Monday, 29 July 2013

သဝဏ်

သဝဏ်

ဝေးနေလည်း၊
အတွေးတွေထဲ ရှိနေပြန်။

မမြင်ရပေမဲ့၊
ရင်မှမေ သိစေရန်။

သူအိပ်ချိန်တန်၊
သူပန်ဖို့ သံစဉ်ပန်း။

ညကဗျာ၊
လှရာရာ ရွေးသီကုံးပါလို့၊
တေးပန်းချီမှုန်း ခန်းသဉ္ဇာမှာ၊
ပန်းသဝဏ်လွှာ တေးသံနော့ရယ်နဲ့၊
ချော့သိပ်မယ်မှန်း။ ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ

ဟယ်ရီလွင်

Read More...

Saturday, 27 July 2013

လေးလုံးစပ်ရေးနည်း

လေးလုံးစပ် ရေးနည်း

လေးလုံးစပ်ရေးနည်းကို ရှင်းပြပါဆိုပြီး တောင်းဆိုကြသူတွေ များလာလို့ ထပ်ရေးထားပါတယ် ... လေးလုံးစပ် လင်္ကာသွားနဲ့ အခြေခံကဗျာစပ်နည်းတွေကို ထပ်ပြောပါ့မယ်။ မရေးတတ်သေးသူ၊ စတင်လေ့လာကာစ သူများ အတွက် ဖြစ်ပါတယ်။ တတ်ကျွမ်းနားလည်ပြီးသူ ပညာရှင်များအတွက် ရည်ရွယ်ခြင်းမဟုတ်ပါ။

လေးလုံးစပ် ဖွဲ့နည်း
လေးလုံးစပ်ကဗျာတွေကို “လင်္ကာသွား” နဲ့ ရေးတယ် လို့လည်း ပြောကြပါတယ်။ လင်္ကာ၊ ရတု၊ ပျို့၊ ဧချင်း၊ သံပိုင်း၊ သမိုင်း စတဲ့ မြန်မာဂန္ထဝင်ကဗျာအမျိုးအစားတွေဟာ လေးလုံးစပ်လင်္ကာသွားနဲ့ချည်း ရေးထားတာဖြစ်ပါတယ်။

လေးလုံးစပ်ကို ရေးတဲ့အခါ
(၁) စာလုံး ၄-လုံးကို အပိုဒ်ငယ်တပိုဒ် (ပါဒ တခု) အဖြစ် ထားရပါတယ်
(၂) ဘယ်နှစ်ပိုဒ်အထိရေးရမယ်ဆိုတဲ့ ကန့်သတ်ချက် မရှိပါ။ ကြိုက်သလောက်ရေးနိုင်ပါတယ်။ (ရတု တွေက ချွင်းချက်ဖြစ်ပါတယ်။ ရတု တွေမှာ ၁၀၈-ပိုဒ်ထက် ပိုမစပ်ရပါ။ ဒါပေမဲ့ သျှိုးလိုက်ရတု ခေါ် မင်္ဂလာရတုတွေကတော့ အပိုဒ်ရေ ကန့်သတ်ချက်မရှိပါ။ ပျို့တွေလိုပဲ အပိုဒ်ရေ အမြောက်အများ ရေးစပ်လေ့ရှိပါတယ်။)
(၃) အဆုံးသတ်တဲ့အခါ စာလုံး ၇-လုံး (သို့မဟုတ်) ၈-လုံးနဲ့ အဆုံးသတ်လေ့ ရှိပါတယ်။ အဲဒါကို ‘ချ’ တယ် လို့ ခေါ်ပါတယ်။ အဲဒီအပိုဒ်ငယ်ကို ‘အချပိုဒ်’ လို့ ခေါ်ပါတယ်။ (ရတုတွေအတွက် အချကိုတော့ အမျိုးမျိုး ချလေ့ရှိပါတယ်။ အဲဒါတွေကိုတော့ လေးလုံးစပ်ကို ကျွမ်းကျင်မှ ရတုအကြောင်းမှာ သီးသန့် လေ့လာပါ)
(၄) အဲဒီလိုစပ်တဲ့အခါ တပိုဒ်နဲ့ တပိုဒ် (ပါဒ တခုနဲ့တခု) ကာရန်ချိတ်ပေးရပါတယ်။ ဒီလို ကာရန်ချိတ်ဖို့အတွက် အခြေခံ ကာရန်စပ်နည်း ၅-မျိုး ရှိပါတယ်။ အောက်မှာ တခုချင်း ပြောပါ့မယ်။

(မှတ်ချက်။ ။ တကယ်တော့ လေးလုံးစပ်ကဗျာတွေအတွက် ကာရန်ယူနည်းက ၆-မျိုးဖြစ်ပါတယ် ... ဒီနည်းတွေကို အစပ် ခြောက်ပါး လို့ ရှေးဆရာများ သတ်မှတ်ခဲ့ကြပါတယ် ... ဒါပေမဲ့ အဲဒီထဲက နောက်ဆုံးနည်းဖြစ်တဲ့ ချိန်ခွင်လျှာစပ်နည်းကို နောက်ပိုင်းမှာ ဆရာတွေက ပယ်ခဲ့ကြပါတယ် ... ဒါကြောင့် ၅-နည်းပဲ အသုံးများတယ် လို့ ပြောရပါမယ်)

ကာရန်
ကာရန်ဆိုတာ ပါဠိစကား ကာရန္တ ကနေလာပါတယ်။ အက္ခရာရဲ့အဆုံးသတ် (ဒါမှမဟုတ်) အဆုံး အက္ခရာ လို့ အဓိပ္ပါယ်ရပါတယ်။ ကဗျာမှာဆိုရင်တော့ အက္ခရာအချင်းချင်း အသတ်တူ (သို့မဟုတ်) အသံတူ စပ်ထားတဲ့ စာလုံးတွေကို ဆိုလိုပါတယ်။

ပထမဆုံး စပ်နည်းကို ကြည့်ကြရအောင်။

သတ်စေ့နှက်သုံးချက်ညီ စပ်နည်း (၄-၃-၂ စပ်နည်း)

ဒီနည်းကို အတိုကောက် ၄-၃-၂ စပ်နည်း လို့ မှတ်ပါ ... အခြေခံအကျဆုံးနဲ့ အသုံးအများဆုံး စပ်နည်းဖြစ်ပါတယ်။
လေးလုံးစပ်မြန်မာကဗျာတွေမှာ ကာရန်ယူရင် အတွဲတတွဲပြည့်အောင် ယူရပါတယ်။
အခုစပ်နည်းမှာ ကာရန်တတွဲပြည့်ဖို့အတွက် အပိုဒ်ငယ် ၃-ပိုဒ်ကို ကာရန်တူချိတ်ဆက်ပေးရပါတယ်။ ဒါကြောင့် ကာရန် ၃-ချက် ယူရပါတယ်။ ပထမဆုံးစတဲ့ ကာရန်ကို “အခံကာရန်” လို့ ခေါ်ပြီး နောက်ကလိုက်တဲ့ ကာရန်တွေကို “အအုပ်ကာရန်” လို့ ခေါ်ပါတယ်။
ဘယ်နေရာတွေမှာ ချိတ်ဆက်ပေးရမှာလဲ ဆိုတော့ ပထမဆုံးအပိုဒ်ရဲ့ စာလုံး (၄)လုံးမြောက်၊ ဒုတိယအပိုဒ်ရဲ့ စာလုံး (၃) လုံးမြောက်၊ တတိယအပိုဒ်ရဲ့ စာလုံး (၂)လုံးမြောက်တွေကို ကာရန်တူ ချိတ်ဆက်စပ်ဆို ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၄-၃-၂ လို့ အတိုကောက် မှတ်ကြခြင်း ဖြစ်ပါတယ်။
အောက်က ဥပမာ မှာ အဝါရောင် ပြထားတဲ့နေရာတွေ ဖြစ်ပါတယ်။



ပထမဆုံးအပိုဒ်ရဲ့ စာလုံး (၄)လုံးမြောက် (ခြေ)၊ ဒုတိယအပိုဒ်ရဲ့ စာလုံး (၃) လုံးမြောက် (ထွေ)၊ တတိယအပိုဒ်ရဲ့ စာလုံး (၂)လုံးမြောက် (ရေ) တွေကို ကာရန်တူ ချိတ်ဆက်စပ်ဆိုထားတာ တွေ့ရပါလိမ့်မယ်။

အဲဒီလို ပထမ ၃-ပိုဒ်ကို ခြေ-ထွေ-ရေ ဆိုပြီး ကာရန်ချိတ်ပြီးသွားတဲ့အခါ ကာရန်တတွဲပြည့်စုံသွားပါပြီ။ လေးလုံးစပ်မှာ ကာရန်လွတ်နေတာ တချက်မှ မရှိရဘူး ဆိုတာ အထူးသတိပြုရပါမယ်။ ဒါကြောင့် နောက်ထပ် ကာရန်အသစ်တတွဲ ပြန်စရပါမယ်။
ဒီလို နောက်ထပ် ကာရန်အသစ်တတွဲကို ဘယ်ကပြန်စရမလဲ ဆိုရင် ပထမကာရန်တွဲ (၄-၃-၂ ယူထားတဲ့ ကာရန်တွဲ) ဆုံးသွားတဲ့ အပိုဒ်ကနေပဲ ပြန်စရမှာပါ။ ဘယ်နေရာကနေ ပြန်စရမလဲဆိုတော့ အဲဒီအပိုဒ်ရဲ့ လေးလုံးမြောက်ကပဲ ပြန်စရပါမယ်။
ဒါကြောင့် ပထမကာရန်တွဲ ဆုံးသွားတဲ့ အပိုဒ်က (မြစ်ရေဝန်းလည်) ဆိုတဲ့ အပိုဒ်ဖြစ်ပါတယ်။ အဲဒီအပိုဒ်ရဲ့ လေးလုံးမြောက် (လည်) ဆိုတဲ့ နေရာကနေ ကာရန်တွဲအသစ်တခု ပြန်စယူထားတာကို အပြာရောင်နဲ့ ပြထားပါတယ်။ ဒီမှာလည်း ကာရန်က ၄-၃-၂ ကိုပဲ ယူထားတာကြောင့် (လည်-ဆီ-ပြည်) ဆိုပြီး စပ်ထားတာ တွေ့ရပါမယ်။
အဲဒီမှာ ဒုတိယကာရန်တွဲ ပြည့်သွားပါပြီ။ ဒါကြောင့် နောက်ထပ် ဆက်စပ်ချင်ရင် အဲဒီ ဒုတိယ ကာရန်တွဲ ဆုံးတဲ့ (ရွှေပြည်ကိုသာ) ဆိုတဲ့ အပိုဒ်ရဲ့ လေးလုံးမြောက်ဖြစ်တဲ့ (သာ) ဆိုတဲ့ အစိမ်းရောင်စာလုံးကနေ နောက်ထပ် ဆက်ပြီး စပ်ရမှာ ဖြစ်ပါတယ်။ ပထမ အပိုဒ်ကြီးတပိုဒ်လုံး ဘယ်လို ကာရန်တွေ ယူသွားလဲဆိုတာ အားလုံးပြီးတဲ့အခါ ဆက်ပြပါ့မယ်။
လေးလုံးစပ်မှာ အဲဒီ အချက်ဟာ သိပ်အရေးကြီးပါတယ်။ အများအားဖြင့် လေးလုံးစပ် စရေးကာစမှာ ၄-၃-၂ ချိတ်ပြီးပေမဲ့ အဲဒီ ကာရန်တွဲ ဆုံးသွားတဲ့ အပိုဒ်ကနေ အသစ်ပြန်မစမိဘဲ လွတ်သွားတတ်ကြပါတယ်။ ဒါကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။

ထိပ်ချင်းထပ် စပ်နည်း (၄-၃-၁ စပ်နည်း)

ဒီနည်းကို အတိုကောက် ၄-၃-၁ စပ်နည်း လို့ မှတ်ပါ။
အခုစပ်နည်းမှာလည်း ကာရန်တတွဲပြည့်ဖို့အတွက် အပိုဒ်ငယ် ၃-ပိုဒ်ကို ကာရန်တူချိတ်ဆက်ပေးရပါတယ်။
ဘယ်နေရာတွေမှာ ချိတ်ဆက်ပေးရမှာလဲ ဆိုတော့ ပထမဆုံးအပိုဒ်ရဲ့ စာလုံး (၄)လုံးမြောက်၊ ဒုတိယအပိုဒ်ရဲ့ စာလုံး (၃) လုံးမြောက်၊ တတိယအပိုဒ်ရဲ့ အစ စာလုံး (၁-လုံးမြောက်) တွေကို ကာရန်တူ ချိတ်ဆက်စပ်ဆို ပေးရမှာ ဖြစ်ပါတယ်။
အောက်က ဥပမာ မှာ အဝါရောင် ပြထားတဲ့နေရာတွေ ဖြစ်ပါတယ်။
ပထမဆုံးအပိုဒ်ရဲ့ စာလုံး (၄)လုံးမြောက် (ရာ)၊ ဒုတိယအပိုဒ်ရဲ့ စာလုံး (၃) လုံးမြောက် (ကွာ)၊ တတိယအပိုဒ်ရဲ့ စာလုံး (၁)လုံးမြောက် (မှာ) တွေကို ကာရန်တူ ချိတ်ဆက်စပ်ဆိုထားတာ တွေ့ရပါမယ်။



အဲဒီလို ပထမ ၃-ပိုဒ်ကို (ရာ-ကွာ-မှာ) ဆိုပြီး ကာရန်ချိတ်ပြီးသွားတဲ့အခါ ကာရန်တတွဲပြည့်စုံသွားပြီဖြစ်လို့ နောက်ထပ် ကာရန်အသစ်တတွဲ ကို ပထမကာရန်တွဲဆုံးတဲ့ (မှာလည်းမကြား) ဆိုတဲ့ အပိုဒ်ရဲ့ လေးလုံးမြောက် (ကြား) ကနေပြီး ပြန်စရမှာ ဖြစ်ပါတယ်။

ဦးတိုက် (ထိပ်ချင်းတိုက်) စပ်နည်း (၄-၁ စပ်နည်း)

ဒီနည်းကတော့ အပေါ်က နှစ်နည်းလို သုံးလုံးတတွဲ ကာရန်မယူဘဲ နှစ်လုံးတတွဲကာရန်ယူတဲ့နည်း ဖြစ်ပါတယ်။
အတိုကောက် ၄-၁ စပ်နည်း လို့ မှတ်ပါ။ ခပ်တိုတို ခပ်သွက်သွက် အကြောင်းအရာတွေကို စပ်ရင် သုံးလေ့ရှိပါတယ်။
အခုစပ်နည်းမှာ ကာရန်တတွဲပြည့်ဖို့အတွက် အပိုဒ်ငယ် ၂-ပိုဒ်ကို ကာရန်တူချိတ်ဆက်ပေးရပါတယ်။
ဘယ်နေရာတွေမှာ ချိတ်ဆက်ပေးရမှာလဲ ဆိုတော့ ပထမဆုံးအပိုဒ်ရဲ့ စာလုံး (၄)လုံးမြောက်နဲ့ ဒုတိယအပိုဒ်ရဲ့ အစ စာလုံး (၁-လုံးမြောက်) တွေကို ကာရန်တူ ချိတ်ဆက်စပ်ဆို ပေးရမှာ ဖြစ်ပါတယ်။ အဲဒီ နှစ်ချက်ယူလိုက်ရုံနဲ့ ကာရန် တတွဲ ပြည့်ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၄-၃-၁ စပ်နည်းက ဥပမာ မှာ ပထမကာရန်တွဲဆုံးတဲ့ (မှာလည်းမကြား) ဆိုတဲ့ အပိုဒ်ရဲ့ လေးလုံးမြောက် (ကြား) ကနေပြီး ပြန်စပြီး ၄-၁ ဆက်ယူပုံကို အောက်က ဥပမာမှာ ကြည့်ပါ။
အဝါရောင် ပြထားတဲ့နေရာတွေ ဖြစ်ပါတယ်။
ပထမဆုံးအပိုဒ်ရဲ့ စာလုံး (၄)လုံးမြောက် (ကြား)၊ ဒုတိယအပိုဒ်ရဲ့ စာလုံး (၁)လုံးမြောက် (သွား) တွေကို ကာရန်တူ ချိတ်ဆက်စပ်ဆိုထားတာ တွေ့ရပါမယ်။



အဲဒီလို အပိုဒ် ၂-ပိုဒ်ကို ကြား-သွား ဆိုပြီး ကာရန်ချိတ်ပြီးသွားတဲ့အခါ ကာရန်တတွဲပြည့်စုံသွားပြီဖြစ်လို့ နောက်ထပ် ကာရန်အသစ်တတွဲ ကို ကာရန်တွဲဆုံးတဲ့ (သွားလည်းမသင့်) ဆိုတဲ့ အပိုဒ်ရဲ့ လေးလုံးမြောက် (သင့်) ကနေပြီး ပြန်စရမှာ ဖြစ်ပါတယ်။

ထိပ်ချင်းချွတ် (ရထားပြေး) စပ်နည်း (၄-၂ စပ်နည်း)

အတိုကောက် ၄-၂ စပ်နည်း လို့ မှတ်ပါ။ ဒီနည်းကလည်း ခပ်တိုတို ခပ်သွက်သွက် အကြောင်းအရာတွေကို စပ်ရင် သုံးလေ့ရှိပါတယ်။
ဒီနည်းက ၄-၁ စပ်နည်းလိုပါပဲ။ နှစ်လုံးတတွဲကာရန်ယူပါတယ်။
ဘယ်နေရာတွေမှာ ချိတ်ဆက်ပေးရမှာလဲ ဆိုတော့ ပထမဆုံးအပိုဒ်ရဲ့ စာလုံး (၄)လုံးမြောက်နဲ့ ဒုတိယအပိုဒ်ရဲ့ စာလုံး (၂)လုံးမြောက် တွေကို ကာရန်တူ ချိတ်ဆက်စပ်ဆို ပေးရမှာ ဖြစ်ပါတယ်။ အဲဒီ နှစ်ချက်ယူလိုက်ရုံနဲ့ ကာရန် တတွဲ ပြည့်ပြီဖြစ်ပါတယ်။
အောက်က ဥပမာ မှာ အဝါရောင် ပြထားတဲ့နေရာတွေ ဖြစ်ပါတယ်။
ပထမဆုံးအပိုဒ်ရဲ့ စာလုံး (၄)လုံးမြောက် (မြို့)၊ ဒုတိယအပိုဒ်ရဲ့ စာလုံး (၂)လုံးမြောက် (သို့) တွေကို ကာရန်တူ ချိတ်ဆက်စပ်ဆိုထားတာ တွေ့ရပါမယ်။



