သူ နှင့် စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ




ဈာပန ဓာတ်ပုံများကို http://moemaka.blogspot.com/ မှ ရရှိပါတယ်။


ဆရာကြီးကွေး ကောင်းရာသုဂတိသို့ လားပါစေ ....

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ

ဟယ်ရီ


Sources and References:‎

Read More...

Tuesday, 15 December 2009

ခရမ်းပြာတမ်းချင်း‎

လိပ်ပြာသခင်ရယ်၊‎
စိတ်မှာအစဉ်မယုံချင်တတ်လဲ၊‎
အိပ်ရာဝင်ပုံပြင်အမှတ်နဲ့၊‎
အကုန်အစင်ဖတ်ပါ။‎

ငယ်စာရင်းမှာ မဝင်ပါဘူး၊‎
သူငယ်ချင်းပါ အစဉ်ပြောပေမယ့်၊‎
ရင်မောစွာ တိတ်တခိုးနဲ့၊‎
ကြိတ်ပျိုးမိတဲ့ အကြင်နာကို၊‎
တမင်တကာ ရင်မှာသိမ်းပါလို့၊‎
ထိန်းလာရ အနေခက်လေတဲ့၊‎
နွေရက်တွေကြာ။‎

အမှန်ပြောရင်ကွယ်၊‎
သံယောဇဉ်တွယ်လာလေတော့၊‎
နွယ်ပမာလိုရစ်ပတ်ထားတဲ့၊‎
အချစ်နတ်ဘုရားရဲ့စေရာကျွန်ပမာ၊‎
အသစ်ထပ်ပွားတဲ့ဝေဒနာနွံမှာ၊‎
ကျွံလာလေ အရုန်းခက်၊‎
မမုန်းရက်တဲ့ အတွယ်အတာ၊‎
‎ကြွယ်ကာဆင့်ပွား။‎

ရင်ထဲမှာ ဆယ်နေထွက်သလိုပေါ့၊‎
ရှင်ကွဲဟာ တကယ်အနေခက်ပါရဲ့၊‎
ရေထက်က လမင်းပုံလို၊‎
ဘဝချင်းမဆုံ လွမ်းဗျာကြွယ်လို့၊‎
တမ်းကာရယ် မပြည့်တဲ့ခဏမှာ၊‎
နှုတ်ခမ်းလွှာရယ် သွေ့ခဲ့ရစဉ်၊
နေ့နဲ့ညအစဉ် ပြောင်းသွားလေသမျှ၊‎
မမေ့တဲ့ဘဝတွင် နှောင်းသွားပြီမို့၊‎
‎(ခရမ်းပြာရယ် ... )‎
မတွေ့ခဲ့ကြရင်အကောင်းသား။ ။‎


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Tuesday, 1 December 2009

အလွမ်းပျော်

အလွမ်းနှင့်မျှော်၊ ပန်းပွင့်ပေါ်မှာ၊
လွင့်ရော်ဝေ့ဝဲ၊ ပျော်မွေ့ဆဲပေါ့၊
တွေ့မြဲတွေ့နေ၊ အိပ်မက်တွေတိုင်း၊
ဝေမှိုင်းညို့စွေ၊ လှိုင်းတို့ခြေရာ၊
ဖွေရှာမိမော၊ ရီဝေမျောရင်း၊
သောကဝတ်ရည်၊ ဖြစ်တည်သောက်သုံး၊
နောက်ဆုံးတော့လေ၊ ဖြေမပြေသမျှ၊
နေနေကျပြီ၊ နွေညတမ်းခြင်း၊
ပန်းတခင်းမှာ၊
လွမ်းရင်းလွမ်းကာ ပျော်တော့မည်။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

Read More...

Monday, 23 November 2009

ကြယ်ကြွေဆုတောင်း

ကြယ်တို့မည်သည်၊ ညယံဆီ၌၊ သီရီကြွေကျ၊ မြေသို့ခချိန်၊ ခဏတာဝယ်၊ တောင်းဆုရွယ်သော်၊ အကယ်ပင်ပြည့်၊ ‎‎ဆိုဓလေ့ကို၊ တကွေ့ချိန်ခါ၊ ကြားနာဖူးခဲ့၊ ထူးတဲ့ဖြစ်အင်၊ တကယ်ပင်လား၊ မထင်ငြားလည်း၊ လွင့်ပါးစိတ်နယ်၊ ‎‎ဖြေတွယ်ရာမဲ့၊ သောကရဲ့လူ၊ အပူတွေများ၊ ပျောက်လိုငြားပေါ့၊ စောင့်စားဆုချွေ၊ ပန်ဖူးပေ၏၊ ဝေရီဝေမြ၊ ‎‎ကြယ်ကြွေကြသည်။ ။ ညအခါ၌သာတကား။

ရွယ်လို့ရည်မည်၊ ခါရာသီပြောင်း၊ ပြာရီဆောင်းလဲ့၊ နှောင်းနွဲ့နွဲ့နှင်း၊ သွဲ့သင်းသင်းသုန်၊ မှိုင်းမှုန်မြမြ၊ ပျပျပျံ့ပျူး၊ ‎‎လွမ်းလေလူးလို့၊ သည်းဦးသူ့ကို၊ တမ်းစိတ်ပိုစဉ်၊ ဟိုအရင်က၊ ချိုရွှင်မြသည့်၊ ငွေလမျက်နှာ၊ ရှက်ရိပ်ဖြာဝှက်၊ ‎‎ဆံနွယ်ယှက်ငင်၊ ညက်ညက်ငြင်မြ၊ ပြုံးစစသည်။ ။ နှမလာခိုက်မှာတကား။

ဘယ်သို့ဆီရည်၊ ဝေသီထွေပြား၊ နွေရက်များသာ၊ အခါခါနှင့်၊ ရာသီစက်ဝန်း၊ ဖန်ဖန်ယွန်းချိန်၊ လဲ့ရွှန်းစန္ဒီ၊ ဘယ်ဝယ်ဆီလဲ၊ ‎‎ထွေရီမိန်းမော၊ သောကတောလယ်၊ ဖျောက်သောခြေရာ၊ ဖွေရှာတွေ့သူ၊ ဖြစ်စေဟူသား၊ ရင်ပူလှိုက်ဝေ၊ တောင်းဆုချွေမိ၊ ‎‎ကြယ်ကြွေဆုတောင်း၊ ပြည့်စေကြောင်းဟု၊ ဆင့်လောင်းဆုပန်၊ အဖန်ဖန်နှင့်၊ မိုးယံရီမြ၊ ကြယ်ကြွေညသည်။ ။ လမသာ ‎‎မိုက်ပါတကား။


ရတုတွေကို ခေါင်းစဉ်တပ်လေ့မရှိဘူး ဆိုပေမဲ့ မတပ်ရဘူးလို့တော့လည်း ဆိုမထားတာကြောင့် ဒီရတုလေးကိုတော့ ခေါင်းစဉ်တပ်လိုက်ပါတယ် ...

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...‎
ဟယ်ရီ

Read More...

