Thursday 20 August 2009

ခရမ်းပြာကြယ်စင်လှိုင်းတို့၏ ဖြစ်တည်မှု


ကျနော့် ဒီ ဘလော့ဂ်လေးဟာ အခုဆိုရင် တနှစ်ပြည့်ခဲ့ပါပြီ။ စိတ်ထဲမှာ ခံစားရသမျှကို အသွင်ပြောင်းခဲ့တဲ့ ‎ကဗျာလေးတွေရော၊ တခြား ကောင်းနိုးရာရာ စိတ်မှာထင်လာတာတွေကို ရေးဖွဲ့ခဲ့သမျှကို အချိန်တခုပေးပြီး ‎အလေးထား မျှဝေခံစား ဖတ်ရှု ပေးကြတဲ့ စာဖတ်သူအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောလိုပါတယ်။
အလုပ်တဖက်နဲ့မို့ ကျနော် ပို့စ် အတင်ကျဲပါတယ်။ အဲဒီလို ပို့စ်အတင်ကျဲတဲ့ကြားထဲကကို သတိတရ ‎စိတ်ရှည်ရှည်နဲ့ လာရောက် ဖတ်ရှုအားပေးကြတဲ့သူတွေကို ကျနော် ဘယ်လိုကျေးဇူးစကားဆိုရမှန်း ‎မသိလောက်အောင်ပါပဲ။


ဒီပို့စ်ကို ရေးရတဲ့ အကြောင်းကတော့ တနှစ်ပြည့်တဲ့အတွက် အမှတ်တရလည်းဖြစ်စေ (အမှန်က ကျော်တောင် ‎နေပြီ)၊ အကြွေးလည်းဆပ်ပြီးသားဖြစ်စေ ဆိုသလို တချက်ခုတ် နှစ်ချက်ပြတ် ရေးလိုက်တာပါ။ အကြွေးဆိုတာ ‎ကတော့ ကိုဟန် (ကိုဟန်သစ်ငြိမ်) က ကျနော့်ကို Tag ထားလို့ပါ။ အတော်လေးတောင်ကြာနေပါပြီ။ ကြာဆို သုံးလလောက်တောင် ရှိပါပေါ့။ ဒီ လပိုင်း တွေမှာ ကျနော်လည်း ‎အလုပ်တော်တော်ရှုပ်နေလို့ ပို့စ်အသစ်လည်း သိပ်မတင်ဖြစ်တဲ့အပြင် ဒီ tag ကြွေးကိုမှ မဆပ်ရသေးခင် မမေ (မမေဓာဝီ - တွေးမိတွေးရာ .. ရေးမိရေးရာ) က ‎တခါ ထပ် Tag ပြန်ပါရဲ့။ ဒီတော့ ...

ကညာခင် အလှကလျာ မေဓာဝီ ပြန်ကာ Tag လေတော့
ကြာရင် ငါ့ခမျာ ဒေဝါလီ ခံကာ အသက်ကြွေ ရတော့မယ့် အနေအထား ‎ဖြစ်လာတော့မှာမို့ ...

ဒေဝါလီမခံရခင် ကြွေးတွေ အမြန်ဆပ်ဖို့ အခု ကြိုးစားရေးလိုက်တာပါ။
အင်တာနက်ပေါ်မှာ ကျနော့် ကဗျာတွေ တင်ဖြစ်တာကတော့ ‎ကဗျာရွာ‎ ‎ကြောင့်ပါပဲ။ အဲဒီမှာ ကဗျာတွေရေး၊ တခြားစိတ်ထင်ရာတွေလည်း လျှောက်ရေးရင်း၊ ပွားရင်းကနေ ရွာသူရွာသား ‎တချို့က ဘလော့ဂ်တွေလုပ်ထားကြတာ တွေ့လာရပါတယ်။ အရင်ကတော့ ဘလော့ဂ်တွေ လျှောက်လျှောက် ‎ဖတ်ဖြစ်ပေမဲ့ ဘလော့ဂ်ရေးဖို့တော့ စိတ်ကူးမရှိတာအမှန်ပါ။ ဒါပေမဲ့ ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေရေးလာကြတော့ ‎ကျနော်လည်း ပိုးထ လာပါတယ်။ ဒါနဲ့ အရင်ဆုံး ညီလေး ချီရွန့်‎ကို ‎မေးရပါတယ်။ ဘယ်လိုလုပ်သလဲပေါ့လေ၊ သူက blogspot နဲ့ လုပ်ဆိုတာနဲ့ ဘလော့ဂါ အကျော်အမော် ‎Saturngod ရဲ့ Making Blog ebook လေးကို ဖတ်ရပါတယ်။ အင်တာနက်အကြောင်း၊ ဘလော့ဂ်အကြောင်း ‎ဘာဆို ဘာမှ မသိတဲ့ ကျနော့် အတွက်တော့ တကယ့်ကို အကျိုးရှိတဲ့ စာအုပ်လေးပါပဲ။ ကျေးဇူးအထူး ‎တင်ပါကြောင်းလည်း ဒီနေရာကပဲ ပြောလိုက်ပါရစေတော့။ ‎
အဲဒီကနေ စမ်းတဝါးဝါးနဲ့ စလုပ်ခဲ့ပါတယ်။ အသေးအဖွဲပြဿနာလေးတွေလည်း ခဏခဏ တွေ့ရပါတယ်။ ‎ပို့စ်ခေါက်တာ (peek-a-boo) မှာလည်း အတော်လေး ပြဿနာတက်လိုက်ပါသေးတယ်။ စမ်းလုပ်လိုက်၊ ‎မရလိုက်၊ ပြင်လိုက်နဲ့ပါပဲ။ ဒီလိုနဲ့ပဲ ဘလော့ဂါတို့ရဲ့ လျှောက်သောလမ်းမှာ စမ်းတဝါး နဲ့ပဲ ကျနော့်ရဲ့ ရင်မှဖြစ်တဲ့ ‎ခံစားချက်များကို စုစည်းတင်ပြရာ "ခရမ်းပြာ ကြယ်စင်လှိုင်းခတ်သံများ" ဟာ မွေးဖွားလာခဲ့ရပါတယ်။ ‎မျက်စိသူငယ် နားသူငယ်နဲ့ ဘလော့ဂါရပ်ဝှမ်းမှာ ကျင်လည်ရင်းနဲ့ပဲ ခင်မင်လေးစားရတဲ့ ဘလော့ဂါမိတ်ဆွေများ နဲ့ ‎စာဖတ်သူများလည်း အထိုက်အလျောက် တိုးပွားရရှိလာပြီပေါ့လေ။
ကျနော့်ခံစားချက်များကို အလေးဂရုပြုပြီး ကိုယ်ပိုင်အချိန်လေးတွေထဲက တပိုင်းတဖဲ့ ပေးလို့ တန်ဖိုးထားကာ ‎လာရောက်ဖတ်ရှုအားပေးကြတဲ့ စာဖတ်သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့ အမှားအယွင်းများ၊ ‎ကျနော့်အပေါ် အားမရမှုများ ရှိခဲ့တယ်ဆိုရင်လည်း ဒီနေရာကပဲ တောင်းပန်ပါရစေ။
ကဲ ... ကိုဟန်ရေ ... ခင်ဗျားအကြွေးတော့ အကျေအလည် ဆပ်လိုက်ပြီဗျို့။ နောက်မကြာခင် အကြွေးပြန်တောင်း ‎ပါမယ်ဗျာ။ သတိသာထားပေတော့။
အခုလောလောဆယ်တော့ Tag ခြင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာရ အကြွေးသစ်တောင်းရမယ့် သူများကတော့ ...‎
အကိုမင်းဒင်‎‎
‎မမေ (မမေဓာဝီ - တွေးမိတွေးရာ .. ရေးမိရေးရာ)
ဒေါ်ယု (မယုဝရီ)
မသီတာ‎ (ကိုဧရာ ရေးချင်သပ ဆိုလဲ ရပါသဗျ)‎

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...‎
ဟယ်ရီ


4 comments:

ဟန်သစ်ငြိမ် said...

ကျေးဇူး ဥပကာရ အထူးပင် တင်ရှိပါကြောင်း... လာရောက် အသိပေး ကြေငြာမောင်းခတ် အပ်ပါသည်။

MDW said...

ကြွေးဟောင်း အရင်ဆပ်ပါ။

Harry said...

ဆပ်မှာပေါ့ ... မကြာခင်

Sonata Cantata said...

ကိုဟယ်ရီရေ
sonata-cantata ရဲ့ဖြစ်တည်မှု ဆိုရင်တော့ ဘလော့ဂ်တာ...(၁) မှာရေးပြီးသွားပါပြီ။
ဘလော့ဂ်တာ...(၃) မှာ ကိုဧရာက ကိုဟယ်ရီနဲ့ မမေဓာဝီ...တို့ကိုတောင် အမှတ်တရ ညွှန်းထားပါသေးတယ်။
အခု ဘလော့ဂ်တာ...(၄)ကို ရေးလိုက်ပြန်ပါတယ်။