Tuesday 2 February 2010

မြင်လှည့်ပါ ခရမ်းပြာ (ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ်)‎

တေးထပ်ထဲမှာ ဒီတေးထပ်မျိုးကို ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ် လို့ ခေါ်ပါတယ်။ တခြားတေးထပ်တွေက အပိုဒ်ကြီး ‎တပိုဒ် (အပိုဒ်ငယ် ၁၈-ပိုဒ်) နဲ့ပဲ ရေးဖွဲ့ပေမဲ့ ဒီ ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ်ကတော့ ပိုဒ်စုံ ရတုတွေလိုပဲ အပိုဒ်ကြီး ‎သုံးပိုဒ် ရေးရပါတယ်။ ဒါ့အပြင် "ကိုယ်တွင်းပြည့်" လို့ ဆိုထားတဲ့အတွက် အပိုဒ်ကြီး တပိုဒ်ချင်းစီရဲ့ အပိုဒ်ငယ်တွေ ‎အားလုံးကို နဘေကိုက်အောင် ရေးရပါတယ်။ မှန်ရာကို ဝန်ခံရရင် ရေးရတာ အလွန်ခက်ပါတယ်။ အစွမ်းကုန်ကြိုးစားပြီး ‎ရေးကြည့်ထားတာပါ။ ရေးဖူးတယ် ရှိအောင်ပေါ့။ ဒါတောင် လုံးဝ အသစ်ရေးတာမဟုတ်ဘဲ အရင်က ရေးထားတဲ့ ‎‎"မြင်လှည့်ပါ ခရမ်းပြာ" ဆိုတဲ့ အရိုးခံတေးထပ်လေးကို နည်းနည်း ပြင်ဆင်ပြီး ကျန်တဲ့နှစ်ပိုဒ်ကို နဘေလိုက်ထပ်ပြီး ‎ရေးလိုက်တာပါ။ ကျနော် အရင်က ရေးခဲ့ဖူးတဲ့ လောကနာရီ နဲ့ ခရမ်းပြာမေ ဆိုတဲ့ ကိုယ်တွင်းပြည့်ပိုဒ်စုံ ရတု ၂-ပုဒ် လိုပဲ ဒါမျိုးထပ်ရေးဖို့ ‎မလွယ်တော့ပါဘူးခင်ဗျာ .... ‎
ဖတ်ကြည့်ကြပါဦး ... ဝေဖန်စရာရှိရင်လည်း အားမနာတမ်း ဝေဖန်သွားနိုင်ပါတယ်။ ကြိုဆိုလျက်ပါ ခင်ဗျာ ...‎


မြင်လှည့်ပါ ခရမ်းပြာ (ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ်)‎

ရင်ထဲမှာ အမြဲလွမ်းလို့၊ အသည်းနွမ်းနဲ့ ခေါ်မယ်၊
အမြဲတမ်းကွယ့် ပျော်စေရွယ်၊ ဖျော်ဖြေမယ် ကဗျာငှက်၊
အလာခက် ဝါရွက်ကြွေအောင်၊ ညာရက်လေ သဲမြညှာသက်။‎
ဝေတခက် ခြွေရက်လေတယ်၊‎ ကြွေရွက်တွေ မြေသက်၊‎
ပွေခက်မပြေ အခြေပျက်လို့၊ နေထက်မက ပူတာ၊
နွေရက်ည ဘဝင်ဆူအောင်၊ ကြင်သူရယ် နေရက်နိုင်တာ။
ယိမ်းဝေ့ဝေ့ ယိမ်းရွေ့ကာ၊ ယိမ်းလေ့ပါ ခြွေစေဦး၊‎
ဝေနေမဆုံး သစ်လွင်လက်ဖြာ၊ ချစ်ရင် တသက်တာ၊
ပင်ထက်က ပန်းကညာကို၊ မလှမ်းသာ ရင်လဲ့ညှာဆွေး။

စဉ်မြဲသာ စွဲလန်းလို့၊ အမြဲတမ်းကွယ့် မပျော်တယ်၊
ပုလဲပန်းလဲ့ ဘော်ငွေခြယ်၊ ခေါ်နေမယ် အရှာဆက်၊
ခါတသက် ဗျာစက်ပွေအောင်၊‎ ကြာရက်ရှည် ခွဲရတာခက်။‎
အနေခက် နွေရက်တွေရယ်၊‎ ရှည်သထက်ရှည် အကြွေဆက်၊‎
အဖြေမထွက်လေ ပွေခက်လို့၊ ဖြေခက်ရ သူမှာ၊
နေရက်လှ မမြင်သူယောင်၊ ရင်ပူတယ် အနေခက်မှိုင်ကာ။
တိမ်းလွေ့လွေ့ တိမ်း၍သာ၊ တိမ်းမွေ့ကာ လေပြည်သုဉ်း၊‎
မေရေမုန်း ပစ်ကျဉ်ရက်ပါ၊ ချစ်စဉ်မပျက်သာ၊‎
‎စဉ်ဆက်ည အနွမ်းဗျာပို၊ အလှမ်းကွာ ‎သခင်နဲ့သာဝေး။

မြင်ဆဲပါ အမြဲတမ်းမို့၊ အစွဲအလန်းနဲ့ မျှော်တယ်၊
‎အသည်းလမ်းရဲ့ အပေါ်မယ်၊ ‎မျှော်နေတယ် အလာခက်၊‎
ကဗျာသက် ကြာရက်ရှည်တောင်၊ ဖြာမျက်ရည်‎ ဝဲရပါလျက်။
နွေအဆက် ဝေရွက်တွေရယ်၊ ကြွေလျက်လေ မြေထက်၊
နွေရက်ရှည် အဖြေခက်လို့၊ အခြေပျက်ည မဟူရာ၊
ခြွေရက်ပါ့ တမင်သူလှောင်၊ ယဉ်မူသွယ် ဆွေသက်ပိုင်ညှာ၊
စိမ်းသွေ့သွေ့ စိမ်းငွေ့ဖြာ၊ စိမ်း၍သာ နေစေဦး၊‎
ရေမြေဆုံး ချစ်ကြင်လျက်သာ၊‎ ပြစ်မမြင်ရက်ပါ၊‎
ရင်ထက်က လွမ်းကဗျာကို၊ ခရမ်းပြာ မြင်လှည့်ပါလေး။ ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

7 comments:

မေဓာဝီ said...

အဲလောက်ခက်တဲ့ ကိုယ်တွင်းပြည့်ပိုဒ်စုံတေးထပ်ကို ရေးစပ်နိုင်တာ ချီးကျူးပါတယ် ဦးဟယ်ရီရေ။
ကိုယ်တိုင်ကတော့ ရိုးရိုးတေးထပ်တောင် မရေးနိုင်သေးတာမို့ ဝေဖန်ဖို့ လဲ အဆင့်မမီပါဘူး။ ဒါကြောင့် ဖတ်ကြည့်အားကျရုံမျှသာ ... :)

မင်းဒင် said...

စေ့စေ့စပ်စပ် လေ့လာပြီး စံနစ်တကျရေးထား တာမို့ ဖတ်နေရင်း ကဗျာ ကာရန် စာသား အလူးအလှိမ့် တွေကြားမှာ ရင်ဖိုလှိုက်မောရတဲ့ အထိပါပဲ ။
ဒီခေတ်ကြီးမှာ ကိုဟယ်ရီလို ကဗျာကို ထုံးနည်း အမှန်အတိုင်း ဖွဲ့ဆိုနိုင်သူ တော်တော် ရှားနေ ပြီဗျာ ။ချီးကျူးလေးစားမိပါကြောင်း ပြောပါရစေ ။

ရွှင်လန်းချမ်းမြေ့ပါစေ ။

မင်းဒင်

အိ said...

အင့် နာလိုဘူးနော်။
ထပ်ရေးဖို့မလွယ်တော့ဘူးသာဆိုတယ်..ရေးဦးမှာပါ (ပူဆာဦးမှာ ဟီး) အိတော့ဒီတသက်ရေးတတ်မယ်မထင်

johnmoeeain said...

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
--------

ခရမ်းပြာကို မြင်လှည့်ဖို့ ကြိုးစားသွားပါတယ်...။ ခရမ်းပြာကိုတော့ ခံစားသိမြင်သွားပေမယ့် ဒီတစ်သက်တော့ ဒီလို မြန်မာ့ဟန် မြန်မာကဗျာမျိုး ရေးတတ်ဖို့လည်း မကြိုးစားချင်သလို ရေးတတ်မယ်လည်း မထင်..။ :P ဒီလို ကဗျာမျိုးကို တန်ဖိုးထား မြတ်နိုးတဲ့စိတ်ပဲရှိတော့တယ်..။
ဖတ်ရှုခံစားအားပေးခွင့်ရတဲ့အတွက် ကျေးဇူးအထူးပါရှင် :)

စုချစ် said...

တေးထပ်လာဖတ်ပါတယ် ကိုဟယ်ရီရေ...
ကိုယ်နဲ့ အလှမ်းကွာလွန်းတော့ ဖတ်ပြီး လေးစားအားကျရုံသာ တတ်နိုင်ပါတယ်။

မနှစ်က ဖေဖေါ်ဝါရီ၁၄မှာ ရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းကဗျာလေးကို Request လုပ်ထားပါတယ်။

ခင်မင်လေးစားစွာ....

ဟန်သစ်ငြိမ် said...

အကိုရေ... ခုမှ အားလို့ လာဖတ်ဖြစ်တယ်ဗျာ...။ ကာရန် စာသား ယူထားပုံတွေ ဘာမှ ပြောစရာမရှိအောင် အကုန် သေသပ် ကောင်းမွန်တယ်ဗျာ...။ တစ်ခု သိချင်တာ တစ်ပိုဒ်ကို ၉ ကြောင်းပဲ ရေးရတာလား ဆိုတာပါ။

ခင်မင်လေးစားစွာဖြင့်

Harry said...

ဟုတ်ပါတယ် ကိုဟန်ရေ ...
တကယ်တော့ တေးထပ်က (၁၈) ပါဒ ပါ .. အပိုဒ်ငယ်လေး ၁၈-ပိုဒ်ပေါ့ဗျာ
အဲဒါ အခုလို ကိုယ်တွင်းပြည့်တေးထပ်ကျတော့ နေရာ သိပ်ယူမှာစိုးလို့ ကျနော် ၂-ပိုဒ်ကို တကြောင်း ရေးလိုက် တာပါ။ တကယ်တမ်း တပုဒ်ကို ၁၈-ကြောင်း ပေါ့ဗျာ ... ကိုယ်တွင်းပြည့်ကျတော့ အဲဒါမျိုး နဘေကိုက် နောက်ထပ် ၂-ပုဒ် (အပိုဒ်ကြီး ၂-ပိုဒ်) ထပ်ဖြည့်ရတာပါပဲ ...

ကျေးဇူးဗျို့ ...