မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁၃)
လေးချိုး
လေးချိုးအကြောင်းကတော့ နည်းနည်းများလို့ ရှည်ရှည်ရေးရပါလိမ့်မယ်။ သည်းခံပြီး ဖတ်ကြဖို့ တောင်းပန်ပါတယ်။
(၁) ထောင့်တိုင်းစပ်ရှည်။
(၂) မြစ်ခပေါင်း၊
ပေါင်းလောင်းလက်ယာကွေ့၊
နန်းမြေ့စံတည်။
(၃) ပုပ်ပဲကဝိုက်လည်၊
မြောက်ဆီက ဆွာဖုံး။
(၄) ကြက်ညွှန်းနောင်ညီတို့၊
တရထည် မြရည်ဆို့၊
လွမ်းဘို့မဆုံး။ ။
ဒီလေးဆစ်တိုကလေးကို သက္ကရာဇ် ၉၀၀-ကျော်မှာ မင်းဖြစ်တဲ့ ရတုဘုရင် နတ်သျှင်နောင်-ဆို လေးဆစ်လို့ ပုဂံဝန်ထောက်မင်း ဦးတင်က ကဗျာဗန္ဓသာရကျမ်း ၅၀၅-မှာ မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဒီမှတ်တမ်းအရဆိုရင် နတ်သျှင်နောင်ဟာ ရတုတွေကို သာမက လေးဆစ်ချိုးကဗျာကိုပါ မျိုးစေ့ချပေးသွားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တောင်ငူဘုရင် နတ်သျှင်နောင်ရဲ့ မြန်မာ ကဗျာအပေါ် ပြုခဲ့တဲ့ကျေးဇူးဟာ အလွန်ပဲ ကြီးမားလှတယ်လို့ ဆိုနိုင်ပါတယ်။
လေးချိုးကိုရေးရင်တော့ တြိချိုးအပေါ်မှာ တစ်ချိုးထည့် (ဒါမှမဟုတ်) ဒွေးချိုးအပေါ်မှာ နှစ်ချိုးထပ်ထည့်လိုက်ရင် လေးချိုး ဖြစ်သွားပါတယ်။ လေးချိုးမှာတော့ အပိုဒ်ကြီး လေးပိုဒ် (အချိုး လေးချိုး) ရှိပါတယ်။ အခံချိုးနှစ်ချိုးနဲ့ အအုပ်ချိုး နှစ်ချိုးပါ။ ပထမ ၂ချိုးက အခံချိုးတွေဖြစ်ပြီး၊ နောက်ဆုံး (၂)ချိုးက အအုပ်ချိုးတွေ ဖြစ်ပါတယ်။
လေးချိုးရေးနည်း ပုံမှန် ဥပဒေသ အနှစ်ချုပ် (Summary of General Rules) ကတော့ ...
၁။ အခံ ချိုး (၂)ချိုး၊ အအုပ်ချိုး (၂) ချိုး ဆိုပြီး အချိုး လေးချိုး (အပိုဒ်ကြီးလေးပိုဒ်) ထားရပါမယ်။
၂။ ပထမအချိုး အခံပိုဒ်
လဟုသံ ချီပြီး ဂရုသံ ချပါ။
အနည်းဆုံး အပိုဒ် တပိုဒ်နဲ့ရေးလို့ရပါတယ်။
တပိုဒ်မှာ အက္ခရာ အနည်းဆုံးလေးလုံး ထားပါတယ်။ ခြောက်လုံးအထိထားလို့ရပါတယ်။
၃။ ဒုတိယအချိုး အခံပိုဒ်
လဟုသံ ချီပြီး ဂရုသံ ချပါ။
အနည်းဆုံး အပိုဒ် နှစ်ပိုဒ်ထားပါ။
