Friday, 15 May 2009

ကာလဆိုး‎

‎

‎မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား ပို့စ်တွေကို ဆက်ဖို့ တေးထပ်အကြောင်း ရေးနေတုန်း ဦးပုညရေးခဲ့တဲ့ ကလိယုဂ်ဖွဲ့ တေးထပ်ကလေး ခေါင်းထဲရောက်လာပါတယ်။ ဖတ်သာကြည့်ကြပါတော့ အရပ်ကတို့ရေ ....

‎‎ကာလဆိုး‎‎

ကာလနှယ် ဆိုးပါဘိ၊‎
သူခိုးက လူလူ၊‎
တောလေ့ပေါက် နန်းမူ၊‎
အိမ်သူကို ဧည့်စောင်း၊‎
သူကောင်းကို အပြစ်တင်၊‎
တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။ ‎

လေးတရာ့ဆီမှန်လျှင်၊‎
ရေနံလောက်မကောင်း၊‎
စိတ်အနေ ရုပ်ပြောင်းလို့၊‎
ချောင်းကိုပ မြစ်ထင်၊‎
တူရိယာ နတ်စည်စောင်း၊‎
သူဖုန်းတောင်းချင်းကတဲ့သွင်။‎

‎ဝါးလုံးခေါင်း လသာချင်တယ်၊‎
အိမ်ထဲတွင် ကင်းဝပ်လို့၊‎
မုန်းဇာတ်ကြံကြပြီ၊‎
ဘုန်းရို့ဝသီ၊‎
ခုများဖြင့် မုသားညီတယ်၊‎
အပလီ ဗိုလ်မင်းပလေး။ ။‎

ဦးပုည
(ကလိယုဂ်ဖွဲ့ - သာမညတေးထပ်)

ကျနော်ကတော့ စာဆိုတော်ကြီး ဦးပုညလို မရေးတတ်လို့ ဒီတေးထပ်လေးနဲ့ပဲ ညည်းချင်းချလိုက်ပါတယ်။ စလေဦးပုညများ ဒီခေတ်မှာ သက်ရှိထင်ရှားရှိမယ်ဆိုရင် ....

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

Read More...

Friday, 8 May 2009

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁၅)

‎‎လေးချိုးကြီး‎
‎

လေးချိုးကြီးမှာ -‎
‎၁။ ရှေးရိုးလေးချိုးကြီး ‎
‎၂။ ကာလပေါ် လေးချိုးကြီး‎
ဆိုပြီး ရှိပါတယ်။‎

တစ်ခါ ကာလပေါ်လေးချိုးကြီးမှာ -‎
‎၁။ ကာလပေါ် စာထောင့်လေးချိုးကြီး‎
‎၂။ ကာလပေါ် စာဖြောင့်လေးချိုးကြီး .. ဆိုပြီး နှစ်မျိုးထပ်ကွဲပါတယ်။‎

အဲဒီတော့ ရှေးရိုးလေးချိုးကြီးကို အရင်စကြည့်ကြရအောင်။‎


ရှေးရိုးလေးချိုးကြီး‎
ရှေးရိုးလေးချိုးကြီးတွေကို ကုန်းဘောင်ခေတ်မှာ ဖိုးသူတော်ဦးမင်း၊ လူဦးမင်း၊ ဦးဖုန်း စတဲ့ ပညာရှိစာဆို တွေ ‎‎တွင်တွင်ကျယ်ကျယ် ရေးသားခဲ့ပေမယ့် ဒီဘက်ခေတ်မှာ မတွေ့ရတော့ဘူးလို့ဆိုပါတယ်။ ရေးပုံ ရေးနည်းကတော့ ...‎
‎၁။ အချိုးလေးခု ပါပါတယ်။‎
‎၂။ လေးလုံးစပ်လင်္ကာသွားနဲ့ စပ်ဆိုတာများပြီး တခါတလေ တပိုဒ်မှာ ငါးလုံး၊ ခြောက်လုံး ရေးပါတယ်။‎
‎၃။ အပိုဒ်ရေ အကန့်အသတ်မရှိပါ။‎

လင်္ကာသွားနဲ့ရေးတဲ့အတွက် တချို့ဆရာတွေက လင်္ကာလေးချိုးကြီး လို့လည်း ခေါ်ပါတယ်။‎
ပုံစံကိုကြည့်ရင် ရေးလို့ရပါတယ်။‎

‎‎ဖိုးသူတော်ဦးမင်း ရေး - ရှေးရိုးလေးချိုးကြီး‎
လှိုက်လို့သာနူးတော့တယ်၊ ရိုက်ကျူးသံစုံနှင့်၊ အမ္ဗုံဗွေ သိန်ပြတဲ့၊ ချိန်လမှာ။‎
ကသစ်ကယ် ဥကင်၊ ဗွေပလ္လင်မှာ၊ ရွှေပင်သခွတ်၊ နန်းတမွတ်က၊ အထွတ်ကယ်တူမည်၊ စစ်ဦးပဲး ရည်ဆဲမို့၊ ပန်းစည်တဲ့ ‎စုံခြေမှာ၊ ‎ငွေစကဖီ ရွှေစံကားတို့၊ ညွန့်သားတဂုဏ် ပျို့ပါဘိ၊ ဖူးစို့ကိုက်ညှာ။‎
မှုန်လည်တင်ငယ်၊ ပဉ္စင်နရည်း၊ ငြိမ့်ငြိမ့်သည်းမျှ၊ ရိုက်ဟီးသုန်သုန်၊ ကြက်နှစ်စုံက၊ စောပုညစက်၊ ဇေယျာဖက်မှာ၊ ‎‎အနက်ကယ်မင်နည်၊ ဇော်ရန်းရည်နှင့်၊ စိန်ရည်မျက်လျှပ်၊ မြဖဲရံသတ်မယ်လို့၊ အောင်ရပ်ကယ်ကျွန်းဘုံ၊ ‎လွမ်းရည်မာန်ခြုံကြတဲ့၊ ‎နယုန်တာကို၊ ညီလာဘုံဦးက မောက်ပါဘိ။‎
‎မြတ်ခေါင်ငယ်ဝံသ၊ နတ်ရောင်ပသည်၊ အလှငယ်ဆုံးစွန်၊ မာန်မလွန်တဲ့၊ ရန်ချွန်ဘုန်းတောက်၊ ဖျားရွှေမှောက်မှာ၊ ‎‎ဖျောက်ရေးဖြေဖွယ်၊ သော့မလွယ်နှင့်၊ နောင့်နယ်ညွှတ်ပြို၊ ဆွတ်ဆွေးသာပိုတော့တယ်၊ မြင့်မိုရ်နန်းဦးကိုင်ဝယ်၊ ‎‎သူရာနိုင်အောင်တဲ့မိုးငယ်လို့၊ တိုးချဲ့လေသိ။‎

‎ဒီ ရှေးရိုးလေးချိုးကြီးကို ကြည့်လိုက်ရင် အခံနှစ်ပိုဒ် အချကာရန်ညီ၊ ဂရုချ၊ ပထမအအုပ်ပိုဒ်ဆုံးကာနီး နောက်ဆုံးနှစ်ပိုဒ်မှာ ‎အဲဒီ ‎ကာရန်ပြန် ကိုယူ၊ အအုပ်နှစ်ပိုဒ် ကာရန်ညီ လဟုချ၊ သာမန် လေးချိုးစပ်နည်းအတိုင်း ‎ဆိုပြီးစပ်ထားတာကိုတွေ့ရပါမယ်။ ‎အဲဒီမှာမှကြားအပိုဒ်ငယ်လေးတွေမှာ လေးလုံးစပ်လင်္ကာသွား နဲ့ အပိုဒ်ငယ်လေးတွေ ‎ညှပ်ရေးသွားတာပါပဲ။ ဒီတော့ ‎လေးချိုးငယ်၊ လေးချိုးလတ်တွေထဲမှာ လေးလုံးစပ် ညှပ်ရေးလိုက်ရင် ‎ရှေးရိုးလေးချိုးကြီးဖြစ်တယ်လို့ အကြမ်းဖျဉ်း မှတ်ယူရင် ‎ရပါလိမ့်မယ်။‎
နောက်ထပ်ဥပမာတပုဒ်အနေနဲ့ သီပေါမင်း အိန္ဒိယပြည်၊ ရတနာဂီရိအရပ်မှာ နတ်ရွာစံတဲ့အခါ လယ်တီပဏ္ဍိတ ‎‎ဆရာဦးမောင်ကြီးက ရှေးလေးချိုးကြီးမူအတိုင်း စပ်ဟပ်လိုက်တဲ့ လေးချိုးကြီးတပုဒ်ကို ထပ်တင်ပြလိုက်ပါတယ်။‎

တဇာတ်သိမ်းပြန်ပေါ့၊ ခပ်သိမ်းမြန်ပြေမှာ၊ ဉာဏ်သံဝေ ကိုယ်တော်ပြပါလို့၊ ဓမ္မပြီပြီ ဟောနိုင်တဲ့၊ သီပေါဘုရင်။‎
တထောင့်နှစ်ရာ၊ နှစ်ဆယ်ငယ်သာ၊ ကောဇာကာလ သဇင်နှင်းဖျော်၊ နတ်ပေါင်းငယ်ပျော်သည်၊ နတ်တော်လ၏၊ ‎‎ကျော်တဆုတ်ပက်၊ ဆယ့်သုံးရက်ဟု၊ အာစက်ဝှန်ဝှေ့၊ နဂါးနေ့မှာ၊ ဘုန်းငွေ့စီရင်၊ မီးရှုးမြင်ပြီး၊ တိုင်းခွင်စိုးရန်၊ ‎ကုန်းဘောင်ရိုး ‎တန်ခိုးဖန်၍၊ မဟန္တာရိုက်၊ မြန်မာတိုက်ဝယ်၊ မကိုဋ်ကယ် ဆောင်ချိန်၊ ပြက္ခဒိန်မို့၊ ဝတိန်ပြိုင်နတ်၊ ‎ဖေးတူမတ်လျက်၊ စတ္ထာလီသာ၊ ‎အစွန်းဖြောင့်သည့် ထောင့်နှစ်ရာ၊ ရွှေကြာခိုင်နွှဲ၊ တူ မီးပွဲတည့်၊ ဆန်းဆဲတေရသ်၊ ‎ခါရက်မြတ်တွင်၊ သမတ်ကယ်နည်းတူ၊ ‎ကဒဏ်ရှက် ကနက်ထူလို့၊ ရှစ်ဆူရန်ဟန့်၊ ဖြူဝန်းသာဖြန့်တော့၊ ‎တိုင်းဘုံပြန့်မြန်နယ်မှာ၊ ရန်သွယ်သွယ် ကြောက်ရှောင်ပုန်းရ၊ ‎ဘုန်းလွှင့်အနှင်။‎
ကုန်းဘောင်ရန်နည်၊ စည်ဆက်ကယ်တည်သည်၊ ပင်စည်ကွန့်ကွန့်၊ ဆယ်တညွန့်ဟု၊ ချွန့်ချွန့်ခိုင်ဖူး၊ ပွါးလူးလူးတွင်၊ ‎‎ကံဆူးကံညောင့်၊ ဘုန်းကိုမှောင့်လို့၊ တထောင့်နှစ်ရာ၊ လေးဆယ်မှာလျှင်၊ သတ္တာစွန်းဆဲ၊ သင်္ကန်းပွဲနှင့်၊ ခဝဲပွင့်ချိန်၊ ‎‎ကျော်ရှစ်ရက်ဟု ပြက္ခဒိန်မှာ၊ ဝတိန်စံနတ်၊ သိကြားပြတ်သို့၊ မင်းမြတ်ကယ် သီပေါ၊ နန်းကလျောလို့၊ ရေကြောအဏ္ဏဝါ၊ ‎‎ပတ်ဝန်းကာသည့်၊ ရတနာဂီ၊ ကျွန်းငယ်မှီလို့၊ ဝသီစင်စင်၊ တရားသာမင်တော့၊ မြန်ဘုရင်ကို၊ ကံပင်ဆောင်ညွှန်း၍၊ ‎‎ကွန်းဆိုင်ရာပို့။‎
ကံအမွေကို၊ ခံစေထုံးတမ်း၊ ကမ္ဘာငြမ်းနှင့်၊ စည်းကမ်းမသွေ၊ တမြေတိုက်သို့၊ လိုက်ပါချေလည်း၊ သံဝေနှစ်ဆူ၊ ထီးသစ်ထူလို့၊ ‎‎မြန်ဘူပတိ၊ ကျွန်းဂီရိတွင်၊ ဓမ္မိကဉာဉ်၊ သင်္ခါရုဉာဉ် စုယှဉ်လျက်၊ ဓမ္မဉ္စရော်၊ သုံးမွေ့လျော်၍၊ ကိုယ်တော်စံတုန်း၊ သံရာဝဋ် ‎‎အလွတ်ရုန်းစဉ်၊ ပုန်းမလွတ်သာ၊ ဘေးသေခင်း အတင်းလာ၍၊ နတ်ရွာနန်းမြင့်၊ ကြငှန်းဖွင့်ဘို့၊ ချိန်သင့်ကွန်းထောက်၊ ‎‎ခါတော်လျှောက်လို့၊ ခေတ်ရောက် ကောဇာ၊ အဋ္ဌ် သတ် ဒွေး ဧက္ကေးခါတည့်၊ မာဂသီရော်၊ စန်းညှိုးလျှော်သည့်၊ ‎‎နတ်တော်ဆုတ်ပက်၊ ကျော်ခြောက်ရက်မှာ၊ ချုပ်ပျက်ကယ်ဇီဝိန်၊ ဥပစ္ဆိန်ဖြင့်၊ ဝတိန်ယာယီ၊ ကွန်းထောက်သာချီတော့၊ ‎‎လောကီဝန့်ခန္ဓာကို၊ မြန်မကြာ အလျင်သုဉ်းတဲ့အောင်၊ မှုန်းကြမြန်တို့။ ။‎

