Sunday 14 July 2013

ဥသြသံ

ဥသြသံ


ငယ်စဉ်ကာလ၊ စူးရှဟိန်းညံ၊
ဥသြသံဆို၊ ဖန်ဖန်နားဝ၊
ကြားလေရတိုင်း၊ ရင်မှကြောက်စိတ်၊
ဖိတ်လျှံတက်ဖူးခဲ့ပါ၏။

မီးသတ်ကားတို့၊ ဖြတ်သွားကြစဉ်၊
လူနာတင်ကား၊ ဖြတ်သွားမစဲ၊
ရဲကားဆီမှ၊ လွင့်ပျံကျဖိတ်၊
ထိတ်လန့်သွေးပျက်၊ ဘဝဂ်ညံသော၊
ဥသြသံဆိုထိတ်မိသည်။

သို့ပါသော်လည်း၊ ရင်ထဲတမ်းတ၊
မကြားရကြာ၊ ရာစုတစိတ်၊
စိတ်ထဲရည်မှန်း၊ လွမ်းမိုးညို့ညို့၊
မျက်ရည်စို့ဖူး၊ ဦးညွတ်ဦးခိုက်၊
ရင်ဆို့လှိုက်ငင်၊ နားဆင်လိုသော ...
ဥသြတသံရှိလေ၏။ ။

ဟယ်ရီလွင်

No comments: