မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၅)
မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၅)
ရတု
(၂) အမျိုးအစားအားဖြင့်
"ရတု" ဆိုတဲ့ အမည်အကြောင်း ပြောပြီးတဲ့နောက်မှာ ရတုအမျိုးအစားတွေကို ဆက်ပြောပါမယ်။ ရတုဟာ ပျို့ မော်ကွန်း စတဲ့ ကဗျာတွေနဲ့ မတူဘဲ စည်းကမ်းကြီးတဲ့ ကဗျာတစ်မျိုး ဖြစ်ပါတယ်။ ရှေးစာဆိုတို့ဟာ စိတ်ဝင်စားဖွယ် ရတုပုံစံ အမျိုးမျိုးဖွဲ့ဆိုခဲ့ကြပါတယ်။
ရတုအမျိုးအစားတွေကို ပြောရမယ်ဆိုရင်တော့ အဖွဲ့အနေအထားအရ၊ အပိုဒ်ရေအရ၊ ချီပုံချပုံအရ အမျိုးမျိုးခွဲခြားလို့ရပါတယ်။ ဒါပေမဲ့ အဓိကအားဖြင့် အပိုဒ်ရေအရ ခွဲခြားပြီးပြောပါတယ်။
ဒီလိုခွဲခြားတဲ့အခါ ...
(၁) ဧကပိုဒ်ရတု (အပိုဒ်ကြီး ၁-ပိုဒ်သာ ပါသောရတု)
(၂) အဖြည့်ခံရတု (အပိုဒ်ကြီး ၂-ပိုဒ် ပါသောရတု)
(၃) ပိုဒ်စုံရတု (အပိုဒ်ကြီး ၃-ပိုဒ် ပါသောရတု) ... ဆိုပြီး အဓိကအားဖြင့် ၃-မျိုး ခွဲခြားထားပါတယ်။ နောက်ပိုင်းမှာ အသေးစိတ် ဆက်လက် ဖော်ပြပါမယ်။

အဲဒီ ၃-မျိုးထဲက ပိုဒ်စုံရတုမှာ ...
(က) သုံးချက်ညီ ပိုဒ်စုံ
(ခ) သတ်စေ့နှက်-သုံးချက်ညီ ပိုဒ်စုံ
(ဂ) ကိုယ်တွင်းပြည့် ပိုဒ်စုံ
(ဃ) စကြာ ပိုဒ်စုံ
(င) တောင့်တဲတွန့် ပိုဒ်စုံ
ဆိုပြီး အချီ အချပုံစံ၊ စပ်ပုံစပ်နည်း၊ ပဒအနေအထား၊ ကာရန်အနေအထား ကွဲပြားတာကိုလိုက်ပြီး ငါးမျိုး ထပ်ခွဲပါတယ်။
အင်းဝခေတ် ရဟန်းစာဆိုတော် ရှင်မဟာရဋ္ဌသာရဟာ ရတုပုံ ပုံဆန်းပုံသစ်ကို အထွင်နိုင်တော်မူဆုံး စာဆိုကြီးပဲ ဖြစ်ပါတယ်။ ပိုးတောင့်တဲကလေးတွေ လမ်းလျှောက်သလို ခြေလှမ်းကြဲချည် စိပ်ချည်နဲ့ အက္ခရာလေးလုံးတစ်ပိုဒ်၊ ငါးလုံးတစ်ပိုဒ်ဖွဲ့ ဆိုရတဲ့ ရတုကို တောင့်တဲတွန့်ရတု ဆိုပြီး အမည်တွင်သ ခဲ့ပါတယ်။ ကမ္ဘာကျော် ညှို့မင်းသမီး မာရီလင်မွန်ရိုး (Marilyn Monroe) ရဲ့ wiggle walk ကို သတိရချင်စရာပါပဲ။
