မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁၄)
လေးချိုးလတ်
ပထမဆုံး ဥပဒေသလေးချိုးလတ် ကို အရင်ကြည့်ပါ။
ကုံးသီကာ ရေးပျိုးတတ် (စေဘို့)၊ ......... (၆လုံး)
ထုံးမှီစရာ ရှေးရိုးစပ် (မယ်ပ)၊ ............... (၆လုံး) (တွန့်ပိုဒ်)
(အိုကွယ်) လေးချိုးလတ် (ရယ်တဲ့) ဤသည့်စာ။ ....... (၆လုံး) (ပထမအချိုး စုစုပေါင်း ၂ပိုဒ်)
ပ-အချိုး (မှာလ)၊ ................... (၃လုံး)
ပြရိုးနော် တိ ပဒါ (ပ)၊ ............. (၆လုံး)
ဒုတိယာ တ စတု (မှာလ)၊ ........ (၆လုံး)
စု လိ ပါ သ တခု (ပါဘဲ)၊ .......... (၆လုံး) (တွန့်ပိုဒ်)
ပိုဒ်စုကို အမြင်သာ (ဘို့)၊ .......... (၆လုံး)
သင်္ချာကို နံသင့်ရေး (တယ်ကွယ်)၊ ... (၆လုံး)
တွေး ကြသေချာ။ ....................... (၄လုံး) (ဒုတိယအချိုး စုစုပေါင်း ၆ပိုဒ်)
အက္ခရာ လုံးရေရ (ကိုလ)၊ ............. (၆လုံး)
ဆက်ကဗျာ ကုံးဖွေလို့ပြ (ပြန်တော့)၊ .... (၆လုံး) (တွန့်ပိုဒ်)
သုံးနေကျ (မှာလ) ပ-တ မှာ၊ ......... (၆လုံး)
ဆ ခရာ (သာပ) အပိုဒ်တိုင်း။ ......... (၆လုံး) (တတိယအချိုး စုစုပေါင်း ၃ပိုဒ်)
ဒု-စ လယ်၊ ................................ (၃လုံး)
ရှုဆဖွယ် ခြောက်ပင်ကုံး (ပါလို့)၊ ...... (၆လုံး)
နောက်ဆုံး(တွင်) လေးခရာ ပ၊ ........ (၆လုံး)
ဒွေး စမှာ တိ-ဆ ကုံး (ပါတော့)၊ ....... (၆လုံး)
စတုတ္ထာ စပိုဒ်လုံး (မှာလ)၊ .............. (၆လုံး) (တွန့်ပိုဒ်)
လေး-သုံး နှင့် စိုင်း (ပါလို့) (ကွယ်တို့ရယ် ...) ... (၄လုံး)
ရေးထုံးချင့်နှိုင်း။ ။ ............................. (၄လုံး) (တွန့်ပိုဒ်) (စတုတ္ထအချိုး စုစုပေါင်း ၆ ပိုဒ်)
လက်သည်းကွင်း () အတွင်း ပြထားတဲ့စာလုံးတွေကတော့ ပဒါလင်္ကာရ တွေမို့ ထုံးစံအတိုင်း စာလုံးရေ ရေတွက်တဲ့ နေရာမှာ ထည့်ရေဖို့ မလိုပါ။ ဒီ ဥပဒေသလေးချိုးလတ်ကို ဒီအတိုင်းဖတ်ကြည့်လိုက်ရင် ဘာတွေ ရေးထားတာလဲ ဆိုပြီး ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့်မို့ ကဗျာစွယ်စုံကျမ်းထဲမှာပြထားတဲ့အတိုင်းပဲ ရှင်းပြပါမယ်။
ပ-အချိုး (မှာလ) ဆိုတာက ပထမအချိုးမှာ လို့ ဆိုလိုပါတယ်။
ပြရိုးနော် တိ ပဒါ (ပ)၊ ဆိုတော့ တိ = သုံး၊ ပဒါ = အပိုဒ် ဖြစ်တဲ့ အတွက် သုံးပိုဒ်ကိုပြရိုးရှိပါတယ်။ ဒီတော့ လေးချိုးလတ်ရေးရင် ပထမအချိုးမှာ သုံးပိုဒ် ထားလေ့ရှိတယ်လို့ ဆိုလိုပါတယ်။ တခါတလေ တော့ တွန့်ပိုဒ်တွေထည့်ပြီး လေး၊ ငါးပိုဒ်လောက်လည်း ထားနိုင်ပါတယ်။
ဒုတိယာ တ စတု (မှာလ)၊ ဆိုတာကတော့ ဒုတိယ၊ တ = တတိယ၊ စတု = စတုတ္ထ ဖြစ်တဲ့အတွက် ကျန်တဲ့ ဒုတိယ၊ တတိယ နဲ့ စတုတ္ထ အချိုးတွေမှာ ...
