Tuesday 15 December 2009

ခရမ်းပြာတမ်းချင်း‎

လိပ်ပြာသခင်ရယ်၊‎
စိတ်မှာအစဉ်မယုံချင်တတ်လဲ၊‎
အိပ်ရာဝင်ပုံပြင်အမှတ်နဲ့၊‎
အကုန်အစင်ဖတ်ပါ။‎

ငယ်စာရင်းမှာ မဝင်ပါဘူး၊‎
သူငယ်ချင်းပါ အစဉ်ပြောပေမယ့်၊‎
ရင်မောစွာ တိတ်တခိုးနဲ့၊‎
ကြိတ်ပျိုးမိတဲ့ အကြင်နာကို၊‎
တမင်တကာ ရင်မှာသိမ်းပါလို့၊‎
ထိန်းလာရ အနေခက်လေတဲ့၊‎
နွေရက်တွေကြာ။‎

အမှန်ပြောရင်ကွယ်၊‎
သံယောဇဉ်တွယ်လာလေတော့၊‎
နွယ်ပမာလိုရစ်ပတ်ထားတဲ့၊‎
အချစ်နတ်ဘုရားရဲ့စေရာကျွန်ပမာ၊‎
အသစ်ထပ်ပွားတဲ့ဝေဒနာနွံမှာ၊‎
ကျွံလာလေ အရုန်းခက်၊‎
မမုန်းရက်တဲ့ အတွယ်အတာ၊‎
‎ကြွယ်ကာဆင့်ပွား။‎

ရင်ထဲမှာ ဆယ်နေထွက်သလိုပေါ့၊‎
ရှင်ကွဲဟာ တကယ်အနေခက်ပါရဲ့၊‎
ရေထက်က လမင်းပုံလို၊‎
ဘဝချင်းမဆုံ လွမ်းဗျာကြွယ်လို့၊‎
တမ်းကာရယ် မပြည့်တဲ့ခဏမှာ၊‎
နှုတ်ခမ်းလွှာရယ် သွေ့ခဲ့ရစဉ်၊
နေ့နဲ့ညအစဉ် ပြောင်းသွားလေသမျှ၊‎
မမေ့တဲ့ဘဝတွင် နှောင်းသွားပြီမို့၊‎
‎(ခရမ်းပြာရယ် ... )‎
မတွေ့ခဲ့ကြရင်အကောင်းသား။ ။‎


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

7 comments:

johnmoeeain said...

မမြင်ရတာကြာပြီဖြစ်တဲ့ ခရမ်းပြာကို ပြန်မြင်ရပြီပဲ...
အိပ်ရာဝင်ပုံပြင်အဖြစ်နဲ့ မဟုတ်ပဲ အသေအချာ အကုန်အစင် ဖတ်သွားပါရဲ့ အစ်ကိုရေ.....

အိ said...

ခုမှပဲရေးတော့တယ် တောင်းဆိုလိုက်ရတာ ခရမ်းပြာပရိသတ်ကြီးက .. ကိုဟယ်ရီ့ခရမ်းပြာကဗျာတွေကတော့
ကောင်းပြီးရင်းကောင်း
နောက်တစ်ပုဒ်ရေးဦးဗျို့

မေဓာဝီ said...

အလှမ်းကွာလှတဲ့ ခရမ်းပြာနှမကို တမ်းကာတနေတဲ့ ဆရာရေ ...
ဘ၀ချင်းမဆုံ ပူဗျာကြွယ်လို့ လူတကာအလယ်မှာ ကူပါကွယ် စာခြယ်လေရော့သလား ... ကဗျာသည်(သယ်) "ဆရာဟယ်" ကိုတော့ တကယ်သနားကာ စာနာမိပါကြောင်း။ :D

မှတ်ချက်။ ။ ကဗျာပျက်ပြီဆိုပြီး ဒေါသမပွါးပါနှင့်။ ကဗျာပျက်တာ ကမ္ဘာပျက်တာမဟုတ်ဘူးနော်။ :P

Harry said...

အားလုံးပဲ ကျေးဇူးအထူးပါဗျာ
အကုန်အစင်ဖတ်သွားတဲ့ မိုးအိမ်ရော ..
ခဏ ခဏ ရေးဖို့ပြောနေတဲ့ အိမရော ...
နဘေတွေနဲ့ ရေးသွားတဲ့ မမေရော ...

ဇွဲ said...

အရမ်းကောင်းပါတယ် အကိုရေ။
အကို့ ကဗျာဖတ်ရတာမောတယ်ဗျ
တပိုဒ်ပြီးရင် ရပ်သွားပြီး ရင်မောလိုက် ဆက်ဖတ်လိုက်နဲ့
နောက်ဆုံးစာေုကာင်းလဲ ဖတ်ပြီးရော
အားကိုမရှိ တော့တာ။
ဘာပဲဖြစ်ဖြစ် အရမ်းကောင်းပါတယ် အကိုရေ။

Harry said...

ကျေးဇူး ညီလေး ဇွဲ
မောရင် နားပြီးတော့ဖတ် .... :D

Unknown said...

လေးချိုး​​ရေးထားတာ​လားဆရာ မသိလို့​မေးကြည့်​တာပါ ဆရာ