ဆရာတော်ဟာ ဒီနည်းကို ‘ဝဏ္ဏပဘာ’ချီ တောင့်တဲတွန့်ရတုမှာ ‘ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမျစ်မျစ်လျှင်၊ ကျစ်လစ်တင့်စံပယ်၊ လှမျိုးကြွယ်သား’ စသည်ဖြင့် စပ်ဆိုထားပါတယ်။ (မူကွဲအနေနဲ့ သုဝဏ်ပဘာ၊ ရွှေကြာပွင့်ဖူးသစ် ... ဆိုပြီးလည်း တွေ့ဖူးပါတယ်)
တခြားစပ်ဆိုနည်း အဆန်းတွေကတော့ ကြာဝတ်ဆံတိုင် တစ်ခုတည်းကနေ ပွင့်ချပ်တွေ ဖြာထွက်လာတဲ့ ပဒုမ္မာကြာပန်း ပုံသဏ္ဌာန်မျိုး ဖွဲ့ဆိုတဲ့ ပဒုမ္မာကြာဆိုနည်း ရတု ဆိုပြီးလည်း ထွင်ဆိုတော်မူခဲ့ပါသေးတယ်။ ဆရာတော်၏ အမြတ်ငါးဆူ ဧကပိုဒ်ရတုမှာ -
ငါးဆူ ရွှေကြာ၊ နိမိတ်လာ၍၊
ငါးဖြာမြွာလျှက်၊ တစ်ပင်နက်တွင်၊
ငါးဆက်ဖူးငုံ၊ ပေါ်လတ်တုံက စသည်ဖြင့် ‘ငါး’ ဆိုတဲ့ စကားတစ်လုံးတည်းကို ကြာဝတ်ဆံတိုင်လို ဗဟိုပြုပြီး ပဒုမ္မာကြာဆိုနည်း ရတုကို စပ်ဆိုခဲ့ပါတယ်။ (ယန္တရားစကြာလည် ရတုလို့လည်း ခေါ်ပါတယ်)
ဒါ့အပြင် ပုလဲတစ်တန့် သန္တာတစ်တန့် ရတု ဆိုပြီးတော့လည်း အမည်မှည့်လို့ တီထွင်စပ်ဆိုခဲ့ပုံကို ...
မြတ်မျိုး မြင့်မှန်၊ ကြင်ပေတန်၍၊
ရွယ်ရန်ရည်ရင့်၊ ဆင်တိုင်းတင့်သား ... စတဲ့ ဧကပိုဒ် ရတုမှာ ပုလဲလုံးသဖွယ် အက္ခရာ ညီညီတစ်တန်း၊ သန္တာကျောက်သဖွယ် အက္ခရာမညီတဲ့ အပိုဒ်တစ်တန်း ဆစ်ပြီး ဖွဲ့ထားကြောင်း တွေ့ရပါတယ်။
ဒီနည်း နှစ်နည်းကိုတော့ ကျနော် လင်္ကာ အခန်းမှာ ရေးသားခဲ့ပြီး ဖြစ်တာမို့ ဒီမှာ အကျယ် မဖော်ပြတော့ပါဘူး။ မြန်မာကဗျာ ဆိုတာ ဂျို(ချို)နဲ့လား (၇) - လင်္ကာ (http://harrylwin.blogspot.com/2008/09/blog-post_03.html) အခန်းမှာ အကျယ် ပြန်ဖတ် ကြည့်နိုင်ပါတယ်။
တခြားစပ်ဆိုနည်း အဆန်းရတုတွေကတော့ ...