အဲဒီလို အပိုဒ် ၂-ပိုဒ်ကို မြို့-သို့ ဆိုပြီး ကာရန်ချိတ်ပြီးသွားတဲ့အခါ ကာရန်တတွဲပြည့်စုံသွားပြီဖြစ်လို့ နောက်ထပ် ကာရန်အသစ်တတွဲ ကို ကာရန်တွဲဆုံးတဲ့ (သည်သို့စေတီ) ဆိုတဲ့ အပိုဒ်ရဲ့ လေးလုံးမြောက် (တီ) ကနေပြီး ပြန်စရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ (တီ-ဆီ) ဆိုပြီး အပြာရောင်ပြထားတဲ့အတိုင်း ၄-၂ နဲ့ပဲ ဆက်ပြီး စပ်ဆိုသွားပါတယ်။ ပြီးတော့ နောက်ထပ် ကာရန်တွဲအသစ်ကိုလည်း အရင်ကာရန်တွဲ အဆုံးသတ်တဲ့ (သည်ဆီရွှေနန်း) အပိုဒ်ရဲ့ လေးလုံးမြောက် ဖြစ်တဲ့ (နန်း) ကနေ ပြန်စပြီး (နန်း-တန်း) ဆိုပြီးတော့ အစိမ်းရောင်ပြထားတဲ့အတိုင်း ၄-၂ စပ်နည်းနဲ့ပဲ ဆက်ပြီး စပ်ဆိုသွားတာ တွေ့ရမှာ ဖြစ်ပါတယ်။

ဒီနည်းလေးနည်း ကို အသေအချာ ကျေညက်အောင် လေ့ကျင့်စပ်ဆိုကြည့်စေလိုပါတယ်။ နောက်ထပ်နည်းတနည်း ဖြစ်တဲ့ ဘီလူးရယ်စပ်နည်းကို ဒီလေးနည်းကို ပိုင်နိုင်မှသာလျှင် ဆက်လက် လေ့ကျင့် စပ်ဆိုကြည့်ဖို့ အကြံပြုချင်ပါတယ်။
ဒီနေရာမှာတခုပြောချင်တာက လေးလုံးစပ်ကဗျာတပုဒ်ကို စပ်ရင် ကာရန်စပ်နည်းတမျိုးတည်း သုံးဖို့ မလိုပါဘူး။ (သုံးချင်ရင်လည်း ရပါတယ် ... ဒါပေမဲ့ လိုအပ်သလို နည်းစုံထည့်စပ်တာ ပိုကောင်းပါတယ်) ကာရန် စပ်နည်းတွေ အားလုံး အဆင်ပြေသလို လှည့်ပတ် သုံးစွဲပြီး စပ်သွားလို့ရပါတယ်။

အဆုံးသတ်ခြင်း (အချပိုဒ်)

ဘီလူးရယ်စပ်နည်းကို မပြောခင် လေးလုံးစပ်ကဗျာတွေကို “ချ”ပုံ တနည်းအားဖြင့် အဆုံးသတ်ပုံကို ပြောပါ့မယ်။
အပေါ်က ပြခဲ့တဲ့ နည်းတွေ အတိုင်း စပ်လာခဲ့ပြီး အဆုံးသတ်မယ်ဆိုရင် ကာရန်တွဲတတွဲပြည့်သွားတဲ့ အပိုဒ်မှာ အဆုံးသတ်လိုက်လို့ ရပါတယ်။ ဒီလို အဆုံးသတ်တဲ့အခါ (ချတဲ့အခါ) မှာတော့ စာလုံးရေ ၇-လုံးနဲ့ အများဆုံး ချလေ့ရှိပါတယ်။
အောက်က ဥပမာကို ကြည့်ပါ။



အပေါ်မှာ ဖော်ပြခဲ့တဲ့ အတိုင်း (၄-၂) စပ်နည်းနဲ့ စပ်လာပြီး အဆုံးသတ်ကာနီးမှာ (၄-၂) ကာရန်ဆုံးတဲ့ (ဖြောင့်တန်းတော့မည်) အပိုဒ်ရဲ့ ၄-လုံးမြောက်ကနေ ကာရန်အသစ်တတွဲ ပြန်စပြီး (၄-၃-၂) စပ်နည်းနဲ့ (မည်-ရည်-ပြည်) ဆိုပြီး ၃-ပိုဒ်ကို ကာရန်ချိတ်လိုက်ပါတယ်။ အဲဒီအခါ (ပြည်) ဆိုတဲ့နေရာမှာ ကာရန်တတွဲပြည့်သွားပြီဖြစ်တဲ့အတွက် အဲဒီအပိုဒ်ငယ်ကို အဆုံးသတ် အချပိုဒ်အဖြစ် ယူပြီး ၄-လုံးအစား ၇-လုံးရေးပြီး (ရွှေပြည်ဌာနဝေးသောကြောင့်) ဆိုပြီး အဆုံးသတ်လိုက်တာကို တွေ့နိုင်ပါတယ်။
၇-လုံးအစား ၈-လုံးချချင်ရင်လည်း ချလို့ရပါတယ်။ ဒါပေမဲ့ ၈-လုံးချချင်ရင်တော့ အဲဒီအချပိုဒ်ရဲ့ (၄)လုံးမြောက်နဲ့ (၆)လုံး (သို့မဟုတ်) ၇-လုံးမြောက်ကို ကာရန်တချက် ပြန်ချိတ်ပြီးမှ ချလေ့ရှိပါတယ်။
ဥပမာ ... ရွှေပြည်ဌာ(န) ဝေး(လှ)သောကြောင့်။ ဆိုပြီး ချလိုက်တာမျိုးပါ။

ဘီလူးရယ်စပ်နည်း

ဒီစပ်နည်းက နည်းနည်း ထူးခြားပါတယ်။ သူလည်း အပိုဒ်သုံးပိုဒ် စပ်ရတာပါပဲ။ ဒါပေမဲ့ အပေါ်က ၄-၃-၂ နဲ့ ၄-၃-၁ စပ်နည်းတွေလို တပိုဒ်မှာ ကာရန်တချက်စီနဲ့ သုံးပိုဒ်ကို သုံးချက်ယူတာ မဟုတ်ဘဲ ဒုတိယပိုဒ်မှာ ကာရန်နှစ်ချက်ယူလိုက်တာပါ။
ပထမပိုဒ်နဲ့ ဒုတိယပိုဒ်ကို လေး-သုံး ကာရန်ယူပါတယ်။ တစ်ခါ အဲဒီ ဒုတိယပိုဒ် ရဲ့ လေးလုံးမြောက် ကို တတိယအပိုဒ်ရဲ့ တစ်လုံးမြောက် (သို့) နှစ်လုံးမြောက် (သို့) သုံးလုံးမြောက်စာလုံးနဲ့ ကာရန်ပြန်ယူပါတယ်။
ဥမ္မာဒန္တီ ပျို့ ကနေထုတ်နှုတ်ပြထားတဲ့ အောက်က ဇယားကွက်နဲ့ ဥပမာ ပြထားတာတွေကို ကြည့်ပါ။

၎-(၃၄)-၁ ယူနည်း



ဒီနည်းကိုကြည့်ရင် (ညီ-ဏီ) ဆိုပြီး ၄-၃ ကာရန်ယူလာပြီးတဲ့နောက် ၄-၃-၂ လို တတွဲမပြည့်ခင် အောက်တပိုဒ်ကို မဆင်းတော့ဘဲ အဲဒီအပိုဒ်မှာပဲ (၄) လုံးမြောက်ဖြစ်တဲ့ (က) ကနေပြန်စပြီး နောက်တပိုဒ်ရဲ့ ပထမ စာလုံး (စ) နဲ့ ကာရန်ပြန်ယူထားတာ တွေ့နိုင်ပါတယ်။
ဒါကြောင့် ပုံစံက ၄-(၃၄)-၁ ဖြစ်သွားပါတယ်။

၎-(၃၄)-၂ ယူနည်း



ဒီနည်းမှာတော့ (ငြား-သွား) ဆိုပြီး ၄-၃ ကာရန်ယူလာပြီးတဲ့နောက် တတွဲမပြည့်ခင် အဲဒီအပိုဒ်မှာပဲ လေးလုံးမြောက်ဖြစ်တဲ့ (လျှင်) ကနေပြန်စပြီး နောက်တပိုဒ်ရဲ့ ဒုတိယစာလုံး (ပင်) နဲ့ ကာရန်ပြန်ယူထားတာ တွေ့နိုင်ပါတယ်။
ဒါကြောင့် ပုံစံက ၄-(၃၄)-၂ ဖြစ်သွားပါတယ်။

၎-(၃၄)-၃ ယူနည်း



ဒီနည်းမှာတော့ (စွာ-မာ) ဆိုပြီး ၄-၃ ကာရန်ယူလာပြီးတဲ့နောက် တတွဲမပြည့်ခင် အဲဒီအပိုဒ်မှာပဲ သူ့ရဲ့ လေးလုံးမြောက် ဖြစ်တဲ့ (၌) ကနေပြန်စပြီး နောက်တပိုဒ်ရဲ့ တတိယစာလုံး (လိုက်) နဲ့ ကာရန်ပြန်ယူထားတာ တွေ့နိုင်ပါတယ်။
ဒါကြောင့် ပုံစံက ၄-(၃၄)-၃ ဖြစ်သွားပါတယ်။

