မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁၅)
လေးချိုးကြီး
လေးချိုးကြီးမှာ -
၁။ ရှေးရိုးလေးချိုးကြီး
၂။ ကာလပေါ် လေးချိုးကြီး
ဆိုပြီး ရှိပါတယ်။
တစ်ခါ ကာလပေါ်လေးချိုးကြီးမှာ -
၁။ ကာလပေါ် စာထောင့်လေးချိုးကြီး
၂။ ကာလပေါ် စာဖြောင့်လေးချိုးကြီး .. ဆိုပြီး နှစ်မျိုးထပ်ကွဲပါတယ်။
အဲဒီတော့ ရှေးရိုးလေးချိုးကြီးကို အရင်စကြည့်ကြရအောင်။
ရှေးရိုးလေးချိုးကြီး
ရှေးရိုးလေးချိုးကြီးတွေကို ကုန်းဘောင်ခေတ်မှာ ဖိုးသူတော်ဦးမင်း၊ လူဦးမင်း၊ ဦးဖုန်း စတဲ့ ပညာရှိစာဆို တွေ တွင်တွင်ကျယ်ကျယ် ရေးသားခဲ့ပေမယ့် ဒီဘက်ခေတ်မှာ မတွေ့ရတော့ဘူးလို့ဆိုပါတယ်။ ရေးပုံ ရေးနည်းကတော့ ...
၁။ အချိုးလေးခု ပါပါတယ်။
၂။ လေးလုံးစပ်လင်္ကာသွားနဲ့ စပ်ဆိုတာများပြီး တခါတလေ တပိုဒ်မှာ ငါးလုံး၊ ခြောက်လုံး ရေးပါတယ်။
၃။ အပိုဒ်ရေ အကန့်အသတ်မရှိပါ။
လင်္ကာသွားနဲ့ရေးတဲ့အတွက် တချို့ဆရာတွေက လင်္ကာလေးချိုးကြီး လို့လည်း ခေါ်ပါတယ်။
ပုံစံကိုကြည့်ရင် ရေးလို့ရပါတယ်။
ဖိုးသူတော်ဦးမင်း ရေး - ရှေးရိုးလေးချိုးကြီး
လှိုက်လို့သာနူးတော့တယ်၊ ရိုက်ကျူးသံစုံနှင့်၊ အမ္ဗုံဗွေ သိန်ပြတဲ့၊ ချိန်လမှာ။
ကသစ်ကယ် ဥကင်၊ ဗွေပလ္လင်မှာ၊ ရွှေပင်သခွတ်၊ နန်းတမွတ်က၊ အထွတ်ကယ်တူမည်၊ စစ်ဦးပဲး ရည်ဆဲမို့၊ ပန်းစည်တဲ့ စုံခြေမှာ၊ ငွေစကဖီ ရွှေစံကားတို့၊ ညွန့်သားတဂုဏ် ပျို့ပါဘိ၊ ဖူးစို့ကိုက်ညှာ။
မှုန်လည်တင်ငယ်၊ ပဉ္စင်နရည်း၊ ငြိမ့်ငြိမ့်သည်းမျှ၊ ရိုက်ဟီးသုန်သုန်၊ ကြက်နှစ်စုံက၊ စောပုညစက်၊ ဇေယျာဖက်မှာ၊ အနက်ကယ်မင်နည်၊ ဇော်ရန်းရည်နှင့်၊ စိန်ရည်မျက်လျှပ်၊ မြဖဲရံသတ်မယ်လို့၊ အောင်ရပ်ကယ်ကျွန်းဘုံ၊ လွမ်းရည်မာန်ခြုံကြတဲ့၊ နယုန်တာကို၊ ညီလာဘုံဦးက မောက်ပါဘိ။
မြတ်ခေါင်ငယ်ဝံသ၊ နတ်ရောင်ပသည်၊ အလှငယ်ဆုံးစွန်၊ မာန်မလွန်တဲ့၊ ရန်ချွန်ဘုန်းတောက်၊ ဖျားရွှေမှောက်မှာ၊ ဖျောက်ရေးဖြေဖွယ်၊ သော့မလွယ်နှင့်၊ နောင့်နယ်ညွှတ်ပြို၊ ဆွတ်ဆွေးသာပိုတော့တယ်၊ မြင့်မိုရ်နန်းဦးကိုင်ဝယ်၊ သူရာနိုင်အောင်တဲ့မိုးငယ်လို့၊ တိုးချဲ့လေသိ။