‘ရွယ်ရန်ငွေ့၍၊ ရန်းလေ့ရာသီ၊ ရဲရဲညီသား’ ဟူသော အက္ခရာတစ်လုံးတည်းကို အပိုဒ်တိုင်းတွင် ရွဲသီသလိုသုံးပြီး ရေးတဲ့ မုတ္တာရွဲသီရတုတွေလည်းရှိတဲ့အပြင် နဝဘာအင်း ဆိုနည်း၊ တံခွန်စာဆိုနည်း၊ သန်လျှက်စာဆိုနည်း၊ မြင့်မိုရ်ဆိုနည်း၊ သုံးလွန်းတင်ဆိုနည်း၊ ဥသျှောင်ဆိုနည်း စတဲ့ စာဆိုနည်းတွေနဲ့ စပ်ဆိုထားကြတဲ့ ရတုတွေလည်း ရှိပါတယ်။ ဒါတွေကတော့ လင်္ကာစာရင်းထဲလည်း ထည့်လို့ရပါတယ်။ များသောအားဖြင့် တပိုဒ်တည်းသာ ရေးကြတာမို့ (ဧကပိုဒ် ရတု) အဖြစ် ယူဆ ကြတာ ဖြစ်ပါတယ်။ မုတ္တာရွဲသီရေးနည်းကတော့ ပဒုမ္မာကြာဆိုနည်းနဲ့ ဆင်ပေမဲ့ ပဒုမ္မာကြာဆိုနည်းမှာလို “စာလုံးတလုံးတည်း” မဟုတ်ဘဲ “အက္ခရာတလုံးတည်း” ကိုသာ သုံးတာဖြစ်ပါတယ်။
ရေးဖွဲ့တဲ့အကြောင်းအရာအပေါ် မူတည်ပြီးလည်း ရတုဖွဲ့ဆိုရာမှာ အမျိုးမျိုးကွဲပါသေးတယ်။ မြတ်စွာဘုရားကနေစပြီး ပုဂ္ဂိုလ်တဦးဦးကို တိုင်တည်ဖွဲ့ဆိုထားတဲ့ ဘုရားတိုင်ရတု၊ သိကြားတိုင်ရတု၊ သစ္စာတိုင်ရတုတွေတင်မက နတ်တိုင်၊ ရုက္ခစိုးတိုင်၊ ရှင်ဥပဂုတ်တိုင်၊ မိုးတိုင်ရတု စတဲ့ရတုတွေ၊ စစ်ချီစစ်တိုက်ရင်း ဖွဲ့ဆိုတဲ့ စစ်ချီရတု၊ တိရစ္ဆာန်တမျိုးမျိုးကို စေလွှတ်ပြီး ပေးတဲ့ပုံစံမျိုးဖွဲ့ဆိုတဲ့ ကျေးစေရတု၊ သာလိကာစေရတု တွေသာမက ခွေးစေ၊ တစ္ဆေစေ ဆိုတဲ့ ရတုတွေအပြင် ရာသီဥတုနဲ့ပတ်သက်ပြီး ဖွဲ့ဆိုတဲ့ ရာသီဘွဲ့ရတု၊ မိုးတောရတု၊ မိုးကြိမ်ရတု၊ မိုးငေါ့ရတု၊ ခရီးလမ်းပန်းအကြောင်း ဖွဲ့ဆိုတဲ့ တောလားရတု၊ ရေလားရတု စတာတွေအပြင် မြို့ဘွဲ့ရတု၊ ဘုန်းတော်ဘွဲ့ရတု၊ မောင်ဘွဲ့မယ်ဘွဲ့ရတု၊ မေးဖြေရတု၊ အခံရတု၊ အလိုက်ရတု၊ သျှိုးလိုက်ရတု၊ မင်္ဂလာရတု ... အစရှိသဖြင့် အမျိုးပေါင်း များစွာရှိပါတယ်။ ဒါကြောင့် ယေဘူယျအားဖြင့် အတိအကျသတ်မှတ်လို့လွယ်တဲ့ အပိုဒ်ရေကို အခြေခံပြီးခွဲခြားခြင်းဟာ သင့်တော်ပါတယ်။
အချီအချပေါ် မူတည်ပြီး ရတုအမျိုးအစား ခွဲခြားပုံကိုတော့ အမှတ် (၄) အချီအချအားဖြင့် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသေးစိတ် ဖော်ပြပါမယ်။

(၃) ပိုဒ်ရေအားဖြင့်
