သီဟနာဒ
အမှောင်ထဲမှာလည်း၊
တကောင်တည်းသာနေ။
အပိုအဖေါ်မလို၊
တကိုယ်တော်သာ ရှေ့ဆက်လှမ်း၊
နေ့ရက်ကြမ်းရှည်။
ခြေအလှမ်းမှာတော့၊
လေကြမ်းတွေ အဟုန်ရိုင်းလို့၊
မုန်တိုင်းတွေ ဘယ်လိုဆင်စေ၊
ယှဉ်မလေ ပြန်မကွေ့။
ကြောက်ရင်လွဲမှာပေါ့၊
လျှောက်နှင်ဆဲ ခရီးရှည်မှာ၊
မီးတွေရယ် ဘယ်လိုလွှမ်းလို့၊
ဘယ်လမ်းတွေ ဘယ်လိုမှောင်၊
ဘယ်တောင်တွေ ဘယ်လိုမြင့်မားစေတော့၊
ဝံ့စားစွာ ဖြတ်မလေ၊
ငတ်ပစေ မြက်မစားပါဘူး၊
ဆက်သွားမယ့် ဇာမဏီ၊
ရာသီခွင်ရွေ့နေသမျှတော့၊
ဘာမထီ အစဉ်တွေ့မယ်ဟေ့၊
ငါသည် ခြင်္သေ့။ ။
နှစ်ဟောင်းကိုနှုတ်ဆက်ရင်း ဒီကဗျာလေးနဲ့ နှစ်သစ်ကိုအားမာန်သစ်များနဲ့ရင်ဆိုင်လိုက်ပါတယ်။
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ
4 comments:
အပိုအဖေါ်မလို၊
တကိုယ်တော်သာ ရှေ့ဆက်လှမ်း၊
နေ့ရက်ကြမ်းရှည်။
တဲ့လားကိုဟယ်ရီရေ..ခြင်္သေ့တွေ မျိုးတုံးပျောက်ကွယ်သွားမှာ စိုးရတယ်..နောက်တာပါရှင်။ အားမာန်တွေအပြည့်နဲ့ နှစ်သစ်ကိုကြိုဆိုလိုက်ကြတာပေါ့နော်။
မယုကတော့ နောက်ပြီ ...
ငတ်ပစေ မြက်မစားပါဘူး၊
ဆက်သွားမယ့် ဇာမဏီ၊
ရာသီခွင်ရွေ့နေသမျှတော့၊
ဘာမထီ အစဉ်တွေ့မယ်ဟေ့၊
ငါသည် ခြင်္သေ့။ ။ ...
ဖတ်နေရင်းတောင် အိုဗာတင်း သောက်ပြီး အားရှိလာသလိုလို ကဗျာပါလား ။ ကိုယ်လည်း ဘာကောင်ပါလိမ့် ။
ခင်မင်သော
မင်းဒင်
ကျေးဇူးပါ ကိုမင်းဒင်ကြီးရေ ...
Post a Comment