ကာလပေါ် စာထောင့် လေးချိုးကြီး‎
ကာလပေါ် စာထောင့်လေးချိုးကြီး ရေးပုံ ရေးနည်းကတော့ ...‎
‎၁။ အချိုးလေးခု ရှိရပါမယ်‎
‎၂။ အပိုဒ်အရေအတွက်ကတော့ - မ အချိုး (ပထမအချိုးနဲ့ တတိယအချိုး) တွေမှာ ၃ပိုဒ်က ၇ပိုဒ်အထိ ထားနိုင်ပါတယ်။ ‎‎‎ဒါပေမယ့် ၄-၅ ပိုဒ်လောက်ပဲ ထားတာများတယ်လို့ဆိုပါတယ်။ စုံ အချိုး (ဒုတိယနဲ့ စတုတ္ထအချိုး) တွေမှာတော့ ‎အနည်းဆုံး ‎၇ပိုဒ်ကနေ အဲဒီအထက်ကိုကြိုက်သလောက်ပိုထားလို့ရပါတယ်။ ဒါပေမယ့် ဒုတိယအချိုးထက် စတုတ္ထအချိုးကို ‎‎အပိုဒ်ပိုများများထားပြီး အရှည်ဆုံးရေးလေ့ရှိ တယ်လို့လဲ ဆိုပါတယ်။‎
‎၃။ အက္ခရာလုံးရေအနေနဲ့ ဒုတိယအချိုးအဆုံးမှာ လေးလုံး၊ စတုတ္ထအချိုးရဲ့ အစမှာ သုံးလုံး(သို့မဟုတ်) လေးလုံး ‎‎ပဲထားရပါမယ်။ ကျန်အပိုဒ်တွေမှာတော့ အနည်းဆုံး ၆လုံးကနေ အများဆုံး ၁၅လုံး၊ ၁၆လုံး လောက်အထိ ‎ထားနိုင်ပါတယ်။ ‎အဲဒီထက် ပိုသွားရင်တော့ ဆိုတဲ့နေရာမှာ လေမမီတော့ဘဲ စည်းဝါးလည်း မကိုက်တော့ဘူးလို့ဆိုပါတယ်။‎
ကျန်တဲ့ ကာရန်ယူပုံ၊ ဂရု၊ လဟု ထားပုံတွေကတော့ လေးချိုးရဲ့ စည်းမျဉ်းအတိုင်းပါဘဲ။ ‎
အချုပ်တန်းဆရာဖေရဲ့ ကာလပေါ်စာထောင့်လေးချိုးကြီးကို နမူနာ ဖတ်ကြည့်ပါ။‎

‎‎မန္တလေးမြို့၊ အချုပ်တန်းဆရာဖေ ရေး - နေပြည်တော် အလွမ်းဖွဲ့စာထောင့်လေးချိုးကြီး

မြတ်ကောဇာ လှစ်ဆိုပြရမှာဖြင့်၊ သတ်ဇောဒွါ-ဧစ်ကိုကျကာမှ၊ ခေတ်ညိုလှ-မြန်မာပြေ၊ (အမယ်လေး) "ဟစ်ငိုစရာ့-‎အခါပေ"။‎
မသွေစောင်းပေဘု၊ ရေကြောင်းဗျူဟာချီ၍၊ တူရာသီဆန်းရက်ငါးမှာလ၊ နယ်ခြားမြေကျောက်တိုင် ရပ်ဆီက၊ ‎‎ကင်းတပ်သင်္ချေကိုနော်ကွယ် "ခွင်းဖြတ်ဝင်မွှေ"။ ။‎
ရက်အဋ္ဌာ ကြုံအတွင်းမှာတော့၊ စက်မဟာအဟုန် ပြင်းတာကြောင့်၊ မင်းလှမြို့မှန်ဆိုက်လေ၊ ရန်မိုက်ချွေမဲ့ မြန်မာများ၊ ‎‎‎"ခံတိုက်ပေမဲ့ အကွာသား"။ ။‎
စခန်းငယ်ယှဉ်၊ လမ်းအစဉ်တပ်တော်ရှိပြီဘု၊ သတင်းလျှံ မြင်းခြံထိကာမှ၊ အသိဉာဏ် နုစတောင်းငယ်နှင့်၊ ‎ကဝိဟန် ‎ပြုမူကောင်းသူက၊ အကြောင်းကို မမြင်လေ၍၊ စကားပြေ ပြောရင်လွှတ်ပါဖျ၊ ပြားဝတ်ကာ ‎ရှိပန်တောင်းသော်ကြောင့်၊ ‎ကျောက်မြောင်းဝန် အမြန်ပြေးရှာရ၊ အရေးပိုင် မိန့်ဆိုချက်မှာလ၊ လက်နက်ကုန် အပ်နှံသ ‎လျှင်ဖြင့်၊ ခွင့်လိုရာ တောင်းပန်ပ ‎မယ်လို့၊ ချိုလှစွာ ဉာဏ်နီစွက်ထာမို့၊ ခွင့်လိုရာ ယူစေလို့မြွက်မိတယ်၊ (အမယ်လေး) ‎ပျိုးပျက်သွယ်ဘွား။ ။‎
‎[ဘုံတပြည်စံ မှောက်လှန်မည်ပ၊ မိုးထက်ကြယ်များ၊ ကုန်အညီပြန် တောက်လျှံချီပ အမတ်တွေ မြင်းထက်ဖျင်း၊ ‎ငကင်းခေါင်ဖျာ့ ‎သိုက်မြညှာအပ် မဘွေရှစ်ရက်တွင်း .. ၊ အတင်းဆောင်သွား၍လိုက် ရရှာ၊ ဆက်ဆက်ယူမတဲ့ ဆိုတ ကာ၊ ‎‎ကြွက်ကြွက်ဆူသနဲ့ ‎ငိုကြရှာ၊ ရက်စက်သူမကွဲ့ ချိုလှစွာ၊ ထိုခါငိုရှာ ဗိုလ်ပါ လူတလွှားငယ်တို့၊ ရိုင်းလေ-မှိုင်းဝေ-တိုင်းပြေ ‎ပစ်ခွါသွားရှာရတယ်၊ ‎‎(အမယ်မင်း) အဝါးမဝငြား၊ တရားဓမ္မ မမှားရှာဘု၊ (သခင့်ကိုကွယ်) သိကြားကလဲ မ,မ၊ ‎မယားလှရယ်ကြောင့်၊ ကုလားက ‎သင်္ဘောနှင့် တင်ယူပါပြီ တကား။]‎
မှတ်ချက်။ ။ [ ... ] ဤကွင်းအတွင်း စာသားမှာ လေးချိုးကဗျာမဟုတ်၊ အဓိပ္ပာယ်စုံလင်ရန် သံဆန်းဆက်ထားခြင်း ‎ဖြစ်သည်။‎

‎အယ်ဒီတာ ဆရာလွန်း ရေးသားသော ဘွိုင်းကောက်ဋီကာ ကျမ်းမှ - ‎‎ကာလပေါ် စာထောင့်လေးချိုးကြီး
တဇေယျုံ ချောင်တွေ မြှောင်ဘွေ မြန်းခဲ့ရပါတော့၊ ရွှေတိဂုံ တောင်ခြေခပန်းတွင်မှ၊ ညောင်သပြေပန်းတွေနှင့်-သွန်းသနဲ့ ‎‎ကသိုဏ်းရေဗြဟ္မစိုရ်၊ (ကွယ်တို့ရယ်) "အောင်မြေဗဟန်းဆီသို့ -လွန်းရဲ့ မှိုင်းရွှေကိုယ်" ။‎
အော် ... ဇရပ်အမတို့ကိုလ၊ အမှတ်ရမိတဲ့ပြင်၊ ကဿပထေရ် အရှင်ဆရာစံတဲ့၊ သာလာယံ အထိကရ ကျောင်းရဲ့ပြင်၊ ‎‎စာဝါတညံညံ တပည့်မအပေါင်းတွေနှင့်၊ မဂ်ကြောင်း-ဖိုလ်ဝင်လှည့်ပေမဲ့၊ အရိယာ လင်္ကာခေါ်သည့်၊ ‎မင်္ဂလာအကျော်အမော်-‎အရာမ်တွင်းရဲ့ပြင်၊ မှန်ကင်းနေရဒင်သို့၊ မြေပလ္လင် ရွှေကျင် တိုက်ဆီသို့၊ ဦးခိုက်ကာ ပဏာလှုံလို့မို့၊ ‎အညာရဂုံ-တောဟိတ် ‎ဝါသနာမသေးသူက၊ တအာရုံ-မနောစိတ်မှာ မအေးသော်လဲ၊ တွေးဆ-ကြည်ညိုတယ်နော်ကွယ် .. ၊ ‎‎"ဝေးကမှီခို"။‎
စိန်စမုခ် အဆောင်ဆောင်-အလျှံမနော် ပတ္တမြားတွေနဲ့၊ သိင်္ဂုတ်တောင် ဆံတော်ဘုရားကိုလ၊ အော် ... အများသော ‎‎တပည့်တွေနဲ့ ကတိတောင်းဆုဆို၊ ကောင်းမှုထိုထိုရယ်နှင့် ဓမ္မရွှေဗျာကျွေး၊ ၎င်း "ကုသိုလ် တွေကိုဖြင့် အမျှ အမျှ ‎ဝေကာပေး"။‎
ကောလိပ်အပျက်တွင်၊ ဇောစိတ်လက် ဆရာ မရွှင်သနဲ့၊ အညာတခွင် လှည့်ခဲ့ပြီး၊ ဇာတိမြေ အလုံကျေးပေပေါ့၊ မုံရွေးမှာ ‎‎တနွေကြာတော့၊ ဇေယျာသူ ကေသာတို့ပင့်ပေသမို့၊ အခွင့်ကြုံရာ တွယ်ရော့မကွဲ့လို့၊ ပုညာစွယ်-တောင်ခပန်းတွင်မှ၊ ‎အောင်ပန်း ‎ကဗျာဂီတာတို့နဲ၊ ရှောင်မလမ်း ယာယီသာဘို့လို့၊ ဆရာသည်တဝါမှာ ပါရမီမာလာ ကလေးတို့ရဲ့ပြင်၊ ‎ဆေးပေးမီးယူ ‎နှစ်ကျိပ်ကျော်မျှတွင်မှ၊ အနှိပ်တော် ဒကမတွေ စုံညီညာနှင့်၊ ယမုံသီတာ တောင်ခြေဝိုင်းပေတဲ့၊ ဘုံသီဟာ ‎‎အောင်မြေကသိုဏ်းတွင်မှ၊ (အမယ်မင်း) သမိုင်းအလျှောက်-တဂိုဏ်း တဂိုဏ်း မထောက်တဲ့၊ ကြောက်ဖွယ့် ‎ပြည်ရွာအရေးပေမို့၊ ‎အော် ... "မှိုင်းတယောက် အနှီတဝါဖြင့် မအေးရပေဘု"၊ (စန္ဒာရယ်) "စစ်ကိုင်းချောက်ဆီက-‎ဘွိုင်းကောက်ဋီကာရေး"။ ။‎

အယ်ဒီတာ ဆရာလွန်း ဆိုတာဟာ ဆရာကြီး အလင်္ကာကျော်စွာ သခင်ကိုယ်တော်မှိုင်း ဖြစ်ပါတယ်။ ဆရာကြီးက ‎ကာလပေါ် ‎စာထောင့်လေးချိုးကြီးကို မဟာကဗျာလေးချိုးကြီး လို့လည်း ခေါ်ဝေါ်သမုတ် ထားပါတယ်။ ‎
‎ဒီလေးချိုးကြီးတွေကိုကြည့်ရင် အချိုးတစ်ခုရဲ့ အဆုံးပိုဒ်တွေမှာ မျက်တောင်ကွင်း " .. " နဲ့ပြထားတဲ့အပိုဒ် တွေဟာ ရှေ့အပိုဒ်နဲ့ ‎‎နဘေယူပြီး နှစ်ထပ်ကျော့ချထားတာကိုတွေ့ရပါလိမ့်မယ်။ အဲဒီလို နှစ်ထပ်ကျော့ ချထားတာကိုပဲ "စာထောင့်" ‎လို့ခေါ်ပါတယ်။ ‎နှစ်ထပ်ကျော့လေးချိုး လို့လည်း ခေါ်ပါသေးတယ်။ တစ်ခါ အပိုဒ်တိုင်းလိုလိုမှာ နဘေထပ်နည်းတွေနဲ့ ‎‎ထပ်ကာထပ်ကာတွန့်ထား၊ ကွန့်ထားတဲ့ တွန့်ပိုဒ်တွေထည့် ထားတာကြောင့် ထပ်တွန့်လေးချိုးကြီး လို့လည်း ခေါ်ပြန်ပါတယ်။ ‎‎နောက်ထပ်ပြီး ဒီလေးချိုးကြီးတွေရဲ့ ပထမအချိုးရဲ့ အတွင်းမှာ၊ ဒါမှမဟုတ် အဆုံးမှာ၊ ဒုတိယအချိုးရဲ့ အတွင်းမှာ၊ ‎‎ဒါမှမဟုတ် ‎အဆုံးမှာ၊ တတိယအချိုးရဲ့ အတွင်းမှာ၊ ဒါမှမဟုတ် အဆုံးမှာ လေးချိုးကဗျာရဲ့ ကာရန်နဲ့လည်း ‎ဆက်စပ်ရအောင် စကားပြေ၊ ‎လင်္ကာတွေကို ကြားညှပ်ပြီး ထည့်သွင်းစပ်ဆိုလေ့ ရှိကြပါတယ်။ ဒီလို အကွေ့အထောက်၊ ‎အနှောက်အယှက်ပြုပြီး ‎စပ်ဆိုတဲ့အတွက်လည်း စာထောင့်လေးချိုးကြီး လို့ခေါ်ကြပါသေးတယ်။ လေးချိုး ဖြစ်တဲ့အတွက် ‎စကားပြေလင်္ကာ သုံးပိုဒ် ‎ညှပ်ပြီးထည့်တာကလွဲလို့ စပ်ဆိုပုံက အတူတူပါပဲ။ ဒီအတွက် အထွေအထူး နမူနာ ‎မဖေါ်ပြတော့ပါဘူး။‎
အရေးကြီးတဲ့အချက်ကတော့ လေးချိုးတွေရေးကြရာမှာ "မ" အချိုး ဖြစ်တဲ့ ပထမ နဲ့ တတိယအချိုးတွေမှာ အပိုဒ်ရေ ‎‎နည်းနည်းရေးပြီး "စုံ" အချိုးဖြစ်တဲ့ ဒုတိယ နဲ့ စတုတ္ထအချိုးတွေမှာ အပိုဒ်ရေ များများ၊ အထူး သဖြင့် စတုတ္ထအချိုးမှာ ‎အပိုဒ်ရေ ‎အများဆုံးရေးကြတာကို သတိပြုသင့်ပါတယ်။‎ ‎
‎ဒီ လေးချိုးကြီး တွေကတော့ ဒီခေတ်မှာ ရေးတာ မတွေ့ရသလောက်ဖြစ်နေပါပြီ။ ဆရာတင်မိုးတော့ ရေးထားတာ ‎ဖတ်ဖူးပါတယ်။‎

ကာလပေါ် စာဖြောင့်လေးချိုးကြီး‎
အပေါ်မှာပြခဲ့တဲ့ ကာလပေါ် စာထောင့်လေးချိုးကြီးကို "နှစ်ထပ်ကျော့" မချဘဲ တစ်ထပ်တည်း (နဘေ ထပ်တွန့်ပိုဒ် ‎‎မထည့်တော့ဘဲ) ချလိုက်ရင် ကာလပေါ် စာဖြောင့်လေးချိုးကြီး ဖြစ်သွားပါတယ်။ "..." မတိုင်ခင် အပိုဒ်ကို ‎ဖြုတ်လိုက်ရုံပါပဲ။ ‎ဒီတော့ နမူနာ အထွေအထူးမပြတော့ပါဘူး။‎

သံချိုလေးချိုး‎
သံချိုလေးချိုးကို သံချို လို့လည်း ခေါ်ကြပါတယ်။ သံချိုလေးချိုးဆိုတာကတော့ ဒီလေးချိုးတွေကိုဘဲ အသံ လေးပါး (တက်သံ၊ ‎‎သက်သံ၊ နိမ့်သံ၊ တိုင်သံ)တွေနဲ့ ပျော့ပျော့ပြောင်းပြောင်း၊ ချိုချိုသာသာနဲ့ နားထောင် ချင်စဖွယ်ဖြစ်အောင် ‎စပ်ဟပ်ရတဲ့အတွက် ‎သံချို လို့ခေါ်ပါတယ်။ လေးချိုးရေးနည်းနဲ့ ဥပဒေသချင်း အတူတူပါပဲ။ အက္ခရာ ကတော့ ‎လေးချိုးလတ်လိုပဲ တပိုဒ်ကို ၅လုံး၊ ‎၆လုံးလောက်ထားပါတယ်။ ကာလပေါ်လေးချိုးကြီးတွေလောက် အလုံးရေလည်းမများ၊ ‎တွန့်ပိုဒ်လည်း မများရပါဘူး။ ‎အချပိုဒ်တွေမှာတော့ ..‎
ပထမအချိုးကို ၅လုံး၊ ၆လုံး‎
‎ဒုတိယအချိုးကို ၄လုံး‎
တတိယအချိုးကို ၅လုံး၊‎
စတုတ္ထအချိုး ၄လုံး ... ချပေးရပါတယ်။‎
နမူနာအနေနဲ့ ၁၂၃ဝ ပြည့်နှစ်က ရွှေဓါးဗိုလ် အမည်ခံ ပညာရှိတစ်ဦး စပ်ဆိုခဲ့တဲ့ ဟန်လင်းကြီးမြို့ရဲ့ အံ့ဘွယ် ၉ပါး ‎‎သံချိုလေးချိုးကို ပြလိုက်ပါတယ်။‎

‎‎‎ဟန်လင်းမြို့ အံ့ ၉ပါး ဘွဲ့ သံချို‎
ရွှေလင်းမြေအံ့ဘွယ်ကိုး၊ စာထိုးကာ ရွှေမင်နှင့်၊ သပြေခွင် ပေတင်နောက်လူတို့၊ နည်းမှတ်လောက် သိစဘွယ်။‎
စံတရာတယောက် မင်းတွင်မှ၊ နောင်ရင်း ပြူမဟာနှင့်၊ တအူချာ ညီတော်ပြုံးတို့တွင်၊ နောင်ဘုန်း ကံတော်ရှိန်ကြောင့်၊ ဥန္နဒိန် ‎‎မျှော်လျှင်ထွက်ရ၊ ညီမျက်နှာချိုလို့ပြုံးပြန်တော့၊ ထစ်ချုန်းကာ ရတနာမျိုး၊ မိုးကျအကယ်။‎
‎ဧ-ချို-ငန်-ပူရေပြွမ်းတဲ့အပြင်၊ သာထန်း ပင်ပဒေက၊ အင်နှစ်ထွေ ထညေနို့ကိုလ၊ ပြည်စို့သောက် မကုန်ခမ်းနိုင်ဘု၊ အိုင်စမ်း ‎‎နဒီလျှံက၊ တညီစံ ဝေဿန်ကိုရောက်ပြန်တော့၊ ခန်းခြောက်တယ် ဆိုတဲ့ ကုန်း ရယ်နှင့်၊ ပင်လုံးစုံ လျှော်ဖြူဟာက၊ စကားဝါ ‎‎အမြွှာပွင့်တဲ့ပြင်၊ တီးသံဆင့် အသွယ်သွယ်၊ နာဘွယ်သည့် နတ်ဆိုင်း။‎
ဇာတ်ဘာသာ၊ သတ္တဝါ ရွှေဘီလားရယ်တို့၊ နှစ်ပါး ဒွန်ဂဟေပ၊ အင်နှစ်ထွေ ကိုယ်ကိုပြတော့၊ အဗ္ဘ န္တရာ ခေါ်သည့် ‎သရက်မော် ‎ခက်ပေါ်ကိုးဘို့မှာ၊ ခြောက်မျိုးရတနာဝင်မို့၊ ဇရာရှင် လျှာတွင်ရစ်ရလျှင်၊ နှစ်ခါပင် ကညာစင် ဖြစ်လောက်ကဲ့၊ ‎သည်ခေတ်ကို ‎ကြုံချင်စမ်းပါဘိ၊ ကျမ်းထွက်သမိုင်း။‎

နောက်ထပ်ပြချင်တာကတော့ မှတ်သားဖို့ကောင်းလှတဲ့ ကဗျာ့ပါရဂူ မာန်လည်ဆရာတော်ဘုရားကြီးရဲ့ သံချိုတွေပါပဲ။ ‎‎စကားလုံးအသုံးအနှုန်းက အလွန်ပဲပြောင်မြောက်လှပါတယ်။ အဲ ... ဒါပေမဲ့ နည်းနည်းတော့ ကြမ်းပါတယ်။ ဂမ္မဒေါသ သင့်တဲ့ ‎‎အသုံးအနှုန်းတွေပါနေပေမယ့်လည်း ဗန်းမော်ဆရာတော်ရဲ့ စာတွေလိုပဲ ပြောင်မြောက်လွန်းလှလို့ ဖေါ်ပြလိုက်ပါတယ်။ ‎‎နည်းနည်းတော့ သည်းခံပြီးဖတ်ပါလို့ တောင်းပန်ပါတယ်။‎

‎ကဗျာ့ပါရဂူဖြစ်တော်မူသော
မာန်လည်ဆရာတော်ဘုရားကြီးရေးသော
‎‎ပဒုမောဝါဒ-သံချိုလေးချိုးများ
‎(၁)‎
သူ မတို့လေမှ၊ သူတို့လျှင် တကယ်မြည်တဲ့၊ မြို့မာန်လည် ရွှေစည်ကြီးပါကွဲ့၊ တီးသမျှ ဖိမ့်ဖိမ့်တုန်။‎
သူမာလျှင်-မာစိန်စောင်းပါတဲ့၊ သူပျောင်းလျှင် အရေဖြစ်နိုင်ငဲ့၊ မယုံလျှင် မအေနှင့် စစ်လှည့်တော့၊ စနစ်ကို ‎ကုန်မလင်းသော်လဲ၊ ‎အပြစ်ဆို ဂုဏ်သတင်းကိုလ၊ လေညှင်းရာ သင်းကာပျံ့၊ ပန်းရနံ့ပုံ။‎
‎ဓာတ် မသိဟာမို့၊ ဟတ္ထိ-ယုန်ငယ်ထင်ထင့်၊ ဟိုအောက်ခွင် ငစင်ရိုင်းဟာနှင့်၊ ငသိုင်းတွေ အညာဆန်တို့ကို၊ တံငါလန် ‎‎ရွှေလည်ကွေ့တွင်ဖြင့်၊ တခါပြန် ဆန်မရွေ့ရအောင်၊ ဘေးတွေ့စိမ့် တက်တက်ကုန်၊ မစုန်ရသည့်တိုင်း။‎
‎ရိုးသိသိ၊ ငါးပိ-ငါးချဉ် သိပ်ပါလို့၊ ထောင်းကြိတ်ချေ ကြေအောင် ညက်စေမှ၊ နောင်ဆက်ကာ အရေစစ်သည့်ပြင်၊ ခွေးဖင် ‎‎ချေးပင်ဖြစ်ရမယ်၊ ငါးညစ် တလိုင်း။ ။‎
‎(၂)‎
မာန်မလုပ်ချင်ဘု၊ မာန်လုပ်လျှင် လွယ်သည်သာပ၊ ငယ်မည်မှာ န ကို သတ်ရုံပဲ၊ နေရပ်ကွယ် မာန်ရွှေလည်နှင့်၊ မာန်နှစ်လီ ‎‎မာန်စုံကွန့်၊ ဖူးအညွန့် ခေါင်ကတင်။‎
သို့ကတဲ၊ လုပ်ဘဲ သမ္ပဇဉ်နှင့်၊ မာန်မယှဉ် ဉာဏ်ယဉ်အုပ်ပါလို့၊ ထိန်းချုပ်ကာ မာန်ကိုကင်းစေရ၊ ယင်းခုခေတ်တွင်။‎
တကယ်ဆို တကယ်လားပါတဲ့၊ အကျယ်ဆို ကျယ်မပွားပြီဘု၊ မြတ်ဖျားငယ် စိန္တေယျာမှ၊ လူပြိတ္တာ ပူရာဏ တို့ကို၊ ယူမိစ္ဆာ ‎‎သကာကျအောင်လို့၊ မီးရေပြ တန်ခိုးဆင်၊ အရိုးပင်လာကျမ်း။‎
ထို့တူသာ၊ ပြိုင်လိုလျှင် ပြိုင်လာတော့၊ ပြိုင်လာလျှင် ကြာမနှေးစေနှင့်၊ ရှုံးသူဟာ နှမပေးပါလို့၊ လိုသေးလျှင် ‎ကိုယ်တိုင်ယူမပ၊ ‎နိုင်တဲ့သူ ယောက်ဖကြီးပါပဲ၊ ဇက်ပေါ်မှာ ဒေါက်ခွစီးတဲ့ပြင်၊ -ီးစုတ်ကြတမ်း။ ။‎
‎(၃)‎
ပဒုမ၊ တုပကာ နင်မယောင်နှင့်၊ ဆင်ပြောင်ကို ခြင်ကောင်ဝါးသည်သို့၊ ယားရုံမျှသာ။‎
ဉာဏ်အသက်ကိုလဲ၊ စံဖက်ကာသင်မမျှော်ဘု၊ သင့်မယ်တော်ရှင်ဇလာနှင့်၊ ခင်ဆရာအိမ်ထောင်ကျလျှင်လ၊ ပဒုဆို မောင်ရွှေမ ‎‎မှာ၊ သား ငယ်မျှသာ။‎
ပညာကို ယှဉ်ကာချင့်ရလျှင်၊ အခွင့်ငယ် အရာနှင့်၊ ယောဇနာ သမ္ဗန်မျိုးကိုလ၊ နည်းရိုးပင်ဘာမကျခင်က၊ မင်းရန်စ ငါ့ကိုရှာ၊ ‎‎ငါဘာပြုဖြုန်မတုန်း။‎
နှစ်ဖက်ကန်း၊ မျက်ခမ်း နေကိုပြိုင်သို့၊ ခွင်လုံးယိုင် မင်းစာမှားပြီမို့၊ အလားငယ် ပါယ်မကျစေနှင့်၊ သာအယာ ‎ခွင့်ကျေကျအောင်ပ၊ ‎ငါဆရာ မင့်ဘေဘကိုကွယ် ... ဦးချလှဲ့အုန်း။ ။‎

‎ဒါဆိုရင် လေးချိုးအကြောင်းက အဆုံးသတ်ပါပြီ။ ‎

မြန်မာအချိုးကဗျာတွေရဲ့ အပိုဒ်ရေ၊ ကာရန်စပ်ဟပ်ပုံ၊ အချီအချ လေယူလေထားပုံ (ဂရု၊ လဟု ယူပုံ) တွေကို အလွယ်တကူ ‎မှတ်ရအောင် ဇယားလေးနဲ့ ပြလိုက်ပါတယ်။

‎







အချိုးကဗျာတွေပြီးတော့ ဆိုလို့အလွန်ကောင်းတဲ့ တေးထပ် အကြောင်း ‎ဆက်ချင်ပါတယ်။‎

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...‎
ဟယ်ရီ

‎

Read More...

Tuesday, 5 May 2009

အနှမ်းအရိုင်းငကြွား၏ ရာဇဝင်

‎


ကျနော့်ရဲ့ "ပန်းရိုင်းများ၏ရာဇဝင်" ဆိုတဲ့ ပြီးခဲ့တဲ့ ပို့စ်က ဒွေးချိုးလေးကို ကဗျာရွာ မှာ ချစ်ခင်ရတဲ့ညီလေး ငှက်မ (Nightbird) က နဘေကိုက် အတိအကျ ‎‎"ဖျက်"‎‎ ‎ ရေးပြီး တင်ပေးထားပါတယ်။ ဒီမှာ လည်း ဖတ်ကြည့်နိုင်ပါတယ်။
ခံစားကြည့်ကြပါခင်ဗျာ ...

လွမ်းတိုင်းသာ၊
မန်းတိုင်း ဘီယာ ဖွင့်မယ်ဆိုပါစို့။

သခင်ရေ၊
အကင်တွေဝယ် ငွေတရာကမ်းကာ၊
ပင်ခြေဝယ် လေအလာ ပန်းလို့၊ (ကိုယ့်ကိုကိုယ် ပြန်မစင်အောင်)‎
ခြေဗလာ အနှမ်းတပိုင်းငါ၊
ရမ်းစိုင်းကာပျို့။ ။

‎‎ခက်ဆစ်‎‎

မန်းတိုင်းဘီယာ = မန္တလေးဘီယာ
အနှမ်းတပိုင်း = အရူးတပိုင်း

မြန်မာကဗျာတွေကို ဒီလိုပဲ နဘေကိုက် ဖျက်ရေးလေ့ရှိကြပါတယ် ... ဥပမာ - လက်ဝဲသုန္ဒရအမတ်ကြီး ရေးတဲ့ ‎"မဲဇာတောင်ခြေ"‎ ရတုကိုဆို .. 'ကျွဲနာပေါင်ရှေ၊ ချီးပေပေတည့် ...'‎ ဆိုပြီး ဖျက်ရေးထားပါတယ်၊ ဆရာကြီး မင်းသုဝဏ်ရဲ့ ‎‎'ယာတောက အပြန်၊ ‎ပန်ချင်တယ် ခရေဖူးဆိုလို့ ..'‎ ဆိုတဲ့ နာမည်ကျော် "နှင်းဆီပွင့်"‎ ဒွေးချိုးလေးကို ဆရာသော်တာဆွေက ‎‎‎'ထန်းတောကအပြန်၊ အန်ချင်တယ် ထန်းရည်ဗူးလွယ်လို့ မောင်မူးတယ်လေး ...'‎ ဆိုပြီး ဖျက်ရေးထားတာတွေ ရှိပါတယ်။ ဟာသရသပေါ့လေ ... ဒီလို အားလုံး နဘေလည်းကိုက်၊ အဓိပ္ပာယ်လည်းမိအောင် ရေးရတာ မလွယ်ပါဘူး။
ဒါကြောင့်မို့ အခုလည်း ငှက်မ ဖျက်ရေးပေးထားတာလေး သဘောကျလွန်းလို့ တင်ပေးလိုက်ပါတယ်။ သူကတော့ ခေါင်းစဉ်မပေးထားလို့ ကျနော်ပဲ ပေးလိုက်ပါတယ်။

ငှက်မ ရေ ... BRAVO!!
နောက်လည်း အခုလိုပဲ ဆက်ပြီး ဖျက်နိုင်ပါစေဗျာ ...