တကယ်တော့ ရတုဟာ လင်္ကာကနေ ပေါက်ပွားလာတဲ့ ကဗျာအဖွဲ့အနွဲ့ဖြစ်ပေမဲ့ လင်္ကာလို မဟုတ်ဘဲ ဖွဲ့ဆိုရာမှာ စည်းစံနစ် ရှိပါတယ်။ လင်္ကာမှာ ပိုဒ်ရေတွေ ကြိုက်သလောက်ဖွဲ့နိုင်သလို အဖျားချမှာလည်း စာလုံးရေ အကန့်အသတ် မရှိပါဘူး၊ ရတုမှာ တော့ တပိုဒ်တည်းဖွဲ့စပ်လျှင် ဧကပိုဒ်၊ နှစ်ပိုဒ်ဖွဲ့စပ်လျှင် အဖြည့်ခံ၊ သုံးပိုဒ်ဖွဲ့စပ်လျှင် ပိုဒ်စုံ ရယ်လို့ခေါ်ဆိုပါတယ်။ စာဆိုဉာဏ် ဘယ်လောက်ထက်သန်တဲ့ သူပဲဖြစ်စေ၊ ရတုကို အပိုဒ်ကြီးသုံးပိုဒ်ထက် ပိုမဖွဲ့ကြပါဘူး။ သုံးပိုဒ်ထက်ပိုတဲ့ ကဗျာတွေကိုလည်း များသောအားဖြင့် ရတုလို့ အသိအမှတ် မပြုကြပါဘူး။ (သျှိုးလိုက်ရတုတွေကတော့ ချွင်းချက်အနေနဲ့ အပိုဒ်ရေသုံးပိုဒ်မက အများကြီးဖွဲ့ကြပါတယ်) အပိုဒ်ကြီးတပိုဒ်မှာ အချီပိုဒ် ခေါ် အစပိုဒ်နဲ့ အချပိုဒ်ခေါ် အဆုံးပိုဒ် အပါအဝင် ပဒ (အပိုဒ်ငယ်) အရေအတွက် အားဖြင့် အနည်းဆုံး ၇-ပိုဒ် ကနေ အများဆုံး ၁၀၈-ပိုဒ် အထိ ထားနိုင်ပါတယ်။ ၁၀၈ - ပဒထက် ပိုပြီး မဖွဲ့ရပါဘူး။ အဖျားချတွေမှာလည်း (၃)လုံး၊ (၅)လုံး၊ (၇)လုံး၊ (၉)လုံး၊ (၁၁)လုံး၊ (၁၅)လုံး၊ (၁၉)လုံး စသည်ဖြင့် အနည်းဆုံး ၃-လုံးကနေ အများဆုံး ၃၅-လုံးအထိ အဖျားချစာလုံး အရေအတွက် သီးသန့် သတ်မှတ် ထားပါတယ်။ (၃)လုံးနဲ့ (၅)လုံးက အသုံးအလွန် နည်းပါတယ်။ “အမှတ် (၄) အချီအချအားဖြင့်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသေးစိတ် ဆက်လက် ဖော်ပြပါမယ်။
စိတ်ဝင်တစား ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ် ...
ဟယ်ရီ

3 comments:
စိတ်ဝင်စားစရာ ကောင်းလှတယ် အစ်ကို.. အသိပညာတွေ ပြန်ဝေမျှပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
သြော် ....
မ၀သုန်က ကျွန်တော့်ထက်တောင် စောနေတယ်။
အချိန်ရမှ အေးအေးဆေးဆေး လာဖတ်ပြီး သင်ယူဦးမယ်အကိုရာ လေ့လာစရာတွေက သိပ်ကိုများတယ် သည်လို အကျယ်တ၀င့် ရှင်းပြမည့်နေရာ ရှင်းပြမည့်သူကလည်း အခုလိုကာလမှာ အရှားသားဗျ
မတွေ့တော့သလောက်ပဲဗျာ။
ကျေးဇူး အကြီးကြီးတင်ပါတယ်..။
Post a Comment