Sunday 4 September 2011

လာဗားနာ ရဲ့ ပုံပြင်


ငါသည် ...
အမှောင်နတ်မိမယ်
အစ၏အစ ...
အနှေး နှင့် အမှောင်သာ
ကမ္ဘာကိုထုဆစ်ကြချိန် ...
ရှင်သန်ခြင်းများသည်
မြှုပ်နှံခံထားရ၏ ...
ရတနာတို့မူ
တူးဖော်ယူငင်မှုဝေး၏ ...
ကြွယ်ဝမှုအလုံးစုံသည်
ဖုံးကွယ်ခံထားရ၏ ...
ဆွဲလုယူငင်သွားတတ်သည့်
လက်အစုံပိုင်ရှင်
ငါလျှင်ဖြစ်သတည်း ...

ခိုးဝှက်ယူငင်ခြင်းခံရသော ငွေအိတ်
ပျောက်ဆုံးသွားသော ဒင်္ဂါး ...
အမှောင်ရိပ်တွင်းမှ မိန်းမသား
ငါတပါးလျှင်တည်း ...
သင်တို့အား စောင့်ကြည့်နေပါ၏ ...
ငါ အမြဲတည်ရှိရင်း
ထာဝစဉ် ...
စောင့်ကြည့်နေပါ၏ ....
အလင်းတို့ဖြင့် အတိလွှမ်းသော
လမ်းများပေါ်တွင်ပင်
ငါ ရှင်သန်တည်ရှိနေ၏ ...
သို့ဆိုစေလျှင်မူ ...
အလင်းသည်ကား ...
အမှောင်အား ပိုမိုနက်ရှိုင်းစေခြင်းသာတကား။
လွှင့်ပစ်ခံ ရတနာများ
ဝေမျှခံစားခြင်း မဲ့ကင်းလေသော စည်းစိမ်များ
ဘေးဖယ်ထားကြလေသော ...
သိမ်းထားကြလေသော ...
နောက်ဆုံး မေ့လျော့သွားကြလေသော ...
အဖိုးအနဂ္ဃထိုက်သည့် အရာများ
ငါ မြင်လေသည်သာတကား ...

ခန္ဓာဝန်၏ နောက်ဆုံးထွက်သက်အား
ကြိုးဖြည်လွှတ်လေသော ...
အရွတ်နှောင်ထုံးများအား
ဖြေလျော့ရှင်းလင်းပစ်လေသော ...
ထို့ထက်ပို၍ ...
အမတအရိုးများကိုပင်
တစစီ ဆွဲဖြဲချိုးဖဲ့ပစ်လေသော ...
ကာလတရား၏
အသနားမဲ့ ခိုးဝှက်မှုကံအစဉ်မှာ ...
ငါသာလျှင်တည်း ...
ငရဲအသွားလမ်းတွင်
ခလုတ်ကန်သင်း ရှင်းစေရေး
"ခယ်ရန်" (Charon) အား ပေးရမည့် ကူးတို့ခ
သင့်အိတ်တွင်းမှ
နောက်ဆုံးလက်ကျန် ခြူးပြားတစ ကို
လက်ရကုန်စင်
ခိုးဝှက်ယူငင်သွားသောနတ်သမီးသည်
ငါလျှင်ဖြစ်သတည်း ...
အမှန်အားဖြင့်
သင့်အတွက်
လိုအပ်သည်မဟုတ်ချေတကား ...

ငါ့အား ...
ကြောက်ရွံ့ရိုသေခြင်းသည်
သင်၌ ရှိသည်ဖြစ်စေ ...
မရှိသည်ဖြစ်စေ ...
အကြံတခုတော့
ပေးရပေလိမ့်မည် ....
ခိုးဝှက်ခံရခြင်း ကင်းဝေးရန်
ရှင်သန်နေထိုင်တတ်ပါလေ
တောက်ပသော ...
လှပသော ...
အဖိုးအနဂ္ဃထိုက်သော ...
ရတနာအသွယ်သွယ်
စီခြယ်သည့် ဘဝတခု
နေမှုဖြစ်စေ ...
သို့မူကား ...
သေရာညောင်စောင်းတွင်
အသင် လဲလျောင်းရချိန်
ဖြားယောင်းလုယက်
သင့်ထံမှ ခိုးဝှက်၍မရသော
ဧကဘူတ တည်း ...
မုချဧကန် အမှန်ဖြစ်လာမည့်
သင့်အသက်ကို
လှည့်ဖျားလုယက်ခံရချိန်
စံစားရမည်မှာ
ဤအရာတခုသာတည်း ...

ဂူသင်္ချိုင်းအားလုံးသည်
အမှတ်အသားမဲ့ကင်းလေ၏
သုဿန်အားလုံး ပြည့်နှက်နေသလောက်
လူသူမဲ့ကင်းနေလေ၏။
စားပွဲတော်ညတွင် ...
ဝိဉာဉ်အကကို
လှလှပပ ကပြနေသော အရိုးစုမှာ
ငါသာလျှင်တည်း ...

"ငါ့အား သတိရလေ
မရဏတရားအား သတိရလေ
သို့မှတစေ အသင် မည်သို့ရှင်သန်နေရမည်ကို
နားလည်ပေမည်တည်း ..."
အောင်ပွဲခံနေလျက်နေဆဲ
စစ်သူကြီး၏နားထဲမှ
တီးတိုးသံတစ သည်ပင်
ငါလျှင်ဖြစ်ပေတကား ...

(The Tale of Laverna ကို ဆီလျော်အောင် ခံစားပြန်ဆိုရေးဖွဲ့ခြင်းဖြစ်ပါသည် ...)

ခိုင်စိုးလင်း စီစဉ်တဲ့ The Dark Side စာအုပ်အတွက် ရေးပေးထားတဲ့ ကဗျာပါ ... သူခိုးအကြောင်းရေးပါဆိုလို့ ဒီကဗျာကို ရေးဖြစ်ပါတယ် ...
သရုပ်ဖော်ပုံ ဆွဲပေးတဲ့ မလေးမေ ကိုလည်း ကျေးဇူးအထူးတင်ပါတယ် ...


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...

ဟယ်ရီ

No comments: