Sunday, 27 January 2013

တကောင်တည်း

တကောင်တည်း

အရေအတွက်က၊
အဖြေမထွက်ပါလေ။

အရည်အသွေးမှ၊
အရှည်တွေးဆစရာပေ။

ပမာဏဟာ၊
ပဓာနအရာ မဟုတ်ပါအမေ၊
ထုတ်စရာအဖြေ မတွေ့။

အမြင်ရယ်မလျှမ်းပါဘူး၊
သမင်ဆယ်လှမ်း ကျားတလှမ်းတဲ့၊
သားလွမ်းရင် အမေရေ၊
ရေမြေခြားကာမနီးပေမဲ့၊
မီးတွေရယ် ဘယ်လို လောင်လို့၊
ခရီးရှည်ရယ် ဘယ်လို မှောင်လည်း၊
အောင်ပွဲတွေနဲ့ အစဉ်တွေ့မှာပေါ့၊
နောင်မခွဲ အမေရဲ့ ရင်ငွေ့မှ ...
တကောင်တည်းပေမဲ့ ခြင်္သေ့။ ။

အမေ့ဖို့ ရေးတဲ့ကဗျာ ...

ဟယ်ရီလွင်

Read More...

Friday, 11 January 2013

ဗေဒါလမ်း (သို့မဟုတ်) ကျွန်းနုမြေမှ အလှပန်းချီ

ဗေဒါလမ်း (သို့မဟုတ်) ကျွန်းနုမြေမှ အလှပန်းချီ


“ဗေဒါလမ်း” ဆိုရင်တော့ ဆရာဇော်ဂျီရဲ့ အကောင်းဆုံး ဂန္ထဝင်မြောက်လက်ရာမှန်း သိပြီးဖြစ်ကြပါလိမ့်မယ် ... ကျနော့် အသည်းစွဲကဗျာစုပဲ ဖြစ်ပါတယ်။ ဒီကဗျာစုထဲက ဗေဒါလမ်း (၁၀) ပန်းပန်လျက်ပဲ ကို စန္ဒယားချစ်ဆွေ သံစဉ်ရှာပြီး (ဒေါ်) ကြည်ကြည်ဌေး သီဆိုထားတဲ့ “ညိုပြာပြာ ... လတာပြင်ခြေရင်း” ဆိုပြီး စထားတဲ့ “ပန်းပန်လျက်ပါ” ရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးကိုတော့ အားလုံးလိုလို ကြားဖူးကြပါလိမ့်မယ် လို့ ထင်ပါတယ်။


ဒါပေမဲ့ အဲဒီလို မဟုတ်ဘဲ ဗေဒါလမ်းကဗျာစုထဲက သင့်ရာအပိုဒ်တွေကို စုစည်းပြီး သီချင်းတပုဒ်အဖြစ် ဖန်တီးထားတဲ့ နောက် “ဗေဒါလမ်း” သီချင်းတပုဒ် ရှိနေပါသေးတယ်။ အခုခေတ်မှာတော့ ကြားဖူးတဲ့သူ အလွန်နည်းပါးသွားပြီ ထင်ပါတယ်။ ကျနော့် အသည်းစွဲ “ဗေဒါလမ်း” ကဗျာစုထဲက အချိုးလေးတွေကို ယူပြီး စာသားလုံးဝ မပြောင်းဘဲ သီချင်းအဖြစ် ဖန်တီးထားတဲ့ “ကျွန်းနုမြေမှ အလှပန်းချီ” ဆိုတဲ့ သီချင်းလေးပါ ... ငယ်ငယ်တုန်းက ရေဒီယိုမှာ ခဏခဏ ကြားခဲ့ဖူးပါတယ် ... ဒါပေမဲ့ သီချင်းခေါင်းစဉ်လည်း မသိ၊ ရေးတဲ့လူ၊ ဆိုတဲ့လူ ဘယ်သူမှ မသိခဲ့ပါဘူး။ ဒီသီချင်းကို မကြားရတာ အခုဆိုရင် နှစ်ပေါင်း သုံးဆယ်ဝန်းကျင်လောက် ရှိနေပြီ ဆိုတော့ တမ်းတမိပါတယ်။ အခုတော့ Facebook က “မြန်မာသံလေးတွေ နားထောင်ကြမယ်” http://www.facebook.com/groups/BurmeseSongs/ ဆိုတဲ့ Group ကနေတဆင့် မြန်မာ့ဂီတပညာရှင် ဦးမောင်မောင်သန်း Maung Maung Than ရဲ့ ကျေးဇူးနဲ့ ဒီသီချင်းကို ခေါင်းစဉ်လည်းသိ၊ ပြန်နားဆင်ခွင့်လည်း ရခဲ့ပြီ ဖြစ်ပါတယ် ... မူရင်းအဆိုရှင်ကိုတော့ မသိပါ။ ဒါပေမဲ့ ခင်ညွန့်ရီ ပြန်ဆိုထားတဲ့ တေးလေးကို ခံစားကြည့်ချင်တယ်ဆိုရင် ဒီမှာ နားဆင်နိုင်ပါတယ်။ (ကျနော် အပူကပ်လို့ ရှာဖွေပေးတဲ့ ဦးမောင်မောင်သန်းကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ...)

http://minus.com/lrnpekCXlItlF

ဒီသီချင်းက ဆရာကြီးရဲ့ ဗေဒါလမ်းကဗျာစုထဲက အချိုးလေးတွေကို ကောင်းနိုးရာရာ ထုတ်နှုတ် ဖွဲ့သီထားခြင်းပဲ ဖြစ်ပါတယ်။ စာသား လုံးဝ မပြောင်းလဲဘဲ မူရင်းအချိုးအတိုင်း လှပတဲ့မြန်မာသံစဉ်လေးတွေကို ထည့်ပြီး ဖန်တီးသွားတဲ့ ဂီတပညာရှင်ကြီးကိုလည်း အထူးပဲ လေးစားမိပါတယ်။ ဒီသီချင်းဖြစ်လာအောင် ထုတ်နှုတ်သုံးစွဲသွားတဲ့ အဖွဲ့လေးတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

ဗေဒါလမ်း-၁၀၊ ပန်းပန်လျက်ပဲ၊ ပထမအချိုး
ဗေဒါလမ်း-၃၊ ဘယ်ရွာဆိပ်ကမ်း၊ ပထမအချိုး
ဗေဒါလမ်း-၁၆၊ ချောင်းလှဖို့ကို၊ ဒုတိယအချိုး
ဗေဒါလမ်း-၃၂၊ ပန်းသိပါရဲ့၊ တတိယအချိုး
ဗေဒါလမ်း-၁၉၊ ချောင်းတခွင်၊ ဒုတိယအချိုး
ဗေဒါလမ်း-၃၀၊ ပန်းခဲ့သည်ပဲ၊ ပထမအချိုး

ဒီ အချိုးလေးတွေကို ဆက်စပ်ပြီး သံစဉ်ထည့်လိုက်တော့ “ကျွန်းနုမြေမှ အလှပန်းချီ” ဆိုတဲ့ တေးသီချင်းတပုဒ် ဖြစ်လာပါတယ်။ စာသားအပြည့်အစုံကို အောက်မှာ ခံစားကြည့်နိုင်ပါတယ်။

ကျွန်းနုမြေမှ အလှပန်းချီ

စာသား - ဆရာဇော်ဂျီ (ဗေဒါလမ်းကဗျာစု)
သံစဉ် - ????
ဆို - ခင်ညွန့်ရီ

(ညိုပြာပြာ လတာပြင်ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ချောင်းပြင်မှာ စီတန်းလို့
ဗေဒါပန်း ရေကြင်ဆွေ၊ မျောလို့သာနေ
ကမ်းကွေ့မှာခွေ၊ ကမ်းပြေတော့စင်း
သည်ချောင်းရေ လေမခတ်တယ် စီးတတ်လေခြင်း။) ၂

(သူ့စိတ်နဲ့သူ့ကိုယ်။
ချောင်းတစ်ခွင်မြင်သမျှ ချောင်းလှဖို့ကို။
ဘုတ်မက ချိုချင်ချို
ဗျိုင်းညိုက အောက်ချင်အောက်။
အုန်းညီနောင် စောင်းချင်စောင်း
ချောင်းကောက်ချင်ကောက်။) ၂

(အိုအချင်း ကျူရိုးတံ၊
လမုစဉ်အနောက်နားက၊ ဝါးခတ်တဲ့ခြံ။
အုန်းခြံနဲ့ ဓနိခြံ၊ ကွမ်းသီးခြံပါတဲ့။
စုန်ဆန်ရာ ဗေဒါလမ်းက ပန်းသိပါရဲ့။) ၂

(တစ်ရွာကိုကျော် ၊ တစ်ခေါ်လောက်စခန်း
မဗေဒါဆန်တဲ့ချောင်း၊ ကျောင်းနဲ့နတ်လမ်း။

နတ်လမ်းကိုကျော်၊ တစ်ခေါ်လောက်စခန်း
မဗေဒါယာဘက်ဘေး၊ တဲလေးအိမ်တန်း။) ၂

(နေလုံးရယ်နီ။
တိမ်ပန်းချီနေသွေးနဲ့၊ နတ်ရေးသည်သို့။
ဒီအကျပေမို့
အလှ လတာပြင်က၊ ကျူရိုးရှင်လှေကလေးနဲ့
မျှော်ငေးလို လို့။) ၂

အားလုံးပဲ ခံစားနားဆင်နိုင်ကြည့်နိုင်ကြပါစေ ...

ဟယ်ရီလွင်

Read More...

Tuesday, 1 January 2013

နှစ်ဟောင်းနှစ်သစ်

နှစ်ဟောင်းနှစ်သစ်

နှစ်ထောင့်ဆယ့်နှစ်၊
သူကျန်ရစ်ကာ၊
တနှစ်ကုန်ဆုံး ပြန်လေပြီ။

နှစ်ထောင့်ဆယ့်သုံး၊
သူလာဦးမည်၊
မဆုံးလေသည့် သံသရာ။ ။

အားလုံးပဲ မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေ ...

ဟယ်ရီလွင်

Read More...

Thursday, 27 December 2012

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၅)

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၅)


ရတု


(၂) အမျိုးအစားအားဖြင့်

"ရတု" ဆိုတဲ့ အမည်အကြောင်း ပြောပြီးတဲ့နောက်မှာ ရတုအမျိုးအစားတွေကို ဆက်ပြောပါမယ်။ ရတုဟာ ပျို့ မော်ကွန်း စတဲ့ ကဗျာတွေနဲ့ မတူဘဲ စည်းကမ်းကြီးတဲ့ ကဗျာတစ်မျိုး ဖြစ်ပါတယ်။ ရှေးစာဆိုတို့ဟာ စိတ်ဝင်စားဖွယ် ရတုပုံစံ အမျိုးမျိုးဖွဲ့ဆိုခဲ့ကြပါတယ်။
ရတုအမျိုးအစားတွေကို ပြောရမယ်ဆိုရင်တော့ အဖွဲ့အနေအထားအရ၊ အပိုဒ်ရေအရ၊ ချီပုံချပုံအရ အမျိုးမျိုးခွဲခြားလို့ရပါတယ်။ ဒါပေမဲ့ အဓိကအားဖြင့် အပိုဒ်ရေအရ ခွဲခြားပြီးပြောပါတယ်။

ဒီလိုခွဲခြားတဲ့အခါ ...
‎(၁) ဧကပိုဒ်ရတု (အပိုဒ်ကြီး ၁-ပိုဒ်သာ ပါသောရတု)
‎(၂) အဖြည့်ခံရတု (အပိုဒ်ကြီး ၂-ပိုဒ် ပါသောရတု)
‎(၃) ပိုဒ်စုံရတု (အပိုဒ်ကြီး ၃-ပိုဒ် ပါသောရတု) ... ဆိုပြီး အဓိကအားဖြင့် ၃-မျိုး ခွဲခြားထားပါတယ်။ နောက်ပိုင်းမှာ အသေးစိတ် ဆက်လက် ဖော်ပြပါမယ်။

အဲဒီ ၃-မျိုးထဲက ပိုဒ်စုံရတုမှာ ...

(က) သုံးချက်ညီ ပိုဒ်စုံ
(ခ) သတ်စေ့နှက်-သုံးချက်ညီ ပိုဒ်စုံ
(ဂ) ကိုယ်တွင်းပြည့် ပိုဒ်စုံ
(ဃ) စကြာ ပိုဒ်စုံ
(င) တောင့်တဲတွန့် ပိုဒ်စုံ
ဆိုပြီး အချီ အချပုံစံ၊ စပ်ပုံစပ်နည်း၊ ပဒအနေအထား၊ ကာရန်အနေအထား ကွဲပြားတာကိုလိုက်ပြီး ငါးမျိုး ထပ်ခွဲပါတယ်။

အင်းဝခေတ် ရဟန်းစာဆိုတော် ရှင်မဟာရဋ္ဌသာရဟာ ရတုပုံ ပုံဆန်းပုံသစ်ကို အထွင်နိုင်တော်မူဆုံး စာဆိုကြီးပဲ ဖြစ်ပါတယ်။ ပိုးတောင့်တဲကလေးတွေ လမ်းလျှောက်သလို ခြေလှမ်းကြဲချည် စိပ်ချည်နဲ့ အက္ခရာလေးလုံးတစ်ပိုဒ်၊ ငါးလုံးတစ်ပိုဒ်ဖွဲ့ ဆိုရတဲ့ ရတုကို တောင့်တဲတွန့်ရတု ဆိုပြီး အမည်တွင်သ ခဲ့ပါတယ်။ ကမ္ဘာကျော် ညှို့မင်းသမီး မာရီလင်မွန်ရိုး (Marilyn Monroe) ရဲ့ wiggle walk ကို သတိရချင်စရာပါပဲ။
ဆရာတော်ဟာ ဒီနည်းကို ‘ဝဏ္ဏပဘာ’ချီ တောင့်တဲတွန့်ရတုမှာ ‘ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမျစ်မျစ်လျှင်၊ ကျစ်လစ်တင့်စံပယ်၊ လှမျိုးကြွယ်သား’ စသည်ဖြင့် စပ်ဆိုထားပါတယ်။ (မူကွဲအနေနဲ့ သုဝဏ်ပဘာ၊ ရွှေကြာပွင့်ဖူးသစ် ... ဆိုပြီးလည်း တွေ့ဖူးပါတယ်)

တခြားစပ်ဆိုနည်း အဆန်းတွေကတော့ ကြာဝတ်ဆံတိုင် တစ်ခုတည်းကနေ ပွင့်ချပ်တွေ ဖြာထွက်လာတဲ့ ပဒုမ္မာကြာပန်း ပုံသဏ္ဌာန်မျိုး ဖွဲ့ဆိုတဲ့ ပဒုမ္မာကြာဆိုနည်း ရတု ဆိုပြီးလည်း ထွင်ဆိုတော်မူခဲ့ပါသေးတယ်။ ဆရာတော်၏ အမြတ်ငါးဆူ ဧကပိုဒ်ရတုမှာ -

ငါးဆူ ရွှေကြာ၊ နိမိတ်လာ၍၊
ငါးဖြာမြွာလျှက်၊ တစ်ပင်နက်တွင်၊
ငါးဆက်ဖူးငုံ၊ ပေါ်လတ်တုံက စသည်ဖြင့် ‘ငါး’ ဆိုတဲ့ စကားတစ်လုံးတည်းကို ကြာဝတ်ဆံတိုင်လို ဗဟိုပြုပြီး ပဒုမ္မာကြာဆိုနည်း ရတုကို စပ်ဆိုခဲ့ပါတယ်။ (ယန္တရားစကြာလည် ရတုလို့လည်း ခေါ်ပါတယ်)
ဒါ့အပြင် ပုလဲတစ်တန့် သန္တာတစ်တန့် ရတု ဆိုပြီးတော့လည်း အမည်မှည့်လို့ တီထွင်စပ်ဆိုခဲ့ပုံကို ...
မြတ်မျိုး မြင့်မှန်၊ ကြင်ပေတန်၍၊
ရွယ်ရန်ရည်ရင့်၊ ဆင်တိုင်းတင့်သား ... စတဲ့ ဧကပိုဒ် ရတုမှာ ပုလဲလုံးသဖွယ် အက္ခရာ ညီညီတစ်တန်း၊ သန္တာကျောက်သဖွယ် အက္ခရာမညီတဲ့ အပိုဒ်တစ်တန်း ဆစ်ပြီး ဖွဲ့ထားကြောင်း တွေ့ရပါတယ်။

ဒီနည်း နှစ်နည်းကိုတော့ ကျနော် လင်္ကာ အခန်းမှာ ရေးသားခဲ့ပြီး ဖြစ်တာမို့ ဒီမှာ အကျယ် မဖော်ပြတော့ပါဘူး။ မြန်မာကဗျာ ဆိုတာ ဂျို(ချို)နဲ့လား (၇) - လင်္ကာ (http://harrylwin.blogspot.com/2008/09/blog-post_03.html) အခန်းမှာ အကျယ် ပြန်ဖတ် ကြည့်နိုင်ပါတယ်။

တခြားစပ်ဆိုနည်း အဆန်းရတုတွေကတော့ ...
‘ရွယ်ရန်ငွေ့၍၊ ရန်းလေ့ရာသီ၊ ရဲရဲညီသား’ ဟူသော အက္ခရာတစ်လုံးတည်းကို အပိုဒ်တိုင်းတွင် ရွဲသီသလိုသုံးပြီး ရေးတဲ့ မုတ္တာရွဲသီရတုတွေလည်းရှိတဲ့အပြင် နဝဘာအင်း ဆိုနည်း၊ တံခွန်စာဆိုနည်း၊ သန်လျှက်စာဆိုနည်း၊ မြင့်မိုရ်ဆိုနည်း၊ သုံးလွန်းတင်ဆိုနည်း၊ ဥသျှောင်ဆိုနည်း စတဲ့ စာဆိုနည်းတွေနဲ့ စပ်ဆိုထားကြတဲ့ ရတုတွေလည်း ရှိပါတယ်။ ဒါတွေကတော့ လင်္ကာစာရင်းထဲလည်း ထည့်လို့ရပါတယ်။ များသောအားဖြင့် တပိုဒ်တည်းသာ ရေးကြတာမို့ (ဧကပိုဒ် ရတု) အဖြစ် ယူဆ ကြတာ ဖြစ်ပါတယ်။ မုတ္တာရွဲသီရေးနည်းကတော့ ပဒုမ္မာကြာဆိုနည်းနဲ့ ဆင်ပေမဲ့ ပဒုမ္မာကြာဆိုနည်းမှာလို “စာလုံးတလုံးတည်း” မဟုတ်ဘဲ “အက္ခရာတလုံးတည်း” ကိုသာ သုံးတာဖြစ်ပါတယ်။

ရေးဖွဲ့တဲ့အကြောင်းအရာအပေါ် မူတည်ပြီးလည်း ရတုဖွဲ့ဆိုရာမှာ အမျိုးမျိုးကွဲပါသေးတယ်။ မြတ်စွာဘုရားကနေစပြီး ပုဂ္ဂိုလ်တဦးဦးကို တိုင်တည်ဖွဲ့ဆိုထားတဲ့ ဘုရားတိုင်ရတု၊ သိကြားတိုင်ရတု၊ သစ္စာတိုင်ရတုတွေတင်မက နတ်တိုင်၊ ရုက္ခစိုးတိုင်၊ ရှင်ဥပဂုတ်တိုင်၊ မိုးတိုင်ရတု စတဲ့ရတုတွေ၊ စစ်ချီစစ်တိုက်ရင်း ဖွဲ့ဆိုတဲ့ စစ်ချီရတု၊ တိရစ္ဆာန်တမျိုးမျိုးကို စေလွှတ်ပြီး ပေးတဲ့ပုံစံမျိုးဖွဲ့ဆိုတဲ့ ကျေးစေရတု၊ သာလိကာစေရတု တွေသာမက ခွေးစေ၊ တစ္ဆေစေ ဆိုတဲ့ ရတုတွေအပြင် ရာသီဥတုနဲ့ပတ်သက်ပြီး ဖွဲ့ဆိုတဲ့ ရာသီဘွဲ့ရတု၊ မိုးတောရတု၊ မိုးကြိမ်ရတု၊ မိုးငေါ့ရတု၊ ခရီးလမ်းပန်းအကြောင်း ဖွဲ့ဆိုတဲ့ တောလားရတု၊ ရေလားရတု စတာတွေအပြင် မြို့ဘွဲ့ရတု၊ ဘုန်းတော်ဘွဲ့ရတု၊ မောင်ဘွဲ့မယ်ဘွဲ့ရတု၊ မေးဖြေရတု၊ အခံရတု၊ အလိုက်ရတု၊ သျှိုးလိုက်ရတု၊ မင်္ဂလာရတု ... အစရှိသဖြင့် အမျိုးပေါင်း များစွာရှိပါတယ်။ ဒါကြောင့် ယေဘူယျအားဖြင့် အတိအကျသတ်မှတ်လို့လွယ်တဲ့ အပိုဒ်ရေကို အခြေခံပြီးခွဲခြားခြင်းဟာ သင့်တော်ပါတယ်။