ဒီ ရှေးရိုးလေးချိုးကြီးကို ကြည့်လိုက်ရင် အခံနှစ်ပိုဒ် အချကာရန်ညီ၊ ဂရုချ၊ ပထမအအုပ်ပိုဒ်ဆုံးကာနီး နောက်ဆုံးနှစ်ပိုဒ်မှာ အဲဒီ ကာရန်ပြန် ကိုယူ၊ အအုပ်နှစ်ပိုဒ် ကာရန်ညီ လဟုချ၊ သာမန် လေးချိုးစပ်နည်းအတိုင်း ဆိုပြီးစပ်ထားတာကိုတွေ့ရပါမယ်။ အဲဒီမှာမှကြားအပိုဒ်ငယ်လေးတွေမှာ လေးလုံးစပ်လင်္ကာသွား နဲ့ အပိုဒ်ငယ်လေးတွေ ညှပ်ရေးသွားတာပါပဲ။ ဒီတော့ လေးချိုးငယ်၊ လေးချိုးလတ်တွေထဲမှာ လေးလုံးစပ် ညှပ်ရေးလိုက်ရင် ရှေးရိုးလေးချိုးကြီးဖြစ်တယ်လို့ အကြမ်းဖျဉ်း မှတ်ယူရင် ရပါလိမ့်မယ်။
နောက်ထပ်ဥပမာတပုဒ်အနေနဲ့ သီပေါမင်း အိန္ဒိယပြည်၊ ရတနာဂီရိအရပ်မှာ နတ်ရွာစံတဲ့အခါ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက ရှေးလေးချိုးကြီးမူအတိုင်း စပ်ဟပ်လိုက်တဲ့ လေးချိုးကြီးတပုဒ်ကို ထပ်တင်ပြလိုက်ပါတယ်။
တဇာတ်သိမ်းပြန်ပေါ့၊ ခပ်သိမ်းမြန်ပြေမှာ၊ ဉာဏ်သံဝေ ကိုယ်တော်ပြပါလို့၊ ဓမ္မပြီပြီ ဟောနိုင်တဲ့၊ သီပေါဘုရင်။
တထောင့်နှစ်ရာ၊ နှစ်ဆယ်ငယ်သာ၊ ကောဇာကာလ သဇင်နှင်းဖျော်၊ နတ်ပေါင်းငယ်ပျော်သည်၊ နတ်တော်လ၏၊ ကျော်တဆုတ်ပက်၊ ဆယ့်သုံးရက်ဟု၊ အာစက်ဝှန်ဝှေ့၊ နဂါးနေ့မှာ၊ ဘုန်းငွေ့စီရင်၊ မီးရှုးမြင်ပြီး၊ တိုင်းခွင်စိုးရန်၊ ကုန်းဘောင်ရိုး တန်ခိုးဖန်၍၊ မဟန္တာရိုက်၊ မြန်မာတိုက်ဝယ်၊ မကိုဋ်ကယ် ဆောင်ချိန်၊ ပြက္ခဒိန်မို့၊ ဝတိန်ပြိုင်နတ်၊ ဖေးတူမတ်လျက်၊ စတ္ထာလီသာ၊ အစွန်းဖြောင့်သည့် ထောင့်နှစ်ရာ၊ ရွှေကြာခိုင်နွှဲ၊ တူ မီးပွဲတည့်၊ ဆန်းဆဲတေရသ်၊ ခါရက်မြတ်တွင်၊ သမတ်ကယ်နည်းတူ၊ ကဒဏ်ရှက် ကနက်ထူလို့၊ ရှစ်ဆူရန်ဟန့်၊ ဖြူဝန်းသာဖြန့်တော့၊ တိုင်းဘုံပြန့်မြန်နယ်မှာ၊ ရန်သွယ်သွယ် ကြောက်ရှောင်ပုန်းရ၊ ဘုန်းလွှင့်အနှင်။
ကုန်းဘောင်ရန်နည်၊ စည်ဆက်ကယ်တည်သည်၊ ပင်စည်ကွန့်ကွန့်၊ ဆယ်တညွန့်ဟု၊ ချွန့်ချွန့်ခိုင်ဖူး၊ ပွါးလူးလူးတွင်၊ ကံဆူးကံညောင့်၊ ဘုန်းကိုမှောင့်လို့၊ တထောင့်နှစ်ရာ၊ လေးဆယ်မှာလျှင်၊ သတ္တာစွန်းဆဲ၊ သင်္ကန်းပွဲနှင့်၊ ခဝဲပွင့်ချိန်၊ ကျော်ရှစ်ရက်ဟု ပြက္ခဒိန်မှာ၊ ဝတိန်စံနတ်၊ သိကြားပြတ်သို့၊ မင်းမြတ်ကယ် သီပေါ၊ နန်းကလျောလို့၊ ရေကြောအဏ္ဏဝါ၊ ပတ်ဝန်းကာသည့်၊ ရတနာဂီ၊ ကျွန်းငယ်မှီလို့၊ ဝသီစင်စင်၊ တရားသာမင်တော့၊ မြန်ဘုရင်ကို၊ ကံပင်ဆောင်ညွှန်း၍၊ ကွန်းဆိုင်ရာပို့။
ကံအမွေကို၊ ခံစေထုံးတမ်း၊ ကမ္ဘာငြမ်းနှင့်၊ စည်းကမ်းမသွေ၊ တမြေတိုက်သို့၊ လိုက်ပါချေလည်း၊ သံဝေနှစ်ဆူ၊ ထီးသစ်ထူလို့၊ မြန်ဘူပတိ၊ ကျွန်းဂီရိတွင်၊ ဓမ္မိကဉာဉ်၊ သင်္ခါရုဉာဉ် စုယှဉ်လျက်၊ ဓမ္မဉ္စရော်၊ သုံးမွေ့လျော်၍၊ ကိုယ်တော်စံတုန်း၊ သံရာဝဋ် အလွတ်ရုန်းစဉ်၊ ပုန်းမလွတ်သာ၊ ဘေးသေခင်း အတင်းလာ၍၊ နတ်ရွာနန်းမြင့်၊ ကြငှန်းဖွင့်ဘို့၊ ချိန်သင့်ကွန်းထောက်၊ ခါတော်လျှောက်လို့၊ ခေတ်ရောက် ကောဇာ၊ အဋ္ဌ် သတ် ဒွေး ဧက္ကေးခါတည့်၊ မာဂသီရော်၊ စန်းညှိုးလျှော်သည့်၊ နတ်တော်ဆုတ်ပက်၊ ကျော်ခြောက်ရက်မှာ၊ ချုပ်ပျက်ကယ်ဇီဝိန်၊ ဥပစ္ဆိန်ဖြင့်၊ ဝတိန်ယာယီ၊ ကွန်းထောက်သာချီတော့၊ လောကီဝန့်ခန္ဓာကို၊ မြန်မကြာ အလျင်သုဉ်းတဲ့အောင်၊ မှုန်းကြမြန်တို့။ ။
ကာလပေါ် စာထောင့် လေးချိုးကြီး
ကာလပေါ် စာထောင့်လေးချိုးကြီး ရေးပုံ ရေးနည်းကတော့ ...
၁။ အချိုးလေးခု ရှိရပါမယ်
၂။ အပိုဒ်အရေအတွက်ကတော့ - မ အချိုး (ပထမအချိုးနဲ့ တတိယအချိုး) တွေမှာ ၃ပိုဒ်က ၇ပိုဒ်အထိ ထားနိုင်ပါတယ်။ ဒါပေမယ့် ၄-၅ ပိုဒ်လောက်ပဲ ထားတာများတယ်လို့ဆိုပါတယ်။ စုံ အချိုး (ဒုတိယနဲ့ စတုတ္ထအချိုး) တွေမှာတော့ အနည်းဆုံး ၇ပိုဒ်ကနေ အဲဒီအထက်ကိုကြိုက်သလောက်ပိုထားလို့ရပါတယ်။ ဒါပေမယ့် ဒုတိယအချိုးထက် စတုတ္ထအချိုးကို အပိုဒ်ပိုများများထားပြီး အရှည်ဆုံးရေးလေ့ရှိ တယ်လို့လဲ ဆိုပါတယ်။
၃။ အက္ခရာလုံးရေအနေနဲ့ ဒုတိယအချိုးအဆုံးမှာ လေးလုံး၊ စတုတ္ထအချိုးရဲ့ အစမှာ သုံးလုံး(သို့မဟုတ်) လေးလုံး ပဲထားရပါမယ်။ ကျန်အပိုဒ်တွေမှာတော့ အနည်းဆုံး ၆လုံးကနေ အများဆုံး ၁၅လုံး၊ ၁၆လုံး လောက်အထိ ထားနိုင်ပါတယ်။ အဲဒီထက် ပိုသွားရင်တော့ ဆိုတဲ့နေရာမှာ လေမမီတော့ဘဲ စည်းဝါးလည်း မကိုက်တော့ဘူးလို့ဆိုပါတယ်။
ကျန်တဲ့ ကာရန်ယူပုံ၊ ဂရု၊ လဟု ထားပုံတွေကတော့ လေးချိုးရဲ့ စည်းမျဉ်းအတိုင်းပါဘဲ။
အချုပ်တန်းဆရာဖေရဲ့ ကာလပေါ်စာထောင့်လေးချိုးကြီးကို နမူနာ ဖတ်ကြည့်ပါ။
မန္တလေးမြို့၊ အချုပ်တန်းဆရာဖေ ရေး - နေပြည်တော် အလွမ်းဖွဲ့စာထောင့်လေးချိုးကြီး
မြတ်ကောဇာ လှစ်ဆိုပြရမှာဖြင့်၊ သတ်ဇောဒွါ-ဧစ်ကိုကျကာမှ၊ ခေတ်ညိုလှ-မြန်မာပြေ၊ (အမယ်လေး) "ဟစ်ငိုစရာ့-အခါပေ"။
မသွေစောင်းပေဘု၊ ရေကြောင်းဗျူဟာချီ၍၊ တူရာသီဆန်းရက်ငါးမှာလ၊ နယ်ခြားမြေကျောက်တိုင် ရပ်ဆီက၊ ကင်းတပ်သင်္ချေကိုနော်ကွယ် "ခွင်းဖြတ်ဝင်မွှေ"။ ။
ရက်အဋ္ဌာ ကြုံအတွင်းမှာတော့၊ စက်မဟာအဟုန် ပြင်းတာကြောင့်၊ မင်းလှမြို့မှန်ဆိုက်လေ၊ ရန်မိုက်ချွေမဲ့ မြန်မာများ၊ "ခံတိုက်ပေမဲ့ အကွာသား"။ ။
စခန်းငယ်ယှဉ်၊ လမ်းအစဉ်တပ်တော်ရှိပြီဘု၊ သတင်းလျှံ မြင်းခြံထိကာမှ၊ အသိဉာဏ် နုစတောင်းငယ်နှင့်၊ ကဝိဟန် ပြုမူကောင်းသူက၊ အကြောင်းကို မမြင်လေ၍၊ စကားပြေ ပြောရင်လွှတ်ပါဖျ၊ ပြားဝတ်ကာ ရှိပန်တောင်းသော်ကြောင့်၊ ကျောက်မြောင်းဝန် အမြန်ပြေးရှာရ၊ အရေးပိုင် မိန့်ဆိုချက်မှာလ၊ လက်နက်ကုန် အပ်နှံသ လျှင်ဖြင့်၊ ခွင့်လိုရာ တောင်းပန်ပ မယ်လို့၊ ချိုလှစွာ ဉာဏ်နီစွက်ထာမို့၊ ခွင့်လိုရာ ယူစေလို့မြွက်မိတယ်၊ (အမယ်လေး) ပျိုးပျက်သွယ်ဘွား။ ။
[ဘုံတပြည်စံ မှောက်လှန်မည်ပ၊ မိုးထက်ကြယ်များ၊ ကုန်အညီပြန် တောက်လျှံချီပ အမတ်တွေ မြင်းထက်ဖျင်း၊ ငကင်းခေါင်ဖျာ့ သိုက်မြညှာအပ် မဘွေရှစ်ရက်တွင်း .. ၊ အတင်းဆောင်သွား၍လိုက် ရရှာ၊ ဆက်ဆက်ယူမတဲ့ ဆိုတ ကာ၊ ကြွက်ကြွက်ဆူသနဲ့ ငိုကြရှာ၊ ရက်စက်သူမကွဲ့ ချိုလှစွာ၊ ထိုခါငိုရှာ ဗိုလ်ပါ လူတလွှားငယ်တို့၊ ရိုင်းလေ-မှိုင်းဝေ-တိုင်းပြေ ပစ်ခွါသွားရှာရတယ်၊ (အမယ်မင်း) အဝါးမဝငြား၊ တရားဓမ္မ မမှားရှာဘု၊ (သခင့်ကိုကွယ်) သိကြားကလဲ မ,မ၊ မယားလှရယ်ကြောင့်၊ ကုလားက သင်္ဘောနှင့် တင်ယူပါပြီ တကား။]
မှတ်ချက်။ ။ [ ... ] ဤကွင်းအတွင်း စာသားမှာ လေးချိုးကဗျာမဟုတ်၊ အဓိပ္ပာယ်စုံလင်ရန် သံဆန်းဆက်ထားခြင်း ဖြစ်သည်။
အယ်ဒီတာ ဆရာလွန်း ရေးသားသော ဘွိုင်းကောက်ဋီကာ ကျမ်းမှ - ကာလပေါ် စာထောင့်လေးချိုးကြီး
တဇေယျုံ ချောင်တွေ မြှောင်ဘွေ မြန်းခဲ့ရပါတော့၊ ရွှေတိဂုံ တောင်ခြေခပန်းတွင်မှ၊ ညောင်သပြေပန်းတွေနှင့်-သွန်းသနဲ့ ကသိုဏ်းရေဗြဟ္မစိုရ်၊ (ကွယ်တို့ရယ်) "အောင်မြေဗဟန်းဆီသို့ -လွန်းရဲ့ မှိုင်းရွှေကိုယ်" ။
အော် ... ဇရပ်အမတို့ကိုလ၊ အမှတ်ရမိတဲ့ပြင်၊ ကဿပထေရ် အရှင်ဆရာစံတဲ့၊ သာလာယံ အထိကရ ကျောင်းရဲ့ပြင်၊ စာဝါတညံညံ တပည့်မအပေါင်းတွေနှင့်၊ မဂ်ကြောင်း-ဖိုလ်ဝင်လှည့်ပေမဲ့၊ အရိယာ လင်္ကာခေါ်သည့်၊ မင်္ဂလာအကျော်အမော်-အရာမ်တွင်းရဲ့ပြင်၊ မှန်ကင်းနေရဒင်သို့၊ မြေပလ္လင် ရွှေကျင် တိုက်ဆီသို့၊ ဦးခိုက်ကာ ပဏာလှုံလို့မို့၊ အညာရဂုံ-တောဟိတ် ဝါသနာမသေးသူက၊ တအာရုံ-မနောစိတ်မှာ မအေးသော်လဲ၊ တွေးဆ-ကြည်ညိုတယ်နော်ကွယ် .. ၊ "ဝေးကမှီခို"။
စိန်စမုခ် အဆောင်ဆောင်-အလျှံမနော် ပတ္တမြားတွေနဲ့၊ သိင်္ဂုတ်တောင် ဆံတော်ဘုရားကိုလ၊ အော် ... အများသော တပည့်တွေနဲ့ ကတိတောင်းဆုဆို၊ ကောင်းမှုထိုထိုရယ်နှင့် ဓမ္မရွှေဗျာကျွေး၊ ၎င်း "ကုသိုလ် တွေကိုဖြင့် အမျှ အမျှ ဝေကာပေး"။
ကောလိပ်အပျက်တွင်၊ ဇောစိတ်လက် ဆရာ မရွှင်သနဲ့၊ အညာတခွင် လှည့်ခဲ့ပြီး၊ ဇာတိမြေ အလုံကျေးပေပေါ့၊ မုံရွေးမှာ တနွေကြာတော့၊ ဇေယျာသူ ကေသာတို့ပင့်ပေသမို့၊ အခွင့်ကြုံရာ တွယ်ရော့မကွဲ့လို့၊ ပုညာစွယ်-တောင်ခပန်းတွင်မှ၊ အောင်ပန်း ကဗျာဂီတာတို့နဲ၊ ရှောင်မလမ်း ယာယီသာဘို့လို့၊ ဆရာသည်တဝါမှာ ပါရမီမာလာ ကလေးတို့ရဲ့ပြင်၊ ဆေးပေးမီးယူ နှစ်ကျိပ်ကျော်မျှတွင်မှ၊ အနှိပ်တော် ဒကမတွေ စုံညီညာနှင့်၊ ယမုံသီတာ တောင်ခြေဝိုင်းပေတဲ့၊ ဘုံသီဟာ အောင်မြေကသိုဏ်းတွင်မှ၊ (အမယ်မင်း) သမိုင်းအလျှောက်-တဂိုဏ်း တဂိုဏ်း မထောက်တဲ့၊ ကြောက်ဖွယ့် ပြည်ရွာအရေးပေမို့၊ အော် ... "မှိုင်းတယောက် အနှီတဝါဖြင့် မအေးရပေဘု"၊ (စန္ဒာရယ်) "စစ်ကိုင်းချောက်ဆီက-ဘွိုင်းကောက်ဋီကာရေး"။ ။
အယ်ဒီတာ ဆရာလွန်း ဆိုတာဟာ ဆရာကြီး အလင်္ကာကျော်စွာ သခင်ကိုယ်တော်မှိုင်း ဖြစ်ပါတယ်။ ဆရာကြီးက ကာလပေါ် စာထောင့်လေးချိုးကြီးကို မဟာကဗျာလေးချိုးကြီး လို့လည်း ခေါ်ဝေါ်သမုတ် ထားပါတယ်။
ဒီလေးချိုးကြီးတွေကိုကြည့်ရင် အချိုးတစ်ခုရဲ့ အဆုံးပိုဒ်တွေမှာ မျက်တောင်ကွင်း " .. " နဲ့ပြထားတဲ့အပိုဒ် တွေဟာ ရှေ့အပိုဒ်နဲ့ နဘေယူပြီး နှစ်ထပ်ကျော့ချထားတာကိုတွေ့ရပါလိမ့်မယ်။ အဲဒီလို နှစ်ထပ်ကျော့ ချထားတာကိုပဲ "စာထောင့်" လို့ခေါ်ပါတယ်။ နှစ်ထပ်ကျော့လေးချိုး လို့လည်း ခေါ်ပါသေးတယ်။ တစ်ခါ အပိုဒ်တိုင်းလိုလိုမှာ နဘေထပ်နည်းတွေနဲ့ ထပ်ကာထပ်ကာတွန့်ထား၊ ကွန့်ထားတဲ့ တွန့်ပိုဒ်တွေထည့် ထားတာကြောင့် ထပ်တွန့်လေးချိုးကြီး လို့လည်း ခေါ်ပြန်ပါတယ်။ နောက်ထပ်ပြီး ဒီလေးချိုးကြီးတွေရဲ့ ပထမအချိုးရဲ့ အတွင်းမှာ၊ ဒါမှမဟုတ် အဆုံးမှာ၊ ဒုတိယအချိုးရဲ့ အတွင်းမှာ၊ ဒါမှမဟုတ် အဆုံးမှာ၊ တတိယအချိုးရဲ့ အတွင်းမှာ၊ ဒါမှမဟုတ် အဆုံးမှာ လေးချိုးကဗျာရဲ့ ကာရန်နဲ့လည်း ဆက်စပ်ရအောင် စကားပြေ၊ လင်္ကာတွေကို ကြားညှပ်ပြီး ထည့်သွင်းစပ်ဆိုလေ့ ရှိကြပါတယ်။ ဒီလို အကွေ့အထောက်၊ အနှောက်အယှက်ပြုပြီး စပ်ဆိုတဲ့အတွက်လည်း စာထောင့်လေးချိုးကြီး လို့ခေါ်ကြပါသေးတယ်။ လေးချိုး ဖြစ်တဲ့အတွက် စကားပြေလင်္ကာ သုံးပိုဒ် ညှပ်ပြီးထည့်တာကလွဲလို့ စပ်ဆိုပုံက အတူတူပါပဲ။ ဒီအတွက် အထွေအထူး နမူနာ မဖေါ်ပြတော့ပါဘူး။
အရေးကြီးတဲ့အချက်ကတော့ လေးချိုးတွေရေးကြရာမှာ "မ" အချိုး ဖြစ်တဲ့ ပထမ နဲ့ တတိယအချိုးတွေမှာ အပိုဒ်ရေ နည်းနည်းရေးပြီး "စုံ" အချိုးဖြစ်တဲ့ ဒုတိယ နဲ့ စတုတ္ထအချိုးတွေမှာ အပိုဒ်ရေ များများ၊ အထူး သဖြင့် စတုတ္ထအချိုးမှာ အပိုဒ်ရေ အများဆုံးရေးကြတာကို သတိပြုသင့်ပါတယ်။
ဒီ လေးချိုးကြီး တွေကတော့ ဒီခေတ်မှာ ရေးတာ မတွေ့ရသလောက်ဖြစ်နေပါပြီ။ ဆရာတင်မိုးတော့ ရေးထားတာ ဖတ်ဖူးပါတယ်။
ကာလပေါ် စာဖြောင့်လေးချိုးကြီး
အပေါ်မှာပြခဲ့တဲ့ ကာလပေါ် စာထောင့်လေးချိုးကြီးကို "နှစ်ထပ်ကျော့" မချဘဲ တစ်ထပ်တည်း (နဘေ ထပ်တွန့်ပိုဒ် မထည့်တော့ဘဲ) ချလိုက်ရင် ကာလပေါ် စာဖြောင့်လေးချိုးကြီး ဖြစ်သွားပါတယ်။ "..." မတိုင်ခင် အပိုဒ်ကို ဖြုတ်လိုက်ရုံပါပဲ။ ဒီတော့ နမူနာ အထွေအထူးမပြတော့ပါဘူး။
သံချိုလေးချိုး
သံချိုလေးချိုးကို သံချို လို့လည်း ခေါ်ကြပါတယ်။ သံချိုလေးချိုးဆိုတာကတော့ ဒီလေးချိုးတွေကိုဘဲ အသံ လေးပါး (တက်သံ၊ သက်သံ၊ နိမ့်သံ၊ တိုင်သံ)တွေနဲ့ ပျော့ပျော့ပြောင်းပြောင်း၊ ချိုချိုသာသာနဲ့ နားထောင် ချင်စဖွယ်ဖြစ်အောင် စပ်ဟပ်ရတဲ့အတွက် သံချို လို့ခေါ်ပါတယ်။ လေးချိုးရေးနည်းနဲ့ ဥပဒေသချင်း အတူတူပါပဲ။ အက္ခရာ ကတော့ လေးချိုးလတ်လိုပဲ တပိုဒ်ကို ၅လုံး၊ ၆လုံးလောက်ထားပါတယ်။ ကာလပေါ်လေးချိုးကြီးတွေလောက် အလုံးရေလည်းမများ၊ တွန့်ပိုဒ်လည်း မများရပါဘူး။ အချပိုဒ်တွေမှာတော့ ..
ပထမအချိုးကို ၅လုံး၊ ၆လုံး
ဒုတိယအချိုးကို ၄လုံး
တတိယအချိုးကို ၅လုံး၊
စတုတ္ထအချိုး ၄လုံး ... ချပေးရပါတယ်။
နမူနာအနေနဲ့ ၁၂၃ဝ ပြည့်နှစ်က ရွှေဓါးဗိုလ် အမည်ခံ ပညာရှိတစ်ဦး စပ်ဆိုခဲ့တဲ့ ဟန်လင်းကြီးမြို့ရဲ့ အံ့ဘွယ် ၉ပါး သံချိုလေးချိုးကို ပြလိုက်ပါတယ်။
ဟန်လင်းမြို့ အံ့ ၉ပါး ဘွဲ့ သံချို
ရွှေလင်းမြေအံ့ဘွယ်ကိုး၊ စာထိုးကာ ရွှေမင်နှင့်၊ သပြေခွင် ပေတင်နောက်လူတို့၊ နည်းမှတ်လောက် သိစဘွယ်။
စံတရာတယောက် မင်းတွင်မှ၊ နောင်ရင်း ပြူမဟာနှင့်၊ တအူချာ ညီတော်ပြုံးတို့တွင်၊ နောင်ဘုန်း ကံတော်ရှိန်ကြောင့်၊ ဥန္နဒိန် မျှော်လျှင်ထွက်ရ၊ ညီမျက်နှာချိုလို့ပြုံးပြန်တော့၊ ထစ်ချုန်းကာ ရတနာမျိုး၊ မိုးကျအကယ်။
ဧ-ချို-ငန်-ပူရေပြွမ်းတဲ့အပြင်၊ သာထန်း ပင်ပဒေက၊ အင်နှစ်ထွေ ထညေနို့ကိုလ၊ ပြည်စို့သောက် မကုန်ခမ်းနိုင်ဘု၊ အိုင်စမ်း နဒီလျှံက၊ တညီစံ ဝေဿန်ကိုရောက်ပြန်တော့၊ ခန်းခြောက်တယ် ဆိုတဲ့ ကုန်း ရယ်နှင့်၊ ပင်လုံးစုံ လျှော်ဖြူဟာက၊ စကားဝါ အမြွှာပွင့်တဲ့ပြင်၊ တီးသံဆင့် အသွယ်သွယ်၊ နာဘွယ်သည့် နတ်ဆိုင်း။
ဇာတ်ဘာသာ၊ သတ္တဝါ ရွှေဘီလားရယ်တို့၊ နှစ်ပါး ဒွန်ဂဟေပ၊ အင်နှစ်ထွေ ကိုယ်ကိုပြတော့၊ အဗ္ဘ န္တရာ ခေါ်သည့် သရက်မော် ခက်ပေါ်ကိုးဘို့မှာ၊ ခြောက်မျိုးရတနာဝင်မို့၊ ဇရာရှင် လျှာတွင်ရစ်ရလျှင်၊ နှစ်ခါပင် ကညာစင် ဖြစ်လောက်ကဲ့၊ သည်ခေတ်ကို ကြုံချင်စမ်းပါဘိ၊ ကျမ်းထွက်သမိုင်း။
နောက်ထပ်ပြချင်တာကတော့ မှတ်သားဖို့ကောင်းလှတဲ့ ကဗျာ့ပါရဂူ မာန်လည်ဆရာတော်ဘုရားကြီးရဲ့ သံချိုတွေပါပဲ။ စကားလုံးအသုံးအနှုန်းက အလွန်ပဲပြောင်မြောက်လှပါတယ်။ အဲ ... ဒါပေမဲ့ နည်းနည်းတော့ ကြမ်းပါတယ်။ ဂမ္မဒေါသ သင့်တဲ့ အသုံးအနှုန်းတွေပါနေပေမယ့်လည်း ဗန်းမော်ဆရာတော်ရဲ့ စာတွေလိုပဲ ပြောင်မြောက်လွန်းလှလို့ ဖေါ်ပြလိုက်ပါတယ်။ နည်းနည်းတော့ သည်းခံပြီးဖတ်ပါလို့ တောင်းပန်ပါတယ်။
ကဗျာ့ပါရဂူဖြစ်တော်မူသော
မာန်လည်ဆရာတော်ဘုရားကြီးရေးသော
ပဒုမောဝါဒ-သံချိုလေးချိုးများ
(၁)
သူ မတို့လေမှ၊ သူတို့လျှင် တကယ်မြည်တဲ့၊ မြို့မာန်လည် ရွှေစည်ကြီးပါကွဲ့၊ တီးသမျှ ဖိမ့်ဖိမ့်တုန်။
သူမာလျှင်-မာစိန်စောင်းပါတဲ့၊ သူပျောင်းလျှင် အရေဖြစ်နိုင်ငဲ့၊ မယုံလျှင် မအေနှင့် စစ်လှည့်တော့၊ စနစ်ကို ကုန်မလင်းသော်လဲ၊ အပြစ်ဆို ဂုဏ်သတင်းကိုလ၊ လေညှင်းရာ သင်းကာပျံ့၊ ပန်းရနံ့ပုံ။
ဓာတ် မသိဟာမို့၊ ဟတ္ထိ-ယုန်ငယ်ထင်ထင့်၊ ဟိုအောက်ခွင် ငစင်ရိုင်းဟာနှင့်၊ ငသိုင်းတွေ အညာဆန်တို့ကို၊ တံငါလန် ရွှေလည်ကွေ့တွင်ဖြင့်၊ တခါပြန် ဆန်မရွေ့ရအောင်၊ ဘေးတွေ့စိမ့် တက်တက်ကုန်၊ မစုန်ရသည့်တိုင်း။
ရိုးသိသိ၊ ငါးပိ-ငါးချဉ် သိပ်ပါလို့၊ ထောင်းကြိတ်ချေ ကြေအောင် ညက်စေမှ၊ နောင်ဆက်ကာ အရေစစ်သည့်ပြင်၊ ခွေးဖင် ချေးပင်ဖြစ်ရမယ်၊ ငါးညစ် တလိုင်း။ ။
(၂)
မာန်မလုပ်ချင်ဘု၊ မာန်လုပ်လျှင် လွယ်သည်သာပ၊ ငယ်မည်မှာ န ကို သတ်ရုံပဲ၊ နေရပ်ကွယ် မာန်ရွှေလည်နှင့်၊ မာန်နှစ်လီ မာန်စုံကွန့်၊ ဖူးအညွန့် ခေါင်ကတင်။
သို့ကတဲ၊ လုပ်ဘဲ သမ္ပဇဉ်နှင့်၊ မာန်မယှဉ် ဉာဏ်ယဉ်အုပ်ပါလို့၊ ထိန်းချုပ်ကာ မာန်ကိုကင်းစေရ၊ ယင်းခုခေတ်တွင်။
တကယ်ဆို တကယ်လားပါတဲ့၊ အကျယ်ဆို ကျယ်မပွားပြီဘု၊ မြတ်ဖျားငယ် စိန္တေယျာမှ၊ လူပြိတ္တာ ပူရာဏ တို့ကို၊ ယူမိစ္ဆာ သကာကျအောင်လို့၊ မီးရေပြ တန်ခိုးဆင်၊ အရိုးပင်လာကျမ်း။
ထို့တူသာ၊ ပြိုင်လိုလျှင် ပြိုင်လာတော့၊ ပြိုင်လာလျှင် ကြာမနှေးစေနှင့်၊ ရှုံးသူဟာ နှမပေးပါလို့၊ လိုသေးလျှင် ကိုယ်တိုင်ယူမပ၊ နိုင်တဲ့သူ ယောက်ဖကြီးပါပဲ၊ ဇက်ပေါ်မှာ ဒေါက်ခွစီးတဲ့ပြင်၊ -ီးစုတ်ကြတမ်း။ ။
(၃)
ပဒုမ၊ တုပကာ နင်မယောင်နှင့်၊ ဆင်ပြောင်ကို ခြင်ကောင်ဝါးသည်သို့၊ ယားရုံမျှသာ။
ဉာဏ်အသက်ကိုလဲ၊ စံဖက်ကာသင်မမျှော်ဘု၊ သင့်မယ်တော်ရှင်ဇလာနှင့်၊ ခင်ဆရာအိမ်ထောင်ကျလျှင်လ၊ ပဒုဆို မောင်ရွှေမ မှာ၊ သား ငယ်မျှသာ။
ပညာကို ယှဉ်ကာချင့်ရလျှင်၊ အခွင့်ငယ် အရာနှင့်၊ ယောဇနာ သမ္ဗန်မျိုးကိုလ၊ နည်းရိုးပင်ဘာမကျခင်က၊ မင်းရန်စ ငါ့ကိုရှာ၊ ငါဘာပြုဖြုန်မတုန်း။
နှစ်ဖက်ကန်း၊ မျက်ခမ်း နေကိုပြိုင်သို့၊ ခွင်လုံးယိုင် မင်းစာမှားပြီမို့၊ အလားငယ် ပါယ်မကျစေနှင့်၊ သာအယာ ခွင့်ကျေကျအောင်ပ၊ ငါဆရာ မင့်ဘေဘကိုကွယ် ... ဦးချလှဲ့အုန်း။ ။
ဒါဆိုရင် လေးချိုးအကြောင်းက အဆုံးသတ်ပါပြီ။
မြန်မာအချိုးကဗျာတွေရဲ့ အပိုဒ်ရေ၊ ကာရန်စပ်ဟပ်ပုံ၊ အချီအချ လေယူလေထားပုံ (ဂရု၊ လဟု ယူပုံ) တွေကို အလွယ်တကူ မှတ်ရအောင် ဇယားလေးနဲ့ ပြလိုက်ပါတယ်။
အချိုးကဗျာတွေပြီးတော့ ဆိုလို့အလွန်ကောင်းတဲ့ တေးထပ် အကြောင်း ဆက်ချင်ပါတယ်။
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

1 comment:
http://www.lawka-ahla.com/news.php?item.729
Thanks Ko Harry.
:)
Post a Comment