Saturday, 7 November 2009

ကြွေ

လွမ်းလို့သာ၊
ပန်းတို့မှာ ကဗျာပွင့်။

သခင့်ထံ၊
အသင့်ပန်ရန် နှင်းအဆက်မှာ၊
ငြင်းရက်သူ ပန်းမကြိုက်၊
နွမ်းခိုက်ကြွေလွင့်။


လောကအလှ‎အတွက် ရေးပေးတဲ့ ကဗျာလေးပါ ... ‎ဒီမှာ‎ လည်း သွားဖတ်နိုင်ပါတယ်။

ကျနော် facebook မှာ တင်ထားတုန်း မမေ (မမေဓာဝီ) က ဒီကဗျာလေးကို ဖတ်ပြီး Comment မှာ ကဗျာတပုဒ် ပြန်ရေးပေးထားပါတယ်။ အလွန်လှတဲ့ ကဗျာလေးမို့ ကျနော်အလွန်ကြိုက်လို့ တခါတည်း တင်ပေးလိုက်ပါတယ်။ (မမေရေ ... ခွင့်ပြုပြု မပြုပြု တင်ပြီဗျို့ ... စာမကျက်ချင်တိုင်း ကဗျာတွေ လျှောက်ရေးနေတယ်)


မမှန်းသာ
ပန်းကဗျာ သီကာကုံး
မမုန်းပါနှင့်။

အရှင့်ထံ...
ခွင့်ပန်လွှာ ကဗျာပန်းကို
အသာလှမ်းကာ ပေးအပ်လည်း
ပြေးထွက်သူ ရှောင်ခွါလို့
ယောင်ချာချာ မျှော်တမ်းရှိုက်
လွမ်းလှိုက်လေလွင့် ... ။

မေဓာဝီ

အဲဒီ ကဗျာလေးအတွက် ခေါင်းစဉ်ကိုတော့ လောကအလှ‎ မှ ဒေါ်လေး ဟနစံ က "လွင့်" လို့ ပေးသွားပါတယ် (ကောင်းလိုက်တဲ့ ခေါင်းစဉ်လေး) ... ပြီးတော့ သူ့ လောကအလှ မှာပဲ လက်မြန်ခြေမြန် ယူတင်လိုက်ပါလေရော ...

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...‎
ဟယ်ရီ

Read More...

Saturday, 31 October 2009

အိပ်မက်သခင်

သူသိမှာစိုး၊ တိတ်တခိုးလေ၊‎
စိတ်ဆိုးမှာလား၊ အသည်းကြားက၊‎
စကားသံဆိတ်၊ မျက်ဝန်းရိပ်မှာ၊‎
မျိုသိပ်ကာပဲ ကြည့်နေမယ်။‎

သူသိမှာလား၊ နှလုံးသားက၊‎
စောင့်စားထိတ်ဖို၊ လိပ်ပြာညိုတို့၊‎
အို ... ပျံကာဝဲ၊ ရင်ထိတ်သည်းဖို၊‎
အမြဲလိုပဲ မျှော်မိတယ်။‎

သူသိမှာပါ၊ အကြင်နာတွေ၊‎
မြင်သာထင်ရှား၊ သူ့အနားမှာ၊‎
ခစားလေတိုင်း၊ ရင်လှိုင်းခတ်သံ၊ ‎
ဆူညံမူပျက်၊ ဟန်ဆောင်ခက်တယ်၊‎
နေ့ရက်လနှစ် ကြာပြီကွယ်။‎

သူသိစေချင်၊ သိတယ်ထင်မိ၊‎
သိရင်စိတ်ဆိုး၊ သိမှာစိုးပြန်၊‎
သိနိုးသိငြား၊ သိမလားပေါ့၊‎
သိသွားမယ်ဆို၊ ကြင်နာပိုနိုး၊‎
အမျိုးမျိုးပင်၊ စိတ်မှာထင်ဆဲ၊‎
ရင်ထဲတိတ်တိတ်၊ စိုးထိတ်ထိတ်ဖြင့်၊‎
အိပ်မက်များကိုဖန်ဆင်းသူ။‎ ။

‎‎မြန်မာမိသားစုမဂ္ဂဇင်း အမှတ် (၂) အတွက် ရေးပေးထားတဲ့ ကဗျာလေးပါ ... အလွယ်တကူ ဖတ်ရှုလို့ရအောင် ဒီမှာ ‎ပြန်တင်ပေးလိုက်ပါတယ် ... မဂ္ဂဇင်းကိုဖတ်ချင်ရင်တော့ ဒီမှာ‎ ရယူနိုင်ပါတယ် ..

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

Read More...

Tuesday, 15 September 2009

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁၇)‎

သာမညတေးထပ်‎

ပဓာနကာရန်ကိုးချက်မှာ တလုံးချင်းပဲ ကာရန်ယူပြီး ‎ဝမ်းတွင်းကာရန်တွေ (နဘေ) မယူဘဲ၊ အကွန့် အတွန့်တွေ မပါဘဲ ‎သာမန် ရိုးရိုး ရေးထားလို့ ‎သာမညတေးထပ်လို့ခေါ်ပါတယ်။ အပေါ်ကပြခဲ့တဲ့ ဇယား‎ပါအချက်အားလုံးနဲ့ ကိုက်ညီအောင် ‎ရေးလိုက်ရင် သာမညတေးထပ်ကိုရပါတယ်။ သာမညတေးထပ်အတွက် ‎ဥပဒေသဆောင်ပုဒ် ‎တေးထပ်တပုဒ်ကို ကြည့်ပါ။ ဇယားထဲ ထည့်ပြပါမယ်။‎‎


ဥပဒေသဆောင်ပုဒ် ‎တေးထပ်‎
တေးထပ်စာ ဉာဏ်ကွန့် (ဘို့)၊‎
နည်းညွန့်ညွန့် ရေးမည်၊‎
ပဓါန ကာရန်ညီ (အောင်)၊‎
ရေးကြံစည် ကြမြဲ၊‎
ဤနည်းဖြင့် ရှေးဦးစွာ၊‎
ငြိရုံသာ ရေးတတ်ဘို့ခဲ။‎

ထို့နောင်မှ ကာရန်သာ (အောင်)၊‎
ရှာကြံကာ စပ်တွဲ၊‎
အဓိပ္ပာယ် ပါအောင်ဆွဲ (ပါလို့)၊‎
စကားလဲ ကျဉ်းစေ၊‎
ဖတ်ရွတ်ပုံ စည်းသေကျ (လျှင်ဖြင့်)၊‎
တေးနယ တတ်မဲ့ကဝေ။‎

ပိုဒ်ထားနှင့် ဘယ်ညာလေ (မှာ)၊‎
မြဲပုံသေ တည်အကျ (ဟာမို့)၊‎
အာဂုံရ ရှိနမူ၊‎
ရေးတော့ထပ်တူ၊‎
ချင်းတို့ချင်း ကာရန်ယူ (သော်)၊‎
ခေါင်တဆူ ဖြစ်အုန်းလိမ့်လေး။‎



