မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား (၂၀)
ပုံစံဆန်းဆန်းပြားပြားနဲ့ ရေးထားတဲ့ တေးထပ်တွေအကြောင်းကို ဆက်ပြီး တင်ပြပါမယ်လို့ အပိုင်း (၁၉) မှာ ပြောထားတဲ့အတိုင်း အခု ဆက်လက်တင်ပြလိုက်ပါတယ်။ ဒီတေးထပ်တွေက ပုံစံဆန်းပေမဲ့ ရေးနည်းကတော့ အတူတူပါပဲ။ ပဒေသာ တေးထပ်ကို အရင်ဆုံး စပြီး ကြည့်ကြရအောင်ပါ။
ပဒေသာ တေးထပ်
ဒီတေးထပ်က အမြင်ဆန်းတဲ့ တေးထပ်ဖြစ်ပါတယ်။ အောက်က နမူနာ ပုံကိုအရင်ကြည့်ပါ။
ဒီပုံကို ရုတ်တရက် ကြည့်ရင် ဘာကြီးလဲလို့ မေးစရာဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ရေးနည်းကို မပြောခင် ဖတ်နည်းကို အရင်ကြည့်မှ ဖြစ်ပါလိမ့်မယ်။ အလယ်တန်းမှာ ဒေါင်လိုက်ရေးထားတဲ့ အထဲက အောက်ဆုံးစာလုံး "လေး" ကနေစပြီး ဘယ်တခါ၊ ညာတခါ ဖတ်ရပါမယ်။ ဒီတော့ "လေး တဖေ-ဆွေးပွေခ၊ လေး မေလှ-တွက်တာ၊" ဆိုပြီး ဖတ်မိပါလိမ့်မယ်။ ပြီးရင် အပေါ်တတန်းကို တက်ပြီး ဒီနည်းအတိုင်းပဲ တတန်းစီ ဘယ်တလှည့်၊ ညာတလှည့် ဆက်ဖတ်သွားရပါမယ်။ အပေါ်ဆုံးတန်း ကို ဖတ်ပြီးတဲ့အခါ နောက်ဆုံး ဘုံစာလုံးဖြစ်တဲ့ "မြင်" ကို တခါထပ်တည်ပြီး အပေါ်ကို ဒေါင်လိုက် အရင်ဖတ်ရပါမယ်။ ဒါဆိုရင် "မြင်စမ်းပ-ခင်နွဲ့ဖော်ရယ်၊" လို့ တွေ့ရပါမယ်။ ပြီးရင် အဲဒီ ဘုံစာလုံး "မြင်" ကနေပြီး ဒေါင်လိုက် အောက်ဘက်ကို ဖတ်လိုက်တဲ့အခါ "မြင်လှဲ့တော်မူစမ်းပါကွဲ့လေး" ဆိုပြီး အဆုံးသတ်လိုက်တာ တွေ့ရပါမယ်။ အပြည့်အစုံဖတ်ရင်ဒီလိုပါ ...
လေး တဖေ-ဆွေးပွေခ၊ လေး မေလှ-တွက်တာ၊
ကွဲ လေရ-မသက်သာတယ်၊ ကွဲ ရတာ-အမြဲ၊
ပါ ပနှင့်-မာနထန်၊ ပါ ပကံ-စိတ်မှတ်လို့စွဲ။
စမ်း မက-သီတာရေ၊ စမ်း ဖြာဝေ-တနဲ၊
မူ ရာဉာဏ်-ပိုကဲလို့၊ မူ မလွဲ-မူရှာ၊
တော် ကညာ-တော်ရှာ၍၊ တော် ပါပေ့-ခင်ပျို့သက်လျာ။
လှဲ့ ကျလို့-နွဲ့ရတာကို၊ လှဲ့ ပြကာ-ခင်ခင်နွဲ့တော့၊
မြင် ချင်တဲ့-တဖေနော်၊မြင် လို၍-မျှော်၊
မြင် စမ်းပ-ခင်နွဲ့ဖော်ရယ်၊မြင်လှဲ့တော်မူစမ်းပါကွဲ့လေး။ ။
ဒီရေးနည်းက အဆုံးသတ်အပိုဒ်ကို အရင်ရေးပါတယ်။ တေးထပ်ကို ၂-ပိုဒ် (နှစ်ပါဒ) မှာ စာကြောင်းတကြောင်း အဖြစ် ဖြတ်ရပါတယ်။ ပြီးမှ အဆုံးသတ်အပိုဒ်မှာ ပါတဲ့ စာလုံးတွေကို ဘုံစာလုံးအဖြစ် သုံးလိုက်ပါတယ်။ အဆုံးစာလုံးကို တေးထပ်ရဲ့ ပထမ ဘုံစာလုံးအဖြစ် စတင်ယူလိုက်ပါတယ်။ အဆုံးသတ်အပိုဒ်က "မြင်လှည့်တော် မူစမ်း ပါ ကွဲ့လေး" ဖြစ်တဲ့အတွက် အဆုံးသတ်စာလုံး "လေး" ကို စတည်ပြီး အပိုဒ် (၁) နဲ့ (၂) ရဲ့ အစ စာလုံးအဖြစ် ရေးပါတယ်။
ပြီးရင် နောက်ဆုံးကနေ ပြောင်းပြန် ပြန်ယူပြီး ကျန်တဲ့ ၂-ပိုဒ်စီရဲ့ အစ စာလုံးတွေအဖြစ် ဆက်ရေး သွားတဲ့နည်း ဖြစ်ပါတယ်။
(ဒီနေရာမှာ ဒုတိယ စာကြောင်း တွေရဲ့ အစ စာလုံးက "ကွဲ့" ဖြစ်ရမဲ့အစား "ကွဲ" ဖြစ်နေပါတယ်။ ဒါကတော့ ချွင်းချက်အဖြစ် ကာရန်နဲ့ နည်းစံနစ်ကို ငဲ့ပြီး ရေးတယ်လို့ ယူဆလို့ရပါတယ်။ ဒါမျိုး ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။)
နောက်ဆုံး အပိုဒ် လေးပုဒ် (၁၅၊ ၁၆၊ ၁၇၊ ၁၈) တို့အတွက် ကျတော့ အဆုံးပိုဒ်ရဲ့ ပထမဆုံး စာလုံးဖြစ်တဲ့ "မြင်" ကိုပဲ ဘုံစာလုံး အနေနဲ့ ယူသုံး ရပါတယ်။ အပိုဒ်ရေ နဲ့ ကာရန် ယူပုံယူနည်း ကတော့ သာမည၊ အရိုးခံ နဲ့ သုံးချက်ညီ တေးထပ်တွေရဲ့ စည်းမျဉ်း အတိုင်းပါပဲ။ နှစ်သက်ရာကို ယူနိုင်ပါတယ်။
နောက်တပုဒ်ကိုထပ်ကြည့်ပါ။ ပုံစံနည်းနည်းကွဲပါတယ်။

ဒီတေးထပ်မျိုးကို ဖတ်တဲ့အခါ ပထမတေးထပ်လိုပဲ ဒေါင်လိုက်ရေးထားတဲ့ အောက်ဆုံးစာလုံး "လေး" ကနေ စလို့ ညာဘက်၊ ပြီးရင် ဘယ်ဘက်၊ အဲဒီလို ညာတလှည့်၊ ဘယ်တလှည့် ဖတ်သွားပါ။ ပြီးရင် အောင် ဆိုတဲ့ စာလုံး ရောက်တဲ့အခါ ညာဘက်၊ ဘယ်ဘက်၊ ပြီးရင် အပေါ်၊ နောက်ဆုံးမှ အောက်ဘက်ကို "အောင်သပြေ အောင်ပန်းပွင့်လေး" ဆိုပြီး အပေါ်ကနေ အောက်ကို ပြန်ဖတ်ပြီး အဆုံးသတ်ရပါတယ်။ ဒီလို တွေ့ရပါလိမ့်မယ်။
လေး ဒီသာ-ဌာန၊ လေး ပါယ-ကင်းစေ၊
ပွင့် သမျှ-ပန်းအနေ၊ ပွင့် ပါစေ-မျက်ထား၊
ပန်း ရနံ့-တလှိုင်လှိုင်၊ ပန်း ခိုင်ခိုင်-သင်းပျံ့အလား။
အောင် နမော-အောင်ဗုဒ္ဓါ၊ အောင် သြဘာ-ဆင့်ပွါး၊
ပြေ ပေါ်မှာ-ကျော်ကြားလို့၊ ပြေ သူများ-ကြည်ဖြူ၊
သ ပြေဆို-ညိုညိုလန်းရယ်နှင့်၊ သ ပြေပန်း-ဗုဒ္ဓတင်လှူ၊
အောင် ဇေတု-အောင်ဆုကူတယ်၊ အောင် မှုဟူ-အောင်ဟိတ်နှင့်၊
အောင်နိမိတ်-အောင်ဘိသေ၊ အောင်စေ့-အောင်စေ၊
အောင်သမှု-အောင်ဆုချွေတယ်၊ အောင်သပြေ-အောင်ပန်းပွင့်လေး။ ။
အောင်သပြေ-အောင်ပန်းပွင့်လေး ဆိုတဲ့စာသားကို ပတ်လည် ယူပြီး ပုလဲသွယ်တေးထပ် ပုံစံ ပြောင်းပြန် ရေးထားတာ ဖြစ်ပါတယ်။ နောက်ဆုံး ဘုံစာလုံး "အောင်" ကို ပထမပုံစံ မှာလို နောက်ဆုံး ၄-ပိုဒ် အစား နောက်ဆုံး ၆-ပိုဒ်ရဲ့ ဘုံစာလုံးအဖြစ် ယူပြီး ရေးစပ်သွားတာပဲ ကွာခြားပါတယ်။
ဒါဆိုရင် ပဒေသာတေးထပ်ရဲ့ သဘောကို သိလောက်ပြီလို့ ထင်ပါတယ်။ ရေးရတာလည်းခက်၊ ဖတ်ရတဲ့သူလည်း မျက်စိလည်လို့ ဒီခေတ်မှာ ရေးတာ မတွေ့ရတော့ပါဘူး။ ဒါပေမဲ့ ဒီလို ရေးနည်းရှိတယ်ဆိုတာတောင် သိကြတဲ့သူ အတော်နည်းနေပါပြီ။ ဒါကြောင့် မပျောက်ပျက်ရလေအောင် ထည့်ပေးလိုက်တာပါ။

စကြာတေးထပ်
အခု ဆက်ပြီး စကြာတေးထပ် ကိုကြည့်ပါမယ်။ ကာရန် ယူပုံယူနည်း၊ အပိုဒ်ရေ ထားပုံ ထားနည်းက သာမည၊ အရိုးခံ နဲ့ သုံးချက်ညီ တေးထပ်တွေရဲ့ စည်းမျဉ်း အတိုင်းပါပဲ။ စကြာတေးထပ်မှာက အစ စာလုံး တလုံးကို ဘုံအနေနဲ့ သုံးပြီး ပတ်လည် လှည့်ရေးတာပါ။ ဘုံစာလုံးကို အပိုဒ်တိုင်းရဲ့ အစမှာ ယူပြီးရေးရင် နှစ်ထပ်ကျော့ စကြာ တေးထပ်၊ အပိုဒ်တိုင်းမှာ နှစ်ခါယူပြီး ရေးရင် (အစမှာ တချက်၊ တဝက်မှာ တချက်) လေးထပ်ကျော့ စကြာ တေးထပ်လို့ ခေါ်ပါတယ်။ ကဗျာစွယ်စုံကျမ်းကြီး ထဲမှာပါတဲ့ နှစ်ထပ်ကျော့ စကြာတေးထပ် နမူနာကို ဖော်ပြလိုက်ပါတယ်။