စု လိ ပါ သ တ ခု (ပါဘဲ)၊ ပိုဒ်စုကို အမြင်သာ (ဘို့)၊ သင်္ချာကို နံသင့်ရေး (တယ်ကွယ်)၊ လို့ ဆိုတဲ့အတွက် "စုလိပါသတ" ဆိုတာကို နံသင့်သင်္ချာနည်းနဲ့ ကောက်ရင် စု =၃၊ လိ=၄၊ ပါ= ၅၊ သ = ၆၊ တ = ၇ ဖြစ်တဲ့အတွက် သုံးပိုဒ်ကနေ ခုနှစ်ပိုဒ် အထိ ထားနိုင်တယ် လို့ ဆိုလိုရင်းဖြစ်ပါတယ်။
အက္ခရာ လုံးရေရ (ကိုလ)၊ ဆိုတော့ အက္ခရာ အလုံးရေ ဘယ်နှစ်လုံးထားရမလဲဆိုတာကို ပြောပါတယ်။
သုံးနေကျ (မှာလ) ပ-တ မှာ ...၊ ဆ ခရာ (သာပ) အပိုဒ်တိုင်း။ ဆိုတာကိုကြည့်ရင် "ပ-တ မှာ" ဆိုတာ ပထမ နဲ့ တတိယ အချိုးကို ဆိုလိုပါတယ်။ ဒီမှာ "ဆ ခရာ (သာပ) အပိုဒ်တိုင်း" ဆိုတဲ့အတွက် ဆ=၆၊ ခရာ = အက္ခရာ ဖြစ်လို့ အပိုဒ်တိုင်းမှာ အက္ခရာ(၆)လုံး ထားရမှာ ဖြစ်ပါတယ်။
ဒု-စ လယ်၊ ဆိုတဲ့အတွက် ဒုတိယချိုးနဲ့ စတုတ္ထ အချိုးရဲ့ အလယ်ပိုဒ် တွေမှာ ...
ရှုဆဖွယ် ခြောက်ပင်ကုံး (ပါလို့)၊ ဆိုတာက အက္ခရာ(၆)လုံး ထားရမှာ ဖြစ်ပါတယ်။
နောက်ဆုံး(တွင်) လေးခရာ ပ၊ လို့ ဆိုတဲ့အတွက် နောက်ဆုံးအချပိုဒ်ကို လေးခရာ = အက္ခရာ(၄)လုံး ထားရမှာ ဖြစ်ပါတယ်။
ဒွေး စမှာ တိ-ဆ ကုံး (ပါတော့)၊ ဆိုတဲ့အတွက် (ဒွေး =၂၊ စ = အစပိုဒ် ဖြစ်လို့) ဒုတိယချိုးအစကို (တိ-ဆ= ၃-၆ ဖြစ်တာကြောင့်) (၃)လုံး (သို့မဟုတ်) (၆)လုံး တခုခုပဲ ထားရပါမယ်။
စတုတ္ထာ စပိုဒ်လုံး (မှာလ)၊ ဆိုတာက စတုတ္ထအချိုးရဲ့ အစပိုဒ်ကို
လေး-သုံး နှင့် စိုင်း (ပါလို့) လို့ ဆိုထားတဲ့အတွက် (၃)လုံး ဒါမှမဟုတ် (၄)လုံး တခုခုနဲ့ စရပါမယ်။
ကဲ ... ဒီတော့ နမူနာ လေးချိုးလတ်တွေကို ကြည့်ကြပါစို့။
ဦးပုညရေး - သံဝေဂလေးဆစ်
ပျော်မမွေ့နိုင်ဘု၊
ဓလေ့ကိုတဲ့ ငြီးတော့တယ်။
ကိုင်ပုတီး၊
သစ်သီး ညှာအကြွေနှင့်၊
မေဓာဝေ သူတို့ထုံးလို၊
ဘုန်း မွေ့တော့မယ်။
ရုပ်ခန္ဓာ အပုပ်ကောင်ကိုလ၊
စက်ဆုပ်လို့ မငြိတွယ်၊
ဖြတ်မယ်ပ ခင်လေး။
ဘာဝနာ၊
သစ်နက်ကယ် လျှော်တေဟာနှင့်၊
မန်းသေလာ တောင်အကွေ့မှာလ၊
ယနေ့ပင် တဝါဆိုတော့မယ်၊
ယဉ်နဂို ညိုညိုနုရယ်၊
မင်းသာဓု ပေး။ ။
ဒီလေးချိုးမှာ "မေဓာဝီ" ကို တွေးမိတွေးရာ ရေးမိရေးရာ (အဲ ... ယောင်လို့၊ မမေဘလော့ဂ်နဲ့ ရောကုန်ပါပြီ) ကာရန်ငဲ့ပြီး "မေဓာဝေ" လို့ သုံးစွဲစပ်ဟပ်သွားပုံကိုသတိပြုပါ။ လေးဆစ်လို့ရေးထားပေမယ့် စာပိုဒ်တွေများတဲ့အတွက် လေးချိုးလတ်ထဲ ပါပါတယ်။
မောင်မယ်စုံ လေးချိုးလတ်
ညို့ကုန်းယံ ချောက်နဘေးမှာလ၊
တို့ဘုန်းကံ အလျောက်မွေးရော့ထင့်၊
တခေါက်ပြေးမှဖြင့်မိုးထိုးမယောင်၊
ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်။
နှစ်ကိုယ်ချို့တာကြောင့်၊
ချိုဘို့တူ နွားပြာအုပ်တွေနဲ့၊
ပျိုတို့လူ ယာ မလုပ်တယ်၊
အားထုတ်မယ့်မောင်မှာနော်ကွယ်၊
ဝါးခုတ်တဲ့တောင်။
ဟဲ့ ဆိုကာ ကြိမ်တံမြှောက်မှဖြင့်၊
လှည့်လိုရာ တိမ်ယံရောက်နိုင်ငဲ့၊
အိမ်ခြံပေါက်ပါတဲ့ နွားညီနောင်၊
စားအီအောင်ဗျ ညနေစောင်း၊
အားစည်အောင်ပ ဝစေကြောင်း။
ဆောင်ခွင့်ကိုရွယ်၊
မောင်နှင့်မယ် တူယှဉ်တွဲပါလို့၊
နောင်တင့်တယ် လူမြင်ရဲကာမှ၊
ယူငင်ကာ ခြူဆင်ဆွဲလို့ရယ်၊
ပွဲဝင်မယ့် ကျောင်းသူရဲ့ ...
လှည်းယာဉ်နဲ့မောင်း။ ။
(သတိုးသီဟ ထပ်ချဲ့ထားတဲ့ လေးချိုးလတ်ဖြစ်ပါတယ်။ အပေါ်က မောင်မယ်စုံ လေးချိုးငယ်ကို လေးချိုးလတ်အဖြစ် တွန့်ပိုဒ် တွေနဲ့ နဘေထပ်ပြီး စပ်ထားတာမို့ ရေးပြလိုက်ပါတယ်။)
ဆရာကြော့ရေး - တောသူဖွဲ့ လေးဆစ်
နုသားတော် ဝါဝါညက်ကယ်နှင့်၊
ရှုစားသော် ခါခါမက်စေဘို့၊
ကလျာသက် (ရယ်တဲ့) လှမျက်မှန်။
ယဉ်တနဲ၊
ဆင်ကွဲ ဘိုကရိုနှင့်၊
နဂိုကို အလွန်ချောတာမို့၊
တောနှင့်မတန်။
သတင်းမော် ကျော်တယောက်ဟာမို့၊
မင်းကတော် ခေါ်စလောက်ပါဘဲ့၊
တောက်ခေါက်မိ အော် .. တို့ကံငယ်၊
ပန်ဆိုမိ ဆုထူး။
ငွေယုန်လွှာ၊
ရွှေပုဏ္ဏာ စံပြည်မြို့ဆီသို့၊
ထံပို့လျှင် တော်ပါလေငဲ့၊
မာလာငွေ သန္ဓေမွေ့သူမို့၊
တရပ်နေ တဒင်တွေ့တို့မှာ၊
(ခင်လေးရယ်) ပြောမေ့နိုင်ဘူး။ ။
အချုပ်တန်းဆရာဖေ ရေး - ပန်းချီမနိုင် - မယ်ဖွဲ့ လေးချိုးလတ်