ဒါဆို ဘယ်နေရာတွေမှာကာရန်ယူရမလဲ ဆိုတာလည်း ‎ရှင်းမယ်လို့ ထင်ပါတယ်။ အနက်ရောင် ခြယ်ထားတဲ့ အကွက်တွေက ‎ပဒါလင်္ကာရတွေ၊ ‎ကြိယာတွေ၊ ဝိဘတ်တွေ ဖြစ်ပါတယ်။ သူတို့ကို သက်ဆိုင်ရာအပိုဒ်က ကာရန်နဲ့ ဂရု၊ လဟု ‎‎အတူတူ ယူထားကြောင်း သတိပြုပါ။ ဥပမာ - အပိုဒ်-၁၄ မှာ အပိုဒ်ကာရန်က 'ကျ' (လဟု) ‎ဖြစ်ပြီး ပဒါလင်္ကာရ ကလည်း ‎‎'ဟာမို့' (လဟု) ပဲဖြစ်ပါတယ်။ အပိုဒ်-၁၇ မှာ အပိုဒ်ကာရန်က ‎‎'ယူ' (ဂရု) ဖြစ်ပြီး ပဒါလင်္ကာရ ကလည်း 'သော်' (ဂရု) ‎ပဲဖြစ်ပါတယ်။‎
စလေဦးပုည ရေးတဲ့ သစ္စာတိုင်တေးထပ်တပုဒ်ကို နမူနာအဖြစ် ဖော်ပြလိုက်ပါတယ်။‎

သွေမကွက်ပါနှင့်‎
ခိုင်စပယ်ငွေရည်ဥ၊‎
မာလာယုမျက်ခြယ်၊‎
မောင်ဆွဲတဲ့ပုလဲသွယ်ငယ်၊‎
ထယ်တော်လေမူအား၊‎
ဆောင်ညွန့်တဲ့ သဉ္စာကို၊‎
မသေချာစွဲမည်စိတ်ထား။‎

ရွှေစိတ်တော် ခုခါခံသည်၊‎
ဘယ်ဂုဏ်မာန်ထောက်ပွား၊‎
ညာပင်သူမြသားက၊‎
စိမ်းကားမည့်အနေ၊‎
ရွှေဘောတော်သွေမကွက်ပါနှင့်၊‎
စိန်ဘယက် နန်းကြော့ညာမေ။‎

မောင်ကဖြင့် သက်ဝေကို၊‎
ကမ္ဘာလေ အကုန်တိမ်းစေတော့၊‎
‎ယိမ်းပါဘု မောင့်သစ္စာ၊‎
စွဲတဲ့စိတ်မှာ၊‎
ငွေသင်္ခ သော်တာငယ်၊‎
မှန်သေချာပြောလိုက်ပါ့လေး။ ။‎


အရိုးခံတေးထပ်
အရိုးခံတေးထပ် ကတော့ ‎...‎
ပဓာနကာရန် (၉)ချက် အလုံးစုံတူရပါမယ်။‎
အဲဒီကာရန်တွေရဲ့ရှေ့က ဝမ်းတွင်းကာရန် (၂) လုံးကိုပါ နဘေကိုက်အောင် အစပ်ကာရန် ‎ယူရပါမယ်။‎
အပိုဒ် (၂) နဲ့ အပိုဒ် (၃) ဟာ တပိုဒ်လုံး ကာရန်ထပ် (နဘေထပ်) ရပါတယ်။‎
အပိုဒ် (၈) နဲ့ အပိုဒ် (၉) ဟာလည်း တပိုဒ်လုံး ကာရန်ထပ် (နဘေထပ်) ရပါတယ်။‎
ကျန်တာအားလုံး သာမညတေးထပ်နဲ့ အတူတူပါပဲ။‎
အောက်မှာ ဇယားနဲ့ပြထားပါတယ်။ ဇယားကွက်မှာ ဝမ်းတွင်းကာရန်ယူရမယ့် စာလုံးတွေကို ‎အရောင်တူ ပြထားပါတယ်။



အရိုးခံတေးထပ် အတွက် ဥပဒေသဆောင်ပုဒ်တေးထပ် ကို ကြည့်ပါ။‎



ဒီ ဥပဒေသဆောင်ပုဒ် အရိုးခံတေးထပ်မှာ ပဓာနကာရန် (၉)ချက်ကို စာလုံးနက် နဲ့ ‎စာလုံးစောင်း (Bold & Italic) နဲ့ ပြထား ပါတယ်။ ‎နဘေထပ်ရမယ့်အပိုဒ်တွေကို အရောင်တူ ‎ပြထားပါတယ်။ တပိုဒ်လုံး နဘေယူရမယ့် လေးပိုဒ် (၂-၃၊ ၈-၉) ကိုတော့ ‎အရောင်ခြယ် ‎‎(Highlight) ပြထားပါတယ်။‎
နမူနာ အရိုးခံတေးထပ်တွေကို ဆက်လေ့လာဖို့ ရေးပေးလိုက်ပါတယ်။

လက်ဖက်ရည်တော် ရွာစဉ်ရွာစား မင်းလှသင်္ခယာဘွဲ့ခံ စလေဦးပုည ရေး - တေးထပ်စပ်မူနည်း‎‎‎

တေးထပ် တေးထပ် ရယ်နှင့်၊‎
ရေးစပ်ကြ သူငါ၊‎
တွေးကပ်လှ နမူနာ၊‎
ချူအချာ လွန်ပေါ၊‎
‎ယခုခေတ် ပြုသစ်စာ မှာ၊‎
‎ရှုချစ်စရာ ရွေးမျှမနှော။‎

သို့မို့ကြောင့် ကျွန်ုပ်ညီငယ်၊‎
မဟုတ်သည် နယော၊‎
နှုတ်ဝသီ သဘောမှာ၊‎
အဟောသိ ပယ်ပါ၊‎
သပြေမှာ စလေနည်း ကိုမှ၊‎
ဆွေမှီး၍ ပြုသင့်သည်သာ။‎

စပ်မူနည်း ရေးလိုပါလျှင်၊‎
တေးကိုသာ ရအောင်ကျက် ပါတော့၊‎
ခက်လှဘူး မျိုးသိင်္ဂါ၊‎‎
စိုးရိမ်နှင့်ဗျာ၊‎‎‎
ဖြိုးထိန်တဲ့ ကိုးစိန်လွှာမှာ၊‎‎‎
ခိုးရှိန်ဝါ‎‎ ‎တောက်ပါလိမ့်လေး။ ။‎


အပိုဒ်-၁၅ မှာ စာလုံးရေ (၆)လုံး ပဲရှိတဲ့အတွက် ၁၅၊ ၁၆၊ ‎‎၁၇၊ ၁၈ အပိုဒ်တွေက ‎အဆုံးစာလုံးတွေကိုပဲ (ဇယားမှာ ၉-‎ပြထားတဲ့ အကွက်တွေ) စာလုံးတလုံးချင်းစီကိုပဲ (ဂါ-ဗျာ-လွှာ-ဝါ) ‎အချင်းချင်း ကာရန် ချိတ်ထားတာ တွေ့ရပါမယ်။‎

လှိုင်ထိပ်ခေါင်တင်ရေး ‎‎- တေးထပ်

ကုမ္မာရီ ရွယ်ဓလေ့ပေမို့၊
ငယ်ကလေ့ ဂေါရီ၊
ဘယ်အတွေ့ လောကီကို၊
ဇောမသီခင်က၊
စပယ်ခက် စုံနှစ်ပင်မှာ၊
မငုံခင် တုန်းကအစ။

ပန်းဒွါရ ဆင့်စီ၊
မပွင့်မှီ အခါက၊
ကျင့်ဝသီ စာဂနှင့်၊
ခါပထမ အရွယ်၊
ငယ်သွားတွေ ကြွေမလဲခင်က၊
မေအမြဲ ချစ်ဖို့ကြံရွယ်။

ကလေးစိတ်ဓါတ်မပျယ်၊
ခပ်ငယ်ငယ် စာမတတ်ခင်က၊
ကညာနတ် ကောင်းမှုပွေလီ
တောင်းဆုစေတီ
စိတ်မှန်းနှင့် မေကျောက်ချီတယ်၊
သွေဖေါက်ပြီနိုင်ဘု ဖျာ့လေး။ ။

အပိုဒ် (၁၅) မှာ စာလုံးရေ (၇)လုံးရှိလို့ အပိုဒ်၁၅ရဲ့ အဆုံး (၄)လုံး (ကောင်းမှုပွေလီ) နဲ့ အပိုဒ် ‎‎(၁၆) ရဲ့ အစ (၄)လုံး (တောင်းဆုစေတီ) ကို လေးလုံးစလုံး နဘေ ‎ကိုက်အောင်ယူပြီး အပိုဒ် (၁၅)၊ (၁၆)၊ ‎‎(၁၇) နဲ့ (၁၈) တွေရဲ့ အဆုံးစာလုံးတွေ (လီ-တီ-ချီ-ပြီ) ကို ‎ကာရန်ထပ်ချိတ်ထားတာ ‎တွေ့ရပါမယ်။‎
‎ဒါ့အပြင် အပျိုဖော်မဝင်မီကပင် ကနောင်ကိုယ်တော်ကို ချစ်မိရပုံအကြောင်း ‎ဖွဲ့ဆိုသွားတဲ့နေရာမှာ အရိုင်းကို ‎အယဉ်ဖြစ်အောင် ရေးနိုင်တဲ့ လှိုင်ထိပ်ခေါင်တင်မင်းသမီးရဲ့ ‎စာဆိုတော်ဂုဏ်မြောက်ပုံ ကိုလည်း 'စပယ်ခက် စုံနှစ်ပင်မှာ၊ ‎မငုံခင် တုန်းကအစ'၊ 'ပန်းဒွါရ ‎ဆင့်စီ၊ မပွင့်မှီ အခါက' ဆိုတဲ့အပိုဒ်တွေမှာ ထင်ထင်ရှားရှားမြင်နိုင်လို့ ဒီတေးထပ်ကို ‎‎ရွေးပြလိုက်တာပါ။‎

သုံးချက်ညီ တေးထပ် အကြောင်းကို ဆက်ပါမယ်။


သုံးချက်ညီတေးထပ်
သုံးချက်ညီတေးထပ်ကတော့ အရိုးခံတေးထပ်ရဲ့ စည်းကမ်းချက်အားလုံးအပြင် အတက်ပိုဒ် နဲ့ ‎အအုပ်ပိုဒ် တွေရဲ့ မ-ပိုဒ်နဲ့ စုံ-‎ပိုဒ် တွေကို ကာရန်စပ်တဲ့အခါ ဝမ်းတွင်းကာရန် (၂)လုံးစီ ကို ‎စုံပိုဒ်မှာပါ အညီထပ်ယူလိုက်ရပါတယ်။ ဒါကြောင့် မ-ပိုဒ်မှာ ‎‎(၂)ချက်၊ စုံ-ပိုဒ်မှာ (၁) ချက်၊ ဒီ ‎ကာရန် သုံးချက်ညီ ရတဲ့အတွက် သုံးချက်ညီတေးထပ် လို့ ခေါ်ခြင်းဖြစ်ပါတယ်။ ‎‎အခံပိုဒ်အတွက် မ-ပိုဒ်နဲ့ စုံ-ပိုဒ် ဝမ်းတွင်းကာရန် ညီစရာမလိုပါဘူး။ ‎
‎ဒါကြောင့် အပိုဒ် (၁-၂၊ ၅-၆၊ ၇-၈၊ ၁၁-၁၂၊ ၁၃-၁၄၊ ၁၇-၁၈) တွေမှာသာ ‎သက်ဆိုင်ရာနှစ်ပိုဒ်ချင်းစီ နဘေ ‎သုံးချက်စပ်ရမှာဖြစ်ပါတယ်။‎
ဇယားကွက်မှာ ဝမ်းတွင်းကာရန်ယူရမယ့် စာလုံးတွေကို အရောင်တူ ပြထားပါတယ်။



ဥပဒေသဆောင်ပုဒ်မှာ ကြည့်လိုက်ရင် ရှင်းပါတယ်။‎



ဒါဆိုရင် တေးထပ် ရဲ့ ပင်မ အမျိုးအစား သုံးမျိုး ပြီးသွားပြီမို့ ကာရန်ယူပုံတူပြီး အပိုဒ် ‎အနေအထား ကွဲပြားသွားတဲ့ တေးထပ် ‎အမျိုးအစားခွဲလေးတွေကို ဆက်လက်ဖော်ပြပါမယ်။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...‎
ဟယ်ရီ


Read More...

Saturday, 12 September 2009

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁၆)

တေးထပ်‎


ကဗျာဆိုတဲ့ မူလပင်စည်ကြီးကနေ လင်္ကာ နဲ့ သီချင်း ဆိုပြီး အခက်အလက်နှစ်ခုရှိတဲ့နေရာမှာ ‎‎တေးထပ်ကတော့ ‎သီချင်းအမျိုးအစားထဲမှာ ပါပါတယ်။ သီဆိုသောအခါ ‎ထပ်ကာဆိုရသောကြောင့် ‎လည်းကောင်း၊ ကာရန်ကို ‎ထပ်ကာ စပ်ရသောကြောင့် ‎လည်းကောင်း၊ တေးထပ်ဟုဆိုသည် လို့ ‎ပြောကြပါတယ်။ မြဝတီစာမျက်နှာ မှာတော့ ‎‎ညောင်ရမ်းခေတ် (၉၅၉-၁၁၁၃) မှာပေါ်ခဲ့တဲ့ ဆယ့်နှစ်ရာသီဖွဲ့ ‎တွေမှာ သုံးလေ့ရှိတဲ့ 'တေးရိုး' ‎ကဗျာအမျိုးမှာပါတဲ့ ‎တေးသံကို အကွန့်အညွန့် ဆန်းဆန်းပြားပြားနဲ့ ‎ထပ်ကာထပ်ကာ ဖွဲ့စည်း ‎သီကုံးတာကြောင့် တေးထပ်လို့ဆိုကြောင်း ‎ရေးထားပါတယ်။ ‎မြန်မာနိုင်ငံ ‎ဘာသာပြန်စာပေအသင်း က စီစဉ်ပြီး စာပေဗိမာန်က ထုတ်ဝေတဲ့ မြန်မာ့စွယ်စုံကျမ်း အတွဲ-‎‎‎၅ ‎‎(တူ-နိ)၊ အပိုင်း (က)၊ ပဌမအကြိမ်၊ (၁၉၆၁ ခုနှစ်) မှာပါတဲ့ "တေးထပ်" (စာမျက်နှာ -၁၄) ကို ‎‎ကိုးကားရေးသား ‎ထားခြင်း ဖြစ်ပါတယ်။ စွယ်စုံကျမ်း ထဲ မှာပါတဲ့ ‎မြန်မာကဗျာအကြောင်းတွေကို ‎အသေအချာ တင်ပေးထားတဲ့ မြဝတီ ‎အင်တာနက် ‎စာမျက်နှာကို ကျေးဇူးတင်စရာ ပါပဲ။ ပဏာမအနေနဲ့ ‎တေးရိုးနမူနာတပုဒ် ‎ထုတ်နှုတ်တင်ပြလိုက်ပါတယ်။‎

တန်ခူးဂိမှမှာ၊‎
‎ဓာတ်တေဇယှဉ်မီ၊‎
ခါမိဿချိန်ညီ၊‎
သဝဏီနက္ခတ်၊‎
စိတြမည်မကွာ၊‎
တာရာမှာ ကေဝဓမှတ်။‎
ပန်းကံ့ကော်ရင်ခတ်တို့၊‎
ပွင့်ချပ်ကယ်စုံလင်၊‎
သင်းရနံ့ ပျံ့ရွှင်၊‎
ရေသဘင်ပွဲလမ်း၊‎
ထိန့်ရိုက်ဆင့်ကြူးကြော်သည်
သင်္ကြန်တော်ကျူးရင့်သည့်တမ်း။‎

လက်ဖက်ရည်တော် ရွာစဉ်ရွာစား မင်းလှသင်္ခယာဘွဲ့ခံ စလေဦးပုည ရေးခဲ့တဲ့ ‎တေးထပ်ရေးနည်း ‎ဥပဒေသ တေးထပ်လေးကို ‎အရင်ကြည့်လိုက်ပါ။‎


တေးထပ်ကို ဉာဏ်ဆလို့၊‎
ကြံကြတော့စပ်ပုံ၊‎
ဆယ့်ရှစ်ပိုဒ်တွေ့ကြုံလျှင်၊‎
အလုံးစုံပြီးမြဲ၊‎
အထ ခြောက်လုံးချီသည်၊‎
ဆုံးလေပြီ ခုနစ်နှင့်ပဲ။‎

‎'၏'၊ '၍'၊ '၌'၊ 'သည်' နှင့် 'ကို' ကို၊‎
သဒ္ဒါလိုမှတ်စွဲ၊‎
အဓိပ္ပါယ် မှန်မလွဲစေနှင့်၊‎
ကြံခဲလို့စပ်ပါ၊‎
ဆဲ့ခြောက်ထွေ အစပ်သွား၊‎
မမှားအောင် ရကြစေမှာ။‎

ပေါရာဏကထာကို၊‎
အခါခါ ဉာဏ်ရှုလို့၊‎
‎ဧချင်းစု ၁၅ ထွေ၊‎
ကျွမ်းကျင်ကြစေ၊‎
တေးထပ်ရိုးပုံအနေမှာ၊‎
စပ်ကြလေ သည်နည်းပလေး။ ။‎

တေးထပ်ရေးပုံကို ၀ိဘာဂ အစိတ်အပိုင်း (၈)မျိုးနဲ့အသေးစိတ်ကြည့်မယ်ဆိုရင် ...‎

(၁) ‎အမည်အားဖြင့်‎‎
အစပ်ကာရန် အထပ်ကာရန် အများဆုံးသော တေးသီချင်းမျိုးမို့ တေးထပ်လို့ ‎ခေါ်ကြောင်း ‎ကဗျာကျမ်း ‎တွေက ‎ဖွင့်ဆိုပါတယ်။ အသံ၊ ကာရန်၊ ဝါကျအသွားအလာတွေကို အမျိုးမျိုး ‎ပါဝင်ညီညွတ်စေပြီး (၁၈) ‎ပိုဒ် ပြည့်အောင် ‎အထပ်ထပ် စပ်ဟပ်ရတဲ့အတွက် တေးထပ်လို့ ‎ခေါ်ဆိုပါတယ်။‎
ကဗျာစွယ်စုံကျမ်းအားဖြင့် အဓိပ္ပာယ်ထပ်ဖွင့်ရရင်တော့ ဒွေးချိုးနဲ့ တြိချိုးလိုပဲ ပါဠိဝေါဟာရအရ ‎‎"တေး" ‎‎ဆိုတာကို ၃-ခု လို့ ‎အနက်ကောက်ပြီး ကဗျာရဲ့ စုံ-မ အပိုဒ် နှစ်ပိုဒ် နှစ်ပိုဒ်စီမှာ မ-‎ပိုဒ်ရဲ့ ‎‎အဆုံးအက္ခရာနဲ့ စုံပိုဒ်ရဲ့ အစ (၃) လုံးမြောက် ‎အက္ခရာတို့ကို ‎ပဓာနထားပြီး ကာရန် ထပ်ရ ‎စပ်ရ တာ ‎ကြောင့်မို့ တေးထပ် (သို့) သုံးထပ် လို့ ‎ခေါ်ပါတယ်။‎

(၂) ‎အမျိုးအပြားအားဖြင့်‎‎‎
အဓိကအားဖြင့် ‎
‎(က)‎ သာမညတေးထပ်
‎(ခ)‎ အရိုးခံတေးထပ်
‎(ဂ)‎ သုံးချက်ညီတေးထပ် ရယ်လို့ သုံးမျိုးသုံးစား ခွဲခြားထားပါတယ်။‎
‎ဒီအမျိုးအစား သုံးမျိုးဟာ အပိုဒ်အနေအထား အပေါ်မူတည်ပြီး ခွဲထားတာဖြစ်ပါတယ်။ အပိုဒ် ‎အနေအထား အလုံးစုံ ‎တူညီပြီး အစပ်ကာရန်အနေအထားသာ ကွဲပြား ခြားနားပါတယ်။ ‎ဒီသုံးမျိုးကို တမျိုးစီမှာ အစပ်ကာရန်အတူတူယူပြီး ‎အပိုဒ် အနေအထား မတူတဲ့ အမျိုးပေါင်း ‎‎(၆) မျိုး တခါထပ်ပြီးပွား လိုက်တဲ့အခါ ...‎
‎၁)‎ တေးထပ်ဆန်း‎
‎၂)‎ တေးထပ်ကြီး‎
‎၃)‎ တေးထပ်ပိုဒ်စုံ
‎၄)‎ ပုလဲသွယ်တေးထပ်
‎၅)‎ ပဒေသာတေးထပ်
‎၆)‎ စကြာတေးထပ် ... ဆိုပြီး ဖြစ်လာတဲ့အတွက် စုစုပေါင်း (၁၈) မျိုး ဖြစ်သွားပါတယ်။‎

‎ဒီလိုပုံစံနဲ့ကြည့်လို့ရပါတယ်။‎



(၃) ‎အပိုဒ်ရေအားဖြင့်‎‎‎‎
တေးထပ်တပုဒ်မှာ စုစုပေါင်း (၁၈) ပိုဒ် ပါသာ အတိအကျရပါမယ်။ ဒါပေမဲ့ အကွန့်ပိုဒ်၊ ‎အတွန့်ပိုဒ်တွေ ကြားညှပ်ထည့်ချင် ‎ထည့်နိုင်ပါတယ်။‎

(၄) အခံ အအုပ် ‎အားဖြင့်‎‎‎‎‎
တေးထပ်ရဲ့ အပိုဒ် (၁၈) ပိုဒ်ကို (၆) ပိုဒ်စီ သုံးလီခွဲထားပါတယ်။ တနည်းအားဖြင့် အပိုဒ်ကြီး ‎သုံးပိုဒ် ရှိပါတယ်။ ‎အဲဒီအပိုဒ်ကြီးတွေဆုံးတိုင်း ပုဒ်မ (။) ချထားရပါတယ်။ တခါ ဒီ (၆)ပိုဒ်ကိုမှ ‎အတက် (အချီ) (၂)ပိုဒ်၊ အခံ (၂)ပိုဒ်၊ အအုပ် ‎‎(အချ) (၂)ပိုဒ် ရယ်လို့ ထပ်မံ ခွဲထား ပါတယ်လို့ ‎ကဗျာစွယ်စုံကျမ်း မှာ ဆိုထားပါတယ်။ ဒါပေမဲ့ တချို့စာတွေထဲမှာတော့ ‎ပထမအပိုဒ်ကြီးကို ‎‎(၄)ပိုဒ်ခံ၊ (၂)ပိုဒ်အုပ်၊ ဒုတိယအပိုဒ်ကြီးကို (၂)ပိုဒ်တက်၊ (၂)ပိုဒ်ခံ၊ (၂)ပိုဒ်အုပ်၊ ‎တတိယအပိုဒ်ကြီးကို ‎‎(၄)ပိုဒ်ခံ၊ (၂)ပိုဒ်အုပ်ဖို့ရေးထားပါတယ်။ ‎အကျဉ်းချုပ်ဥပဒေသလင်္ကာနဲ့မှတ်ရင် ...‎
‎(က)‎ အာဒိဝစနံ လေးပိုဒ်ခံ၊ အမှန် နှစ်ပိုဒ်အုပ်။‎
‎(ခ)‎ နှစ်ပိုဒ်တက်ပြန်၊ နှစ်ပိုဒ်ခံ၊ အမှန် နှစ်ပိုဒ်အုပ်။‎
‎(ဂ)‎ အာဒိဝစနံ ရှေးနည်းပြန်၊ အမှန် နှစ်ပိုဒ်အုပ်။‎
တကယ်တော့ ဒီအတက်၊ အခံ၊ အအုပ်ပိုဒ် တွေဆိုတာက အမည်သတ်မှတ်ခွဲခြားထားတဲ့ ‎သဘောသိသာရုံ မှတ်သားဖို့သာ ဖြစ်ပါတယ်။ အရေးကြီးတာက အပိုဒ်ကြီးသုံးပိုဒ် ‎‎(အပိုဒ်ငယ်-၆ပိုဒ် စီ) ခွဲဖို့နဲ့ အက္ခရာ လုံးရေ၊ ကာရန် ‎‎ယူပုံ၊ ဂရု၊ လဟု ထားပုံ မှန်ဖို့ပဲ ‎ဖြစ်ပါတယ်။ ရှေ့မှာဆက်ဖော်ပြထားပါတယ်။‎

(၅) အက္ခရာ ‎လုံးရေအားဖြင့်‎‎‎‎‎‎
မ-ပိုဒ်တွေအားလုံးမှာ အပိုဒ်-၁၅ ကလွဲလို့ကျန်တဲ့အပိုဒ်အားလုံး (၁-၃-၅-၇-၉-၁၁-၁၃-၁၇) ကို ‎အက္ခရာ (၅) လုံး (သို့) ‎‎(၆) လုံးသာ ထားရပါမယ်။‎
အပိုဒ်-၁၅ ကိုတော့ အက္ခရာ (၆) လုံး (သို့) (၇) လုံး ထားရပါမယ်။‎
စုံပိုဒ်တွေမှာတော့ ...‎
အပိုဒ် (၂-၄-၈-၁၀) တို့မှာ (၅)လုံးစီ၊‎
အပိုဒ် (၆-၁၂-၁၈) တို့မှာ (၇)လုံးစီ၊‎
အပိုဒ် (၁၄) မှာ (၆)လုံး၊‎
အပိုဒ် (၁၆) မှာ (၄)လုံး အတိအကျရှိရပါမယ်။ အပိုအလျော့မရှိရကြောင်း ‎သတိပြုဖို့လိုပါတယ်။‎
စာလုံးရေ ဆိုတဲ့နေရာမှာ ပေါ်လွင်ထင်ရှားတဲ့အသံရှိတဲ့ စာလုံးကိုသာ ‎ရေတွက်ရမှာဖြစ်ပါတယ်။ ဥပမာ - ပုဂံ ဆိုရင် ‎‎(၁)လုံး လို့ပဲ ယူရမှာဖြစ်ပါတယ်။ ပဓာန ဆိုရင် ‎‎(၂) လုံးလို့ပဲ ယူရပါမယ်။‎
မူမှန်အားဖြင့် အစပိုဒ် (အပိုဒ်-၁) ကို ငါးလုံးနဲ့ပဲ စလေ့ရှိပါတယ်။ ခြောက်လုံးထားလည်း ‎မှားတော့ မမှားပါဘူး။‎
နောက်ဆုံးအဆုံးသတ်ပိုဒ် (အပိုဒ်-၁၈) ကို "လေး" ဆိုတဲ့စာလုံးနဲ့ အဆုံးသတ်ရပါတယ်။ ‎‎"လား" ဆိုတဲ့ စကားလုံးလည်း ‎တခါတရံသုံးတတ်ကြောင်းသိရပါတယ်။ အထူးမှတ်ဖို့က ‎အပိုဒ်(၁၆)မှာ လေးလုံး အတိ အကျ ရှိဖို့ပါပဲ။‎

(၆) ‎အစပ်ကာရန်အားဖြင့်‎‎‎‎‎‎‎
‎(က) ၁-အပိုဒ်၏ အဆုံးလုံးနှင့်
‎... ၂-အပိုဒ်၏ တတိယလုံး --- တချက်
‎(ခ) ၂-အပိုဒ်၏ အဆုံးလုံးနှင့်
‎... ၃-အပိုဒ်၏ အဆုံးလုံး‎
‎... ၄-အပိုဒ်၏ တတိယလုံး --- အချက်
‎(ဂ) ၄-အပိုဒ်၏ အဆုံးလုံးနှင့်
‎... ၆-အပိုဒ်၊ ၈-အပိုဒ်၊ ၉-အပိုဒ် တို့၏ အဆုံးလုံး‎
‎... ၁၀-အပိုဒ်၏ တတိယလုံး --- တချက်
‎(ဃ) ၅-အပိုဒ်၏ အဆုံးလုံးနှင့်
‎... ၆-အပိုဒ်၏ တတိယလုံး --- တချက်
‎(င) ၇-အပိုဒ်၏ အဆုံးလုံးနှင့်
‎... ၈-အပိုဒ်၏ တတိယလုံး --- တချက်
‎(စ) ၁၀-အပိုဒ်၏ အဆုံးလုံးနှင့်
‎... ၁၂-အပိုဒ်၊ ၁၃-အပိုဒ်တို့၏ အဆုံးလုံး‎
‎... ၁၄-အပိုဒ်၏ တတိယလုံး --- တချက်
‎(ဆ) ၁၁-အပိုဒ်၏ အဆုံးလုံးနှင့်
‎... ၁၂-အပိုဒ်၏ တတိယလုံး --- တချက်
‎(ဇ) ၁၄-အပိုဒ်၏ အဆုံးလုံးနှင့်
‎... ၁၅-အပိုဒ်၏ တတိယလုံး --- တချက်
‎(ဈ) ၁၅-အပိုဒ်၌ ၆-လုံးရှိလျှင် ... ထိုအပိုဒ်အဆုံးလုံးနှင့်
‎... ၁၆-အပိုဒ် အဆုံးလုံး‎
‎... ၁၅-အပိုဒ်၌ ၇-လုံးရှိလျှင် ... ထိုအပိုဒ်၏ နောက် ၄-လုံးနှင့်
‎... ၁၆-အပိုဒ် ၄-လုံးစလုံး (လေးလုံးစလုံးကို နဘေယူရမှာပါ)‎
‎... ၁၇-အပိုဒ် အဆုံးလုံး‎
‎... ၁၈-အပိုဒ် တတိယလုံး --- တချက် ‎

ကာရန်ယူပုံများပြား ရှုပ်ထွေးတဲ့အတွက် အထူးသတိပြုမှတ်သား စပ်ဆိုဖို့ လိုပါတယ်။‎

(၇) ဂရု၊ လဟု ‎အားဖြင့်‎‎‎‎‎‎‎‎
စာပိုဒ်ရေ ၂-၃-၅-၇-၁၀-၁၂-၁၃-၁၅-၁၆-၁၇ အပိုဒ်တွေမှာ ရှေ့ထက်ဝက်ရဲ့အဆုံး ‎သုံးလုံးမြောက် ‎အက္ခရာ ဌာနမှာ ‎‎(အ-အား-အိ-အီး-အတ်-အိတ်-အုတ်-အုန်း) စတဲ့ ‎လေပြင်းအက္ခရာ (လဟုသံ) မျိုး တွေကိုသာ အမြဲထားပြီး ‎နောက်ထက်ဝက်၏ အဆုံး ၅-‎လုံးမြောက် အက္ခရာဌာန ‎တို့မှာတော့ (အာ-အီ-အူ-အန်-အိန်-အုန်) စတဲ့ ‎လေလျော့အက္ခရာ ‎‎(ဂရုသံ) များကိုသာ ‎အမြဲထားရပါမယ်။‎
စာပိုဒ် ၁-၄-၆-၈-၉-၁၁-၁၄-၁၈ အပိုဒ်တွေရဲ့ ရှေ့ထက်ဝက်ရဲ့အဆုံး သုံးလုံးမြောက် ‎အက္ခရာဌာန တွေ မှာ ‎‎(အာ-အီ-‎အူ-အန်-အိန့်-အုန်) စတဲ့ လေလျော့အက္ခရာ (ဂရုသံ) ‎တွေကိုသာ အမြဲထားရမှာဖြစ်ပြီး ‎နောက်ထက်ဝက်ရဲ့ ‎အဆုံးအက္ခရာဌာနမှာတော့ (အား-အီး-‎အူး-အက်-အောက်-အုတ်) စတဲ့ ‎လေပြင်း အက္ခရာ (လဟုသံ) တွေကိုသာ ‎‎အမြဲထားရမှာဖြစ်ပါတယ်။‎
ကာရန်နဲ့ အက္ခရာအရေအတွက်ကလွတ်တဲ့ မ-ပိုဒ်တွေရဲ့အဆုံးက ဝိဘတ်၊ ကြိယာဝိသေသန၊ ‎ပဒါ လင်္ကာရ တွေကိုလည်း ‎သူ့ရှေ့က ယူတဲ့ ဂရု၊ လဟု အသံအတိုင်း လိုက်ယူသင့်ပါတယ်။ ‎ဒါမှ ဆိုလို့ ကောင်းပါတယ်။ အသံပြေပြစ်ပါတယ်။‎
‎ဂရု၊ လဟု အသံမမှန်ရင် စည်းဝါးပျက်တဲ့တေးထပ် ဖြစ်သွားတဲ့အတွက် ရွတ်ဆိုတဲ့အခါ ‎မကောင်းတော့ ပါဘူး။ ဒါကြောင့် ‎မမှားအောင် သတိပြုဖို့လိုပါတယ်။‎

(၈) ‎အပြစ်ဒေါသအားဖြင့်
တေးထပ်တပုဒ်ရဲ့ ပဓာနကာရန် ၉ချက်မှာ တချက်လွတ်သွားခဲ့ရင်၊ ဝဂ်နင်း နဲ့ ခွါထောက် ‎အပြစ်တွေ ရှိခဲ့ရင်၊ ဂရု၊လဟု ‎လွဲခဲ့ရင် တေးထပ်ပျက်စီးနိုင်တဲ့အတွက် ဒီအပြစ်တွေက ‎ကင်းလွတ်ရပါမယ်။‎
တေးထပ်မှာ ကာရန်ယူပုံတွေ၊ စာလုံးရေတွေ၊ အသံနေအသံထား လေယူလေထား (ဂရု၊ ‎လဟု) တွေ အတွက် ‎သတ်မှတ်ချက် စည်းမျဉ်းဥပဒေသတွေက များလွန်းလို့ ရှုပ်လိုက်တာ ‎ဆိုပြီး စိတ်ပျက်မသွားကြပါနဲ့။ မှတ်ရလွယ်အောင်၊ ‎ရေးရလွယ်အောင် ပုံသေဇယား ‎‎(template) လေးတခု လုပ်ထားပါတယ်။ ကျနော် လည်း ဒီဇယား ကိုပဲ သုံးပါတယ်။ ‎‎အဲဒါကိုကြည့်ရေးရင် လွယ်ပါတယ်။‎
တေးထပ်ပုံစံဇယား




အရောင်တူ၊ ဂဏန်းတူ ပြထားတဲ့နေရာတွေကို ကာရန်တူ ယူလိုက်ပါ။ ‎အကွက်တွေမှာရေးထားတဲ့အတိုင်း ဂရု၊ လဟု ကို ‎‎ယူလိုက်ရင် မမှားနိုင်တော့ပါဘူး။ ‎
အပိုဒ်တိုင်းမှာ ရှေ့တဝက်၊ နောက်တဝက်ခွဲရင် အမြဲတမ်း ပထမ သုံးလုံးဟာ ‎ရှေ့တဝက်ဖြစ်ပါတယ်။ နောက်တဝက်ကတော့ ‎စာလုံးရေပေါ်မူတည်ပြီး နှစ်လုံး၊ သုံးလုံး၊ ‎လေးလုံး ဖြစ်နိုင်ပါတယ်။ ထက်ဝက်ခွဲ တဲ့နေရာကို မျဉ်းအနက် ပိုင်းထားပါတယ်။‎
‎၁၅ အပိုဒ်မှာ (၆)လုံး ရေးရင် ‎‎၉‎‎ ပြထားတဲ့ အကွက်က စာလုံးတလုံးချင်းစီကိုပဲ ၁၅၊ ၁၆၊ ၁၇၊ ၁၈ အပိုဒ် ‎တွေအတွက် ‎အချင်းချင်း ကာရန်ချိတ်ရပါမယ်။ (အရိုးခံတေးထပ်မှာ ဆက်ပြထားတဲ့ ဦးပုည ရဲ့ ‎‎'စပ်မူနည်း' တေးထပ်မှာ ကြည့်ပါ။)‎
‎၁၅ အပိုဒ်မှာ (၇)လုံး ရေးမယ်ဆိုရင်တော့ အပိုဒ်၁၅ရဲ့ အဆုံး (၄)လုံး နဲ့ အပိုဒ် (၁၆) ရဲ့ အစ ‎‎(၄)လုံးကို လေးလုံးစလုံး ‎နဘေကိုက်အောင်ယူပြီး အပိုဒ် (၁၅)၊ (၁၆)၊ (၁၇) နဲ့ (၁၈) တွေက ‎‎၉‎ ပြထားတဲ့ ‎အကွက်က စာလုံးတလုံးချင်းစီကို ‎ကာရန်ထပ်ချိတ်ရပါမယ်။ (အရိုးခံတေးထပ်မှာ ‎ဆက်ပြထားတဲ့ လှိုင်ထပ်ခေါင်တင် ရဲ့ တေးထပ်မှာ ကြည့်ပါ။)‎

သာမည တေးထပ် အကြောင်းကို ဆက်ပါမယ် ...‎

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...‎
ဟယ်ရီ

Read More...