ဒီ စပ်နည်းက ပုံမှန်ကာရန်စပ်နည်းတွေလိုမဟုတ်ဘဲ ဒုတိယပိုဒ်ရောက်တာနဲ့ အဲဒီအပိုဒ်ကနေ စာလုံးအသစ်တစ်လုံးကို ကာရန်အသစ်ပြန်စယူတာမို့ မူလကာရန်စပ်နည်းတွေကို ဝင်နှောက်ယှက်ပြီး စပ်ဘက်တဲ့အတွက် ဘီလူးရယ်သံလို အနှောက်အယှက်ပေးတတ်တဲ့ ပုံစံဖြစ်နေလို့ ဘီလူးရယ်လို့ခေါ်ခြင်းဖြစ်ပါတယ်။
သာဓိနပျို့လာ ပုံစံမှာတော့ ထိပ်ချင်းချွတ်စပ်နည်းကို မှီခိုပြီး နောက်ထပ်ပုံစံသစ်တမျိုးထွင်ပြီးစပ်တာကို အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။

၎-(၂၃)-၂ ယူနည်း



အခြားစပ်နည်းများ

နာမည်သီးခြားတပ်ထားတာ မရှိသေးတဲ့ အခြားစပ်နည်းများကို ဆက်လက်ဖော်ပြပါ့မယ်။ ပုံစံအားဖြင့်တော့ ဘီလူးရယ် စပ်နည်းခွဲတွေပဲ ဖြစ်တယ်လို့ ထင်မြင်ပါတယ်။ ဆရာကြီးမင်းသုဝဏ်ကတော့ သုံးလို့ရတယ်လို့ ညွှန်ပြထားပါတယ်။

ဒါပေမဲ့ ကျနော့်သဘောအရတော့ ဒီနည်းတွေဟာ မူလ အစပ်ခြောက်ပါးထဲ မပါတဲ့အပြင် အသုံးအလွန်နည်းလှတာမို့ အပေါ်က ကာရန်စပ်နည်း ၅-မျိုးကို ကျွမ်းကျင်ပိုင်နိုင်ပြီးမှသာလျှင် သုံးသင့်ပါတယ်။ ကာရန်အားလုံးကို ကျွမ်းကျင်ပိုင်နိုင်တဲ့ ဆရာကြီးမင်းသုဝဏ်တို့လို ကဗျာကဝိတွေ အထူးအခြားဖွဲ့ချင်မှသာ (special effect လိုချင်မှ) သုံးသင့်တယ်လို့ ထင်ပါတယ် ... သာမာန်အားဖြင့် များများစားစား သုံးစွဲတာ မတွေ့ဖူးပါဘူး ... ကျနော်တော့ တခါမှ မသုံးဖူးပါဘူး ...

၃-၁ စပ်နည်း



ရှင်မဟာရဋ္ဌသာရ ရဲ့ စတုဓမ္မသာရ ကိုးခန်းပျို့ထဲက ဖြစ်ပါတယ်။ ဒီနည်းကတော့ ၄-၂ အစား ၃-၁ ယူပြီး စပ်တဲ့နည်း ဖြစ်ပါတယ်။ ပထမအပိုဒ်ရဲ့ (၃) လုံးမြောက်နဲ့ ဒုတိယအပိုဒ်ရဲ့ အစ (၁)လုံးမြောက်ကို ကာရန်ချိတ်ပေးရပါမယ်။ ဒါဆိုရင် ကာရန်တတွဲပြည့်သွားပြီဖြစ်တဲ့အတွက် ဒီကာရန်တွဲဆုံးတဲ့ အပိုဒ်ရဲ့ (၄)လုံးမြောက် (သက်) ကနေ နောက်ထပ် နှစ်သက်ရာ ကာရန်စပ်နည်း တမျိုးမျိုးနဲ့ ဆက်လက် စပ်ဆိုနိုင်ပါတယ်။ ဒီနည်းဟာ များသောအားဖြင့် စစချင်း အပိုဒ်နှစ်ပိုဒ်ကိုပဲ ဒီနည်းနဲ့ စပ်တာတွေ့ရပြီး အလယ်ပိုဒ်တွေမှာ စပ်တာ တွေ့ရခဲပါတယ်။

၃-၂ စပ်နည်း



နတ်သျှင်နောင်ရဲ့ စစ်ချီရတုထဲက ထုတ်နှုတ်ပြထားတဲ့နည်းဖြစ်ပါတယ်။ ဒီနည်းကတော့ ၄-၂ အစား ၃-၂ ယူပြီး စပ်တဲ့နည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနည်းလည်း စစချင်း အပိုဒ်နှစ်ပိုဒ်ကိုပဲ စပ်တာတွေ့ရပြီး အလယ်ပိုဒ်တွေမှာ စပ်တာနည်းပါတယ်။ ဆုတောင်းခန်းပျို့၊ ပထမအပိုဒ်ကြီးထဲမှာပဲ ...
လင်းစေမျက်မှောက်၊ အမိုက်ဖျောက်၍၊ ရောက်ဘုံထို(ခါ)၊ (ဝါ)လ[နီး]သော်၊ စော[မီး]ရှင်မွန် ... (နီး-မီး)
ရှင်မဟာရဋ္ဌသာရ ရေးတဲ့ ဘူရိဒတ်လင်္ကာကြီး အပိုဒ် (၉၀) မှာ ... ဆိုပါ[ဘိ]လော၊ မိ[မိ]ပင်ကိုယ် ... (ဘိ-မိ)
ဆိုပြီး အတွင်းမှာ စပ်ထားတွေ့ဖူးပါတယ်။ ဒီလို စပ်ထားတဲ့ တခြားကဗျာလင်္ကာတွေ ရှိတော့ရှိပါတယ်။ ဒါပေမဲ့ အသုံးနည်း ပါတယ်။

၎-(၃၄)-၃-၂ စပ်နည်း

ဒီနည်းလည်း တွေ့ရခဲပါတယ်။ ဆုတောင်းခန်းပျို့ရဲ့ အပိုဒ်ကြီး (၁) မှာ အောက်က ဥပမာ ဇယားကွက်အတိုင်း စပ်သွားတာကို တွေ့မြင်နိုင်ပါတယ်။ ဘီလူးရယ်စပ်နည်းရဲ့ နည်းခွဲတခုအဖြစ် ယူဆနိုင်ပါတယ်။ တနည်းအားဖြင့် အပေါ်မှာ ဖော်ပြထားတဲ့ ဘီလူးရယ်နည်းခွဲ ၄-(၃၄)-၃ စပ်နည်းနဲ့ ၃-၂ စပ်နည်းကို ပေါင်းစပ်ထားခြင်းလို့လည်း ယူဆနိုင်ပါတယ်။



သံမြွက်ဝှဲချီး၊ ဟောပေပြီးမှု၊ ချေချွတ်ပြုမှ၊ ဥရုဝေလ၊ ...
ပြည်ကျော်နဂိုရ်၊ ရာဇဂြိုဟ်တွင်၊ ရောက်တုံကျင်မှ၊ ဖူးမြင်လာရှောင်း ...
အစရှိသဖြင့်လည်း အဲဒီအပိုဒ်ကြီး (၁) မှာ ဆက်လက် စပ်ဆိုထားတာ တွေ့ရပါတယ်။
ဘူရိဒတ်လင်္ကာကြီး၊ အပိုဒ် (၉၁) မှာလည်း ...
မပျက်စတောင်း၊ ဝဲခနောင်း၌၊ ပစ်ထည့်လိုက်ဟု၊ တိုက်တိုက်တွန်းတွန်း .. ဆိုပြီး စပ်ထားတာ တွေ့ရပါတယ်။

၎-၃-၃- စပ်နည်း

အလွန်တွေ့ရခဲတဲ့ စပ်နည်းဖြစ်ပါတယ်။ အောက်မှာ ဥပမာ ကြည့်ပါ။


ကိုးခန်းပျို့ (အပိုဒ်-၁၃၁)

ဒါ့အပြင် လယ်တီဆရာတော်ဘုရားရေးတဲ့ သီဟတောဘုရားကျောက်စာ သံပိုင်း (ဂမ္ဘီရကဗျာကျမ်း၊ စာ-၈၂) မှာလည်း ...
လူရှင်သော(သော)၊ ခုတိုင်(ပြော)သား၊ သီဟ(တော)ခေါ်၊ ပုထိုးတော်ကို၊ မင်းကျော်ရာဇိန် ...
အကြိမ်လေး(လီ)၊ ပြင်ဆင်(ပြီ)တည့်၊ ပဉ္စ(မီ)ကြုံ ...
ဆိုပြီး ဒီနည်းကို သုံးသွားတာ တွေ့ရပါတယ်။

ဒီနည်းဟာ ရှင်မဟာရဋ္ဌသာရလို၊ လယ်တီဆရာတော်လို ရှေးပညာရှိ ကဗျာကဝိဆရာများ သုံးစွဲသွားတဲ့အတွက် စပ်ရင်လည်း မှားတယ်လို့မဆိုနိုင်ပါဘူး။ ဒါပေမဲ့ ကျနော့်အမြင်အရတော့ ဖြစ်နိုင်ရင် မသုံးသင့်ဘဲ တတ်နိုင်သမျှ ရှောင်ကြဉ်သင့်တဲ့ စပ်နည်းဖြစ်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် မြန်မာ လေးလုံးစပ်လင်္ကာသွားရဲ့ ကာရန်ယူနည်းတွေမှာ နောက်ကာရန်ဟာ ရှေ့ကာရန်ကို ကျော်လေ့လည်း မရှိ၊ ထပ်တူ ဖြစ်လေ့လည်း မရှိလို့ပါပဲ။ ဒီနည်းကလွဲပြီး တခြားနည်းတွေမှာ နောက်ကလိုက်တဲ့ကာရန် (တနည်း အအုပ်ကာရန်) မှန်သမျှမှာ ရှေ့ကကာရန် (အခံကာရန်) တွေထက် အမြဲ စောယူလေ့ရှိပါတယ်။ ဥပမာ ၄-၃-၂၊ ၄-၃-၁၊ ၄-၂ စသဖြင့်ပါ။ ဒါကတော့ ကျနော့် အယူအဆ သက်သက်ပဲ ဖြစ်ပါတယ်။