ရွှေပဒုံ ကြာအချပ်ကိုလ၊
လေအဟုန် လာ၍ ခတ်စဉ်က၊
ကညာနတ်ထွက်ခဲ့တယ်။
သန္ဓေဘွားဟာမို့၊
ရွှေသားကို ပန်းချီပြင်၍၊
သည်ခင်ကို စုတ်တံနှင့်ရေးသော်လည်း၊
ဆေးရနိုင်ဖွယ်။
စခန်းနော် လိုရာကွန့်နိုင်တဲ့၊
မန်းပေါ်မှာ ကိုကြာညွန့်သော်မှ၊
ရွံ့ပါလိမ့်သူ့နိကာယ်ကို၊
ရှိတယ်လို့ ဟုတ်ပြီဘူး။
တပါးဟန်၊
သိကြားရယ် မကြာဖန်တော့၊
ကာရန်မှာ တူမည်ဝေးပါငဲ့၊
တို့တမေ ခင်ခင်လေးမှာကွယ်၊
ရှေးကုသိုလ်ထူး။ ။
ဦးသာဇံ ရေး - မယ်ဖွဲ့ လေးချိုးလတ်
ရွှေပြည်တန် မကသေးပါတဲ့၊
နေချည်လျှံ မြအသွေးလိုပ၊
သြော် ... အလှကလေးရယ်တဲ့ ပုံ့ပုံ့ရယ်။
ဖွဲ့သက္ကရာဇ် တဆယ့်နှစ်နှစ် ဇာတာအနေက၊
ကညာမေ တဖြစ်ကူးခဲ့တော့၊
နံ့သာရေ အနှစ်လူးလို့ရယ်၊
ဖူးထွတ်ထွတ်ကယ်။
သာကီမှာ ပဏာရပါဘိ၊
ကာလီဒါ ဆရာပြပါတဲ့၊
စာအရ ကျမ်းနှင့်ကွယ်၊
အော် ... ထယ်ဝယ်တဲ့ ခင်လေး။
မှေးစက်ရွှင်ရွှင်၊
မွှေးညက် ရင်ခွင်တင်လို့၊
ကစားချင် ယားရင်ရိုက်ရှာလိမ့်၊
တအားပင် ထားတင်ပိုက်ပါလို့၊
ပါးပြင်ကို သွားကျင်လိုက်အောင်ကွယ်၊
(ခင်တို့ရေ ...) ဘုန်းကိုက်ချင်သေး။ ။
ကွပ်ရွာ မင်းကြီးကတော်ရေး - ညွှန်းပြပါ့ဖား လေးချိုး
မျှော်လင့်တုန်း၊
ကြော့ဆုံးလာလိမ့်မည်။
မြရေလျှံ ဗွေအမ္ဗုက၊
မဏ္ဍုဆွေ နှုတ်ချိုခွန်းနှင့်၊
ညွှန်းပြန်ဘိသည်။
ဖန်ရေရေ၊
မှန်ပေခဲ့လျှင်ဖြင့်၊
ထုံကြည်လဲ့ ကြာဝတ်ရည်၊
ယူမည်လို့ စောင့်စား။
မရဘူးသော်လည်း၊
လျှံမြူးစိန်စီတဲ့၊
နာရဏီစံရွှေခွက်နှင့်၊
ကြာရက်ကို အိုင်ပြည့်သွန်းပါ့မယ်၊
ညွှန်းပြပါ့ဖား။ ။
လှိုင်ထိပ်ခေါင်တင်ရေး - သံဝေဂ လေးဆစ်သဖြန်
သူဖြူလျှင် အယူဖြောင့်နိုင်ငဲ့၊
သူမှောင့်မယ့် စိုးမိတယ်။
ခွင့်သနားလျှင်ဖြင့်၊
မြင့်ဖျား တောင်ဟေမာနှင့်၊
ချောင်သေလာ ရွှေဝါကွေ့မှာ၊
တောမွေ့တော့မယ်။
မသေရုံ ရွှေဘုံကြီးမှာလ၊
သစ်သီးနဲ့ ပွဲတော်တယ်၊
ဖန်ချယ်တဲ့ ဝတ်လဲ။
မွှေးလို့ရယ်လှိုင်၊
အုပ်လုံး စပယ်ကြိုင်တဲ့၊
မြကေခိုင် မင်ရည်လဲ့ကို၊
ရှင်းမယ့် ကြံဆဲ။ ။
လှိုင်ထိပ်ခေါင်တင်ရေးတဲ့ ဒီလေးဆစ်ကလေးကတော့ လေးဆစ်သဖြန်ဖြစ်ပါတယ်။
လေးချိုးသဖြန်
လေးချိုးသဖြန်ကတော့ သဖြန်အခန်းမှာ တင်ပြပြီးခဲ့တဲ့အတိုင်းပဲ လေးချိုးငယ်၊ လေးဆစ်၊ လေးချိုးလတ်တွေကို သဖြန်ပုံစံ အသံနဲ့ စပ်ဆိုထားတာမို့ အထူးအထွေ တင်ပြဖို့မလိုတော့ပါဘူး။ သဖြန် အခန်းမှာသာ ပြန်ကြည့်ကြပါ။ လေးချိုးအခန်း အစပိုင်းမှာ တင်ပြခဲ့တဲ့အတိုင်း အဆုံးမှာလည်းမဟုတ်၊ သီးခြားရေးထားတာလည်းမဟုတ်ဘဲ တခြားစာတွေမှာ ရောနှောပြီး ရေးတဲ့လေးဆစ်ကိုတော့ သဖြန်လို့ခေါ်တယ်လို့ဆိုပါတယ်။ အပေါ်က လှိုင်ထိပ်ခေါင်တင်ရဲ့ လေးဆစ်သဖြန်နမူနာလေးကိုလည်း ကြည့်နိုင်ပါတယ်။
လေးချိုးပုလဲ
လေးချိုးပုလဲ ဆိုတာကတော့ လုံးရေ၊ ပိုဒ်ရေ မများလွန်း၊ မနည်းလွန်း၊ မတိုလွန်း၊ မရှည်လွန်းဘဲ အလယ်အလတ်အားဖြင့် ပုလဲတတန့်၊ ရွဲတတန့် သီကုံးသလိုစပ်ဟပ်ရတဲ့အတွက် လေးချိုးပုလဲ ခေါ်တယ်လို့သိရပါတယ်။ တကယ်တော့ လေးချိုးလတ်မျိုး ပဲ ဖြစ်ပါတယ်။ အစပ်အဟပ်ကို လိုက်ပြီး ခေါ်ရတယ် လို့ဆိုပါတယ်။ လေးဆစ်ကို အနည်းငယ်ချဲ့ထွင်ထားတဲ့အတွက် လေးဆစ်ဘောလယ်၊ လေးဆစ်ပုလဲ ရယ်လို့လည်း ရှေးဟောင်းစာမူ ပုရပိုက်တွေမှာ တွေ့ရတယ်လို့ ဆိုပါတယ်။ စပ်နည်းက လေးချိုးစပ်နည်း ပါပဲ။ အချုပ်တန်းဆရာဖေ ရဲ့ လေးချိုးပုလဲ တပုဒ်ကို နမူနာအနေနဲ့ ပြလိုက်ပါတယ်။
နွေရာသီ မိန်ဓလေ့ပေမို့၊
ဆွေသာကီ မသိမ်မွေ့နိုင်ဘု၊
ဣနြေ္ဒ့ရင်မို့နော်။
အပူဖြိုးသော်ကော၊
မြူခိုးရယ် တဝေဝေကြောင့်၊
အထွေထွေ ရွှေရင်ထုပါလို့၊
တင်ပုဆွေ မြေမှာလဲချင်ပေါ့၊
ကွဲရနှစ်ဘော်။
ရွက်ဟောင်းဝါ ဈာန်ယာဉ်ပြောင်းပါလို့၊
ရွက်သစ်ဖြာ ညာလက်မောင်းငယ်နှင့်၊
တပေါင်းလသည်အမော်၊
ကြည်တော်မြနိုင်ဘူး။
သာခုခါ၊
ကာဠုဒါ ရွှေဂါထာကြောင့်၊
ဒေသစာ ကပ္ပီနန်းကိုကွယ်၊
မြန်းကြလို့ကူး။ ။
(အချုပ်တန်းဆရာဖေ)
လေးချိုးလတ် ပြီးတော့ လေးချိုးကြီးတွေအကြောင်းကို ဆက်ကြည့်ကြရအောင်ပါ။
No comments:
Post a Comment