တပိုဒ်မှာ အက္ခရာ အနည်းဆုံး လေးလုံးကနေ (၇)လုံးအထိထားလို့ရပါတယ်။
ပထမအချိုး ရဲ့ အချ (အဆုံးသတ် စာလုံး) နဲ့ ကာရန်တူ ချရပါမယ်။
၎။ တတိယအချိုး အအုပ်ပိုဒ် (အတက်ချိုး လို့လဲခေါ်ပါတယ်)
ဂရုသံ၊ လဟုသံ ကြိုက်ရာချီပြီး လဟုသံ ချပါ။
အနည်းဆုံး အပိုဒ် နှစ်ပိုဒ်ထားပါ။
တပိုဒ်မှာ အက္ခရာ အနည်းဆုံး လေးလုံးကနေ (၇) လုံးအထိထားလို့ရပါတယ်။
အချပိုဒ် (အဆုံးသတ်အပိုဒ်) မတိုင်ခင်အပိုဒ် ရဲ့ နောက်တဝက်က ကာရန်ကို ပထမ နဲ့ ဒုတိယအချိုး ရဲ့ အချ (အဆုံးသတ် စာလုံး) နဲ့ ကာရန်တူ စပ်ပါ။ (ကာရန်ပြန်လို့ခေါ်ပါတယ်)။
၅။ စတုတ္ထအချိုး အအုပ်ပိုဒ်

တတိယအချိုး ရဲ့ အချ (အဆုံးသတ် စာလုံး) နဲ့ ကာရန်တူ ချရပါမယ်။
၆။ ဝမ်းတွင်းပိုဒ် (အတွင်းက အပိုဒ်ငယ်) တွေကိုတော့ ဂရု၊ လဟု တလှည့်စီ ကာရန်ယူရပါမယ်။
၇။ အပိုဒ်ငယ်တွေအတွင်း ကာရန် (ဝမ်းတွင်းကာရန်) စပ်ပုံကတော့ ဒွေးချိုး၊ တြိချိုးတို့နဲ့ အတူတူပါဘဲ။ တဝက်စီခွဲပြီး ပထမတဝက်ဟာ သူ့ရှေ့အပိုဒ်ရဲ့ ဒုတိယတဝက်နဲ့ ကာရန်တူရပါမယ်။ ဒုတိယတဝက် က နောက်လာမယ့် အပိုဒ်ရဲ့ ပထမ တဝက်နဲ့ ကာရန်တူ စပ်ပါတယ်။
၈။ အချိုးတစ်ချိုးရဲ့ အဆုံး နဲ့ နောက်အချိုးရဲ့အစပိုဒ်ဟာ ကာရန်ညီဖို့ မလိုပါ။
ပုံစံကတော့
- - - - - + ၊(လဟု) (ခြောက်လုံးနဲ့ပြထားပါတယ်)
- - + - - ×၊
- - ×- - *။ (ဂရု) (ခြောက်လုံး ချလေ့ရှိပါတယ်) (နှစ်ပိုဒ်ပဲထားလည်းရပါတယ်)
- - #၊ (လဟု)
- #- - - ? ၊
- - ? - - $
$ - - *။ (ဂရု) (ပထမအချိုးရဲ့ အချ * နဲ့ ကာရန်တူ ချရပါမယ်)
- - - - - + ၊ (လဟု) (ခြောက်လုံးနဲ့ပြထားပါတယ်)
- - + - - * ၊ (* ပြထားတာက အပေါ်နှစ်ချိုးရဲ့ အဆုံးကာရန်ကို ပြန်ယူထားတဲ့ ကာရန်ပြန်နေရာပါ)
- - * - - "@"။ (လဟု) (ခြောက်လုံး ချလေ့ရှိါတယ်) (နှစ်ပိုဒ်ပဲထားလည်းရပါတယ်) (* နေရာအားလုံး ကာရန်တူရပါမယ်)
- - + ၊ (ဂရု)
- - + - - % ၊
- %- "@"။ (လဟု) (လေးလုံး ချလေ့ရှိပါတယ်။ ခြောက်လုံးချလဲရပါတယ်။ တတိယအချိုးရဲ့ အချနဲ့ ကာရန်တူချရပါမယ်)
နမူနာ လေးချိုးတွေကို ရေးပြထားပါတယ်။ လေ့လာကြည့်ပါ။
"နယုန်လဘွဲ့ လေးချိုး"
၁။ မြတ်လေးဖြူ စံပယ်သင်းပြန်တော့၊ (သင်း - လဟုချီ)
နတ်သွေးတူ ရွယ်ယမင်းတွေက၊ (တွန့်ပုဒ်)
သွယ်သွယ်ညှင်း ကုံးကာ "ဆင်"။ ။ (ဆင် - ဂရုချ)
၂။ စာပြန်ပွဲကိုလ၊ (ပွဲ - လဟုချီ)
ဟန်နွှဲကာ တူနှစ် ဖော်နှင့်၊
အလှူ တော် ကောင်းမှုပွား အောင်ကွယ်၊
သွားကြပျော်"ရွှင်"။ ။ (ရွှင် - ဂရုချ၊ "ဆင်" နှင့် ကာရန်တူ)
၃။ နွေနယုန် မေထုန်လဟာမို့၊ (လ - လဟုချီ)
မြေဝသုန် လေဟုန်ခ ပြန်တော့၊ (တွန့်ပိုဒ်၊ နဘေထပ်)
ရွှေမှုန်ထပါလို့ ညိုလွင် "လွင်"၊ (လွင် - ကာရန်ပြန်၊ "ဆင်၊ ရွှင်" တို့နှင့် ကာရန်တူ၊ တက်ပိုဒ်)
ဟိုတစ် "ခွင်"မှာဖြင့် အုံ့ကာ"မှိုင်း"။ ။ (မှိုင်း - လဟုချ)
၎။ စည်ပုစွန်၊ (စွန် - ဂရုချီ)
ရိုက်ချုန်းရောင်ခြည်ဝှန်၍၊
တသွန်သွန် ဟန်ကုန်နွှဲပါလို့၊
အမ္ဗုန် မာန်ဟုန်နှင့် သဲလှတယ်ကွယ်၊
ရွှဲကြလူ "တိုင်း"။ ။ (တိုင်း - လဟုချ၊ "မှိုင်း" နှင့် ကာရန်တူ)
နောက်ထပ် တပုဒ်ကို ထပ်ကြည့်ပါ ...
၁။ ရှေမဝေးပြီဘု၊ (ဝေး - လဟုချီ)
သေဘေးရယ်တဲ့ နီးခဲ့"ပြီ"။ (ပြီ - ဂရုချ)
၂။ ကိလေသာ ညှော်အ ငွေ့တွေနဲ့၊ (ငွေ့ - လဟုချီ)
မော်၍သာ နေမိမှားလျှင်ဖြင့်၊
လားလိမ့်အောက် "ဆီ"။ (ဆီ - ဂရုချ၊ "ပြီ" နှင့် ကာရန်တူ)
၃။ သင်္ခါရေ ရုပ်နာမ်စုကိုတဲ့၊ (စု - လဟုချီ)
ထင်တာတွေ ဟုတ်မှန်ဘုရယ်လို့၊ (တွန့်ပိုဒ်၊ နဘေထပ်)
တင်ရှုလို့ တရား "မှီ"၊ (မှီ - ကာရန်ပြန်၊ "ပြီ၊ ဆီ" တို့နှင့် ကာရန်တူ၊ တက်ပိုဒ်)
သာ"ကီ" တို့ ကျင့် "မြဲ"။ (မြဲ - လဟုချ)
၎။ တိမ်းမစောင်းပါမှ၊ (စောင်း - လဟုချီ)
ကိန်းအောင်းရာ တကယ်မှန်တဲ့၊
ပြည်နိဗ္ဗာန် ရွှေအောင်နန်းကို၊
မြန်းရ မ"လွဲ"။ ။ (လွဲ - လဟုချ၊ "မြဲ" နှင့် ကာရန်တူ)
(မဟာဒွါရနိကာယ စတုတ္ထသာသနာပိုင် ဟင်္သာတမြို့ လယ်တီဆရာတော်ဘုရားကြီး)
ဝိဘာဂ အစိတ်အပိုင်း (၈)မျိုးနဲ့အသေးစိတ်ကြည့်မယ်ဆိုရင် ...
(၁) အမည်အားဖြင့်
လေးချိုး = အချိုးအပိုင်းလေးခုဖြင့် စီကုံးထားသော ကဗျာ
လေးချိုးကို လေးကြော့၊ လေးဆစ်၊ လေးဆစ်ချိုး လို့ခေါ်သလို ဒွေးချိုး၊ တြိချိုးတို့လိုပဲ ပါဠိဝေါဟာရ စွက်ပြီး စတုချိုး လို့လည်း ခေါ်ကြပါတယ်။ တခြားကဗျာတွေနဲ့ မရောဘဲ သီးခြားရေးရင်၊ ဒါမှမဟုတ် တခြား ကဗျာရဲ့ နောက်ဆုံးမှာရေးရင် လေးဆစ်လို့ ခေါ်ပါတယ်။ ဒီလို နောက်ဆုံးမှာရေးတဲ့ လေးဆစ်ကို သံထောက် လို့လည်းခေါ်ပါတယ်။ အဆုံးမှာလည်းမဟုတ်၊ သီးခြား ရေးထားတာလည်းမဟုတ်ဘဲ တခြားစာတွေမှာ ရောနှောပြီး ရေးတဲ့လေးဆစ်ကိုတော့ သဖြန် လို့ခေါ်တယ်လို့ ဆိုပါတယ်။ ကာလဒေသအလိုက် ခွန်းထောက် လို့လည်း ခေါ်တယ်လို့ ဆိုပါတယ်။ သဖြန်နဲ့ ခွန်းထောက်အကြောင်းကတော့ ဒွေးချိုးမှာ ပြန်ကြည့်ပါ။
(၂) အမျိုးအပြားအားဖြင့်
အမျိုးအစား အနေနဲ့ လေးချိုးငယ်၊ လေးချိုးလတ်၊ လေးချိုးကြီး ဆိုပြီး ကွဲပြားပါတယ်။
လေးချိုးငယ် - လေးဆစ်သဖြန်၊ လေးဆစ်ကွန်းထောက်၊ လေးဆစ်ကွန်းထောက်သဖြန် ရယ်လို့လည်း ခေါ်ကြပါတယ်။ စာလုံးနည်းနည်း၊ စာသားတိုတို၊ အပိုဒ်နည်းနည်း ပဲရေးတာပါ။ ဒါကိုလည်း လေးဆစ်လို့ ခေါ်ပါတယ်။
လေးချိုးလတ် - လေးချိုး လို့ဘဲ သာမာန်ခေါ်ကြပါတယ်။
လေးချိုးကြီး - ကာလပေါ်လေးချိုးကြီး နဲ့ ရှေးရိုးလေးချိုးကြီး ဆိုပြီး နှစ်မျိုး ရှိပါတယ်။ တစ်ခါ ကာလပေါ်လေးချိုးကြီးမှာ စာထောင့်လေးချိုးကြီး နဲ့ စာဖြောင့်လေးချိုးကြီး ဆိုပြီး ထပ်ခွဲထားပါတယ်။ အရမ်းအပိုဒ်ရေများပြီးစာလုံးလည်းများရင် မဟာလေးချိုးကြီး လို့ခေါ်ပါတယ်။ သံချို ဟာလည်း ရှေးရိုးလေးချိုးကြီး ထဲမှာပဲ အကျုံးဝင်ပါတယ်။
(၃) အချိုးအားဖြင့်
လေးချိုးတပုဒ်မှာ အခံနှစ်ချိုး၊ အအုပ်နှစ်ချိုး စုစုပေါင်း လေးချိုးရှိပါတယ်။ တနည်းအားဖြင့် အပိုဒ်ကြီး လေးပိုဒ် ရှိပါတယ်။ အဲဒီအပိုဒ်ကြီးတွေဆုံးတိုင်း ပုဒ်မ (။) ချထားရပါတယ်။
(၄) အပိုဒ်ရေအားဖြင့်
လေးဆစ် (လေးချိုးငယ်မှာ) အများအားဖြင့် အပိုဒ်ငယ် နှစ်ပိုဒ်ပဲ ထားလေ့ရှိပါတယ်။ သုံးလေးပိုဒ်လည်း ရေးလို့ ရပါတယ်။ အဲဒီထက်ပိုသွားရင်တော့ လေးချိုးလတ် ဖြစ်သွားနိုင်ပါတယ်။
လေးချိုးလတ် မှာတော့ ပထမအချိုးမှာ လေးပိုဒ်ထက် မနည်းသင့်ပါဘူး။ ကျန်တဲ့အချိုးတွေမှာတော့ အနည်းဆုံး (၃)ပိုဒ် ကနေ (၇)ပိုဒ်လောက်အထိ ထားကြပါတယ်။
လေးချိုးကြီး တွေမှာတော့ မ ပိုဒ် (ပထမနဲ့ တတိယအချိုး) တွေမှာ အနည်းဆုံး (၃)ပိုဒ် ကနေ (၇)ပိုဒ်လောက် အထိ ထားကြ ပါတယ်။ အများအားဖြင့်တော့ (၄)ပိုဒ်၊ (၅)ပိုဒ် လောက် ထားကြတာများပါတယ်။ စုံ ပိုဒ် (ဒုတိယ နဲ့ စတုတ္ထအချိုး) တွေမှာ အနည်းဆုံး (၇)ပိုဒ် ကနေ အကန့်အသတ်မရှိ ပိုလို့ရပါတယ်။ ဒီနေရာမှာလည်း စတုတ္ထအချိုးမှာ အပိုဒ်ရေ အများဆုံး ထားတယ် လို့ ဆိုပါတယ်။
(၅) အက္ခရာ လုံးရေအားဖြင့်
လေးချိုးငယ် တွေကတော့ ဒွေးချိုးမှာ ထားတဲ့အတိုင်းပါဘဲ။
လေးချိုးလတ်တွေမှာ -
ပထမနဲ့ တတိယ အချိုးတွေရဲ့ အပိုဒ်တိုင်းမှာ (၆)လုံးထားပါတယ်။
ဒုတိယ အချိုး အစမှာ (၃) လုံး သို့မဟုတ် (၆)လုံး ထားပါတယ်။ အလယ်ပိုဒ်တွေမှာ (၆)လုံး ချည်းပဲ ပုံသေထားလေ့ရှိပြီး အဆုံးသတ် (အချပိုဒ်)မှာ (၄) လုံးထားပါတယ်။
စတုတ္ထအချိုး အစမှာ (၃) လုံး သို့မဟုတ် (၄)လုံး ထားပါတယ်။ အလယ်ပိုဒ်တွေမှာ (၆)လုံး ချည်းပဲ ပုံသေထားလေ့ရှိပြီး အဆုံးသတ် (အချပိုဒ်)မှာ (၄) လုံးထားပါတယ်။
လေးချိုးကြီးတွေမှာ -
အချိုးတိုင်းရဲ့အစပိုဒ် နဲ့ အဆုံးပိုဒ်တွေက လေးချိုးလတ် အတိုင်းပါပဲ။ ဒါပေမယ့် ဝမ်းတွင်းပိုဒ်တွေမှာ (၆)လုံးကနေ အများဆုံး (၁၆) လုံးလောက်အထိ ထားနိုင်ပါတယ်။ အဲဒီထက်ပိုရင်တော့ ရွတ်ဆိုလို့ မကောင်းသလို စည်းဝါးလည်း မကိုက်တော့ဘူးလို့ ဆိုထားပါတယ်။
(၆) အစပ်ကာရန်အားဖြင့်
အတက်ချိုး (တတိယအချိုး) ရဲ့ ဒုတိယနောက်ဆုံးအပိုဒ် (second last paragraph) ရဲ့ နောက်ထက်ဝက်ကာရန်၊ အဆုံးသတ်ပိုဒ်ရဲ့ အဆုံးကာရန်၊ အခံချိုးနှစ်ချိုးရဲ့ အဆုံးကာရန်နှစ်ခု၊ ဒီ ကာရန်လေးချက် ညီရပါမယ်။ ပုံစံမှာ "*" ပြထားတဲ့ နေရာတွေပါ။ "ကာရန်ပြန်" လို့ခေါ်တဲ့နေရာပါ။ အရေးကြီးပါတယ်။ အဲဒီ ကာရန်လွတ်သွားရင် လေးချိုးပျက်ပါတယ်။
အခံချိုး နှစ်ချိုး အချင်းချင်း၊ အအုပ်ချိုး နှစ်ချိုးအချင်းချင်း ရဲ့ အဆုံးကာရန် တူရပါမယ်။
ကျန်တဲ့ ကာရန်တွေ၊ တွန့်ပိုဒ်ထည့်ပုံတွေကတော့ ဒွေးချိုးအတိုင်းပါဘဲ။
ဒီကာရန်စပ်ပုံဟာ လေးချိုးအမျိုးအစား အားလုံးအတွက်အကျုံးဝင်ပါတယ်။
(၇) ဂရု၊ လဟု အားဖြင့်
အစပိုင်း ဥပဒေအနှစ်ချုပ်မှာ ရေးထားတဲ့အတိုင်းပဲဖြစ်ပါတယ်။ လေးချိုးအမျိုးအစား အားလုံးအတွက်ပါ။
(၈) အပြစ်ဒေါသအားဖြင့်
ဝဂ်နင်း နဲ့ ခွါထောက် အပြစ်တွေက ကင်းလွတ်ရပါမယ်။
စည်းကမ်းတွေကိုသိပြီးပြီဖြစ်တဲ့အတွက် အခု လေးချိုး အမျိုးအစားအမျိုးမျိုးကို စကြည့်ပါမယ်။ လေးချိုးငယ်တွေကို စကြည့်ကြရအောင် ...
လေးချိုးငယ်
နမူနာအနေနဲ့ အောက်က လေးချိုးရေးနည်း ဥပဒေသလေးဆစ်ကို ကြည့်ပါ။
လေးချိုး၊
ရေးပျိုးလို့ ပြမည်။
ချိုးလေးလီ စပ်ကာပျိုး၊
လေးချိုးခေါ်သည်။
ရှေ့နည်းမှီ၊
တူပြီပ စပ်ထုံး။
လေးချိုးငယ် ရေးကာခြစ်၊
လေးဆစ်မှတ်အုံး။
ဒါကို အသေးစိတ်ကြည့်ရင် ...
အရောင်တူ နဲ့ ပြထားတဲ့ နေရာတွေ ကို ကာရန်တူ စပ်ရပါမယ်။
နမူနာ လေးချိုးကလေးတွေကို ထပ်ရေးပြထားပါတယ်။ လေ့လာကြည့်ပါ။
မောင်မယ်စုံ လေးဆစ်
ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်။
ပျိုတို့လူ ယာမလုပ်တယ်၊
ဝါးခုတ်တဲ့တောင်။
နွားညီနောင်၊
စည်အောင်ပ ဖေကျောင်း။
မောင်နှင့်မယ် တူယှဉ်တွဲကာမှ၊
ယူငင်ကာ ခြူဆင်ဆွဲလို့ရယ်၊
လှည်းယာဉ်နဲ့မောင်း။ ။
ဘုရားငါးဆူ ပဟေဠိ လေးဆစ်
စပယ်တဲ့လေးရုံ။
မလေးကွယ် မပန်ခိုက်၊
ပန်းပြတ်ခိုက် ကြုံ။
အပွင့်ရယ် ကုန်၊
တငုံကျန်ပါသေး။
ပန်ချင်သူ ညိုနွဲ့နှောင်းရယ်၊
ခေါင်းဖြီးခဲ့လေး။ ။
ဓမ္မနီတိ လေးချိုး
မေထုန်မှီ အိပ်စားလို့၊
ယောက်ျားတဲ့ နွားမှာ။
ပြည့်အစုံ ကုံလုံရှိပါ၏၊
သိပညာ တတ်တပါး၊
နွားထက်ပိုတာ။
တတ်ပညာ၊
ချို့ရှာချေက။
လူမိုက်ခေါင် ထိုယောက်ျားကို၊
နွားဟုဆိုရ။ ။
(လေးချိုးဆိုတာ ပင်မအမျိုးအစားအနေနဲ့ပါ။ အပိုဒ်ရေနည်းတဲ့အတွက် လေးဆစ်လို့ပဲ သတ်မှတ်ရပါမယ်။)
ဖိုးသူတော်ဦးမင်း ရေး - တန်ခူးလဖွဲ့ လေးဆစ်
ဟောင်းရွက်ညှာ ခါလှစ်လို့၊
တာသစ်ကယ်တဲ့ နံ့ကြိုင်။
သုတ်ဖြူးလေဆော်က၊
ပန်းကံ့ကော် ဝတ်မှုန်ကျင်းတယ်၊
သင်းပျံ့လို့လှိုင်။
ကြယ်နှစ်ပြိုင်၊
သွယ်ဆိုင်ပဝင်း။
စိတြငယ်နှင့်၊
ငွေလသော်တာတို့၊
ယုဂန်ချာ တောင်တော်စွန်းက၊
ထွန်းထိန်လို့လင်း။ ။
လေးချိုးငယ် ပြီးတော့ လေးချိုးလတ်တွေကို နောက်ပို့စ်မှာ ဆက်လက်ဖော်ပြပါမယ် ...
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

2 comments:
စာလာကျက်သွားတယ်..ဆရာ ကိုဟယ်ရီ။
တစ်နေ့ တစ်ပုဒ်နှုန်းကျက်မယ်။
အခုလို အားပေးတဲ့အတွက် ကျေးဇူးပါ ဟန ရေ ... ဆရာတော့ မဟုတ်ပါဘူးဗျာ ..
Post a Comment