ငှက်မ ကဗျာရေး အလွန်ကောင်းပါတယ်။ သူ့ကဗျာတွေကိုလည်း ကဗျာရွာမှာ သွားရောက်ဖတ်ရှုခံစားနိုင်ကြပါတယ်။ ကဗျာရွာမှာ မင်ဘာတဦးချင်းစီရဲ့ကဗျာတွေကို တပုဒ်ချင်းစီ သီးသန့် sub-thread အနေနဲ့ တင်ပေးထားပါတယ်။ ငှက်မ (Nightbird) ရဲ့ thread ကိုသွားချင်ရင်တော့ ဒီမှာနှိပ်လိုက် ပါ။ မင်ဘာတော့ ဝင်မှ ဖတ်လို့ရပါတယ်။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...‎
ဟယ်ရီ
‎

Read More...

Friday, 1 May 2009

ဟေမဝန်မှာ - ကျေးစေရတုပိုဒ်စုံ

‎


မြန်မာရတုတွေရဲ့ဘုရင် အကောင်းဆုံးရတုဆရာ လို့ဆိုကြတဲ့ တောင်ငူဘုရင် နတ်သျှင်နောင် အလွန်ချစ်ခင်မြတ်နိုး ‎စွဲလမ်းနှစ်သက် ခဲ့ရတဲ့ ရာဇဓာတုကလျာမင်းသမီး ရေးသားခဲ့တဲ့ ပိုဒ်စုံရတုလို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီရတုကို ပေါရာဏဒီပနီ မှာ လက်ဝဲနော်ရထာက "ဇင်းမယ်ဘုရင် ဆို ရတု" လို့ ရေးထားတာ တွေ့ရပါတယ်။ မြန်မာစာညွန့်ပေါင်းကျမ်းထဲမှာတော့ "ဇင်းမယ်မိဖုရား ဆို ကျေးစေရတု" လို့ ရေးထားပါတယ်။ ရာဇဓာတုကလျာမင်းသမီးကို ဇင်းမယ်ဘုရင့်နှမတော် လို့လည်း ခေါ်ဝေါ်သုံးနှုန်းကြတာမို့ ဇင်းမယ်မိဖုရားနဲ့ မှားယွင်းသွားဟန်တူတယ်လို့ ယူဆပါတယ်။ ရာဇဓာတုကလျာမင်းသမီး ကိုယ်တိုင်ရေးသားတယ်ဆိုတဲ့ ရတု သိပ်များများစားစား မတွေ့ဖူးပါဘူး။ သူရေးတယ်လို့ ယူဆကြတဲ့ "ကလျာရွှေညီ" အစချီ ရတုပိုဒ်စုံကိုလည်း တချို့က "လယ်တီပဏ္ဍိတ ဦးမောင်ကြီး" ရေးထားတာလို့ ဆိုကြပါတယ်။ ဒါကြောင့် ရာဇဓာတုကလျာ မင်းသမီး ရေးတယ်ဆိုတာ မဖြစ်နိုင်ဖို့ များပါတယ်။ ရှေးဟောင်းပေမူတွေများ ရှိသလားတော့ မသိပါဘူး။ အခုအထိတော့ ခိုင်မာတဲ့အထောက်အထား မရှိဘူးလို့ပဲ ယူဆမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရတုကောင်းတပုဒ်မို့ မျှဝေလိုက်ပါတယ်။

‎ဟေမဝန်မှာ အစချီ - ကျေးစေရတုပိုဒ်စုံ‎

‎(၁) ဟေမဝန်မှာ၊ တောသာတခန်း၊ ‎တောင်ထောင့်ယွန်း၌၊ သိုက်နန်းဗိမာန်၊ ခုမှသွန်၍၊ ဘုန်းဝှန်သနင်း၊ မွေး၍ပြင်းသား၊ တတ်ခြင်းနားဝင်၊ ‎လူမှုကျင်သည်၊ မြသွင်ကိုယ်မွှေး၊ စိန့်ပြည်ကျေး။ ခြားဝေးမြေရှည်၊ တရုပ်ပြည်ကို၊ ဖွေနှည်လုပ်ကြံ၊ ခန့်တိုင်းနွံ၍၊ ‎မယ့်ထံဘုံနန်း၊ ရွှေမြို့ကွန်းသို့၊ စခန်းလှည့်ချီ၊ ပျံလေပြီဟု၊ မိုးဆီတိမ်တွင်း၊ လေကိုချင်း၍၊ လျင်ပြင်းသွားလေ၊ ‎လျှောက်တင်ချေလော့၊ မြုတေပထွန်း၊ ဘုံရွှေနန်းဝယ်၊ ဘက်ကျွန်းစံတင်၊ နောင့်သခင်မူ၊ ဖူးချင်းသံပျောင်း၊ ‎မှီအုံးလျောင်းသည်။ ။ ညောင်စောင်းကျက်သရေဝယ်သောဝ်။

‎(၂) ဝေဇယန္တာ၊ နန်းသာတုလွတ်၊ ‎ဘုံများထွတ်ဟု၊ သုဒဿန၊ နာမတွင်သည်၊ သိကြားတည်သား၊ အမည်လွမ်းရှိန်၊ တာဝတိန်နှင့်၊ နှိုင်းချိန်မြိုင်ဆွယ်၊ ‎ရွှေဇင်းမယ်သို့၊ မှတ်ရွယ်တူရူ၊ ပျံလေမူကား၊ သဲဖြူပေါ်ထွန်း၊ ပြင်သာကျွန်းနှင့်၊ ရစ်သန်းမြလား၊ သံလွင်နားဝယ်၊ ‎ပန်းအားပြေရုံ၊ နားပြီးတုံမှ၊ သဲပုံပုထိုး၊ သုံးလူမျိုးကို၊ ညွတ်ကျိုးကော်ရော်၊ ပူဇော်ခဲ့လျှင်း၊ တညဥ့်တွင်းမှ၊ ‎မလင်းမီခင်၊ သောက်ရောင်ထင်က၊ စောစောထ၍၊ ဌာနမင်းနေ၊ ဘုံရွှေမြေသို့၊ ညနေချမ်းမှန်၊ ရောက်လေတန်၏၊ ‎သဝန်ခွေစာ၊ ဆက်လိုက်ရာကား၊ သင်္ခါအစစ်၊ အာနီနှစ်တွင်၊ မြချည်တင်သို့၊ အသွင်နတ်လောင်း၊ ‎ရူမညောင်းသည်။ ။ ရောင်ကောင်းညက်ထရွေဝယ်သောဝ်။

‎(၃) စေတမန်သာ၊ ဝသန်စာနှင့်၊ ‎ပျူငှါသံဖြ၊ မောင်နှုတ်ကလျှင်၊ ခွန်းမျှမကျန်၊ မှာတိုင်းပြန်လော့၊ နှောင်းစွန်ဖွားမြင်၊ မိသခင်၏၊ လေးပင်သာပျော်၊ ‎ငယ်မည်တော်ကို၊ ထုတ်ဖော်မရက်၊ စုံမက်လှည့်ကာ၊ ကြံရာကြံပြန်၊ မိုးသို့ဝှန်မျှ၊ ရွက်ဟန်ထူးခြား၊ စကားဖြူညက်၊ ‎မဉ္ဖူခက်ကို၊ ဆက်လိုက်သော်လည်း၊ ရွှင်ပျော်နှစ်ခြိုက်၊ မီးရောင်မြိုက်မူ၊ ဦးနှိုက်စံပယ်၊ မဆင်ဖွယ်ဟု၊ ‎ဘုန်းကြွယ်တုလွတ်၊ စွယ်တော်မြတ်ကို၊ ရည်မှတ်ရည်ထင်၊ ပူဇော်တင်၍၊ သံရွှင်သံညောင်း၊ ‎ပြည့်ဆုတောင်းသည်။ ။ နောင်နှောင်းဘက်မကွေရွယ်သောဝ်။

မူရင်းစာလုံးပေါင်းအတိုင်းဖြစ်ပါတယ်။ အချီညီ၊ အချညီ ပိုဒ်စုံရတုပါ။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...‎
ဟယ်ရီ
‎

Read More...

Thursday, 30 April 2009

ကလူ၏သို့ မြှူ၏သို့

နဝဒေးကြီး ရေး - ညို့ညို့ပြာပြာ အစချီ အဖြည့်ခံရတု
‎


ညို့ညို့ပြာပြာ၊ ဆင်းပြင်လျာမူ၊ ပြစ်မှာမစက်၊ ဆယ်နှစ်သက်က၊ ချောညက်ညွတ်သွယ်၊ နတ်နှင့်ဆွယ်၍၊ ရွယ်လည်းရွယ်ပျို၊ ညိုလည်းညိုဝင်း၊ ဖြူ ရွှင်းရောရု၊ နောင့်သက်စုကို၊ နှိုင်းရှုချေမူ၊ ထွားပြာဖြူသည်။ ။ မတူ၏သို့ တူ၏သို့။

မို့မို့အာကာ၊ မိုးဒေ၀ါလျှင်၊ ဗယ်ညာ တောင်မြောက်၊ လေပြည်လှောက်၍၊ ဖြိုးဖြောက်ရိုးရဲ၊ လျှပ်ပန်းကြဲလျက်၊ မစဲညင်းညင်း၊ ကျူးတည့်လျှင်း၍၊ ပဝင်းလှည့်လို၊ လွမ်းစိမ့်ဆိုသို့၊ လေချိုပေါင်းညီ၊ ရုံးစုပြီမှ၊ မယ့်ဆီတူရူ၊ သည်မိုးဖြူသည်။ ။ ကလူ၏သို့ မြှူ၏သို့။
အဖြည့်ခံရတု
နဝဒေးကြီး

ရှင်သူရဲဆို အဖြည့်ရတု
သို့သို့ဘာသာ၊ မယ့်နေရာကို၊ အာကာမှိုင်းဝေ၊ နေ့တိုင်းစွေက၊ သက်ဝေမြခဲ၊ သူရဲကြောင့်သာ၊ လွမ်းဗျာပါမူ၊ တိမ်ပြာမကွက်၊ တိမ်နက်မည်းမို့၊ တိမ်ခြေညို့နှင့်၊ ထပ်ပို့မစဲ၊ ရွာသွန်းကြဲက၊ ပုလဲပမာ၊ ဆင်းကလျာလျှင်၊ သစ္စာမြဲတူ၊ တ-လျက်ဟူသည်။ ။ မဖြူ၏သို့ ဖြူ၏သို့။
အဖြည့်ရတု
ရှင်သူရဲ

န၀ဒေးကြီး ရေးခဲ့တဲ့ အဖြည့်ခံရတုကို ရှင်သူရဲက ဖြည့်ဖို့ကျန်တဲ့ တပိုဒ်ဖြည့်ရေးလိုက်တာ ဖြစ်ပါတယ်။
ဒီနေရာမှာ "ဖြူ ရွှင်" (ဖြူစင်ကြည်ရွှင်ခြင်း) ကို "ဖြူ ရွှင်း" ဆိုပြီး ကာရန်ငဲ့ကာသုံးသွားတာကို သတိပြုစေလိုပါတယ်။
ကလူ၏သို့၊ မြှူ၏သို့ စကားလုံးလေးကတော့ လှလွန်းလို့ ဒီနေ့အထိ သုံးနေကြတုန်းပါ။
ရှင်သူရဲ ဖြည့်ရေးထားတဲ့ အဖြည့်ပိုဒ်မှာတော့ "အာကာမှိုင်းဝေ" နေရာမှာ အာဏာမှိုင်းဝေ၊ တ-လျက်ဟူသည် နေရာမှာ တ-လျက်ယူသည်၊ တ-လျက်ရူသည် ဆိုပြီး မူကွဲလေးတွေ တွေ့ရပါတယ်။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ
‎

Read More...

Wednesday, 29 April 2009

ပန်းရိုင်းများ၏ရာဇဝင်

လွမ်းတိုင်းသာ၊‎
ပန်းရိုင်းတရာ ပွင့်မယ်ဆိုပါစို့။‎

သခင်ရေ၊‎
မြင်စေမယ် မြေကမ္ဘာတဝှမ်းမှာ၊‎
အသင်္ချေကွယ် ကုဋေကဋာလွှမ်းလို့၊‎
ဝေဒနာအလွမ်းသမိုင်းမှာ၊‎
ပန်းရိုင်းတွေညို့။‎

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
ဟယ်ရီ

Read More...

Sunday, 26 April 2009

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁၄)

‎‎လေးချိုးလတ်
‎


ပထမဆုံး ဥပဒေသလေးချိုးလတ် ကို အရင်ကြည့်ပါ။‎

ကုံးသီကာ ရေးပျိုးတတ် (စေဘို့)၊‎ .........‎ (၆လုံး)‎
ထုံးမှီစရာ ရှေးရိုးစပ် (မယ်ပ)၊ ‎............... ‎(၆လုံး) (တွန့်ပိုဒ်)‎
‎(အိုကွယ်) လေးချိုးလတ် (ရယ်တဲ့) ဤသည့်စာ။‎ ....... ‎(၆လုံး) (ပထမအချိုး စုစုပေါင်း ၂ပိုဒ်)‎

ပ-အချိုး (မှာလ)၊‎ ................... (၃လုံး)‎
ပြရိုးနော် တိ ပဒါ (ပ)၊‎ ............. ‎(၆လုံး)‎
‎ဒုတိယာ တ စတု (မှာလ)၊‎ ........ (၆လုံး)‎
စု လိ ပါ သ တခု (ပါဘဲ)၊‎ ‎.......... (၆လုံး) (တွန့်ပိုဒ်)‎
ပိုဒ်စုကို အမြင်သာ (ဘို့)၊‎ .......... ‎(၆လုံး)‎
သင်္ချာကို နံသင့်ရေး (တယ်ကွယ်)၊‎ ... (၆လုံး)‎
တွေး ကြသေချာ။‎ ....................... (၄လုံး) (ဒုတိယအချိုး စုစုပေါင်း ၆ပိုဒ်)‎

အက္ခရာ လုံးရေရ (ကိုလ)၊‎ ............. ‎(၆လုံး)‎
ဆက်ကဗျာ ကုံးဖွေလို့ပြ (ပြန်တော့)၊ .... ‎(၆လုံး) (တွန့်ပိုဒ်)‎
သုံးနေကျ (မှာလ) ပ-တ မှာ၊‎ ......... ‎(၆လုံး)‎
ဆ ခရာ (သာပ) အပိုဒ်တိုင်း။‎ ......... ‎(၆လုံး) (တတိယအချိုး စုစုပေါင်း ၃ပိုဒ်)‎

‎ဒု-စ လယ်၊‎ ................................ (၃လုံး)‎
‎ရှုဆဖွယ် ခြောက်ပင်ကုံး (ပါလို့)၊‎ ...... ‎(၆လုံး)‎
နောက်ဆုံး(တွင်) လေးခရာ ပ၊‎ ........ (၆လုံး)‎
ဒွေး စမှာ တိ-ဆ ကုံး (ပါတော့)၊‎ ....... ‎(၆လုံး)‎
စတုတ္ထာ စပိုဒ်လုံး (မှာလ)၊‎ .............. ‎(၆လုံး) (တွန့်ပိုဒ်)‎
လေး-သုံး နှင့် စိုင်း (ပါလို့) (ကွယ်တို့ရယ် ...)‎ ... ‎(၄လုံး) ‎
ရေးထုံးချင့်နှိုင်း။ ။‎ ............................. (၄လုံး) (တွန့်ပိုဒ်) (စတုတ္ထအချိုး စုစုပေါင်း ၆ ပိုဒ်)‎

လက်သည်းကွင်း () အတွင်း ပြထားတဲ့စာလုံးတွေကတော့ ပဒါလင်္ကာရ တွေမို့ ထုံးစံအတိုင်း စာလုံးရေ ရေတွက်တဲ့ နေရာမှာ ‎‎ထည့်ရေဖို့ မလိုပါ။ ဒီ ဥပဒေသလေးချိုးလတ်ကို ဒီအတိုင်းဖတ်ကြည့်လိုက်ရင် ဘာတွေ ရေးထားတာလဲ ဆိုပြီး ဖြစ်နေပါလိမ့်မယ်။ ‎‎‎ဒါကြောင့်မို့ ကဗျာစွယ်စုံကျမ်းထဲမှာပြထားတဲ့အတိုင်းပဲ ရှင်းပြပါမယ်။‎

‎‎ပ-အချိုး (မှာလ) ဆိုတာက ပထမအချိုးမှာ လို့ ဆိုလိုပါတယ်။‎
ပြရိုးနော် တိ ပဒါ (ပ)၊ ဆိုတော့ တိ = သုံး၊ ပဒါ = အပိုဒ် ဖြစ်တဲ့ အတွက် သုံးပိုဒ်ကိုပြရိုးရှိပါတယ်။ ဒီတော့ ‎လေးချိုးလတ်ရေးရင် ‎ပထမအချိုးမှာ သုံးပိုဒ် ထားလေ့ရှိတယ်လို့ ဆိုလိုပါတယ်။ တခါတလေ တော့ တွန့်ပိုဒ်တွေထည့်ပြီး ‎လေး၊ ငါးပိုဒ်လောက်လည်း ‎ထားနိုင်ပါတယ်။‎

‎ဒုတိယာ တ စတု (မှာလ)၊ ဆိုတာကတော့ ဒုတိယ၊ တ = တတိယ၊ စတု = စတုတ္ထ ဖြစ်တဲ့အတွက် ကျန်တဲ့ ဒုတိယ၊ ‎တတိယ နဲ့ ‎စတုတ္ထ အချိုးတွေမှာ ...‎
စု လိ ပါ သ တ ခု (ပါဘဲ)၊ ပိုဒ်စုကို အမြင်သာ (ဘို့)၊ သင်္ချာကို နံသင့်ရေး (တယ်ကွယ်)၊ လို့ ဆိုတဲ့အတွက် "စုလိပါသတ" ‎‎ဆိုတာကို နံသင့်သင်္ချာနည်းနဲ့ ကောက်ရင် စု =၃၊ လိ=၄၊ ပါ= ၅၊ သ = ၆၊ တ = ၇ ဖြစ်တဲ့အတွက် သုံးပိုဒ်ကနေ ခုနှစ်ပိုဒ် ‎အထိ ‎ထားနိုင်တယ် လို့ ဆိုလိုရင်းဖြစ်ပါတယ်။‎

အက္ခရာ လုံးရေရ (ကိုလ)၊ ဆိုတော့ အက္ခရာ အလုံးရေ ဘယ်နှစ်လုံးထားရမလဲဆိုတာကို ပြောပါတယ်။‎
သုံးနေကျ (မှာလ) ပ-တ မှာ ...၊ ဆ ခရာ (သာပ) အပိုဒ်တိုင်း။ ဆိုတာကိုကြည့်ရင် "ပ-တ မှာ" ဆိုတာ ပထမ နဲ့ တတိယ ‎‎အချိုးကို ဆိုလိုပါတယ်။ ဒီမှာ "ဆ ခရာ (သာပ) အပိုဒ်တိုင်း" ဆိုတဲ့အတွက် ဆ=၆၊ ခရာ = အက္ခရာ ဖြစ်လို့ အပိုဒ်တိုင်းမှာ ‎‎အက္ခရာ(၆)လုံး ထားရမှာ ဖြစ်ပါတယ်။‎

‎ဒု-စ လယ်၊ ဆိုတဲ့အတွက် ဒုတိယချိုးနဲ့ စတုတ္ထ အချိုးရဲ့ အလယ်ပိုဒ် တွေမှာ ...‎
‎ရှုဆဖွယ် ခြောက်ပင်ကုံး (ပါလို့)၊ ဆိုတာက အက္ခရာ(၆)လုံး ထားရမှာ ဖြစ်ပါတယ်။‎
နောက်ဆုံး(တွင်) လေးခရာ ပ၊ လို့ ဆိုတဲ့အတွက် နောက်ဆုံးအချပိုဒ်ကို လေးခရာ = အက္ခရာ(၄)လုံး ထားရမှာ ‎ဖြစ်ပါတယ်။‎
ဒွေး စမှာ တိ-ဆ ကုံး (ပါတော့)၊ ဆိုတဲ့အတွက် (ဒွေး =၂၊ စ = အစပိုဒ် ဖြစ်လို့) ဒုတိယချိုးအစကို (တိ-ဆ= ၃-၆ ‎‎ဖြစ်တာကြောင့်) (၃)လုံး (သို့မဟုတ်) (၆)လုံး တခုခုပဲ ထားရပါမယ်။‎
စတုတ္ထာ စပိုဒ်လုံး (မှာလ)၊ ဆိုတာက စတုတ္ထအချိုးရဲ့ အစပိုဒ်ကို ‎
လေး-သုံး နှင့် စိုင်း (ပါလို့) လို့ ဆိုထားတဲ့အတွက် (၃)လုံး ဒါမှမဟုတ် (၄)လုံး တခုခုနဲ့ စရပါမယ်။‎

ကဲ ... ဒီတော့ နမူနာ လေးချိုးလတ်တွေကို ကြည့်ကြပါစို့။‎

ဦးပုညရေး - သံဝေဂလေးဆစ်
ပျော်မမွေ့နိုင်ဘု၊‎
‎ဓလေ့ကိုတဲ့ ငြီးတော့တယ်။‎
ကိုင်ပုတီး၊‎
သစ်သီး ညှာအကြွေနှင့်၊‎
မေဓာဝေ သူတို့ထုံးလို၊‎
ဘုန်း မွေ့တော့မယ်။‎
‎ရုပ်ခန္ဓာ အပုပ်ကောင်ကိုလ၊‎
စက်ဆုပ်လို့ မငြိတွယ်၊‎
ဖြတ်မယ်ပ ခင်လေး။‎
ဘာဝနာ၊‎
သစ်နက်ကယ် လျှော်တေဟာနှင့်၊‎
မန်းသေလာ တောင်အကွေ့မှာလ၊‎
‎ယနေ့ပင် တဝါဆိုတော့မယ်၊‎
‎ယဉ်နဂို ညိုညိုနုရယ်၊‎
မင်းသာဓု ပေး။ ။‎
‎ဒီလေးချိုးမှာ "မေဓာဝီ" ကို တွေးမိတွေးရာ ရေးမိရေးရာ (အဲ ... ယောင်လို့၊ မမေဘလော့ဂ်နဲ့ ရောကုန်ပါပြီ) ကာရန်ငဲ့ပြီး "မေဓာ‎ဝေ" လို့ သုံးစွဲစပ်ဟပ်သွားပုံကိုသတိပြုပါ။ လေးဆစ်လို့ရေးထားပေမယ့် စာပိုဒ်တွေများတဲ့အတွက် လေးချိုးလတ်ထဲ ပါပါတယ်။

‎မောင်မယ်စုံ လေးချိုးလတ်
ညို့ကုန်းယံ ချောက်နဘေးမှာလ၊‎
တို့ဘုန်းကံ အလျောက်မွေးရော့ထင့်၊‎
တခေါက်ပြေးမှဖြင့်မိုးထိုးမယောင်၊‎
ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်။‎
နှစ်ကိုယ်ချို့တာကြောင့်၊‎
ချိုဘို့တူ နွားပြာအုပ်တွေနဲ့၊‎
ပျိုတို့လူ ယာ မလုပ်တယ်၊‎
အားထုတ်မယ့်မောင်မှာနော်ကွယ်၊‎
‎ဝါးခုတ်တဲ့တောင်။‎
‎ဟဲ့ ဆိုကာ ကြိမ်တံမြှောက်မှဖြင့်၊‎
လှည့်လိုရာ တိမ်ယံရောက်နိုင်ငဲ့၊‎
အိမ်ခြံပေါက်ပါတဲ့ နွားညီနောင်၊‎
စားအီအောင်ဗျ ညနေစောင်း၊‎
အားစည်အောင်ပ ဝစေကြောင်း။‎
ဆောင်ခွင့်ကိုရွယ်၊‎
မောင်နှင့်မယ် တူယှဉ်တွဲပါလို့၊‎
နောင်တင့်တယ် လူမြင်ရဲကာမှ၊‎
‎ယူငင်ကာ ခြူဆင်ဆွဲလို့ရယ်၊‎
ပွဲဝင်မယ့် ကျောင်းသူရဲ့ ...‎
လှည်းယာဉ်နဲ့မောင်း။ ။‎
‎(သတိုးသီဟ ထပ်ချဲ့ထားတဲ့ လေးချိုးလတ်ဖြစ်ပါတယ်။ ‎အပေါ်က မောင်မယ်စုံ လေးချိုးငယ်ကို လေးချိုးလတ်အဖြစ် ‎တွန့်ပိုဒ် ‎တွေနဲ့ နဘေထပ်ပြီး စပ်ထားတာမို့ ရေးပြလိုက်ပါတယ်။)‎

ဆရာကြော့ရေး - တောသူဖွဲ့ လေးဆစ်
နုသားတော် ဝါဝါညက်ကယ်နှင့်၊‎
‎ရှုစားသော် ခါခါမက်စေဘို့၊‎
ကလျာသက် (ရယ်တဲ့) လှမျက်မှန်။‎
‎ယဉ်တနဲ၊‎
ဆင်ကွဲ ဘိုကရိုနှင့်၊‎
နဂိုကို အလွန်ချောတာမို့၊‎
တောနှင့်မတန်။‎
သတင်းမော် ကျော်တယောက်ဟာမို့၊‎
မင်းကတော် ခေါ်စလောက်ပါဘဲ့၊‎
တောက်ခေါက်မိ အော် .. တို့ကံငယ်၊‎
ပန်ဆိုမိ ဆုထူး။‎
ငွေယုန်လွှာ၊‎
ရွှေပုဏ္ဏာ စံပြည်မြို့ဆီသို့၊‎
ထံပို့လျှင် တော်ပါလေငဲ့၊‎
မာလာငွေ သန္ဓေမွေ့သူမို့၊‎
တရပ်နေ တဒင်တွေ့တို့မှာ၊‎
‎(ခင်လေးရယ်) ပြောမေ့နိုင်ဘူး။ ။‎

အချုပ်တန်းဆရာဖေ ရေး - ပန်းချီမနိုင် - မယ်ဖွဲ့ လေးချိုးလတ်
ရွှေပဒုံ ကြာအချပ်ကိုလ၊‎
လေအဟုန် လာ၍ ခတ်စဉ်က၊‎
ကညာနတ်ထွက်ခဲ့တယ်။‎
သန္ဓေဘွားဟာမို့၊‎
ရွှေသားကို ပန်းချီပြင်၍၊‎
သည်ခင်ကို စုတ်တံနှင့်ရေးသော်လည်း၊‎
ဆေးရနိုင်ဖွယ်။‎
စခန်းနော် လိုရာကွန့်နိုင်တဲ့၊‎
မန်းပေါ်မှာ ကိုကြာညွန့်သော်မှ၊‎
‎ရွံ့ပါလိမ့်သူ့နိကာယ်ကို၊‎
‎ရှိတယ်လို့ ဟုတ်ပြီဘူး။‎
တပါးဟန်၊‎
သိကြားရယ် မကြာဖန်တော့၊‎
ကာရန်မှာ တူမည်ဝေးပါငဲ့၊‎
တို့တမေ ခင်ခင်လေးမှာကွယ်၊‎
ရှေးကုသိုလ်ထူး။ ။‎

ဦးသာဇံ ရေး - မယ်ဖွဲ့ လေးချိုးလတ်
ရွှေပြည်တန် မကသေးပါတဲ့၊‎
နေချည်လျှံ မြအသွေးလိုပ၊‎
သြော် ... အလှကလေးရယ်တဲ့ ပုံ့ပုံ့ရယ်။‎
ဖွဲ့သက္ကရာဇ် တဆယ့်နှစ်နှစ် ဇာတာအနေက၊‎
ကညာမေ တဖြစ်ကူးခဲ့တော့၊‎
နံ့သာရေ အနှစ်လူးလို့ရယ်၊‎
ဖူးထွတ်ထွတ်ကယ်။‎
သာကီမှာ ပဏာရပါဘိ၊‎
ကာလီဒါ ဆရာပြပါတဲ့၊‎
စာအရ ကျမ်းနှင့်ကွယ်၊‎
အော် ... ထယ်ဝယ်တဲ့ ခင်လေး။‎
မှေးစက်ရွှင်ရွှင်၊‎
မွှေးညက် ရင်ခွင်တင်လို့၊‎
ကစားချင် ယားရင်ရိုက်ရှာလိမ့်၊‎
တအားပင် ထားတင်ပိုက်ပါလို့၊‎
ပါးပြင်ကို သွားကျင်လိုက်အောင်ကွယ်၊‎
‎(ခင်တို့ရေ ...) ဘုန်းကိုက်ချင်သေး။ ။‎