ဒီတေးထပ်ကို ဖတ်ကြည့်ရင် လွမ်းစပွေ လွမ်းလေတော့ ကနေစပြီး လက်ဝဲရစ် (counter clockwise) ဖတ်သွားရုံပါပဲ။
ဒီတေးထပ်ကို ဖတ်ကြည့်ရင် လွမ်းစပွေ လွမ်းလေတော့ ကနေစပြီး လက်ဝဲရစ် (counter clockwise) ဖတ်သွားရုံပါပဲ။
လွမ်းစပွေ လွမ်းလေတော့၊ လွမ်းခွေပျော့ ညှိုးမှိုင်၊
လွမ်းငွေဖော့ တိုးလှိုင်တယ်၊ လွမ်းအိုးဒိုင် ပေါက်ကွဲ၊
လွမ်းတဖေ့ လွမ်း၍နေတယ်၊ လွမ်းလေ့လေ လွမ်းရအမြဲ။
လွမ်းတတ လွမ်းရရှာ၊ လွမ်းကသာ လွန်ကဲ၊
လွမ်းကြွကာ ချွန်သဲ၍၊ လွမ်းစွန်ပွဲ ပြိုင်ကာ၊
လွမ်းညှိုးပွေ လွမ်းဝေလျက်၊ လွမ်းခွေလျက် လွမ်းရခါခါ။
လွမ်းတွက်ကြောင့် လွမ်းခက်ဖြာတယ်၊ လွမ်းစက်ပါ ပျော်ဘဲမို့၊
လွမ်းသော်လဲ လွမ်းပြေပေါင်၊ လွမ်းစတွေ ထောင်။
လွမ်းမီးက လွမ်းပြီးလောင်တယ်၊ လွမ်းသည်းခေါင် ကျွမ်းလှုပေါ့လေး။ … ။
ဒီတပုဒ်ကတော့ လေးထပ်ကြော့ စကြာတေးထပ်ပါ။ ကဗျာစွယ်စုံကျမ်း ထဲမှာ မပါလို့ ကျနော် ရေးထားဖူးတဲ့ လေးထပ်ကြော့ စကြာတေးထပ်လေး တပုဒ်ကိုပဲ ဖော်ပြလိုက်ပါတယ်။
ဖတ်နည်းကတော့ နှစ်ထပ်ကျော့ စကြာတေးထပ်ကို ဖတ်တဲ့အတိုင်းပါပဲ .... ဒီလိုတွေ့ရပါမယ်။
အခု ဖော်ပြခဲ့ပြီးသမျှ တေးထပ်ဆန်း၊ တေးထပ်ကြီး၊ ပိုဒ်စုံ၊ ပုလဲသွယ်၊ ပဒေသာ၊ စကြာ ... အစရှိတဲ့ တေးထပ်တွေဟာ ကဗျာစည်းကမ်း နိုင်နင်းကျွမ်းကျင်တဲ့ ကဗျာဆရာတွေရဲ့ ကဗျာဉာဏ် ကွန့်မြူးဆန်းကြယ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ကဗျာစည်းကမ်းနဲ့ မဆန့်ကျင်သမျှ ကြိုက်သလောက် ကွန့်မြူး ဆန်းကြယ်နိုင်ခွင့် ရှိတယ်လို့လည်း ဆိုထားပါသေးတယ်။ ဒါကြောင့် ကဗျာဉာဏ် ကွန့်မြူးပြီး အဆန်းတကြယ် ရေးစပ်နိုင်ကြပါစေ ...
ဆက်လက်ပြီး အလွန်ဆိုလို့ကောင်းပြီး အသံပြေသလို ဂီတရစ်သမ်လဲမိတဲ့ ရှစ်ဆယ်ပေါ်တေးထပ်အကြောင်း တင်ပြပါ့မယ်။ ဟစ်ပ်ဟော့ပ် (Hip hop) လုပ်ဆိုလို့ရတဲ့ တေးထပ်ဖြစ်ပါတယ် ....
ကဗျာဉာဏ်များ ကွန့်မြူးစပ်ဆိုနိုင်ကြပါစေ ....
ဟယ်ရီ

No comments:
Post a Comment