Wednesday, 26 August 2009

ပစ္စုပ္ပန်မှာ …‎

အကြွေးရှိပြေးမှာ ... ပြေးမိပြေးရာ ဆိုတဲ့ ဘလော့ဂ်ပိုင်ရှင် မဒေဝါလီ အဲလေ ‎‎မမေ (မမေဓာဝီ) - တွေးမိတွေးရာ .. ရေးမိရေးရာဘလော့ဂ် ပိုင်ရှင်ကြီး)Tag လို့ ‎ရေးပါတယ်။
‎***‎
... ပစ္စုပ္ပန်မှာ ...
‎***‎
တွေးနေမိတာက
ခရမ်းပြာ ...

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
လူမိုက်

ကျန်းမာရေး
‎(၁) မျက်စိတွေ ဝေနေပါတယ် (ရုံးမှာရော၊ အိမ်မှာပါ ကွန်ပျူတာ ရှေ့ထိုင်လွန်းလို့)‎
‎(၂) ချောင်းဆိုးပါတယ် (ဆေးလိပ်သောက်လွန်းလို့)‎
‎(၃) လေချဉ်တွေ တက်တက်နေပါတယ် (နေညိုတော့ လေပြိုတာပေါ့)‎
အဲဒါကလွဲရင် ကျန်တာတွေတော့ မသိပါဘူး။

ဖတ်ဖြစ်တဲ့ စာအုပ်တွေက ...
‎(၁) တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော် ဘဒ္ဒ န္တ ဝါယာမိန္ဒာဘိဝိသ ရေးတဲ့ ‎ဗုဒ္ဓမြတ်စွာ၏ နည်းသမုဒ္ဒရာ (ပဋ္ဌာန်းဒေသနာတော်ကြီးကို ကျနော့်လို လူပြိန်းနားလည်အောင် ရှင်းထားတဲ့ ‎စာအုပ်ပါ၊ ဒါတောင် သိပ်နားမလည်ချင်ဘူး၊ ကိုယ်ကကို ဒုံးဝေးတာ ...)‎
‎(၂) ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်) ရဲ့ ကတိသစ္စာ
‎(၃) ဆရာတော် သျှင်ဥက္ကဋ္ဌရဲ့ လူသေလူဖြစ်
‎(၄) လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိ စ္ဆယ
‎(အရက်သမား လူမိုက်က ဖတ်လိုက်ရင် ဘုရားတရား ဘာသာရေးစာအုပ်တွေချည်းပဲလို့များ နှာခေါင်းရှုံ့ကြမလား ‎မသိ ...)‎

ရောက်ဖြစ်နေတာက
Shopping Center တွေ (အဲဒီကလွဲရင် ဒီတိုင်းပြည်မှာက တခြားဘယ်နေရာမှလည်း သွားစရာမရှိဘူး ... ‎စိတ်ပျက်စရာကြီး)‎

ရေးဖြစ်နေတာက
မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား (၁၆) - တေးထပ် အကြောင်းပါ။ မကြာခင် တင်ပါ့မယ်။ ဒီတခါတော့ တကယ် ‎ပြောတာပါ။ အဟုတ် ... ‎

နားထောင်ဖြစ်နေတာက
CNN နဲ့ BBC World က သတင်းတွေ

ရွတ်နေမိတဲ့ ကဗျာက
ကာလနှယ်ဆိုးပါဘိ၊
သူခိုးက လူလူ ...‎
တောလေ့ပေါက်နန်းမူတယ်၊
အိမ်သူကို ဧည့်စောင်း၊
သူကောင်းကို အပြစ်တင်၊
တောင်ယာရှင် မျောက်လိုက်လို့မောင်း ... ‎

ဖြစ်ချင်နေတာက
အောက်လမ်းဆရာကြီး (သို့မဟုတ်) စုန်းထီး

သနားနေမိတာက
ကိုယ့်ကိုယ်ကို

လွမ်းနေမိတာက
ခရမ်းပြာ ... ‎

မေ့လျော့ပစ်နေမိတာက
အတိတ်တံတား

ခါးသက်နေမိတာက
မေတ္တာ

တမ်းတနေမိတာက
အမေ့အိမ်

ကြိတ်ပြီးချီးကျူးနေမိတာက
Francisco Tarrega နဲ့ Andre Segovia

ကြိတ်ပြီးအထင်သေးနေမိတာက
ဟိုလူတွေဗျာ ... ‎

ဆန္ဒမရှိတဲ့နေရာ
အလုပ်

ဆန္ဒရှိနေတဲ့ကိစ္စ
တငုံ၊ တမော့၊ တကြိုက်၊ တခွက်၊ တဖလား၊ တပုလင်း

မုန်းတီးနေမိတာက
အစွဲအလမ်းကြီးလွန်းတဲ့ စိတ် နဲ့ အားမနာလျှာမကျိုး တဲ့တိုးပြောတတ်တဲ့ အကျင့်

ချစ်နေတာက
ဂီတ နဲ့ ကဗျာ

စိတ်ပျက်နေမိတာက
ကိုယ့်ကိုယ်ကို

စွဲလမ်းနေမိတာက
Manchester United FC

လိုအပ်နေတာက
အားလုံး

တောင်းနေမိတဲ့ဆု
ဤနိုင်ငံတွင် ဗုဒ္ဓသာသနာတော်ကြီး အမြန်ထွန်းကားပါစေ ... ‎

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
လူယုတ်မာများ ထိုက်တန်သော အပြစ်ဒဏ် မနှေးအမြန် ခံကြရပါစေသား ... ‎

ဝန်ခံချင်တာက
ကျနော် မကောင်းဘူး

‎***‎
ကဲ ... အကြွေးတော့ ဆပ်ပြီးပါပြီ။ ‎
ထုံးစံအတိုင်း မိတ်ဆွေကြီးများအား အကြွေးဆက်တောင်းပါမယ်။

‎(၁) ကိုဟန် (ကိုဟန်သစ်ငြိမ်)
‎(၂) ‎ဒေါ်ယု (မယုဝရီ)
‎(၃) ‎ဟမ်းဟမ်းလေး

ကိုဟန့်ကို လက်စားပြန်ချေလိုက်ပါပြီ ...‎
ကိုဧရာ နဲ့ မသီတာကို အကြွေးတောင်းဖို့ သွားချောင်းပါသေးတယ်။ ဒါပေမဲ့ သူတို့က ဒါကို ရေးပြီးသားဖြစ်နေလို့ ‎လက်ချည်းဗလာနဲ့ ပြန်ခဲ့ရပါတယ် ... မကျေနပ်သေးပါ ... ထပ်ချောင်းပါဦးမည် ... သတိထားနေကြပါကုန်။
Tag ထားခြင်းခံရသူများကတော့ အဆင်ပြေပြေ မပြေပြေ ... ရေးပေးကြပါလို့။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...‎
ဟယ်ရီ

Read More...