Saturday 28 May 2011

တိမ်လှိုင်းတို့၏ဝှက်ဖဲ

ဒီအချိန်ဆို ...
တိမ်ညိုညိုတွေ ဝေနေပြီလား ခင်ခင် ...

ကုန်သည်လေတအုပ်
ခပ်သုတ်သုတ် အိမ်အပြန်
တိမ်ယံလှိုင်းတို့ဝှက်ထားတဲ့
ကွင်းဖဲတချပ်ရာဇဝင်မှာ
စာအတင်မခံရလည်း ရှိစေလေ ...

အိပ်မက်မြို့တော်ဆီမှ
အရှေ့တောင်လေသွဲ့သွဲ့ကိုစီး၍
ပြန်လာခဲ့ပါ ခင်ခင်
ယက္ခလှိုင်းဦးတို့
ခြေကျူးခဲ့ကြသည့်ရပ်ဝန်းမှ
လွန်မြောက်ခဲ့သည်ရှိသော်
ညင်းညံ့ညံ့လေပြည်တွင်စီးမျောလွင့်ပါလာမည့်
စကားသံတို့ကို နားဝယ်ပန်ဆင်ချင်ပါသေးသည်

လှိုင်းတို့၏ခြေရာရိပ်မှ၊
ညဆိတ်ဆိတ်တွင် ကြွေခဲ့သော လရောင်အို၊
သောင်ယံပျို ယစ်ခဲ့သည့် အဆိပ်၊
အတိတ်ကျောက်ဆောင်တို့၏ ဝင်္ကပါ၊
ထင်ရာမြင်ရာ အလင်္ကာတံခါးချပ်ကို
ဟဟလေး လှပ်ဝင်ခဲ့ပါ ခင်ခင် ...

အမှားနက္ခတ်တို့ စန်းယှဉ်ချိန်၊
ကာရန်တိမ်တိမ်တွင် ကူးခတ်ရင်း၊
နတ်ဆိုးတို့နှင့်အတူ ပျော်ကြရအောင်လေ ...


အင်တာနက် ပြတ်နေလို့ အခုမှပဲ တင်လိုက်ရပါတယ် ...
ဖတ်ရှုခံစားအားပေးတဲ့သူအားလုံးကို ကျေးဇူးအထူးပါ ခင်ဗျာ ...

ဟယ်ရီ

3 comments:

khin khin said...

ဒီအချိန်ဆို
တိမ်ညိုညိုတွေ ပြိုနေပြီပဲလေ ... ။

အမြင့်ပျံငှက်တအုပ်
ခပ်သုတ်သုတ် အိမ်အပြန်
တိမ်ယံထက်က နေမင်း
နှုတ်ဆက်ရင်း အလင်းချွေ
တောင်စွယ်မှာ နေကွယ်လုပြီလေ ... ။

အိပ်မက်တွေကို ကျောခိုင်း
လေရိုင်းတွေကို စီးနင်း
ခရီးပြင်းကိုဆက်နှင်
ပြန်လာခဲ့ချင်လျက်
အတွေ့ခက်ခက်
နေ့ရက်တွေထဲမှာ
ခွဲခွါခြင်းတံတိုင်းတွေ ကာထား
ကမ္ဘာတွေလဲ ခြား … လို့ … ။

ဒီရေလှိုင်းအကျမှာ
အိမ်ပြန်ရလေမလား …
ဒီသောင်ယံအိုမှာ
ခိုလှုံရမှာလား …
စဉ်းစားရင်း မောလျ
သောကညရဲ့အလယ်မှာ
ကြယ်တွေကို ရေတွက်ရင်း
လမင်းအကြွေကို ကောက်
အိမ်အရောက်ပြန်ခဲ့ပါရစေ … ။

ဆုံတွေ့ကြတဲ့အခါ …
အမှားတွေထဲမှာ ပျော်မွေ့
အမှန်တွေကို မေ့ပစ်ရင်း
လွတ်လပ်ခြင်း တေးကိုသီ
ကာရန်ညီ ကဗျာတွေဖွဲ့ကြမယ်လေ … ။
++++++++++++++++++++++

johnmoeeain said...

တိမ်လှိုင်းတွေနဲ့ လိုက်ခွင့်ရှိချိန်က အမှားနက္ခတ်တို့ စန်းယှဉ်ချိန်တဲ့လား..။
တဖက်က ပိုးကတ္တီပါ မြကော်ဇော မဟုတ်သလို တဖက်က မြက်ခင်းနုနုလေးတွေနဲ့ လမ်းတွေက လင်းကျင်းမနေဖူး..။
တိမ်လှိုင်းတွေရဲ့ ၀ှက်ဖဲကို ကိုယ်က ရွေးမှာလား.. ကိုယ့်ကို ရွေးမှာလားမှ မသိတော့တာ.. အစ်ကိုရေ...။
ဒီလိုပဲ ဆက်တွေးနေမိတယ်...း)

comment အဟောင်းလေးကိုပဲ ပြန်ရေးလိုက်ပါတယ် :)

Angelhlaing(May everybody be happy and healthy! said...

လှိုင်းတို့၏ခြေရာရိပ်မှ၊
ညဆိတ်ဆိတ်တွင် ကြွေခဲ့သော လရောင်အို၊
သောင်ယံပျို ယစ်ခဲ့သည့် အဆိပ်၊
အတိတ်ကျောက်ဆောင်တို့၏ ဝင်္ကပါ၊
ထင်ရာမြင်ရာ အလင်္ကာတံခါးချပ်ကို
ဟဟလေး လှပ်ဝင်ခဲ့ပါ ခင်ခင် .

မိုက်တယ် အကို...:)