Friday 17 April 2009

ပန်းကြွေလမ်းပဲလျှောက်ရအောင်

‎ပန်းကြွေလမ်း ... တဲ့
ကျနော် ကဗျာသိပ်မရေးနိုင်တာ ကြာပါပြီ။ သင်္ကြန်တက်ခါနီး ဘလော့ဂ်တွေ လျှောက်လည်ရင်း မမေ (မမေဓါဝီ) ဘလော့ဂ် ကို ရောက်တော့ ဒီ ကဗျာလေးတွေ့မိပါတယ်။

ပန်းကြွေလမ်း
‎***‎
မလျှောက်စမ်းပါနဲ့
ပိတောက်ပန်းကြွေ မြေခ-လမ်းကိုမှ
လှမ်းလိုလှချင်သူရယ် … ။

ပန်းသခင် …‎
နန်းဝင် ဤပန်းဟာဖြင့်
အတာချိန် ဂိမှာန်လမှာမှ
ထိန်လျံပ ရှာရလေတယ်
သာစွပေ နွေရက်များ … ။

လေနတ်သား …‎
မရပ်မနား သူလာပြန်တော့
ညှာတံမှာ ဗျာဟန်ယိမ်းကာ
ပွင့်ချပ်ဝါ လေလာလွင့်ကို
နင်းရက်ဝံ့လား … ။ … ။

အဲဒီကဗျာလေးကိုဖတ်ပြီး ပြန်ရေးချင်တဲ့ ခံစားချက်လေးတခု ပေါ်လာတာနဲ့ တြိချိုးလေးပဲ ပြန်ရေးလိုက်မိရင်းနဲ့ နှစ်ဟောင်းကို နှုတ်ဆက်ရင်း နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။ အိပ်ပျော်နေတဲ့ ကျနော့်ကဗျာဝိညာဉ်ကို ပြန်နှိုးပေးခဲ့တဲ့ ပန်းကြွေလမ်းဆိုတဲ့ ကဗျာလေးနဲ့ ဒီကဗျာလေးရဲ့ ပိုင်ရှင် မမေ ကိုလည်း ကျေးဇူးအထူးပါခင်ဗျာ ...

ပန်းကြွေလမ်းပဲလျှောက်ရအောင်

လျှောက်ပါရစေ၊
တယောက်နှမမေ ဝေဒနာရနေလား၊
ပိတောက်အလှတွေ ကြွေကာကျလာတော့၊
ဝေဖြာလှပါတဲ့ သည်လမ်းကို၊
လှမ်းလိုလို့လေ။

ပန်းပိတောက်သခင်၊
နွမ်းခြောက်ရင်တောင် သင်းပျံ့ကြိုင်ပါလို့၊
လှမ်းလျှောက်ချင်အောင် မင်းရနံ့လှိုင်နေရဲ့၊
ရှင်းသန့်မြိုင် သင်္ကြန်အတာပွဲမှာ၊
မပန်သာဘဲ ကြွေလည်းလေ၊
မြေထဲမှာပင်မွှေး။

လေအဝင့်မှာ၊
ကြွေလွင့်ကာကျနေဆဲ၊
မြရည်ထဲ အဝါဆင်တဲ့၊
အတာသဘင်ရဲ့ ပိတောက်ပန်းကို၊
ကညာခင်နွဲ့ တယောက်မနမ်းသာပေမယ့်၊
လျှောက်စမ်းပါ လက်တွေတွဲကာပေါ့၊
မျက်ရည်လည်း မဝဲပါနဲ့မေရယ်၊
အသည်းမာ တမင်နင်းတာမဟုတ်ပါဘူး၊
ရင်တွင်းမှာ ပိတောက်ဝေဆဲပါပဲ၊
ကြွေလည်းလေ ရနံ့သင်းနဲ့၊
ဖြန့်ခင်းရာ ပိတောက်လမ်းကို၊
လျှောက်လှမ်းစို့လေး။ ။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ ...

ဟယ်ရီ

7 comments:

မေဓာဝီ said...

ကိုဟယ်ရီရေ ...
မမေရဲ့ မတောက်တခေါက် ကဗျာကြောင့် ကိုဟယ်ရီ ဒီကဗျာလေး ရေးဖြစ်တယ်ဆိုလို့ ၀မ်းသာပီတိ ဖြစ်မိပါတယ်။
ကိုဟယ်ရီ့ကဗျာက တကယ်ကို ကောင်းပါတယ်။
နဘေထပ်ထားတာလေးတွေလည်း လှတယ်။
ခုလို မြန်မာကဗျာလှလှလေးတွေ ဖတ်ချင်နေတာ ကြာပြီ။ အသစ်တွေ ပြောတာပါ ... ။
နောက်ထပ်လည်း ရေးပါဦးလို့ တိုက်တွန်းပါရစေရှင် ... ။

လေးစားလျက်
မေဓာဝီ

chanye` said...

၂ယောက်လုံး တော်ကြပါတယ်။

Kaung Kin Ko said...

ပန်းပိတောက်သခင်၊
နွမ်းခြောက်ရင်တောင် သင်းပျံ့ကြိုင်ပါလို့၊
လှမ်းလျှောက်ချင်အောင် မင်းရနံ့လှိုင်နေရဲ့၊

နဘေတွေ တော်တော် မိုက်တယ်ဗျာ။

Harry said...

မမေ .. ညီလေးချမ်းရဲ .. ကိုကင်းကောင်ကို အဲ .. မှားလို့ ကိုကောင်းကင်ကို ... :)
အားလုံးကို ကျေးဇူပါခင်ဗျ ...

ညလေး said...

ကဗျာလေးက ကာရံရော နဘေပါ ထိလှပါတယ်။ ညလေး မရေးတတ်ဘူး။ ကဗျာသစ်လေးတွေ ထွက်ရှိလာလိမ့်ဦးမယ်လို့လဲ မျှော်လင့်နေပါတယ်နော..
ခင်လျက်

ဟန said...

ကြက်သီးထလောက်အောင်ကို ကဗျာတွေ၊ ရတုတွေ သိပ်ကောင်းပါတယ်။ ဖတ်ရင်းနဲ့ ၀မ်းသာ ကြည်နူးကြက်သီးထပြီး တကယ် ၀မ်းသာတယ်။
ဒီလို တကယ့် အစစ်အမှန်တွေကို ရှာမတွေ့ခဲ့တာ ကြာပြီ။
တကယ် ကျေးဇူးတင်ပါတယ်ရှင်။

Harry said...

တကူးတက လာရောက်အားပေးကြတဲ့ ညလေးရော ဟန ရောကို ကျေးဇူးအထူးပါ ခင်ဗျာ