Wednesday, 19 January 2011

ထာဝရကောင်းကင်

"ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၁ - မိခင်မေတ္တာဖွဲ့ ကဗျာစု" ကဗျာစာအုပ်အတွက် ရေးလိုက်တဲ့ ကဗျာလေးပါ ...
ဖိတ်ခေါ်စုစည်းပြီး စာအုပ်ဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ ကိုရင်ညိန်း နဲ့ သရုပ်ဖော်ဆရာများ၊ အထူးအားဖြင့် ကျနော့်ကဗျာကို သရုပ်ဖော်ပေးသူ Thet Swe Lin (TSL) တို့ကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ ....

ထာဝရကောင်းကင်

လူ့သမိုင်းစဉ်မှာ၊
တုနှိုင်းယှဉ်စရာ အကြောင်းမမြင်
ကောင်းကင်လို အလျှံဖြာပေး
တံတျာတေး တဝေဝေ
ရေရှည်ပွဲပေါ့ ...
အသေအကြေဇွဲနဲ့
အမေတွေနွှဲခဲ့ကြ
လွှဲခဲ့သမျှ ပုခက်ကြိုးတွေ၊
ယက်မိုးလို့ ယှက်ဖြာ
ဆက်ကာသာလွှမ်းကြည့်စမ်း
စကြာဝဠာတဝှမ်း ...
တလှမ်းထဲနဲ့တင် ခြုံ ...
တခြမ်းထဲနဲ့ပင် လုံနိုင်ပါရဲ့ ...

တရားတဖက်
အမှားမစွက်ပေမဲ့
သားအတွက်ဆို
ဓားထက်ခဲ့ရ ...

မညည်းမပျက်
ခရီးဆက်ရင်းက
သမီးအတွက်ဆိုလည်းတမျိုး
ထီးတလက်လိုအမြဲမိုးပေးရ ....

အနန္တ ငါးဖြာ
တပါးအပါအဝင်ဖြစ်
အမှားတရာ ပင်ဖြစ်စေဦး
သားသာ ရင်နှစ်မို့
အစဉ်မပစ်တဲ့ အမေ ...

ပိဋကတ်ထဲက အမေ
နိပါတ်ထဲက အမေ
အတတ်သိတဲ့ အမေ
အမြတ်မကြည့်တဲ့ အမေ
ပုံပြင်ထဲမှာလည်း အမေ
ဂုဏ်အင်မွဲပါလည်း အမေ
သူဌေးသူကြွယ်လည်း အမေ
ဈေးသည်လည်း အမေ
နိမ့်ကျလည်း အမေ
အငြိမ့်သမလည်း အမေ
အမြင်မကြွယ်လည်း အမေ
သဘင်သည်လည်း အမေ
အရိယာလည်း အမေ
ပြည့်တန်ဆာလည်း အမေ ...

အပြစ်အနာမကြည့်တဲ့အမေ
မေတ္တာအပြည့်နဲ့အမေ

ရင်သွေးတွေအတွက်
အလျင်မနှေး အခြေမပျက်
အစဉ်ပေးဝေဆက်တဲ့ အမေ

သံသရာရဲ့ ခရီးပြင်းတချိုးတကွေ့
ကံကြမ္မာနဲ့ စီးချင်းထိုးတဲ့နေ့များမှာ ...
အမေ့တရားသည် သားအတွက် အားတဖက်
အမေ့စကားသည် သားအတွက် ဓားတလက် ...

လောကရဲ့ လမ်းတွေပေါ်မှာ
မောဟနဲ့ ရမ်းဝေရော်လို့
သောကဖွဲ့ လှမ်းနေမျှော်ရင်း
အဖော်ကင်းစွာနဲ့
ပျော်ခင်းမသာတဲ့နေ့တွေမှာ ...
အမေ့စေတနာသည် စမ်းကျရေအဟုန်
အမေ့ခြေရာသည် လမ်းပြမြေပုံ ...

အမေ့လက်ချောင်းကြာနွယ်မှာ
ကမ္ဘာတည်လို့ မှေးမှိတ်
တေးရိပ်တို့ တိုးညင်း
မိုးလင်းတဲ့ အထိ မှေးလျ
အေးမြမြ အမိကောင်းကင် ...
လျောင်းချင်မိပါရဲ့

အနန္တစကြာဝဠာနဲ့
ထက်အာကာ ကောင်းကင်ဟာ
ခေါင်းတင်လို့ မှေးစက်ခဲ့ရတဲ့
အမိရင်ခွင်ကမ္ဘာထက်မှာဆို
ကြာရွက်ပမာလိုသာဖြစ်လိမ့်မယ် ...

လောဘကင်းစွာ ...
ဒေါသ အလျဉ်းမပါတဲ့
လောက တလင်းပြာက
ထာဝရ အမေ့ကောင်းကင် ....



ကျနော်၏ လက်ဦးဆရာ ... အထူးအားဖြင့် ကဗျာမျိုးစေ့ချပေးသူ ... ကျေးဇူးရှင် မိခင်ကြီးအား ဤကဗျာဖြင့် ကန်တော့ပါ၏ ...

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

6 comments:

johnmoeeain said...

ကျွန်တော့် အမေ...။
ပညာတတ် ပညာရှိကြီး မဟုတ်ပေမယ့်
လောကအလယ်မှာ
လောဘ၊ သောက၊ မောဟတွေရဲ့ ဆွယ်တရားတွေကို
ဖယ်ရှားပေးဖို့ သူ အမြဲ အသင့်ရှိနေခဲ့တယ်။

မိုးယံ said...

အမေ့ကျေးဇူး အထိ သိတတ် သားဦးမြတ်

ဒေါသကင်း မောဟ ရှင်းပြီး... အနာဂတ်မှာ ငြိမ်းချမ်းပျော်ရွှင်ပါစေ။

မေဓာဝီ said...

ကဗျာအရမ်းကောင်းတယ် ဦးဟယ်ရီရေ
နဘေထပ်ထားတာလေးတွေ သဘောကျလိုက်တာ ...

Harry said...

ကျေးဇူးပါ မိုးယံ၊ မိုးအိမ် နဲ့ မမေ ..

zue said...

မေမေ့ကို သတိရလိုက်တာ...

Funbrain said...

A very touching poem ...