Saturday 3 January 2009

နှစ်သစ်စကားဦး


မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံကြပါစေခင်ဗျာ ...
နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်တနှစ်ကို ကူးခဲ့ပြန်ပါပြီ ...
ဒီလိုနှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းတဲ့အခါ နှစ်ဟောင်းက အညစ်အကြေးတွေ၊ စိတ်ဆင်းရဲစရာတွေ၊ အနိဋ္ဌာရုံတွေကို နှစ်ဟောင်းမှာပဲ ချန်ခဲ့ပြီး နှစ်သစ်မှာ ကောင်းကျိုးချမ်းသာမင်္ဂလာအပြည့်အဝရစေဖို့ "မင်္ဂလာနှစ်သစ်ပါ" လို့ တဦးနဲ့တဦး ကျနော်တို့တွေ ဆုမွန်ကောင်းတောင်းပေးလေ့ရှိကြပါတယ်။ နိုင်ငံအသီးသီးမှာလည်း နှစ်သစ်ကို ပုံစံအမျိုးမျိုးနဲ့ ပျော်ရွှင်စွာကြိုဆိုလေ့ရှိကြပါတယ်။
တကယ်တော့လည်း နှစ်ဟောင်းကနေ နှစ်သစ်ကိုပြောင်းတယ်ဆိုတာ လောကကြီးရဲ့ ဘယ်တော့မှ မရိုးနိုင်တဲ့ ဖြစ်စဉ်တခုသာမဟုတ်ပါလား။ နှစ်၊ လ၊ နေ့၊ ရက်၊ အချိန်နာရီဆိုတဲ့ ပညတ်နယ်ပယ်ထဲမှာ နေနေကြတဲ့ ကျနော်တို့တွေအတွက် တကယ်တမ်းကြည့်မယ်ဆိုရင် နှစ်သစ်ကူးတဲ့နေ့ဟာလည်း ဖြစ်ရိုးဖြစ်စဉ် နေ့တနေ့ကုန်ဆုံးပြီး နောက်နေ့တနေ့ကို ကူးပြောင်းသွားခြင်းသာဖြစ်ပါတယ်။
ဒီလိုတွေးနေရင်းနဲ့ပဲ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး ဆုံးမသွားခဲ့တဲ့ ဒွေးဆစ်လေး ကျနော့်စိတ်ထဲပေါ်လာပါတယ် ...

တနေကွယ်၊
သေနယ်သို့ တခါကူး။


မေ့လျော့ကာ၊
သေဘူး ထင်ပါနှင့်၊
နေကွယ်တာအကြိမ်များရင်ဖြင့်၊
သေနယ်ရွာတကြိမ်သွားပါလိမ့်၊
တားမရဘူး။ ။


တနေကွယ်၊ တမိုးချုပ်ပြီး တနေ့ကူးပြောင်းခြင်းဟာ အသက်တရက်ပိုကြီးလာခြင်း တနည်းအားဖြင့် သေဖို့တရက်ပိုနီးလာခြင်းပဲ မဟုတ်ပါလား။ ဘယ်သူမှ ရှောင်လွှဲပုန်းအောင်းလို့မရနိုင်တဲ့ သေခြင်းတရားနဲ့ ရင်ဆိုင်တွေ့ကြရမယ့်နေ့ကို တနေ့ပိုနီးလာခြင်းသာပဲ ဖြစ်ပါတယ်။
တနေကွယ်တိုင်း သေနယ်ကို တခါတခါ ကူးကူးသွားနေခဲ့တာ ခုဆို တနှစ်တောင် ကူးပြောင်းသွားပြီဆိုတော့ ၂၀၀၈ ခုနှစ်ထဲမှာတင် နေကွယ်ခဲ့တဲ့အကြိမ်ပေါင်း ၃၆၆ ကြိမ် (ရက်ထပ်နှစ်မို့ပါ) ရှိသွားတာကို ကျနော်တို့ အမေ့မေ့ အလျော့လျော့ ဖြစ်နေခဲ့ကြ တာပါလား။
အင်း ... နေကွယ်တာ အကြိမ်များခဲ့ပါပြီ။ တကယ်ကိုများခဲ့ပါပြီ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

1 comment:

လင်းဦး(စိတ်ပညာ) said...

တနေကွယ်၊
သေနယ်သို့ တခါကူး။

မေ့လျော့ကာ၊
သေဘူး ထင်ပါနှင့်၊
နေကွယ်တာအကြိမ်များရင်ဖြင့်၊
သေနယ်ရွာတကြိမ်သွားပါလိမ့်၊
တားမရဘူး။ ။

လယ်တီဆရာတော်ဘုရားကြီးရဲ့ ဆုံးမ ကဗျာ ဒွေးချိုးလေးကို ဖတ်သွားပါတယ်... ကျေးဇူးပါ.