အချီအချပေါ် မူတည်ပြီး ရတုအမျိုးအစား ခွဲခြားပုံကိုတော့ အမှတ် (၄) အချီအချအားဖြင့် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသေးစိတ် ဖော်ပြပါမယ်။

(၃) ပိုဒ်ရေအားဖြင့်

တကယ်တော့ ရတုဟာ လင်္ကာကနေ ပေါက်ပွားလာတဲ့ ကဗျာအဖွဲ့အနွဲ့ဖြစ်ပေမဲ့ လင်္ကာလို မဟုတ်ဘဲ ဖွဲ့ဆိုရာမှာ စည်းစံနစ် ရှိပါတယ်။ လင်္ကာမှာ ပိုဒ်ရေတွေ ကြိုက်သလောက်ဖွဲ့နိုင်သလို အဖျားချမှာလည်း စာလုံးရေ အကန့်အသတ် မရှိပါဘူး၊ ရတုမှာ တော့ တပိုဒ်တည်းဖွဲ့စပ်လျှင် ဧကပိုဒ်၊ နှစ်ပိုဒ်ဖွဲ့စပ်လျှင် အဖြည့်ခံ၊ သုံးပိုဒ်ဖွဲ့စပ်လျှင် ပိုဒ်စုံ ရယ်လို့ခေါ်ဆိုပါတယ်။ စာဆိုဉာဏ် ဘယ်လောက်ထက်သန်တဲ့ သူပဲဖြစ်စေ၊ ရတုကို အပိုဒ်ကြီးသုံးပိုဒ်ထက် ပိုမဖွဲ့ကြပါဘူး။ သုံးပိုဒ်ထက်ပိုတဲ့ ကဗျာတွေကိုလည်း များသောအားဖြင့် ရတုလို့ အသိအမှတ် မပြုကြပါဘူး။ (သျှိုးလိုက်ရတုတွေကတော့ ချွင်းချက်အနေနဲ့ အပိုဒ်ရေသုံးပိုဒ်မက အများကြီးဖွဲ့ကြပါတယ်) အပိုဒ်ကြီးတပိုဒ်မှာ အချီပိုဒ် ခေါ် အစပိုဒ်နဲ့ အချပိုဒ်ခေါ် အဆုံးပိုဒ် အပါအဝင် ပဒ (အပိုဒ်ငယ်) အရေအတွက် အားဖြင့် အနည်းဆုံး ၇-ပိုဒ် ကနေ အများဆုံး ၁၀၈-ပိုဒ် အထိ ‎ထားနိုင်ပါတယ်။ ၁၀၈ - ပဒထက် ပိုပြီး မဖွဲ့ရပါဘူး။ အဖျားချတွေမှာလည်း (၃)လုံး၊ (၅)လုံး၊ (၇)လုံး၊ (၉)လုံး၊ (၁၁)လုံး၊ (၁၅)လုံး၊ (၁၉)လုံး စသည်ဖြင့် အနည်းဆုံး ၃-လုံးကနေ အများဆုံး ၃၅-လုံးအထိ အဖျားချစာလုံး အရေအတွက် သီးသန့် သတ်မှတ် ထားပါတယ်။ (၃)လုံးနဲ့ (၅)လုံးက အသုံးအလွန် နည်းပါတယ်။ “အမှတ် (၄) အချီအချအားဖြင့်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသေးစိတ် ဆက်လက် ဖော်ပြပါမယ်။

စိတ်ဝင်တစား ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ် ...

ဟယ်ရီ

Read More...

Thursday, 20 December 2012

ခရမ်းပြာနှင်းဆီ

ခရမ်းပြာနှင်းဆီ


သမုဒယနွယ် တွယ်ကာယှက်လေသမျှ
အယုအယနယ် ဖယ်ခွာခက်ပါရဲ့၊
တကယ်ပါ သက်ဝေ။

ဝေဒနာနွေ အစဉ်ဝေသစ်လေသလား၊
ခြေရာတွေ ထင်စေရစ်သူရဲ့၊
သခင်နေရစ်လေ။

အတွေ့ခက်ပေ၊
နေ့ရက်တွေရှည်လျား။

သောကရင်မှာ၊
ပြောပြချင် သူမြင်မှာလား၊
ပူပင်တာ အကုန်အစင်ပြချင်ရဲ့၊
ယုံချင်မှ ယုံပါမေရယ်၊
ဆုံလာပေ ဘဝလမ်းမှာဖြင့်၊
မနမ်းသာ သင်းရီစွင့်လေတဲ့၊
ခရမ်းပြာ နှင်းဆီတပွင့်ရယ် ...
ထည်ဝင့်လေအား။ ။



မရေးဖြစ်တာကြာပြီဖြစ်တဲ့ ခရမ်းပြာဝိုင်ကို ဆက်ရေးလိုက်ပါတယ် ... အစဉ်တစိုက်ဖတ်ရှုခံစားအားပေးသူအားလုံးကို ကျေးဇူးအထူးပါခင်ဗျာ

ဟယ်ရီလွင်

Read More...

Saturday, 8 December 2012

တဖန်ပြန်၍ ...

တဖန်ပြန်၍ ...

အိပ်မက်များပင်၊
မမက်ချင်ပါ၊
နိုးလျှင်ခံစားရလွန်း၍။ ။

ဟယ်ရီလွင်

Read More...

Friday, 30 November 2012

ခွေး-၂

ခွေး-၂

ခွေးထက်ယုတ်မာ
ခွေးမိစ္ဆာသို့
ခွေးနာလောက်ကိုက်
ခွေးစရိုက်နှင့်
ခွေးမိုက်ခွေးမဲ
ခွေးထက်ကဲသည့်
ခွေးဝဲစားရုပ်
ခွေးတအုပ်သည်
ခွေးလုပ်လို့ပျော်
ခွေးခေါ်မရှက်
ခွေးထက်ရိုင်းစိုင်း
ခွေးနှင့်နှိုင်းသော်
ခွေးတိုင်းကန့်ကွက်ကြလေ၏။ ။

ပထမကဗျာအောက်မှာ ကမ္ဘာ့ဖျာ ပေးသွားတဲ့ Comment လေး သဘောကျလို့ထပ်ချဲ့လိုက်ပါတယ် ... ခွေးထက်မိုက်သူများ ကြားသိကြစေကုန်သောဝ် ...

ဟယ်ရီလွင်

Read More...

Thursday, 29 November 2012

ခွေး

ခွေး

ခွေးထက်လူရိုင်း၊
ခွေးနှင့်နှိုင်းလျှင်၊
ခွေးတိုင်းကန့်ကွက်ကြပေမည်။ ။


ခွေးထက်ပို၍ရိုင်းစိုင်းယုတ်မာကြသူများသို့ ...

ဟယ်ရီလွင်

Read More...

Wednesday, 28 November 2012

မန်လည်ဆရာတော်နှင့် နှုတ်ခမ်းမွှေး ဦးဉာဏဝံသ

မန်လည်ဆရာတော်နှင့် နှုတ်ခမ်းမွှေး ဦးဉာဏဝံသ

သီဟိုဠ်ပြန်ဘုန်းကြီး ဦးဉာဏဝံသ (နှုတ်ခမ်းမွှေး ဦးဉာဏဝံသ လို့ နောက်ပိုင်း လူသိများပါတယ်) က ထူးရင်ထူးမှ ရူးရင်လည်း ရူးမှ ကျော်ကြားမယ်၊ မြန်မာပြည် ပြန်ရောက်ရင် အထူးနာမည်ကျော်အောင် အထူးအဆန်း တခုခုတော့ လုပ်ပြရတော့မယ် ဆိုပြီးသီဟိုဠ်မှာ ပညာသင်နေတုန်း ခဏခဏ ပြောပါတယ်တဲ့ ... မြန်မာပြည်ပြန်ရောက်တော့ လုပ်ချလိုက်ပုံက ဘုရားအလောင်းတော်ဟာ တောထွက်စဉ်က (ကေသ မဿုံ) ဆံပင်နဲ့ မုတ်ဆိတ်မွှေးကိုသာ ပယ်တယ်၊ နှုတ်ခမ်းမွှေးကို ပယ်တယ်လို့ ပိဋကတ်စာပေ ကျမ်းဂန်တွေမှာ တိုက်ရိုက်မလာတာကြောင့် မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က နှုတ်ခမ်းမွှေးတော်နှင့် ခံ့ခံ့ညားညား သပ်သပ်ပယ်ပယ် တင့်တယ်ကြည်ညိုဖွယ် ကောင်းလှပါတယ် ဆိုပြီး ဘုရားဆင်းတုတော်တွေ ပန်းချီပုံတွေမှာ နှုတ်ခမ်းမွှေးတပ်ကြဖို့ တရားလှည့်ဟောရုံမက ဓနုဖြူက ကျိုက်ကလွန်ပွန်းစေတီတော်ရဲ့ တန်ဆောင်းထဲက ရုပ်ထုတော်တဆူကို နှုတ်ခမ်းမွှေးတွေ တပ်ပြီး "နှုတ်ခမ်းမွှေးဂိုဏ်း" ကိုတောင် ထောင်လိုက်ပါသတဲ့ ....

ဒါကို မန်လည်ဆရာတော်ကြီး ကြားတော့ အောက်က ဒွေးဆစ်သဖြန်လေး စပ်ပြီး ဆော်လိုက်တော့မှ ငြိမ်သွားပါသတဲ့ ...

လုပ်ငန်းရယ်ပို၊
နှုတ်ခမ်းကို သူကြည်ညိုသတဲ့၊
သီဟိုဠ်ပြန်ဘုန်း။

စဉ် ရှေး ... ဟို၊
ဖင်မွေးကို ဘယ်လိုဆိုပါ့၊
သီဟိုဠ်ပြန် ဆရာဉာဏ်ရဲ့၊
အပဒါန်ရွှေစာတမ်းကို၊
ကျမ်းပြပါအုံး။ ။


မန်လည်ဆရာတော်ကြီးက အဲဒီလို ထိထိမိမိနဲ့ ခပ်စပ်စပ်လေး ရေးတဲ့နေရာမှာ တကယ့်ကို ပါရဂူပါပဲ ... ဒါကြောင့်လည်း ကဗျာ့ပါရဂူ လို့ သတ်မှတ်ကြတာပါ ...

ဟယ်ရီလွင်

Read More...

Tuesday, 27 November 2012

လထစ်နာစွဲ

လထစ်နာစွဲ

မန်လည်ဆရာတော်ဘုရားကြီးသည်၊ “ဆိုရေးရှိက၊ ဆိုအပ်လှ၏၊ ဆိုစများလျား၊ ထားပချေဘိ၊ ငါ့ဝန်ရှိခဲ့” ဆိုသော ဖြောင့်မှန်လှသော ရှေးသူတော်ကောင်း သူမြတ်လောင်း ပညာရှိကြီးများ ထုံးစံတန်ထွာ ဓမ္မတာ ရှိတော်မူကြသည့်အတိုင်း နုသင့်သည့်အခါ အလွန်နူးညံ့သိမ်မွေ့လျက် ကြမ်းသင့်သည့်အခါ အလွန်ကြမ်းတမ်းလှစွာ စကားလုံး ပြောင်ပြောင် ကလောင် ထက်ထက်နှင့် ခေါင်ထိလောက်အောင်, ဘီလူးရုပ်ကြီးပေါ်လာမယောင်, ထင်ပေါ်လေးနက်လှစွာ ကဗျာလင်္ကာများကို နောင်လာနောက်သား အမှတ်တရဖြစ်သွားရအောင် စီကုံးစပ်ဆိုတော်မူလေ့ရှိတော်မူသည်ကို အောက်ပါ ကဗျာနှစ်ပုဒ်တို့က ထောက်ခံလျက် ရှိကြတော့၏။

ဤကဗျာများ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းမှာ ...

တန်ခွန်တိုင်ရွာတွင် မန်လည်ဝန်မင်းက ကိုးကွယ်ဆည်းကပ်နေသော ဘုန်းတော်ကြီး ဦးဘိုးချိန် ခေါ်သော ဝန်မင်း၏ ဆရာတော်ကြီး တပါး ရှိ၏။ ၄င်းဆရာတော်နှင့် မန်လည်ဆရာတော်ကြီး နှစ်ပါးတို့သည် အလွန်ချစ်ခင်ရင်းနှီးခြင်း ရှိကြ၏။ ၄င်း ဆရာတော်ကြီး ဦးဘိုးချိန်သည် သက်တော် ခြောက်ဆယ်ကျော်မှ သာသနာတော်ဘောင်တွင် မပျော်ပိုက် ငြီးငွေ့ကာ လူဝတ်လဲရှာသဖြင့် သူ၏ ဒကာရင်း မန်လည်မြို့ဝန်မင်းက အိမ်တွင်ထားကာ စောင့်ရှောက် ပြုစုထား၏။
၎င်းလူထွက်ကြီး ဦးဘိုးချိန်သည် ဆရာတော်ဘုရားကြီးနှင့် ခင်မင်ရင်းနှီးလှသည့်အတိုင်း ဆရာတော်ဘုရားကြီး၏ ကျောင်းသို့ နေ့စဉ်နေ့တိုင်းလိုလိုပင် မကြာခဏသွားလာနေလေ့ရှိ၏။ ၄င်းလူပျံတော်ကြီး ဦးဘိုးချိန်သည် ကသာမြို့သို့ လည်း ခဏခဏ သွားရောက်လည်ပတ်လျက် မိန်းမပေါ့ မိန်းမပျက်များနှင့် အလွန်ပျော်ပါးလိုက်စားလေ့ရှိ၏။ ထိုကဲ့သို့ မသန့်စင်သော မိန်းမများနှင့် လိုက်စားဖန်များလှသဖြင့် ရောဂါများရရှိကာ အိပ်ယာမှ မထနိုင် ဖြစ်နေတော့၏။ ထိုအခါ ဆရာတော်ဘုရားကြီးသည် ဦးဘိုးချိန်ကို မတွေ့မမြင်ရတာ နေ့ရက်တွေ အတော်ကြာသွားသဖြင့် “မောင်ဘိုးချိန်ကြီး ကျောင်းသို့မလာသည်မှာ အတော်ကြာသွားပြီ၊ သူ ဘယ်သွားသလဲ? ဘာဖြစ်နေသလဲ?” စသည်ဖြင့် တနေ့သောအခါ မေးမြန်းတော်မူ၏။
ထိုအခါ အနီးအပါးရှိ ရဟန်းတပည့်များက “မောင်ဘိုးချိန် ရောဂါစွဲကပ်ကာ သူ၏အိမ်တွင် အိပ်ယာထဲမှာ လဲလျောင်းနေရ ပါသည် ဘုရား” ဟု လျှောက်ထားကြ၏။ ထိုအခါ ဆရာတော်ဘုရားကြီးက “သူ့မှာ ဘာရောဂါဖြစ်တာလဲ” ဟု မေးတော်မူ သောအခါ ရဟန်းတပည့်များက “သူ့ရောဂါဟာ လူပျိုနာဖြစ်ပါတယ် ဘုရား” ဟု လျှောက်ထားကြ၏။
ဆရာတော်ဘုရားကြီး - လူပျိုနာ ဆိုတာ ဘာလဲ။
တပည့်များ - လူပျိုနာဆိုတာ ကာလသားရောဂါ ဖြစ်ပါတယ်ဘုရား။
ဆရာတော် - ကာလသားရောဂါ ဆိုတာ ဘာလဲ။
တပည့်များ - ကာလသားရောဂါ ဆိုတာ ဖာကျိုးနာပါ ဘုရား
ဆရာတော် - ဖာကျိုးနာဆိုတာ ဘယ်လိုအနာမျိုးလဲ။
တပည့်များ - ဖာကျိုးနာဆိုတာ မိန်းမပေါ့ မိန်းမပျက်များကို လိုက်စားလို့ ရတဲ့အနာပါဘုရား။
ဆရာတော် - မိန်းမပေါ့ဆိုတာ ဘယ်လို မိန်းမလဲ။
တပည့်များ - မိန်းမပေါ့ဆိုတာ မကောင်းတဲ့မိန်းမ ဖြစ်ပါတယ် ဘုရား။
ဆရာတော် - မကောင်းတဲ့မိန်းမ ဆိုတာ ဘယ်လို မိန်းမလဲ။
တပည့်များ - မကောင်းတဲ့မိန်းမ ဆိုတာ ဖာသည်ကို ဆိုပါတယ် ဘုရား။
ဆရာတော် - ဖာသည်ဆိုတာ ဘာလဲ။
တပည့်များ - ဖာသည်ဆိုတာ အခကြေးငွေ ပိုက်ဆံယူလျက် လူမြင်တိုင်းနှင့် ဆက်ဆံပျော်ပါး သွားလာနေသော ပြည်တန်းဆာ မိန်းမကို ခေါ်ပါတယ် ဘုရား။
ဆရာတော် - သြော် သည်လိုလား! ... ပြည်တန်းဆာမိန်းမများနှင့် သွားလာပျော်ပါး လွန်ကြူးလွန်းအားကြီးလို့ ဘိုးချိန်၏ တန်ဆာမှာ အနာရောဂါ ဖြစ်နေတယ် ဆိုပါတော့၊ ဟုတ်လား? ... သြော် သိပြီ သိပြီ .... ငါနားလည်ပြီ ...
ဟု ပြောဆိုတော်မူလျက် အနီးအနားမှာရှိသော ခဲတံနှင့် စာရွက်ကိုယူ၍ တခဏခြင်း အောက်ပါဒွေးချိုးကလေးကို ရေးစပ်ကာ ပေးလိုက်တော့၏။

တင်းမတိမ်
ဒုလ္လဘပေမို့၊
ဘဝတော်က ဆိုင်သည်၊
ပျော်နိုင်မျှ သည်ပွဲ။

တင်းမတိမ်၊
တွေ့တိုင်းသူစိမ်လို့၊
ဘိုးချိန်လိင်ပြန်သစ်ဟာမို့၊
လထစ်နာစွဲ။ ။

တန်ဆာပုပ် တူးမြှုပ်လိုက်ကြ
ကပ္ပိယ မောင်ဘိုးချိန်လည်း ဤကဲ့သို့သော ကာလသားရောဂါနှင့်ပဲ မသက်မသာ အသည်းအသန် ခံစားရကာ ရက်များ မကြာမီ သေဆုံးသွားရလေတော့၏။
ထိုအခါ တပည့်ရဟန်းများက မောင်ဘိုးချိန် အနိစ္စရောက်ပြီ ဖြစ်ကြောင်းကို ဆရာတော်ဘုရားကြီးအား လျှောက်ထားလေ ရာ ... ဆရာတော်ဘုရားကြီးက ... “သြော် ... ဘိုးချိန်ဟာ သေရိုးသေစဉ်အတိုင်း မသေရ၊ ကသာမှာ အခါခါ လူပျိုလုပ်ကာ အပျော်အပါး ကျူးလွန်လိုက်စားပြီး (ရီး)ပုပ်လို့သေသွားပလား? ... ဖြစ်မှဖြစ်ရလေ! ... ဤကဲ့သို့ တန်ဆာကြွေလို့ သေခဲ့လျှင် ရဟန်းသံဃာအများက ဝိုင်းအုံပြီး တန်ဆာပုပ်ကို တူးမြှုပ်လိုက်ကြပေတော့ကွာ ဟု မိန့်တော်မူပြီးကာ အောက်ပါ လေးဆစ်ကို တမဟုတ်ခြင်းရေးခြစ်ကာ ပေးတော်မူလိုက်လေသတတ်။

ဒစ်ကြွေလို့သေဆုံး
၁။ သေရိုးတဲ့ သူမသေ။
၂။ ကသာမှာ လူပျိုလုပ်တယ် ... (ရီး)ပုပ်လို့သေ။
၃။ ဖြစ်ပလေ၊ ဒစ်ကြွေလို့ သေဆုံး။
၎။ ရဟန်းသံဃာနှင့်၊ ဝိုင်းအုံကာ တန်ဆာပုပ်ကို၊ တူးမြှုပ်ကြအုံး။ ။

(အဘိုးတန် မန်လည်ကဗျာများ ... မှ)

ဟယ်ရီလွင်

Read More...