၎-၃-၃-၂ စပ်နည်း

ဒီနည်းဟာလည်း အလွန်တွေ့ရခဲတဲ့ စပ်နည်းဖြစ်ပါတယ်။ အောက်မှာ ဥပမာ ကြည့်ပါ။


ဆုတောင်းခန်းပျို့ (အပိုဒ်-၃၀)


နမူနာ

အဲဒီတော့ လေးလုံးစပ်လင်္ကာသွား နဲ့ ရေးထားတဲ့ မြန်မာကဗျာတပုဒ်ကို ဘယ်လိုနည်းတွေ သုံးပြီး ရေးထားသလဲ ဆိုတာ အခု နမူနာအနေနဲ့ ခွဲထုတ်ပြပါမယ် ... လက်ဝဲသုန္ဒရအမတ်ကြီးရေးဖွဲ့ထားတဲ့ “မဲဇာတောင်ခြေ” အစချီ ရတုရဲ့ ပထမအပိုဒ် ဖြစ်ပါတယ်။



မဲဇာတောင်ခြေ၊ စီးတွေတွေတည့်၊ မြစ်ရေဝန်းလည်၊ (၄-၃-၂) (ကာရန်တတွဲပြည့်သွားလို့ အဲ့ဒီကာရန်တွဲ ဆုံးတဲ့ အပိုဒ် (ပါဒ) ဖြစ်တဲ့ "မြစ်ရေဝန်းလည်" ရဲ့ ၄-လုံးမြောက် (လည်) ကနေ စပြီး ကာရန်တွဲအသစ် ပြန်ယူရပါတယ်။ လေးလုံးစပ် စရေးသူတွေ မှားတဲ့နေရာ အဲဒီနေရာပါပဲ ... ကာရန်အသစ်ပြန်စတဲ့အခါ ပထမကာရန်တွဲ ဆုံးတဲ့ အပိုဒ်ကနေ ပြန်မစမိဘဲ နောက်တပိုဒ်ကမှ ပြန်စမိလို့ လွတ်သွားတတ်တာမျိုးပါ)

မြစ်ရေဝန်းလည်၊ မြိုင်တောဆီက၊ ရွှေပြည်ကိုသာ (၄-၃-၂)

ရွှေပြည်ကိုသာ၊ တ-ရှာတော့မိ၊ (၄-၂)

တ-ရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကြက်သရေ၊ (၄-၃-၂)

သီရိကြက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ (၄-၃-၂)

အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ (၄-၃-၂)

ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး၊ (၄-၃-၂)

ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ (၄-၃-၂)

ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မွေ၊ (၄-၃-၂)

ရွှေခြင်္သေ့မွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊ (၄-၃-၂) ဒါမှမဟုတ် (၄-၃-၁) လို့ ယူဆနိုင်ပါတယ်

ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊ (၄-၃-၂)

ပိတ်ဆီးခြယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ (၄-၃-၂)

ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ (၄-၃-၂)

အာရုံမျက်မြင်၊ ဖူးမျှော်ချင်၍၊ သည်တွင်ရွှေမြို့၊ (၄-၃-၂)

သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ (၄-၂)

သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ (၄-၂)

သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ (၄-၂)

ဖြောင့်တန်းတော့မည်၊ စိတ်က ရည်သည် …. ရွှေပြည်ဌာန ဝေးသောကြောင့်။ …. ။ (၄-၃-၂)

နောက်ဆုံးအချပိုဒ်မှာ ကာရန်တတွဲပြည့်အောင် ယူပြီးမှ ချရတာကို သတိပြုပါ ...

ကာရန် အများစုက ၄-၃-၂ နဲ့ အဓိက စပ်သွားပေမဲ့ ဆုံးကာနီးမှာ "သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း" ဆိုပြီး ၄-၂ တွေချည်း တောက်လျှောက် ယူသွားတဲ့အတွက် ခပ်သွက်သွက် ဖြစ်သွားပြီး ဖတ်တဲ့အခါ မြို့တော်၊ စေတီ၊ နန်းတော် နေရာတွေကို ဖျတ်ကနဲ၊ ဖျတ်ကနဲ ပြသွားသလို ဖတ်သူရဲ့ စိတ်ထဲ ပေါ်လာစေပါတယ် ... အဲဒီလိုနေရာမျိုးမှာ ၄-၃-၂။ ၄-၃-၁ စတဲ့ ကာရန်တွဲ အရှည်တွေ သုံးလိုက်ရင် အဲ့လို effect မျိုး ရမှာ မဟုတ်ဘူး ဆိုတာ သတိပြုထိုက်ပါတယ် ...

ဒါဆိုရင် လေးလုံးစပ် လင်္ကာသွားနဲ့ စပ်လို့ရသမျှ စပ်နည်း အားလုံး ကုန်ပြီလို့ ပြောနိုင်ပါတယ်။ (ချိန်ခွင်လျှာ စပ်နည်းကိုတော့ ပညာရှိများ ပယ်ခဲ့ကြလို့ ထည့်သွင်းမဖော်ပြတော့ပါဘူး။ ဒီနည်းက လေးလုံးစပ်မှာထက် ရကန်တို့လို အသွားတွေမှာ စပ်လေ့ရှိပါတယ်)

အစပိုင်းမှာ ဖော်ပြထားတဲ့ အခြေခံစပ်နည်း ၄-မျိုးကို အရင်ပိုင်နိုင်အောင် ကာရန်မလွတ်ဘဲ ရေးတတ်အောင် လေ့ကျင့်ပြီးမှ နောက်ပိုင်း စပ်နည်းတွေကို သုံးစွဲသင့်ပါတယ်။ ဒီစပ်နည်းတွေက ရှုပ်ထွေးတာမို့ မရှင်းတာရှိရင်လည်း အချိန်မရွေး မေးမြန်းနိုင်ပါတယ် ...

ကာရန်များဖြင့် ပျော်ရွှင်နိုင်ကြပါစေ ...

ဟယ်ရီလွင်

Read More...

Monday, 22 July 2013

သန္ဓေ တောထွက် ဓမ္မစက် ဟောမြွက်လဝါဆို

သန္ဓေ တောထွက် ဓမ္မစက် ဟောမြွက်လဝါဆို

“(ဗြဟ္မာနတ်လူအပေါ် ဒေသနာကြားလိုက်သော် ကမ္ဘာလောကမြေပြင်ပေါ် ... သုံးကြိမ်တိုင်အောင်အင်မတန်သာဓုခေါ်) ... (သဟမ္ပတိ နာမကေ မဟာဗြဟ္မေဏအကျော်) ... ကောဏ္ဍညနဲ့ ဝပ္ပဘဒ္ဒိ မဟာနာမ် အဿဇိ ကျွတ်တမ်း ဝင်ပြီ ဧဟိ... ဧဟိ... ခေါ်...” ဆိုပြီး နန်းတော်ရှေ့ဆရာတင်က ရေးဖွဲ့ပူဇော်ခဲ့တဲ့ သီချင်းသံလေးကို ကြားယောင်မိပါတယ်။

ဒီနေ့မှာ သဟမ္ပတိဗြဟ္မာမင်းရဲ့ တောင်းပန်လျှောက်ထားချက်အရ မြတ်စွာဘုရားရှင်ဟာ ဓမ္မစကြာတရားဦးကို စတင်ဟောတော်မူပြီး ဗုဒ္ဓလမ်းစဉ် ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးနဲ့ မဇ္ဈိမပဋိပဒါလမ်းစဉ်ကို လူသားများအား စတင်ကြေငြာ ဟောပြဆုံးမတော်မူခဲ့တဲ့အတွက် တရားရတနာ ဖြစ်တဲ့ “ဓမ္မ” ဟာ ကမ္ဘာပေါ်မှာ စတင် ထွန်းတောက် ပေါ်ထွန်းလာခဲ့ပါတယ်။ အရှင်ကောဏ္ဍညဟာ ပထမဦးဆုံး သောတာပန်တည်ပြီး တရားကို စတင်သိတော်မူတဲ့ အရိယာသံဃာတော် ဖြစ်လာတဲ့အတွက် “အညာသိကောဏ္ဍညော” (အရင်ဦးဆုံး သိသော ကောဏ္ဍည) လို့ မြတ်စွာဘုရားရှင် ကိုယ်တော် ဥဒါန်းကျူးရင့် ခေါ်ဆိုတော်မူပြီး ဧဟိဘိက္ခု ခေါ်တော်မူရာက ရဟန်းအသွင် စတင်တည်ရှိတဲ့အပြင် ပဉ္စဝဂ္ဂီ ငါးဦးထဲက ကျန်တဲ့ လေးဦးဖြစ်တဲ့ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်နဲ့ အရှင် အဿဇိတို့လည်း ရဟန်းအဖြစ်ကို ဆက်လက်ရရှိခဲ့တာမို့ သံဃာရတနာဖြစ်တဲ့ “သံဃာ” အစုအဝေးလည်း စတင်ပေါ်ထွန်းရာနေ့ဖြစ်တဲ့အတွက် သာသနာ့ သမိုင်းမှာ အရေးပါလှပါတယ်။

ဒီသီချင်းလေးနဲ့ တဆက်တည်းမှာပဲ “သန္ဓေ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်လဝါဆို” ဆိုတဲ့ ဝါဆိုလပြည့်နေ့နဲ့ ပတ်သက်တဲ့ သံပေါက်လေးကို သွားသတိရမိပါတယ်။

သာသနာသမိုင်းနဲ့ ဗုဒ္ဓဝင်မှာ မြတ်စွာဘုရားနဲ့ ပတ်သက်နေတဲ့ ထူးထူးခြားခြား လပြည့်နေ့ နှစ်နေ့ရှိပါတယ်။ အဲဒီနေ့တွေ ကတော့ ကဆုန်လပြည့်နေ့နဲ့ ဝါဆိုလပြည့်နေ့ပါပဲ။ ကဆုန်လပြည့်နေ့ကိုတော့ “ကဆုန်လပြည့် ဗုဒ္ဓနေ့” လို့ ခေါ်ကြပြီး ဝါဆိုလပြည့်နေ့ကိုတော့ “သန္ဓေ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်လဝါဆို” ဆိုတဲ့ သံပေါက်လေးနဲ့ အမှတ်သညာပြုကြပါတယ်။

ကဆုန်လပြည့်နေ့ရဲ့ ထူးခြားမှုက မြတ်စွာဘုရားရှင်ရဲ့ ဘဝတော်နဲ့ ပတ်သက်ပါတယ်။ မြတ်စွာဘုရားရှင်ဟာ အလောင်းတော် သိဒ္ဓတ္ထမင်းသားဘဝနဲ့ မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်၊ သောကြာနေ့မှာ ဖွားမြင်တော်မူပါတယ်၊ တခါ မဟာသက္ကရာဇ် ၉၇-ခုနှစ် ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့မှာ သမ္မာသမ္ဗုဒ္ဓဘုရားရှင် အဖြစ် ပွင့်တော်မူပြီး မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့မှာ ပရိနိဗ္ဗာန်စံတော်မူပါတယ်။

ဝါဆိုလပြည့်နေ့ကတော့ ဓမ္မနဲ့ ပိုပြီးပတ်သက်သလို ကနဦး အခြေစတင်တည်ခြင်းသဘောလည်း ဖြစ်နေတာကို တွေ့ရ ပါမယ်။ မယ်တော် မဟာမာယာဒေဝီရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေယူတာ၊ သားတော်ရာဟုလာ ဖွားမြင်တော်မူတဲ့နေ့မှာ နိမိတ်ကြီး လေးပါးကိုမြင်ပြီး တောထွက်တော်မူတာ၊ ဘုရားအဖြစ် ပွင့်တော်မူ ပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် လူသားတွေကို ဓမ္မကို ဟောပြပြီး သံဃာရတနာ စတင်ဖြစ်တည်စေတော်မူခဲ့တာ အားလုံးဟာ ဝါဆိုလပြည့်နေ့ တွေချည်းပါပဲ။

မြတ်စွာဘုရားရှင်ရဲ့ အရေးကြီးတဲ့ဖြစ်တော်စဉ်တွေဟာ နေ့ခုနစ်နေ့အဖြစ် တည်ရှိနေပါတယ်။ ဒီနေ့တွေကို “နံတော်စဉ်” လို့လည်း ခေါ်ကြပါတယ်။ ပဋိသန္ဓေယူတဲ့နေ့ကနေစပြီး တေဇောဓာတ်လောင်တော်မူတဲ့နေ့အထိ နေ့နံအစဉ်အတိုင်းပါ။ ဒီနေ့တွေကို အစဉ်အတိုင်း “မ-သိ-ကြ-လျှင်-တွေး-ဆ-ဦး” လို့ အတိုကောက်မှတ်လေ့ရှိကြပါတယ်။ ဒီနံတော်စဉ်အပေါ် မူတည်ပြီးတော့ တချို့ အင်္ဂဝိဇ္ဇာ ဆရာတွေ ဟောကိန်းထုတ်တတ်ကြပါတယ်။ အင်္ဂဝိဇ္ဇာပညာရပ်မှာ အရေးကြီးတဲ့ ကဏ္ဍအဖြစ် ပါဝင်နေတယ်လို့ သိရပါတယ်။

“မ-သိ-ကြ-လျှင်-တွေး-ဆ-ဦး” ဆိုတဲ့ နံတော်စဉ် အတိုကောက် စကားလုံးတွေက နံသင့်သင်္ချာနည်းအတိုင်း မှတ်ထား တာပါ။ ဖြစ်တော်စဉ်တွေကတော့ -
ပဋိသန္ဓေနေတော်မူသောနေ့ (မ = ကြာသပတေး၊ ဝါဆိုလပြည့်)
ဖွားတော်မူသောနေ့ (သိ = သောကြာ၊ ကဆုန်လပြည့်)
တောထွက်တော်မူသောနေ့ (ကြ = တနင်္လာ၊ ဝါဆိုလပြည့်)
ဘုရားဖြစ်တော်မူသောနေ့ (လျှင် = ဗုဒ္ဓဟူး၊ ကဆုန်လပြည့်)
ဓမ္မစကြာတရားဦးဟောတော်မူသောနေ့ (တွေး = စနေ၊ ဝါဆိုလပြည့်)
ပရိနိဗ္ဗာန်စံတော်မူသောနေ့ (ဆ = အင်္ဂါ၊ ကဆုန်လပြည့်)
တေဇောဓာတ်လောင်တော်မူသောနေ့ (ဦး =တနင်္ဂနွေ၊ ကဆုန်လဆုတ်) ... တွေပဲဖြစ်ပါတယ်။

ဒီ နံတော်စဉ်ကို ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးက ခုနစ်နေ့ဘုရားရှိခိုး ဆိုပြီး လင်္ကာလေး ဖွဲ့ပြီး ပူဇော်ထား ပါတယ်။ ကျနော်တို့ ငယ်ငယ်ကတော့ ကျောင်းမှာ ဆိုရသလို ကျနော့်ရဲ့ ဖွားဖွားကြီး နှုတ်တိုက်သင်ပေးထားလို့ ငယ်ငယ် ကတည်းက အလွတ်ရခဲ့ ပါတယ်။ ခုတော့ အဲဒီ အလေ့အထတွေ ပျောက်ကုန်ပြီ ထင်ပါတယ်။ ဒါကြောင့် လယ်တီ ဆရာတော်ကြီးရဲ့ ခုနစ်နေ့ ဘုရားရှိခိုးကို မသိသေးတဲ့ လူငယ်တွေလည်း သိရအောင်၊ သိပြီးသား လူကြီးလူငယ်များလည်း ကြည်ညိုပူဇော်နိုင်အောင် တလက်စတည်း ပြန်လည်ဖော်ပြလိုက်ပါတယ်။

လယ်တီဆရာတော်ဘုရားကြီး၏ (၇)နေ့ ဘုရားရှိခိုးနှင့် ကန်တော့ဆုတောင်းခန်း

ပဋိသန္ဓေယူသောနေ့

သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊
သောင်းခွင် စကြာဝဠာ၊
နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မှုကြောင့်၊ ရတုနဂို၊
ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊
ကြွက်မင်းနေ့ဝယ်၊
ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊
နတ်လူငြိမ်းဖို့ ကိန်းပါကို ... ။

ဖွားမြင်တော်မူသောနေ့

သန္ဓေယူကာ၊ ဆယ်လကြာသော်၊
မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊
ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊
မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊
နတ်လူအောင်မြို့လမ်းပါကို ... ။

တောထွက်တော်မူသောနေ့

ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊
ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊
သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊
ဘုံးသစ်လျှံလူ၊ စံတော်မူ၍၊
ရွယ်မူနုဖြိုး၊ နှစ်ဆဲ့ကိုးဝယ်၊
လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊
ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊
ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊
ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊
စုံမြိုင်ပင်ရိပ်ခန်းမှာကို ... ။

ဘုရားဖြစ်တော်မူသောနေ့

တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊
ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊
ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊
မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊
ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊
မငြီးကြည်ဖြူ၊ နေတော်မူလျက်၊
ရန်မြူခပင်း၊ အမိုက်သင်းကို၊
အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊
ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊
သုံးဖော်လူတို့ ငြမ်းပါကို ... ။

ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့

ဘုရားဖြစ်ခါ၊ မိဂဒါသို့၊
စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊
ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊
မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊
ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊
ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊
ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊
မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊
တရားနတ်စည် ရွမ်းတယ်ကို ... ။

ပရိနိဗ္ဗာန်စံတော်မူသောနေ့

တရားနတ်စည်၊ ဆော်ရွမ်းလည်က၊
သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊
ကျွတ်ထိုက်သသူ၊ နတ် လူ ဗြဟ္မာ၊
သတ္တဝါကို၊ ခေမာသောင်သို့၊
ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးကာ၊
ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊
စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊
သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊
စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊
အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊
အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊
စံတော်မူသည်၊
ဝှန်းဆူသောင်းလုံးကျော်တယ်ကို ... ။

တေဇောဓာတ်လောင်တော်မူသောနေ့

နိဗ္ဗူစံပြီ၊ ရှုမအီသား၊
သင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊
ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊
ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊
ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊
ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊
မီးပူဇော်သည်၊
မွေတော်ရှစ်စိတ်ကြွင်းတယ်ကို ... ။

ကန်တော့ဆုတောင်းခန်း

ထိုခုနှစ်နေ့၊ သာချမ်းမြေ့ကို၊
ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊
သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊
ကိုယ်တော်ဘုရားကို၊ သုံးပါးမွန်စွာ၊
ဝန္ဒနာနှင့်၊ သဒ္ဒါဖြိုးဖြိုး၊
ကျွန်ရှိခိုးသည် ...
ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော် ... ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ...

ဟယ်ရီလွင်


Read More...

Saturday, 20 July 2013

စာမရီအဖ

စာမရီ အဖ


‘ဗိုလ်ချုပ်’ဆို တဦးတည်းပဲ၊
‘မှူးကြီး’ လည်း နောက်မှာမပါ၊
ထူးပြီးကဲ တယောက်သာ၊
နောက်တခါ ပြန်မရ၊
ပုပျပ်ပျပ် ညိုတိုတို၊
အပိုမဆို နှုတ်မြွက်ချွေဟ။

ရင်ထဲက လှိုင်လှိုင်ခေါ်
ပြိုင်ရန်မပေါ် အို ‘အဖ’
နိုင်ငံကျော် ဟို‘အဘ’ တွေနဲ့
ဘယ်လိုမှ မဆိုင်၊
ကိုယ်ကျိုးမရှာ အာဏာမသုံး၊
လူမမုန်း သက်ဆုံးသည့်တိုင်၊

ဆယ့်ကိုးရက် လဇူလိုင်
ကူမနိုင် မျက်ရည်မိုး
သက်စွေဖြိုး ခေါင်လွှမ်းပါသည်၊
အောင်ဆန်းဇာနည်၊
အရောင်မနွမ်း ဘာမထီ၊
စာမရီဇာနည်သွေးတဲ့လေး။ ။

ဟယ်ရီလွင်

Read More...

Wednesday, 17 July 2013

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၉)

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၉)

(၅) အက္ခရာလုံးရေ အားဖြင့်
ရတုရဲ့ အပိုဒ်ပေါင်းများစွာ ရှိတဲ့အနက် အချပိုဒ်ကလွဲလို့ ကျန်အပိုဒ်ငယ်တိုင်းမှာ (ထောင့်တဲတွန့်ရတုမျိုးကလွဲလို့) အက္ခရာ ၄-လုံးစီ ‎အတိအကျ ထားရှိစေရမယ်လို့ ဆိုထားပါတယ်။ လေးလုံးစပ် လင်္ကာအတိုင်းပါပဲ။ မပေါ်လွင်တဲ့ အသံရှိတဲ့ အက္ခရာဆိုရင်တော့ ၅-လုံး ‎၆-လုံးလည်း ထားနိုင်ပါတယ်။ ရေတွက်တဲ့အခါမှာ အဲဒီလိုအက္ခရာ ၂-လုံးကို ၁-လုံး၊ ၃-လုံးကို ၁-လုံး ‎အနေနဲ့ ရေတွက်ရပါတယ်။ ချွင်းချက်အနေနဲ့ အချီပိုဒ်မှာ ၃-လုံးချီ၊ ၅-လုံးချီ၊ ၇-လုံးချီတာတွေ ရှိကြောင်း အထက်မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အလွန်တွေ့ရခဲသလို ကဗျာအရာ တဖက်ကမ်းခတ်တဲ့ ပညာရှင်များသာ စပ်ဆိုကြတာမို့ ရတုကို စရေးရင်တော့ ၄-လုံးနဲ့ပဲ ချီတာ အကောင်းဆုံးလို့ အကြံပြုချင်ပါတယ်။
အချပိုဒ်တိုင်းမှာတော့ အက္ခရာ ၇-လုံး၊ ၈-လုံး၊ ၉-လုံး၊ ၁၁-လုံး၊ ၁၅-လုံး၊ ၁၉-လုံး၊ ၂၅-လုံး၊ ၃၅-လုံး တခုခုသာ ‎ထားရပါမယ်။ ဒီ့ထက်ပိုလို့ လျော့လို့ မထားသင့်ပါဘူး။ ဒီ ချနည်းတွေအကြောင်းကို “(၄) အချီအချအားဖြင့်” အခန်းငယ်မှာ အသေးစိတ် ဖော်ပြပြီး ဖြစ်ပါတယ်။

(၆) အစပ်ကာရန်အားဖြင့်
အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်။ အစပ်ကာရန်အနေနဲ့ဆိုရင် အစပ် ၆-ပါး ရှိတဲ့အနက် (‘၄-၃-၂’ လို့ခေါ်တဲ့) သတ်စေ့နှက်သုံးချက်ညီ စပ်နည်းနဲ့ စပ်တာဟာ ‎အကောင်းဆုံးပါပဲလို့ ဆိုထားပါတယ်။ ဒါပေမဲ့ ဦးတိုက်၊ ထိပ်ချင်းထပ် စတဲ့ တခြား လင်္ကာစပ်နည်းတွေနဲ့လည်း စပ်နိုင်ပါတယ်။ မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၃) - အစပ်၊ အဟပ် (http://harrylwin.blogspot.com/2008/08/blog-post_28.html) မှာ အစပ် (၆)ပါးအကြောင်းကို အသေးစိတ် ပြန်ကြည့်နိုင် ပါတယ်။ ရတုမှာ ကာရန်လွတ်လို့ လုံးဝ (လုံးဝ) မရပါဘူး။ ဘာတွေ ဘယ်လိုပဲ မိုးပျံအောင်ရေးထားရေးထား ကာရန်ကိုက်အောင် မစပ်နိုင်ရင် ရတုရဲ့ အင်္ဂါပျက်ပါတယ်။ ရတုလို့ ခေါ်လို့ကို မရဘူး ဆိုတာ သတိပြုကြစေလိုပါတယ်။

(၇) လေပြင်းလေလျော့ (ဂရု၊ လဟု) အားဖြင့်
ပျို့၊ ကဗျာ၊ လင်္ကာ၊ သီချင်း တွေကို ရေးစပ်သီကုံးတဲ့နေရာမှာဖြစ်ဖြစ် ရွတ်ဖတ်သီဆိုတဲ့နေရာမှာဖြစ်ဖြစ်၊ လေပြင်း လေလျော့ (အသံ) ဟာ ‎အလွန်အရေးကြီးတဲ့ အဓိက အချက်ကြီးဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါဟာ ကဗျာတိုင်းမှာ အလွန်အရေးကြီး ပါတယ်။ ကဗျာရဲ့ Rhythm လို့ ခေါ်ပါတယ်။ ကာရန်ထက်တောင် ပိုပြီး အရေးကြီးတယ်လို့ ယူဆနိုင်ပါတယ် (ဒါပေမဲ့ ရတုမှာတော့ ကာရန်လည်း မှားလို့ လုံးဝ [လုံးဝ] မရပါဘူး)။ လေယူလေထား (အသံ) မှားရင် ကဗျာတပုဒ်ဟာ ချောချောမွေ့မွေ့ မရှိဘဲ ထောက်နေ တာကို တွေ့ရ ပါလိမ့်မယ်။
နန္ဒမာလိနီကျမ်းအလိုအရ ပြောရရင် လေးလုံး တပိုဒ် ထားပြီး ရေးသားရတဲ့ ရတုမှာတော့ မ-ပိုဒ်ဟူသမျှရဲ့ အဆုံးအက္ခရာ မှာ အာ-အီ-အူ စတဲ့ ‎လေလျော့သံအက္ခရာ (ဂရုသံ) တို့ကိုသာ ထားရှိရပါမယ်။ တကယ်လို့ လေပြင်းသံ (လဟုသံ) ထားမိရင်လည်း ‎လေလျော့လိုသာ (အသံမဖြတ်ဘဲ၊ မချဘဲ) သီဆိုရပါမယ်။
စုံပိုဒ်ဟူသမျှရဲ့ အဆုံးအက္ခရာမှာတော့ အား-အီး-အူး စတဲ့ လေပြင်းသံ အက္ခရာ (လဟုသံ) တို့ကိုသာ ‎ထားရှိရပါမယ်။ လေလျော့သံ ထားမိရင်လည်း လေပြင်းသံလိုသာ (အသံဖြတ်ပြီး၊ ချပြီး) သီဆိုရပါမယ်။
ဥပမာ ..
မဲဇာတောင် ခြေ၊ (ဂရု)
စီးတွေတွေ တည့်၊ (လဟု)
မြစ်ရေဝန်း လည်၊ (ဂရု)
မြိုင်တောစည် က၊ (လဟု)
ရွှေပြည်ကို သာ၊ (ဂရု)
စသဖြင့် လေပြင်း လေလျော့ တကျော့စီ ရေးစပ်ရမယ်လို့ နန္ဒမာလိနီကျမ်းက ဆိုထားပါတယ်။ အဲဒီလိုမှ မဟုတ်ရင် ‎အက္ခရာကာရန် ဘယ်လောက်မှန်မှန် သီဆိုတဲ့အခါ စည်းဝါး မကိုက်ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ရတုတိုင်းကတော့ ဒီလို အတိအကျကြီး ရေးဖွဲ့ထားတာမျိုး မဟုတ်ပါဘူး။ သဘောတရားကို ဆိုလိုတာပါ။ အရေးကြီးတဲ့အချက်က အသံမထောက်ဘဲ ပြေပြေပြစ်ပြစ်လေး ဖြစ်အောင်၊ တူရိယာတခုခုနဲ့သီဆိုတဲ့အခါ ရွတ်ဆိုတဲ့အခါ ချောချောမွေ့မွေ့ ဖြစ်အောင် ရေးဖွဲ့ဖို့ပါပဲ။ အဆုံးသတ်အသံတွေသာမက ယူထားတဲ့ ကာရန်တွေနဲ့ တခြားစကားလုံးတွေကိုလည်း အဲဒီလို ဂရုသံ နဲ့ လဟုသံ တလှည့်စီ အလိုက်သင့်ဖြစ်အောင် တတ်နိုင်သမျှ ရေးဖွဲ့သင့်ပါတယ်။ ဒါဆိုရင် အသံက တက်လိုက် ကျလိုက်နဲ့ ပြေပြစ်ပါ တယ်။

(၈) အပြစ်ဒေါသအားဖြင့်
ပဓာနဖြစ်တဲ့ အစပ်ကာရန်တွေမှာ ဝက်နင်း နဲ့ ခွာထောက် အပြစ်တို့ကို ရှောင်ကြဉ် ရေးသားရမယ်လို့ ‎ဆိုထားပါတယ်။ ဝက်နင်းနဲ့ ခွာထောက်အပြစ်တွေအကြောင်း ခဏခဏ ပြောထားပေမဲ့ ထပ်ပြောပါဦးမယ်။
ဝက်နင်းဆိုတာက ... ကာရန်နှစ်ချက်ကို အဓိပ္ပာယ်တူတဲ့ စကားလုံးအတူတူ ဆက်တိုက်ယူထားတာမျိုးကို ခေါ်ပါတယ်။ ဥပမာ ပြရရင် ...
နန္ဒကဗျာ၊ ကျမ်းကဗျာ၊ သညာ ကြိုင်သင်းထုံ။
အဲဒီစာပိုဒ်က (ဗျာ - ဗျာ - ညာ) ကာရန် ၃-ချက်မှာ အရှေ့ ၂-လုံးဆက်တိုက် အသံတူ စာလုံးတူ ‎စပ်ဆိုထားတာမျိုးဟာ ဝက်နင်းဒေါသ သင့်ပါတယ်။ ဒီနေရာမှာ ခွဲထားကာရန်တွေနဲ့ ဆိုရင်တော့ သုံးလို့ရပါတယ်။ သဘောက အသံတူပေမဲ့ အဓိပ္ပာယ် မတူရင် ဝက်နင်း မသင့်ပါဘူး။

ခွာထောက်ဆိုတာကတော့ ဝက်နင်းလို ကပ်လျက်ဆက်တိုက် ကာရန်ယူတာမဟုတ်ဘဲ တလုံးခြားပြီး ယူထားတဲ့ ကာရန်ကို ဆိုလိုပါတယ်။ ဥပမာ ...
နန္ဒကဗျာ၊ ဤကျမ်းစာ၊ ကဗျာ ဖွဲ့နည်းစုံ။
ဒီမှာတော့ တလုံးကျော် ထပ်တူညီ ဖွဲ့ဆိုထားတာကြောင့် ခွာထောက် ဒေါသသင့် ပါတယ်။ (ခွထောက်) လို့လည်း ခေါ်ပါတယ်။
ဒီလို ဝက်နင်းနဲ့ ခွာထောက်စပ်ခြင်းမျိုးကို ကို မစပ်သင့်ဘူးလို့ ဆိုထားပါတယ်။ ဒါက ရတုမှာတွင်မကဘဲ ကဗျာလင်္ကာအားလုံးနဲ့ အကျုံးဝင်တဲ့ အပြစ်ဒေါသတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဥပဒေသ (၈) ပါးကို နန္ဒမာလိနီ ကျမ်းပြုဆရာ ဦးထွန်းရွှေက ဥပဒေသ ဆောင်ပုဒ် ဧကပိုဒ်ရတုလေး ရေးဖွဲ့ထားပါတယ်။

နန္ဒမေဓာ၊ ထေရ်ဆရာက၊
သေချာစီမှု၊ ရေးဖွေပြုပိမ့်၊
ရတုကဗျာ၊ ဖွဲ့ဆိုပါက၊
အက္ခရာလေးလုံး၊ ထားမြဲထုံးတည့်၊
ပိုဒ်သုံးတည်ပြန်၊ ထပ်ကာရန်၌၊
သတ်မှန်ရှာမှီး၊ သုံးချက်နည်းဖြင့်၊
အပြီးပုံသေ၊ စပ်မြဲပေတည့်၊
သို့လေတမင့်၊ ဆင်မသင့်၍၊
အခွင့်မသာ၊ ယင်းအခါ၌၊
ကြွင်းရာစပ်ထုံး၊ ရံခါသုံး၏၊
သီကုံးဖတ်ရန်၊ ပိုဒ်သုံးတန်မှ၊
ပြင်းထန်နိမ့်လျော့၊ ပြန်လှန်ကျော့၍၊
လေးပေါ့သံသာ၊ စီကုံးရှာသည်၊
ဘယ်ညာ ပြောင်းလှည့် စပ်မြဲတည်း။ ။

ဒီဥပဒေသ ဆောင်ပုဒ်မှာ (အက္ခရာလေးလုံး၊ ထားမြဲထုံးတည့်) လို့ဆိုထားပြီး “အက္ခရာလေးလုံး” ဆိုတဲ့ ‎စာပိုဒ်မှာ ၅-လုံးဖြစ်နေတယ်လို့ ထင်စရာရှိပါတယ်။ ဒီနေရာမှာ အသံကို ယူရပါတယ်။ အက္ခရာ (အက်ခရာ) ဆိုတဲ့ စကားလုံးမှာ ခ-သံဟာ ‎ ထင်ရှားပေါ်လွင်ခြင်း မရှိတာကြောင့် စာလုံးအားဖြင့် ၃-လုံးဖြစ်ပေမဲ့ အသံအားဖြင့် ၂-သံ [အက် (၁) + ခရာ (၁) = ၂-သံ] တနည်းအားဖြင့် စာလုံး ၂-လုံး အနေနဲ့သာ ‎ယူရပါ မယ်။ အဲဒီလို ပေါ်လွင်ထင်ရှားခြင်း မရှိတဲ့အသံတွေက မတြာဝက်ပဲ ရှိတဲ့ အသံတွေဖြစ်ပါတယ်။ ဥပမာ - ပဓာန၊ သင်္ဂဟ၊ အစရှိတဲ့ စကားလုံးတွေမှာ (ပ)၊ (ဂ) ဆိုတဲ့ အသံတွေဟာ မတြာဝက်-သံ တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အသံနှစ်သံ၊ စာလုံးနှစ်လုံးအဖြစ်ပဲ ယူဆရပါမယ်။

ရတုအမျိုးအစားတွေအကြောင်း ဥပမာများနဲ့ ဆက်လက်ဖော်ပြသွားပါမယ်။

ဟယ်ရီလွင်

Read More...

Sunday, 14 July 2013

ဥသြသံ

ဥသြသံ


ငယ်စဉ်ကာလ၊ စူးရှဟိန်းညံ၊
ဥသြသံဆို၊ ဖန်ဖန်နားဝ၊
ကြားလေရတိုင်း၊ ရင်မှကြောက်စိတ်၊
ဖိတ်လျှံတက်ဖူးခဲ့ပါ၏။

မီးသတ်ကားတို့၊ ဖြတ်သွားကြစဉ်၊
လူနာတင်ကား၊ ဖြတ်သွားမစဲ၊
ရဲကားဆီမှ၊ လွင့်ပျံကျဖိတ်၊
ထိတ်လန့်သွေးပျက်၊ ဘဝဂ်ညံသော၊
ဥသြသံဆိုထိတ်မိသည်။

သို့ပါသော်လည်း၊ ရင်ထဲတမ်းတ၊
မကြားရကြာ၊ ရာစုတစိတ်၊
စိတ်ထဲရည်မှန်း၊ လွမ်းမိုးညို့ညို့၊
မျက်ရည်စို့ဖူး၊ ဦးညွတ်ဦးခိုက်၊
ရင်ဆို့လှိုက်ငင်၊ နားဆင်လိုသော ...
ဥသြတသံရှိလေ၏။ ။

ဟယ်ရီလွင်

Read More...

Friday, 5 July 2013

ကြံကြောက်

ကြံကြောက်

အတွေးအကြံ၊ ကလေးဉာဏ်နှင့်၊
မှားမှန်ကိုခွဲ၊ မသိဘဲလျက်၊
စိတ်ထဲထင်ရာ၊ ကြောက်လန့်ရှာဘိ၊
ကြိုးကြာ မျောက် တီ၊ ငှက်တစ်တီတူး၊
စိတ်ရည်ကူးကာ၊ ကြိုးကြာ မြေပြို၊
စိုးရိမ်ပို၍၊ ခြေကိုဖော့လျှောက်၊
မျောက် မြေပျောက်မှာ၊ စိုးကြောက်ရင်ဖို၊
ညဆိုထ,စမ်း၊ ဖုံးလွှမ်းမြေဆီ၊
တီကောင်စားသုံး၊ မြေထုပြုန်းမှာ၊
မဆုံးထိတ်ပြန်၊ စားပြီးအန်၏၊
ကြံဖန်စိတ်ကူး၊ တစ်တီတူးသည်၊
ရည်မူးစိုးပို၊ မိုးပြိုမှာကြောက်၊
ခြေထောက်ထောင်အိပ်၊ သင့်စိတ်ဉာဏ်ဖြင့်၊
မတွေးချင့်ဘဲ၊ မသင့်မမှန်၊
တွေးကြံ၍ကြောက်၊ ဗျာပါရောက်သော်၊
ဦးနှောက်ဘယ်ကျပျောက်သနည်း။ ။

ဟယ်ရီလွင်

Read More...