Tuesday 29 December 2009

ကန္တာရဆောင်း

ကမ္ဘာဦးအလွမ်းပင်လေလား ...‎
အို ... မြောက်ပြန်လေ ...‎
စိုမြစိမ့်လွင်သော ‎
ထို့အတူ ကြုံရခဲလှသော ...‎
ကန္တာရမိုးစက်ပေါက်တို့အလွန် ...‎
ဆောင်းပျိုမသည် ‎
မြူလွှာရုံကို ဆင်မြန်းရင်း ...‎
ကတ္တီပါခြေလှမ်းနုနုတို့ဖြင့် ...‎

နှင်းမဲ့လေသည့်
ဟေမာန်ညို့ညို့ ...‎
လှိုင်းမဲ့လေသော
ကမ်းခြေလွင်လွင် ...‎
မြောက်ပြန်လေ၏ လက်သည်းရိုင်း တငုံ ...‎
သွဲ့သွဲ့သင်းသော မိုးဓားတလက်၏ တီးတိုးသံစဉ် ...‎
ခါးသက်သက် တိမ်လွှာညိုညို တချို့ ...‎
ပြင်းရှရှ ကြယ်စင်ငွေ့တို့၏ ရနံ့ချို တချို့ ...‎
ဟိုး ... ဝေးဝေးက
လျှပ်ပြက်သံတချို့ ...‎
‎... တချို့
‎... တချို့

ကန္တာရသည်
ခါးသီးစိမ့်မြမှုတို့ လွှမ်းရစ်နေ၏။ ‎
နေမင်းသည် ...‎
စောစီးစွာ ပုန်းကွယ်ချိန် ...‎
လွင့်လွင့်ဝေ့ဝဲနေသည့်
သဲလှိုင်းကုန်းများ၏ ဝန်းကျင် ...‎
သဲပြင်ပေါ်တွင် ...‎
တင်ရစ်လေခဲ့သော ကမ္ဗည်းစဉ်
တလောကလုံးတွင်
ခရမ်းပြာရိပ်တို့
ယှက်သန်းဝေဖြာ ....‎
အရာရာသည် ... ‎
ကန္တာရ၏ ရင်ခုန်သံ တချက် ...‎

နှင်းဆီလမ်းခွဲ၏ တဘက်တွင် ...‎
ဆည်းဆာအိပ်မက်တို့
ဝင့်ဝဲလွင့်ဝေနေလေရော့မည် ...‎

ဒီအချိန်ဆို ...‎
ဝေသီတိမ်းမူးဖွယ်ညယံတို့တွင်
လွင့်မောပျော်စံနေရော့မည်လား ...‎

ကြယ်ရံတို့ဖြင့် ပျော်ပါလေ ...‎
အလင်းပန်းကြွေများဆင့်ရင်း ...‎
တစစီ ပြိုကျခဲ့လေသည့် ...‎
ကန္တာရ၏ ဟိုမှာဘက်ရှိ
ကြယ်စင်နန်းအိုလေးရှိရာဆီသို့ ...‎
ခြေဖွနင်းရင်းသာ .... ‎
ပြန်ခဲ့ပါမည် ခရမ်းပြာ ...‎

အလွမ်းတို့ဖြင့် သီကုံးအပ်သော
အိပ်မက်လက်တဆုပ်စာဖြင့် ... ‎
သံယောဇဉ်တို့ဖြင့် ဖွဲ့တည်အပ်သော
ချစ်ခြင်းဝတ်လွှာတို့ဖြင့် ...‎
စွန့်လွှတ်ခြင်းတို့ဖြင့် ဝေဆာခဲ့သော
အရုဏ်ပွင့်ချပ်တို့ဖြင့် ...‎
နူးညံ့စွာပေးအပ်ခဲ့သော
အရှုံးဝတ်ဆံတို့ဖြင့် ...‎

မိုးသောက်အလွန် ...‎
မွန်းတည့်အလွန် ...‎
ဆည်းဆာအလွန် ...‎
ညဥ့်ယံ၏အလွန် ...‎
အတ္တ၏အလွန် ...‎
မာန၏အလွန် ...‎
ရင်ခုန်သံတို့၏အလွန် ...‎
မိုးကုတ်စက်ဝိုင်း၏အလွန် ...‎
ထို့ထက်ပိုလွန်၍ ....‎
ဆောင်း၏အလွန် ...‎
ကန္တာရဆောင်း၏အလွန် ...‎
ကန္တာရဆောင်း၏အလွန် ...‎
ကန္တာရဆောင်း၏အလွန် ...‎

7 comments:

Anonymous said...

အရမ်းကိုကောင်းတာပဲ. များများထပ်ရေးပါဦးးDD

johnmoeeain said...

မိုးသောက်အလွန် ...‎
မွန်းတည့်အလွန် ...‎
ဆည်းဆာအလွန် ...‎
ညဥ့်ယံ၏အလွန် ...‎
အတ္တ၏အလွန် ...‎
မာန၏အလွန် ...‎
ရင်ခုန်သံတို့၏အလွန် ...‎
မိုးကုတ်စက်ဝိုင်း၏အလွန် ...‎
ထို့ထက်ပိုလွန်၍ ....‎
ဆောင်း၏အလွန် ...‎
ကန္တာရဆောင်း၏အလွန် ...‎........... မှာ
ချစ်သော ခရမ်းပြာဆီပေါ့ အစ်ကိုရေ...။

"ကန္တာရ ခရမ်းပြာရစ်သမ် "မှာ ဆိုခဲ့သလိုပေါ့
အလွမ်းငှက်များ အိပ်စက်စေ
မျက်ရည်တို့ အေးခဲစေလေ....။

ခင်မင်လေးစားလျက်
ဂျွန်မိုးအိမ်

Harry said...

ကြိုးစားပြီးတော့ ရေးပါဦးမယ် ကောင်းစံရေ ...

ချစ်သောခရမ်းပြာဆီပဲပေါ့ မိုးအိမ်ရေ ...
မျက်ရည်တွေလဲ အေးခဲပါစေပေါ့

အိ said...

ကိုဟယ်ရီ ခရမ်းပြာကဗျာအသစ်ရှိတာပြောဘူး
ခေါ်ဘူး ဒီတစ်ပုဒ်ကပုံစံတစ်မျိုးပဲ။ ကောင်းတာပဲ

Harry said...

သူဖြင့် မရှိဘဲနဲ့များ .. အိမကတော့လေ

အိ said...

ရှိတယ် လာတယ် အမြဲ ဟွန့်

မေဓာဝီ said...

အသစ်လဲ မတင်ဘူး။