Friday 1 May 2009

ဟေမဝန်မှာ - ကျေးစေရတုပိုဒ်စုံ


မြန်မာရတုတွေရဲ့ဘုရင် အကောင်းဆုံးရတုဆရာ လို့ဆိုကြတဲ့ တောင်ငူဘုရင် နတ်သျှင်နောင် အလွန်ချစ်ခင်မြတ်နိုး ‎စွဲလမ်းနှစ်သက် ခဲ့ရတဲ့ ရာဇဓာတုကလျာမင်းသမီး ရေးသားခဲ့တဲ့ ပိုဒ်စုံရတုလို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီရတုကို ပေါရာဏဒီပနီ မှာ လက်ဝဲနော်ရထာက "ဇင်းမယ်ဘုရင် ဆို ရတု" လို့ ရေးထားတာ တွေ့ရပါတယ်။ မြန်မာစာညွန့်ပေါင်းကျမ်းထဲမှာတော့ "ဇင်းမယ်မိဖုရား ဆို ကျေးစေရတု" လို့ ရေးထားပါတယ်။ ရာဇဓာတုကလျာမင်းသမီးကို ဇင်းမယ်ဘုရင့်နှမတော် လို့လည်း ခေါ်ဝေါ်သုံးနှုန်းကြတာမို့ ဇင်းမယ်မိဖုရားနဲ့ မှားယွင်းသွားဟန်တူတယ်လို့ ယူဆပါတယ်။ ရာဇဓာတုကလျာမင်းသမီး ကိုယ်တိုင်ရေးသားတယ်ဆိုတဲ့ ရတု သိပ်များများစားစား မတွေ့ဖူးပါဘူး။ သူရေးတယ်လို့ ယူဆကြတဲ့ "ကလျာရွှေညီ" အစချီ ရတုပိုဒ်စုံကိုလည်း တချို့က "လယ်တီပဏ္ဍိတ ဦးမောင်ကြီး" ရေးထားတာလို့ ဆိုကြပါတယ်။ ဒါကြောင့် ရာဇဓာတုကလျာ မင်းသမီး ရေးတယ်ဆိုတာ မဖြစ်နိုင်ဖို့ များပါတယ်။ ရှေးဟောင်းပေမူတွေများ ရှိသလားတော့ မသိပါဘူး။ အခုအထိတော့ ခိုင်မာတဲ့အထောက်အထား မရှိဘူးလို့ပဲ ယူဆမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရတုကောင်းတပုဒ်မို့ မျှဝေလိုက်ပါတယ်။

ဟေမဝန်မှာ အစချီ - ကျေးစေရတုပိုဒ်စုံ

‎(၁) ဟေမဝန်မှာ၊ တောသာတခန်း၊ ‎တောင်ထောင့်ယွန်း၌၊ သိုက်နန်းဗိမာန်၊ ခုမှသွန်၍၊ ဘုန်းဝှန်သနင်း၊ မွေး၍ပြင်းသား၊ တတ်ခြင်းနားဝင်၊ ‎လူမှုကျင်သည်၊ မြသွင်ကိုယ်မွှေး၊ စိန့်ပြည်ကျေး။ ခြားဝေးမြေရှည်၊ တရုပ်ပြည်ကို၊ ဖွေနှည်လုပ်ကြံ၊ ခန့်တိုင်းနွံ၍၊ ‎မယ့်ထံဘုံနန်း၊ ရွှေမြို့ကွန်းသို့၊ စခန်းလှည့်ချီ၊ ပျံလေပြီဟု၊ မိုးဆီတိမ်တွင်း၊ လေကိုချင်း၍၊ လျင်ပြင်းသွားလေ၊ ‎လျှောက်တင်ချေလော့၊ မြုတေပထွန်း၊ ဘုံရွှေနန်းဝယ်၊ ဘက်ကျွန်းစံတင်၊ နောင့်သခင်မူ၊ ဖူးချင်းသံပျောင်း၊ ‎မှီအုံးလျောင်းသည်။ ။ ညောင်စောင်းကျက်သရေဝယ်သောဝ်

‎(၂) ဝေဇယန္တာ၊ နန်းသာတုလွတ်၊ ‎ဘုံများထွတ်ဟု၊ သုဒဿန၊ နာမတွင်သည်၊ သိကြားတည်သား၊ အမည်လွမ်းရှိန်၊ တာဝတိန်နှင့်၊ နှိုင်းချိန်မြိုင်ဆွယ်၊ ‎ရွှေဇင်းမယ်သို့၊ မှတ်ရွယ်တူရူ၊ ပျံလေမူကား၊ သဲဖြူပေါ်ထွန်း၊ ပြင်သာကျွန်းနှင့်၊ ရစ်သန်းမြလား၊ သံလွင်နားဝယ်၊ ‎ပန်းအားပြေရုံ၊ နားပြီးတုံမှ၊ သဲပုံပုထိုး၊ သုံးလူမျိုးကို၊ ညွတ်ကျိုးကော်ရော်၊ ပူဇော်ခဲ့လျှင်း၊ တညဥ့်တွင်းမှ၊ ‎မလင်းမီခင်၊ သောက်ရောင်ထင်က၊ စောစောထ၍၊ ဌာနမင်းနေ၊ ဘုံရွှေမြေသို့၊ ညနေချမ်းမှန်၊ ရောက်လေတန်၏၊ ‎သဝန်ခွေစာ၊ ဆက်လိုက်ရာကား၊ သင်္ခါအစစ်၊ အာနီနှစ်တွင်၊ မြချည်တင်သို့၊ အသွင်နတ်လောင်း၊ ‎ရူမညောင်းသည်။ ။ ရောင်ကောင်းညက်ထရွေဝယ်သောဝ်

‎(၃) စေတမန်သာ၊ ဝသန်စာနှင့်၊ ‎ပျူငှါသံဖြ၊ မောင်နှုတ်ကလျှင်၊ ခွန်းမျှမကျန်၊ မှာတိုင်းပြန်လော့၊ နှောင်းစွန်ဖွားမြင်၊ မိသခင်၏၊ လေးပင်သာပျော်၊ ‎ငယ်မည်တော်ကို၊ ထုတ်ဖော်မရက်၊ စုံမက်လှည့်ကာ၊ ကြံရာကြံပြန်၊ မိုးသို့ဝှန်မျှ၊ ရွက်ဟန်ထူးခြား၊ စကားဖြူညက်၊ ‎မဉ္ဖူခက်ကို၊ ဆက်လိုက်သော်လည်း၊ ရွှင်ပျော်နှစ်ခြိုက်၊ မီးရောင်မြိုက်မူ၊ ဦးနှိုက်စံပယ်၊ မဆင်ဖွယ်ဟု၊ ‎ဘုန်းကြွယ်တုလွတ်၊ စွယ်တော်မြတ်ကို၊ ရည်မှတ်ရည်ထင်၊ ပူဇော်တင်၍၊ သံရွှင်သံညောင်း၊ ‎ပြည့်ဆုတောင်းသည်။ ။ နောင်နှောင်းဘက်မကွေရွယ်သောဝ်

မူရင်းစာလုံးပေါင်းအတိုင်းဖြစ်ပါတယ်။ အချီညီ၊ အချညီ ပိုဒ်စုံရတုပါ။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...‎
ဟယ်ရီ

3 comments:

Dr. Yi Yi Win said...

ရတုဆိုသံလေးနဲ့ ဆိုရင်ပိုပြည့်စုံသွားမှာ နော်ဦးဟယ်ရီ။

Harry said...

ဟုတ်ပဗျာ ... ဒေါ်ယု ဆိုပေးဖို့ တောင်းဆိုပါတယ်

Dr. Yi Yi Win said...

သြ...ဒီလိုကိုး..။ ဦးဟယ်ရီတို့ ကတော့ ပိုင်တယ်ကွာ။