Saturday 13 February 2010

ရာပြည့်သို့ ငါးနှစ်အလို

အပိုမတွေး၊
ကိုယ်ရေးတွေ ဘေးဖယ်ကာ။

သုံးဆယ့်နှစ် မွေးနေ့အကြို၊
တရက်သာလိုပါသော်လည်း၊
ထိုအရာတွေ ရင်မခုန်၊
သူ "ပင်လုံ" မှာ။

ဗိုလ်ချုပ်ရယ်၊
အပိုအလုပ်ပယ် ပြတ်သားစွာနဲ့၊
မရပ်နားပါ ခရီးဆက်ပြန်ပေါ့၊
မနက်ဖြန် မွေးနေ့လို့တောင်၊
အတွေးဝေ့လို့ မနေနိုင်ရှာ၊
ခိုင်မာတဲ့စိတ်ထား။

မုသားမဆို၊
သူ့စကားရယ် မချိုပါဘူး၊
မလိုတမာ ကင်းရှင်းစွာနဲ့၊
အပိုမပါ ဘွင်းဘွင်းသာကွယ့်၊
ရှင်းလင်းစွာ တွေးသ၍မှာ၊
မွေးနေ့ဘာလဲ သူမခင်၊
ဘေးတွေ့မှာလဲ မပူပင်နဲ့၊
သူအစဉ် တိုင်းပြည်ဖို့သာတွေး၊
‎(အော် ... ) တူမမြင် နှိုင်းမီဖို့ရာဝေးပါရဲ့၊
သမိုင်းချီလို့သာ အလေးပြုချင်၊
‎(ကျနော်တို့ရဲ့) ကျေးဇူးရှင် မွေးဖွားရက်ကို၊
အတွေးများဆက် ပုံပြုသမို့၊
အလေးထားလျက် အကုန်စုလို့၊
ဂုဏ်ပြုစို့လား။ ။


ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ၉၅-နှစ်မြောက် မွေးနေ့အမှတ်တရ ...
ထာဝရ ရိုသေလေးစားဦးညွတ်လျက် ...

ဟယ်ရီ

3 comments:

MDW said...

သူများတကာတွေလို ကိုယ့်မွေးနေ့တွေဘာတွေ ဂရုမစိုက်ဘဲ နိုင်ငံအတွက် လုပ်စရာရှိတာ တစိုက်မတ်မတ် လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်ကို အလွန် လေးစားမိပါတယ် ကိုဟယ်ရီရေ။
တိုင်းပြည်ရဲ့ ကျေးဇူးရှင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် မွေးနေ့ကို ဘလော့ဂါတွေ တော်တော်များများ မမေ့မလျော့ ဂုဏ်ပြုကြတာ ၀မ်းသာရပါတယ်။

သွယ်လင်းဆက် said...

သူအစဉ် တိုင်းပြည်ဖို့သာတွေး၊
‎(အော် ... ) တူမမြင် နှိုင်းမီဖို့ရာဝေးပါရဲ့၊
သမိုင်းချီလို့သာ အလေးပြုချင်၊
‎ ကျေးဇူးရှင် မွေးဖွားရက်ကို၊
အတွေးများဆက် ပုံပြုသမို့၊
အလေးထားလျက် အကုန်စုလို့၊
ဂုဏ်ပြုစို့လား ”

ကောင်းလိုက်တဲ့ကဗျာလေးဗျာ။ အချိုးလေတွေ လှလိုက်တာ။ အကိုကဗျာနဲ့အတူကျွန်တော်လည်းဂုဏ်ပြုလိုက်ပါတယ် အကိုဟယ်ရီရေ။

ဘယ်အခါမှ မမေ့ခဲ့တာမို့
၉၅နှစ် မြောက်ဤမွေးနေ့ကို
အကိုဟယ်ရီကဗျာသံ နဲ့
တူစုံလို့ ဦးညွတ်ပြုတယ်
တုနှိုင်းမဲ့ ဗိုလ်ချုပ်သို့........................

Harry said...

သူ့မွေးနေ့ကိုတောင် သူဂရုမစိုက်နိုင်ရှာသူရဲ့ မွေးနေ့မို့ ကျနော်တို့ ပိုပြီး ဂုဏ်ပြုသင့်ပါတယ် မမေရေ ...

ဘယ်အခါမှ ဗိုလ်ချုပ်ကို မမေ့တာကိုလည်း လေးစားဂုဏ်ယူမိပါတယ် ညီလေး သွယ်လင်းဆက်
တကယ်တော့ ဗိုလ်ချုပ်ဟာ တို့တွေရင်ထဲ အမြဲ ရှင်သန်နေမှာပါ ...