ကွပ်ရွာ မင်းကြီးကတော်ရေး - ညွှန်းပြပါ့ဖား လေးချိုး‎
မျှော်လင့်တုန်း၊‎
ကြော့ဆုံးလာလိမ့်မည်။‎
မြရေလျှံ ဗွေအမ္ဗုက၊‎
မဏ္ဍုဆွေ နှုတ်ချိုခွန်းနှင့်၊‎
ညွှန်းပြန်ဘိသည်။‎
ဖန်ရေရေ၊‎
မှန်ပေခဲ့လျှင်ဖြင့်၊‎
ထုံကြည်လဲ့ ကြာဝတ်ရည်၊‎
‎ယူမည်လို့ စောင့်စား။‎
မရဘူးသော်လည်း၊‎
လျှံမြူးစိန်စီတဲ့၊‎
နာရဏီစံရွှေခွက်နှင့်၊‎
ကြာရက်ကို အိုင်ပြည့်သွန်းပါ့မယ်၊‎
ညွှန်းပြပါ့ဖား။ ။‎

လှိုင်ထိပ်ခေါင်တင်ရေး - သံဝေဂ လေးဆစ်သဖြန်
သူဖြူလျှင် အယူဖြောင့်နိုင်ငဲ့၊‎
သူမှောင့်မယ့် စိုးမိတယ်။‎
ခွင့်သနားလျှင်ဖြင့်၊‎
မြင့်ဖျား တောင်ဟေမာနှင့်၊‎
ချောင်သေလာ ရွှေဝါကွေ့မှာ၊‎
တောမွေ့တော့မယ်။‎
မသေရုံ ရွှေဘုံကြီးမှာလ၊‎
သစ်သီးနဲ့ ပွဲတော်တယ်၊‎
ဖန်ချယ်တဲ့ ဝတ်လဲ။‎
မွှေးလို့ရယ်လှိုင်၊‎
အုပ်လုံး စပယ်ကြိုင်တဲ့၊‎
မြကေခိုင် မင်ရည်လဲ့ကို၊‎
‎ရှင်းမယ့် ကြံဆဲ။ ။‎
လှိုင်ထိပ်ခေါင်တင်ရေးတဲ့ ဒီလေးဆစ်ကလေးကတော့ လေးဆစ်သဖြန်ဖြစ်ပါတယ်။‎

လေးချိုးသဖြန်
လေးချိုးသဖြန်ကတော့ သဖြန်အခန်းမှာ တင်ပြပြီးခဲ့တဲ့အတိုင်းပဲ လေးချိုးငယ်၊ လေးဆစ်၊ လေးချိုးလတ်တွေကို သဖြန်ပုံစံ ‎‎အသံနဲ့ စပ်ဆိုထားတာမို့ အထူးအထွေ တင်ပြဖို့မလိုတော့ပါဘူး။ သဖြန် အခန်းမှာသာ ပြန်ကြည့်ကြပါ။ လေးချိုးအခန်း ‎‎အစပိုင်းမှာ တင်ပြခဲ့တဲ့အတိုင်း အဆုံးမှာလည်းမဟုတ်၊ သီးခြားရေးထားတာလည်းမဟုတ်ဘဲ တခြားစာတွေမှာ ရောနှောပြီး ‎‎ရေးတဲ့လေးဆစ်ကိုတော့ သဖြန်လို့ခေါ်တယ်လို့ဆိုပါတယ်။ အပေါ်က လှိုင်ထိပ်ခေါင်တင်ရဲ့ လေးဆစ်သဖြန်နမူနာလေးကိုလည်း ‎ကြည့်နိုင်ပါတယ်။‎

လေးချိုးပုလဲ
လေးချိုးပုလဲ ဆိုတာကတော့ လုံးရေ၊ ပိုဒ်ရေ မများလွန်း၊ မနည်းလွန်း၊ မတိုလွန်း၊ မရှည်လွန်းဘဲ အလယ်အလတ်အားဖြင့် ‎‎ပုလဲတတန့်၊ ရွဲတတန့် သီကုံးသလိုစပ်ဟပ်ရတဲ့အတွက် လေးချိုးပုလဲ ခေါ်တယ်လို့သိရပါတယ်။ တကယ်တော့ ‎လေးချိုးလတ်မျိုး ‎ပဲ ဖြစ်ပါတယ်။ အစပ်အဟပ်ကို လိုက်ပြီး ခေါ်ရတယ် လို့ဆိုပါတယ်။ လေးဆစ်ကို ‎အနည်းငယ်ချဲ့ထွင်ထားတဲ့အတွက် ‎လေးဆစ်ဘောလယ်၊ လေးဆစ်ပုလဲ ရယ်လို့လည်း ရှေးဟောင်းစာမူ ပုရပိုက်တွေမှာ ‎တွေ့ရတယ်လို့ ဆိုပါတယ်။ စပ်နည်းက ‎လေးချိုးစပ်နည်း ပါပဲ။ အချုပ်တန်းဆရာဖေ ရဲ့ လေးချိုးပုလဲ တပုဒ်ကို ‎နမူနာအနေနဲ့ ပြလိုက်ပါတယ်။‎

နွေရာသီ မိန်ဓလေ့ပေမို့၊‎
ဆွေသာကီ မသိမ်မွေ့နိုင်ဘု၊‎
‎ဣနြေ္ဒ့ရင်မို့နော်။‎
အပူဖြိုးသော်ကော၊‎
မြူခိုးရယ် တဝေဝေကြောင့်၊‎
အထွေထွေ ရွှေရင်ထုပါလို့၊‎
တင်ပုဆွေ မြေမှာလဲချင်ပေါ့၊‎
ကွဲရနှစ်ဘော်။‎
‎ရွက်ဟောင်းဝါ ဈာန်ယာဉ်ပြောင်းပါလို့၊‎
‎ရွက်သစ်ဖြာ ညာလက်မောင်းငယ်နှင့်၊‎
တပေါင်းလသည်အမော်၊‎
ကြည်တော်မြနိုင်ဘူး။‎
သာခုခါ၊‎
ကာဠုဒါ ရွှေဂါထာကြောင့်၊‎
ဒေသစာ ကပ္ပီနန်းကိုကွယ်၊‎
မြန်းကြလို့ကူး။ ။‎
‎(အချုပ်တန်းဆရာဖေ)‎

လေးချိုးလတ် ပြီးတော့ လေးချိုးကြီးတွေအကြောင်းကို ဆက်ကြည့်ကြရအောင်ပါ။‎

‎

Read More...

Friday, 24 April 2009

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁၃)

‎‎လေးချိုး‎‎‎
‎

‎
လေးချိုးအကြောင်းကတော့ နည်းနည်းများလို့ ရှည်ရှည်ရေးရပါလိမ့်မယ်။ သည်းခံပြီး ဖတ်ကြဖို့ တောင်းပန်ပါတယ်။‎

(၁) ထောင့်တိုင်းစပ်ရှည်။
(၂) မြစ်ခပေါင်း၊
ပေါင်းလောင်းလက်ယာကွေ့၊
နန်းမြေ့စံတည်။
(၃) ပုပ်ပဲကဝိုက်လည်၊
မြောက်ဆီက ဆွာဖုံး။
(၄) ကြက်ညွှန်းနောင်ညီတို့၊
တရထည် မြရည်ဆို့၊
လွမ်းဘို့မဆုံး။ ။

ဒီလေးဆစ်တိုကလေးကို သက္ကရာဇ် ၉၀၀-ကျော်မှာ မင်းဖြစ်တဲ့ ရတုဘုရင် နတ်သျှင်နောင်-ဆို လေးဆစ်လို့ ပုဂံဝန်ထောက်မင်း ဦးတင်က ကဗျာဗန္ဓသာရကျမ်း ၅၀၅-မှာ မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဒီမှတ်တမ်းအရဆိုရင် နတ်သျှင်နောင်ဟာ ရတုတွေကို သာမက လေးဆစ်ချိုးကဗျာကိုပါ မျိုးစေ့ချပေးသွားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တောင်ငူဘုရင် နတ်သျှင်နောင်ရဲ့ မြန်မာ ကဗျာအပေါ် ပြုခဲ့တဲ့ကျေးဇူးဟာ အလွန်ပဲ ကြီးမားလှတယ်လို့ ဆိုနိုင်ပါတယ်။

လေးချိုးကိုရေးရင်တော့ တြိချိုးအပေါ်မှာ တစ်ချိုးထည့် (ဒါမှမဟုတ်) ဒွေးချိုးအပေါ်မှာ နှစ်ချိုးထပ်ထည့်လိုက်ရင် လေးချိုး ‎‎ဖြစ်သွားပါတယ်။ လေးချိုးမှာတော့ အပိုဒ်ကြီး လေးပိုဒ် (အချိုး လေးချိုး) ရှိပါတယ်။ အခံချိုးနှစ်ချိုးနဲ့ အအုပ်ချိုး ‎နှစ်ချိုးပါ။ ပထမ ‎၂ချိုးက အခံချိုးတွေဖြစ်ပြီး၊ နောက်ဆုံး (၂)ချိုးက အအုပ်ချိုးတွေ ဖြစ်ပါတယ်။‎

လေးချိုးရေးနည်း ပုံမှန် ဥပဒေသ အနှစ်ချုပ် (Summary of General Rules) ကတော့ ...

၁။ အခံ ချိုး (၂)ချိုး၊ အအုပ်ချိုး (၂) ချိုး ဆိုပြီး အချိုး လေးချိုး (အပိုဒ်ကြီးလေးပိုဒ်) ထားရပါမယ်။‎

‎၂။ ပထမအချိုး အခံပိုဒ်‎
လဟုသံ ချီပြီး ဂရုသံ ချပါ။ ‎
အနည်းဆုံး အပိုဒ် တပိုဒ်နဲ့ရေးလို့ရပါတယ်။ ‎
တပိုဒ်မှာ အက္ခရာ အနည်းဆုံးလေးလုံး ထားပါတယ်။ ခြောက်လုံးအထိထားလို့ရပါတယ်။ ‎

‎၃။ ဒုတိယအချိုး အခံပိုဒ်‎
လဟုသံ ချီပြီး ဂရုသံ ချပါ။ ‎
အနည်းဆုံး အပိုဒ် နှစ်ပိုဒ်ထားပါ။ ‎
တပိုဒ်မှာ အက္ခရာ အနည်းဆုံး လေးလုံးကနေ (၇)လုံးအထိထားလို့ရပါတယ်။ ‎
ပထမအချိုး ရဲ့ အချ (အဆုံးသတ် စာလုံး) နဲ့ ကာရန်တူ ချရပါမယ်။‎

‎၄။ တတိယအချိုး အအုပ်ပိုဒ် (အတက်ချိုး လို့လဲခေါ်ပါတယ်)‎
‎ဂရုသံ၊ လဟုသံ ကြိုက်ရာချီပြီး လဟုသံ ချပါ။‎
အနည်းဆုံး အပိုဒ် နှစ်ပိုဒ်ထားပါ။ ‎
တပိုဒ်မှာ အက္ခရာ အနည်းဆုံး လေးလုံးကနေ (၇) လုံးအထိထားလို့ရပါတယ်။ ‎
အချပိုဒ် (အဆုံးသတ်အပိုဒ်) မတိုင်ခင်အပိုဒ် ရဲ့ နောက်တဝက်က ကာရန်ကို ပထမ နဲ့ ဒုတိယအချိုး ရဲ့ အချ (အဆုံးသတ် ‎‎စာလုံး) နဲ့ ကာရန်တူ စပ်ပါ။ (ကာရန်ပြန်လို့ခေါ်ပါတယ်)။‎

‎၅။ စတုတ္ထအချိုး အအုပ်ပိုဒ် ‎
‎ဂရုသံ၊ လဟုသံ ကြိုက်ရာချီပြီး လဟုသံ ချပါ။‎
အနည်းဆုံး အပိုဒ် နှစ်ပိုဒ်ထားပါ။ ‎
တပိုဒ်မှာ အက္ခရာ အနည်းဆုံး လေးလုံးကနေ (၇) လုံးအထိထားလို့ရပါတယ်။ ‎
တတိယအချိုး ရဲ့ အချ (အဆုံးသတ် စာလုံး) နဲ့ ကာရန်တူ ချရပါမယ်။‎

‎၆။ ဝမ်းတွင်းပိုဒ် (အတွင်းက အပိုဒ်ငယ်) တွေကိုတော့ ဂရု၊ လဟု တလှည့်စီ ကာရန်ယူရပါမယ်။‎

‎၇။ အပိုဒ်ငယ်တွေအတွင်း ကာရန် (ဝမ်းတွင်းကာရန်) စပ်ပုံကတော့ ဒွေးချိုး၊ တြိချိုးတို့နဲ့ အတူတူပါဘဲ။ တဝက်စီခွဲပြီး ‎‎ပထမတဝက်ဟာ သူ့ရှေ့အပိုဒ်ရဲ့ ဒုတိယတဝက်နဲ့ ကာရန်တူရပါမယ်။ ဒုတိယတဝက် က နောက်လာမယ့် အပိုဒ်ရဲ့ ပထမ ‎‎တဝက်နဲ့ ကာရန်တူ စပ်ပါတယ်။‎

‎၈။ အချိုးတစ်ချိုးရဲ့ အဆုံး နဲ့ နောက်အချိုးရဲ့အစပိုဒ်ဟာ ကာရန်ညီဖို့ မလိုပါ။‎

ပုံစံကတော့

‎- - - - - + ၊(လဟု) (ခြောက်လုံးနဲ့ပြထားပါတယ်)‎
‎- - + - - ×၊ ‎
‎- - ×- - *။ (ဂရု) (ခြောက်လုံး ချလေ့ရှိပါတယ်) (နှစ်ပိုဒ်ပဲထားလည်းရပါတယ်)‎

‎- - #၊ (လဟု)‎
‎- #- - - ?‎ ၊
‎- - ? - - $‎
‎$ - - *။ (ဂရု) (ပထမအချိုးရဲ့ အချ * နဲ့ ကာရန်တူ ချရပါမယ်)‎

‎- - - - - + ၊ (လဟု) (ခြောက်လုံးနဲ့ပြထားပါတယ်)‎
‎- - + - - * ၊ (* ပြထားတာက အပေါ်နှစ်ချိုးရဲ့ အဆုံးကာရန်ကို ပြန်ယူထားတဲ့ ကာရန်ပြန်နေရာပါ)‎
‎- - * - - "@"။ (လဟု) (ခြောက်လုံး ချလေ့ရှိါတယ်) (နှစ်ပိုဒ်ပဲထားလည်းရပါတယ်)‎ (* နေရာအားလုံး ကာရန်တူရပါမယ်)‎

‎- - + ၊ (ဂရု)‎
‎- - + - - %‎ ၊
‎- %- "@"။ (လဟု) (လေးလုံး ချလေ့ရှိပါတယ်။ ခြောက်လုံးချလဲရပါတယ်။ တတိယအချိုးရဲ့ အချနဲ့ ‎ကာရန်တူချရပါမယ်)‎

နမူနာ လေးချိုးတွေကို ရေးပြထားပါတယ်။ လေ့လာကြည့်ပါ။‎

‎"နယုန်လဘွဲ့ လေးချိုး"‎

‎၁။ မြတ်လေးဖြူ စံပယ်သင်းပြန်တော့၊ (သင်း - လဟုချီ)‎
‎ နတ်သွေးတူ ရွယ်ယမင်းတွေက၊ (တွန့်ပုဒ်)‎
‎ သွယ်သွယ်ညှင်း ကုံးကာ "ဆင်"။ ။ (ဆင် - ဂရုချ)‎
‎၂။ စာပြန်ပွဲကိုလ၊ (ပွဲ - လဟုချီ)‎
‎ ဟန်နွှဲကာ တူနှစ် ဖော်နှင့်၊‎
‎ အလှူ တော် ကောင်းမှုပွား အောင်ကွယ်၊‎
‎ သွားကြပျော်"ရွှင်"။ ။ (ရွှင် - ဂရုချ၊ "ဆင်" နှင့် ကာရန်တူ)‎
‎၃။ နွေနယုန် မေထုန်လဟာမို့၊ (လ - လဟုချီ)‎
‎ မြေဝသုန် လေဟုန်ခ ပြန်တော့၊ (တွန့်ပိုဒ်၊ နဘေထပ်)‎
‎ ရွှေမှုန်ထပါလို့ ညိုလွင် "လွင်"၊ (လွင် - ကာရန်ပြန်၊ "ဆင်၊ ရွှင်" တို့နှင့် ကာရန်တူ၊ တက်ပိုဒ်)‎
‎ ဟိုတစ် "ခွင်"မှာဖြင့် အုံ့ကာ"မှိုင်း"။ ။ (မှိုင်း - လဟုချ)‎
‎၄။ စည်ပုစွန်၊ (စွန် - ဂရုချီ)‎
‎ ရိုက်ချုန်းရောင်ခြည်ဝှန်၍၊‎
‎ တသွန်သွန် ဟန်ကုန်နွှဲပါလို့၊‎
‎ အမ္ဗုန် မာန်ဟုန်နှင့် သဲလှတယ်ကွယ်၊‎
‎ ရွှဲကြလူ "တိုင်း"။ ။ (တိုင်း - လဟုချ၊ "မှိုင်း" နှင့် ကာရန်တူ)‎

နောက်ထပ် တပုဒ်ကို ထပ်ကြည့်ပါ ...‎
‎၁။ ရှေမဝေးပြီဘု၊ (ဝေး - လဟုချီ)‎
‎ သေဘေးရယ်တဲ့ နီးခဲ့"ပြီ"။ (ပြီ - ဂရုချ)‎
‎၂။ ကိလေသာ ညှော်အ ငွေ့တွေနဲ့၊ (ငွေ့ - လဟုချီ)‎
‎ မော်၍သာ နေမိမှားလျှင်ဖြင့်၊‎
‎ လားလိမ့်အောက် "ဆီ"။ (ဆီ - ဂရုချ၊ "ပြီ" နှင့် ကာရန်တူ)‎
‎၃။ သင်္ခါရေ ရုပ်နာမ်စုကိုတဲ့၊ (စု - လဟုချီ)‎
‎ ထင်တာတွေ ဟုတ်မှန်ဘုရယ်လို့၊ (တွန့်ပိုဒ်၊ နဘေထပ်)‎
‎ တင်ရှုလို့ တရား "မှီ"၊ (မှီ - ကာရန်ပြန်၊ "ပြီ၊ ဆီ" တို့နှင့် ကာရန်တူ၊ တက်ပိုဒ်)‎
‎ သာ"ကီ" တို့ ကျင့် "မြဲ"။ (မြဲ - လဟုချ)‎
‎၄။ တိမ်းမစောင်းပါမှ၊ (စောင်း - လဟုချီ)‎
‎ ကိန်းအောင်းရာ တကယ်မှန်တဲ့၊‎
‎ ပြည်နိဗ္ဗာန် ရွှေအောင်နန်းကို၊‎
‎ မြန်းရ မ"လွဲ"။ ။ (လွဲ - လဟုချ၊ "မြဲ" နှင့် ကာရန်တူ)‎
‎(မဟာဒွါရနိကာယ စတုတ္ထသာသနာပိုင် ဟင်္သာတမြို့ လယ်တီဆရာတော်ဘုရားကြီး)‎

‎ဝိဘာဂ အစိတ်အပိုင်း (၈)မျိုးနဲ့အသေးစိတ်ကြည့်မယ်ဆိုရင် ...‎

‎(၁) အမည်အားဖြင့်‎
လေးချိုး = အချိုးအပိုင်းလေးခုဖြင့် စီကုံးထားသော ကဗျာ
လေးချိုးကို လေးကြော့၊ လေးဆစ်၊ လေးဆစ်ချိုး လို့ခေါ်သလို ဒွေးချိုး၊ တြိချိုးတို့လိုပဲ ပါဠိဝေါဟာရ စွက်ပြီး စတုချိုး ‎‎လို့လည်း ခေါ်ကြပါတယ်။ တခြားကဗျာတွေနဲ့ မရောဘဲ သီးခြားရေးရင်၊ ဒါမှမဟုတ် တခြား ကဗျာရဲ့ နောက်ဆုံးမှာရေးရင် ‎‎လေးဆစ်လို့ ခေါ်ပါတယ်။ ဒီလို နောက်ဆုံးမှာရေးတဲ့ လေးဆစ်ကို သံထောက် လို့လည်းခေါ်ပါတယ်။ အဆုံးမှာလည်းမဟုတ်၊ ‎‎သီးခြား ရေးထားတာလည်းမဟုတ်ဘဲ တခြားစာတွေမှာ ရောနှောပြီး ရေးတဲ့လေးဆစ်ကိုတော့ သဖြန် လို့ခေါ်တယ်လို့ ‎‎ဆိုပါတယ်။ ကာလဒေသအလိုက် ခွန်းထောက် လို့လည်း ခေါ်တယ်လို့ ဆိုပါတယ်။ သဖြန်နဲ့ ခွန်းထောက်အကြောင်းကတော့ ‎‎ဒွေးချိုးမှာ ပြန်ကြည့်ပါ။‎

‎(၂) အမျိုးအပြားအားဖြင့်‎
အမျိုးအစား အနေနဲ့ လေးချိုးငယ်၊ လေးချိုးလတ်၊ လေးချိုးကြီး ဆိုပြီး ကွဲပြားပါတယ်။ ‎
လေးချိုးငယ် - လေးဆစ်သဖြန်၊ လေးဆစ်ကွန်းထောက်၊ လေးဆစ်ကွန်းထောက်သဖြန် ရယ်လို့လည်း ခေါ်ကြပါတယ်။ ‎‎စာလုံးနည်းနည်း၊ စာသားတိုတို၊ အပိုဒ်နည်းနည်း ပဲရေးတာပါ။ ဒါကိုလည်း လေးဆစ်လို့ ခေါ်ပါတယ်။‎
လေးချိုးလတ် - လေးချိုး လို့ဘဲ သာမာန်ခေါ်ကြပါတယ်။‎
လေးချိုးကြီး - ကာလပေါ်လေးချိုးကြီး နဲ့ ရှေးရိုးလေးချိုးကြီး ဆိုပြီး နှစ်မျိုး ရှိပါတယ်။ တစ်ခါ ကာလပေါ်လေးချိုးကြီးမှာ ‎‎စာထောင့်လေးချိုးကြီး နဲ့ စာဖြောင့်လေးချိုးကြီး ဆိုပြီး ထပ်ခွဲထားပါတယ်။ အရမ်းအပိုဒ်ရေများပြီးစာလုံးလည်းများရင် ‎‎မဟာလေးချိုးကြီး လို့ခေါ်ပါတယ်။ သံချို ဟာလည်း ရှေးရိုးလေးချိုးကြီး ထဲမှာပဲ အကျုံးဝင်ပါတယ်။‎

‎(၃) အချိုးအားဖြင့်‎
လေးချိုးတပုဒ်မှာ အခံနှစ်ချိုး၊ အအုပ်နှစ်ချိုး စုစုပေါင်း လေးချိုးရှိပါတယ်။ တနည်းအားဖြင့် အပိုဒ်ကြီး လေးပိုဒ် ရှိပါတယ်။ ‎‎အဲဒီအပိုဒ်ကြီးတွေဆုံးတိုင်း ပုဒ်မ (။) ချထားရပါတယ်။‎

‎(၄) အပိုဒ်ရေအားဖြင့်‎
လေးဆစ် (လေးချိုးငယ်မှာ) အများအားဖြင့် အပိုဒ်ငယ် နှစ်ပိုဒ်ပဲ ထားလေ့ရှိပါတယ်။ သုံးလေးပိုဒ်လည်း ရေးလို့ ရပါတယ်။ ‎‎အဲဒီထက်ပိုသွားရင်တော့ လေးချိုးလတ် ဖြစ်သွားနိုင်ပါတယ်။‎
လေးချိုးလတ် မှာတော့ ပထမအချိုးမှာ လေးပိုဒ်ထက် မနည်းသင့်ပါဘူး။ ကျန်တဲ့အချိုးတွေမှာတော့ အနည်းဆုံး (၃)ပိုဒ် ‎ကနေ ‎‎(၇)ပိုဒ်လောက်အထိ ထားကြပါတယ်။‎
လေးချိုးကြီး တွေမှာတော့ မ ပိုဒ် (ပထမနဲ့ တတိယအချိုး) တွေမှာ အနည်းဆုံး (၃)ပိုဒ် ကနေ (၇)ပိုဒ်လောက် အထိ ‎ထားကြ ‎ပါတယ်။ အများအားဖြင့်တော့ (၄)ပိုဒ်၊ (၅)ပိုဒ် လောက် ထားကြတာများပါတယ်။ စုံ ပိုဒ် (ဒုတိယ နဲ့ စတုတ္ထအချိုး) ‎တွေမှာ ‎အနည်းဆုံး (၇)ပိုဒ် ကနေ အကန့်အသတ်မရှိ ပိုလို့ရပါတယ်။ ဒီနေရာမှာလည်း စတုတ္ထအချိုးမှာ အပိုဒ်ရေ ‎အများဆုံး ထားတယ် ‎လို့ ဆိုပါတယ်။‎

‎(၅) အက္ခရာ လုံးရေအားဖြင့်‎
လေးချိုးငယ် တွေကတော့ ဒွေးချိုးမှာ ထားတဲ့အတိုင်းပါဘဲ။‎
လေးချိုးလတ်တွေမှာ -‎
ပထမနဲ့ တတိယ အချိုးတွေရဲ့ အပိုဒ်တိုင်းမှာ (၆)လုံးထားပါတယ်။ ‎
‎ဒုတိယ အချိုး အစမှာ (၃) လုံး သို့မဟုတ် (၆)လုံး ထားပါတယ်။ အလယ်ပိုဒ်တွေမှာ (၆)လုံး ချည်းပဲ ပုံသေထားလေ့ရှိပြီး ‎‎အဆုံးသတ် (အချပိုဒ်)မှာ (၄) လုံးထားပါတယ်။‎
စတုတ္ထအချိုး အစမှာ (၃) လုံး သို့မဟုတ် (၄)လုံး ထားပါတယ်။ အလယ်ပိုဒ်တွေမှာ (၆)လုံး ချည်းပဲ ပုံသေထားလေ့ရှိပြီး ‎‎အဆုံးသတ် (အချပိုဒ်)မှာ (၄) လုံးထားပါတယ်။‎
လေးချိုးကြီးတွေမှာ -‎
အချိုးတိုင်းရဲ့အစပိုဒ် နဲ့ အဆုံးပိုဒ်တွေက လေးချိုးလတ် အတိုင်းပါပဲ။ ဒါပေမယ့် ဝမ်းတွင်းပိုဒ်တွေမှာ (၆)လုံးကနေ ‎အများဆုံး ‎‎(၁၆) လုံးလောက်အထိ ထားနိုင်ပါတယ်။ အဲဒီထက်ပိုရင်တော့ ရွတ်ဆိုလို့ မကောင်းသလို စည်းဝါးလည်း ‎မကိုက်တော့ဘူးလို့ ‎ဆိုထားပါတယ်။‎

‎(၆) အစပ်ကာရန်အားဖြင့်‎
အတက်ချိုး (တတိယအချိုး) ရဲ့ ဒုတိယနောက်ဆုံးအပိုဒ် (second last paragraph) ရဲ့ နောက်ထက်ဝက်ကာရန်၊ ‎‎အဆုံးသတ်ပိုဒ်ရဲ့ အဆုံးကာရန်၊ အခံချိုးနှစ်ချိုးရဲ့ အဆုံးကာရန်နှစ်ခု၊ ဒီ ကာရန်လေးချက် ညီရပါမယ်။ ပုံစံမှာ "*" ‎ပြထားတဲ့ ‎နေရာတွေပါ။ "ကာရန်ပြန်" လို့ခေါ်တဲ့နေရာပါ။ အရေးကြီးပါတယ်။ အဲဒီ ကာရန်လွတ်သွားရင် ‎လေးချိုးပျက်ပါတယ်။‎
အခံချိုး နှစ်ချိုး အချင်းချင်း၊ အအုပ်ချိုး နှစ်ချိုးအချင်းချင်း ရဲ့ အဆုံးကာရန် တူရပါမယ်။‎
ကျန်တဲ့ ကာရန်တွေ၊ တွန့်ပိုဒ်ထည့်ပုံတွေကတော့ ဒွေးချိုးအတိုင်းပါဘဲ။ ‎
‎ဒီကာရန်စပ်ပုံဟာ လေးချိုးအမျိုးအစား အားလုံးအတွက်အကျုံးဝင်ပါတယ်။‎

‎(၇) ဂရု၊ လဟု အားဖြင့်‎
အစပိုင်း ဥပဒေအနှစ်ချုပ်မှာ ရေးထားတဲ့အတိုင်းပဲဖြစ်ပါတယ်။ လေးချိုးအမျိုးအစား အားလုံးအတွက်ပါ။‎

‎(၈) အပြစ်ဒေါသအားဖြင့် ‎
‎ဝဂ်နင်း နဲ့ ခွါထောက် အပြစ်တွေက ကင်းလွတ်ရပါမယ်။‎

စည်းကမ်းတွေကိုသိပြီးပြီဖြစ်တဲ့အတွက် အခု လေးချိုး အမျိုးအစားအမျိုးမျိုးကို စကြည့်ပါမယ်။ လေးချိုးငယ်တွေကို ‎စကြည့်ကြရအောင် ...

လေးချိုးငယ်
‎နမူနာအနေနဲ့ အောက်က လေးချိုးရေးနည်း ဥပဒေသလေးဆစ်ကို ကြည့်ပါ။‎

လေးချိုး၊‎
ရေးပျိုးလို့ ပြမည်။‎

ချိုးလေးလီ စပ်ကာပျိုး၊‎
လေးချိုးခေါ်သည်။‎

ရှေ့နည်းမှီ၊‎
တူပြီပ စပ်ထုံး။‎

လေးချိုးငယ် ရေးကာခြစ်၊‎
လေးဆစ်မှတ်အုံး။‎

‎ဒါကို အသေးစိတ်ကြည့်ရင် ...‎



အရောင်တူ နဲ့ ပြထားတဲ့ နေရာတွေ ကို ကာရန်တူ စပ်ရပါမယ်။‎

နမူနာ လေးချိုးကလေးတွေကို ထပ်ရေးပြထားပါတယ်။ လေ့လာကြည့်ပါ။‎

‎မောင်မယ်စုံ လေးဆစ်
ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်။‎
ပျိုတို့လူ ယာမလုပ်တယ်၊‎
‎ဝါးခုတ်တဲ့တောင်။‎
နွားညီနောင်၊‎
စည်အောင်ပ ဖေကျောင်း။‎
မောင်နှင့်မယ် တူယှဉ်တွဲကာမှ၊‎
‎ယူငင်ကာ ခြူဆင်ဆွဲလို့ရယ်၊‎
လှည်းယာဉ်နဲ့မောင်း။ ။‎

‎ဘုရားငါးဆူ ပဟေဠိ လေးဆစ်
စပယ်တဲ့လေးရုံ။‎
မလေးကွယ် မပန်ခိုက်၊‎
ပန်းပြတ်ခိုက် ကြုံ။‎
အပွင့်ရယ် ကုန်၊‎
တငုံကျန်ပါသေး။‎
ပန်ချင်သူ ညိုနွဲ့နှောင်းရယ်၊‎
ခေါင်းဖြီးခဲ့လေး။ ။‎

‎ဓမ္မနီတိ လေးချိုး
မေထုန်မှီ အိပ်စားလို့၊‎
ယောက်ျားတဲ့ နွားမှာ။‎
ပြည့်အစုံ ကုံလုံရှိပါ၏၊‎
သိပညာ တတ်တပါး၊‎
နွားထက်ပိုတာ။‎
တတ်ပညာ၊‎
ချို့ရှာချေက။‎
လူမိုက်ခေါင် ထိုယောက်ျားကို၊‎
နွားဟုဆိုရ။ ။‎
‎(လေးချိုးဆိုတာ ပင်မအမျိုးအစားအနေနဲ့ပါ။ အပိုဒ်ရေနည်းတဲ့အတွက် လေးဆစ်လို့ပဲ သတ်မှတ်ရပါမယ်။)‎

ဖိုးသူတော်ဦးမင်း ရေး - တန်ခူးလဖွဲ့ လေးဆစ်
ဟောင်းရွက်ညှာ ခါလှစ်လို့၊‎
တာသစ်ကယ်တဲ့ နံ့ကြိုင်။‎
သုတ်ဖြူးလေဆော်က၊‎
ပန်းကံ့ကော် ဝတ်မှုန်ကျင်းတယ်၊‎
သင်းပျံ့လို့လှိုင်။‎
ကြယ်နှစ်ပြိုင်၊‎
သွယ်ဆိုင်ပဝင်း။‎
စိတြငယ်နှင့်၊‎
ငွေလသော်တာတို့၊‎
‎ယုဂန်ချာ တောင်တော်စွန်းက၊‎
ထွန်းထိန်လို့လင်း။ ။‎

လေးချိုးငယ် ပြီးတော့ လေးချိုးလတ်တွေကို နောက်ပို့စ်မှာ ဆက်လက်ဖော်ပြပါမယ် ...

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...‎
ဟယ်ရီ
‎
‎

Read More...

Wednesday, 22 April 2009

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁၂)

‎မရေးဖြစ်တာကြာပြီဖြစ်တဲ့ မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား ဆိုတဲ့မြန်မာကဗျာအကြောင်း တွေကို ဆက်ရေးလိုက်ပါတယ်။

‎တြိချိုး‎‎‎
တြိချိုးကတော့ ဒွေးချိုးရဲ့ အချိုးနှစ်ချိုးအပေါ်မှာ အတက်ချိုး တစ်ချိုး ထပ်ထည့်လိုက်ပြီး အတက်ချိုးရဲ့ အဆုံးနှစ်ပိုဒ်နဲ့ ‎အခံချိုး ‎‎(ဒုတိယအချိုး) ရဲ့ အစနှစ်ပိုဒ်ကို ကာရန်တူ စပ်လိုက်တာပါဘဲ။ တြိချိုးရေးနည်း ဥပဒေသအနှစ်ချုပ်ကတော့ ...‎

‎
၁။ အတက်ချိုး၊ အခံချိုး၊ အအုပ်ချိုး ဆိုပြီး အချိုး သုံးချိုး (အပိုဒ်ကြီးသုံးပိုဒ်) ထားရပါမယ်။‎
‎၂။ အတက်ချိုးရဲ့ အစပိုဒ် ကို အက္ခရာ သုံးလုံး အထားများပါတယ်။ ခြောက်လုံးအထိထားလို့ရပါတယ်။ အဲဒီထက်မပိုရပါ။ ‎အစပိုဒ် ‎ကာရန်ကို ဂရုသံနဲ့ချီပါ။ အဆုံးပိုဒ်ကို ဂရုသံနဲ့ပဲချပါ (အဆုံးသတ်ပါ)။ အဆုံးပိုဒ်မှာ အက္ခရာ ‎လေးလုံးဘဲထားလေ့ရှိပါတယ်။‎
‎၃။ အချီချိုးရဲ့ ပထမဆုံးအပိုဒ်ရဲ့ အဆုံးကာရန်နဲ့၊ ဒုတိယပိုဒ်ရဲ့ ရှေ့ထက်ဝက် ကာရန် ဟာ အတက်ချိုးရဲ့ ‎အဆုံးသတ်နှစ်ပိုဒ်က ‎ကာရန်နဲ့ အညီ စပ်ရပါမယ်။ အစပိုဒ် ကာရန်ကို ဂရုသံနဲ့ချီပါ။ အဆုံးပိုဒ်ကို လဟုသံနဲ့ချပါ ‎‎(အဆုံးသတ်ပါ)။ အဆုံးပိုဒ်မှာ အက္ခရာ ‎ငါးလုံး ထားလေ့ရှိပါတယ်။ ဒီအပိုဒ်ဟာ ဒွေးချိုး စပ်တဲ့နည်းနဲ့ အတူတူပါဘဲ။ ဒီ ‎အချိုးကို အများအားဖြင့် ‎နှစ်ပိုဒ်ဘဲရေးလေ့ရှိပါတယ်။‎
‎၄။ အချချိုးရဲ့ ပထမဆုံးအပိုဒ် ကို အက္ခရာ သုံးလုံးကနေ ခြောက်လုံးအထိထားနိုင်ပါတယ်။ ဂရု၊ လဟု ကြိုက်ရာအသံ နဲ့ ‎‎စနိုင်ပါတယ်။ အဆုံးပိုဒ်ကို လဟုသံနဲ့ချပါ (အဆုံးသတ်ပါ)။ အဆုံးပိုဒ်မှာ အက္ခရာ လေးလုံး ပဲထားလေ့ရှိပါတယ်။ ‎‎ဒီအပိုဒ်ဟာ ‎ဒွေးချိုး စပ်တဲ့နည်းနဲ့ အတူတူပါဘဲ။‎
‎၅။ ဝမ်းတွင်းပိုဒ် (အတွင်းက အပိုဒ်ငယ်) တွေကိုတော့ အက္ခရာ ငါးလုံး၊ ခြောက်လုံးသာထားရပါမယ်။ ဂရု၊ လဟု ‎တလှည့်စီ ‎ကာရန်ယူရပါမယ်။‎
‎၆။ အပိုဒ်ငယ်တွေကို တဝက်စီခွဲပြီး ပထမတဝက်ဟာ ရှေ့အပိုဒ်နဲ့ ကာရန်တူရပါမယ်။‎
‎၇။ အချီချိုး၊ အချချိုး နှစ်ချိုးစလုံးကို "လဟု" သံနဲ့ပဲ အမြဲ ချရပါမယ်။ နောက်ဆုံး အဆုံးသတ် ကာရန်နှစ်ခု ညီရပါမယ်။‎
‎၈။ အချီချိုးအဆုံး နဲ့ အချချိုး အစပိုဒ်ဟာ ကာရန်ညီဖို့ မလိုပါ။‎

ပုံစံကတော့

‎- - + ၊(ဂရု) (သုံးလုံးနဲ့ ပြထားတာပါ။ ခြောက်လုံးအထိရေးလို့ရပါတယ်)‎
‎- - + - - ×၊ ‎
‎- - - ×။ (ဂရု) (လေးလုံး ချလေ့ရှိပါတယ်) (သုံးပိုဒ်ကနေ လေးပိုဒ်အထိ ရေးလေ့ရှိပါတယ်)‎

‎- - - ×၊ (ဂရု)‎
‎- - × - '*'။ (လဟု) (ဒီအချိုးမှာ နှစ်ပိုဒ်ပဲထားလေ့ရှိပါတယ်။ ငါးလုံးချပါ)‎

‎- - + ၊ (ဂရု၊ လဟု ကြိုက်ရာချီ)‎
‎- - + - - #‎
‎- # - '*'။ (လဟု) (လေးလုံး ချလေ့ရှိပါတယ်)‎

‎ဝိဘာဂ အစိတ်အပိုင်း (၈)မျိုးနဲ့အသေးစိတ်ကြည့်မယ်ဆိုရင် ...‎
‎‎‎(၁) အမည်အားဖြင့်‎
တြိ = သုံးခု၊ ချိုး = အဆစ်အပိုင်း‎
တြိချိုး = အချိုးအပိုင်းသုံးခုဖြင့် စီကုံးထားသော ကဗျာ
တြိချိုးကို သုံးဆစ်ချိုး (သို့မဟုတ်) သဖြန်၊ ကွန်းထောက် ရယ်လို့ လည်း ခေါ်ကြပါတယ်။‎
‎(၂) အမျိုးအပြားအားဖြင့်‎
အမျိုးအစား အနေနဲ့ အစားစားမရှိပါ။ အချိုးမှာပါတဲ့ အပိုဒ်အရေအတွက် အနည်းငယ်ကွာလို့ တြိချိုး အကြီး အငယ် ‎အနေနဲ့သာ ‎နည်းနည်း ကွာခြားတာပဲရှိပါတယ်။‎
‎(၃) အချိုးအားဖြင့်‎
တြိချိုးတပုဒ်မှာ အတက်တချိုး၊ အခံတချိုး၊ အအုပ်တချိုး စုစုပေါင်း သုံးချိုးရှိပါတယ်။ ပထမအပိုဒ်ကြီး၊ ဒုတိယ အပိုဒ်ကြီး ‎နဲ့ ‎တတိယ အပိုဒ်ကြီး စုစုပေါင်းသုံးပိုဒ်ဖြစ်ပါတယ်။ အဲဒီအပိုဒ်ကြီးတွေဆုံးတိုင်း ပုဒ်မ (။) ချထားရပါတယ်။‎
‎(၄) အပိုဒ်ရေအားဖြင့်
‎ဒုတိယအချိုး (အခံချိုး) မှာ အများအားဖြင့် အပိုဒ်ငယ် နှစ်ပိုဒ်သာ ထားလေ့ရှိပါတယ်။ ကျန်အချိုးနှစ်ချိုး ကတော့ ‎ဒွေးချိုးမှာ ‎ထားတဲ့ အတိုင်း အပိုဒ်ငယ် ၂ပိုဒ်မှ ၅ပိုဒ်အထိထားနိုင်ပါတယ်။ ပါဒ ခေါ်တဲ့ အပိုဒ်ငယ်လေးတွေပါ။ ဒီ ‎အပိုဒ်လေးတွေ ဆုံးတိုင်း ‎ပုဒ်ဖြတ် (၊) ဖြတ်ထားရပါတယ်။‎
‎(၅) အက္ခရာ လုံးရေအားဖြင့်‎
အခံချိုး (ဒုတိယအချိုး) ရဲ့ ဒုတိယအပိုဒ်ငယ် (အဆုံးသတ်ပိုဒ်) မှာ အက္ခရာ ငါးလုံးထားလေ့ရှိပါတယ်။‎
ကျန်တဲ့အချိုးတွေကတော့ ဒွေးချိုးမှာ ထားတဲ့အတိုင်းပါဘဲ။‎
‎(၆) အစပ်ကာရန်အားဖြင့်‎
အတက်ချိုးရဲ့ ဒုတိယနောက်ဆုံးအပိုဒ် (second last) ရဲ့ နောက်ထက်ဝက်ကာရန်၊ အဆုံးသတ်ပိုဒ်ရဲ့ အဆုံးကာရန်၊ ‎အခံချိုး ‎ပထမအပိုဒ်ငယ်ရဲ့ အဆုံးကာရန်၊ ဒုတိယပိုဒ်ရဲ့ ရှေ့တ၀က်ကာရန်။ ဒီ ကာရန်လေးချက် ညီရပါမယ်။ ပုံစံမှာ '×' ‎‎ပြထားတဲ့နေရာတွေပါ။‎
အခံချိုး (ဒုတိယအချိုး) နဲ့ အအုပ်ချိုး (တတိယအချိုး) ရဲ့ အဆုံးကာရန် တူရပါမယ်။‎
ကျန်တဲ့ ကာရန်တွေ၊ တွန့်ပိုဒ်ထည့်ပုံတွေကတော့ ဒွေးချိုးအတိုင်းပါဘဲ။‎
နောက်ပိုင်းမှာ တြိချိုးနမူနာတွေကို ပြတဲ့အခါမှာလည်း ထပ်ကြည့်ပါ။‎
‎(၇) ဂရု၊ လဟု အားဖြင့်‎
အတက်ချိုးကာရန်ကို ဂရုကာရန် နဲ့သာအမြဲစရပါမယ်။ (လဟု ကာရန်နဲ့ စတဲ့ တြိချိုးတွေလည်း ရှိပေမယ့် ဒီလိုစတာဟာ ‎‎သိပ်မကောင်းဘူးလို့ ပညာရှင်များက ပြောတဲ့အတွက် ဂရုကာရန် နဲ့သာ စသင့်ပါတယ်။) ဂရုကာရန် နဲ့ပဲ အမြဲ ‎‎အဆုံးသတ်ရပါမယ်။‎
အခံချိုးကို ဂရုကာရန် နဲ့သာအမြဲချီပြီး လဟုကာရန်နဲ့သာ အမြဲဆုံးရပါမယ်။‎
အအုပ်ချိုးကို ဂရု၊ လဟု ကြိုက်တာနဲ့ ချီနိုင်ပါတယ်။ လဟုကာရန်နဲ့သာ အမြဲဆုံးရပါမယ်။‎
အပိုဒ်ငယ်တပိုဒ်အတွင်းမှာ ပထမတဝက် နဲ့ ဒုတိယတဝက် ကာရန်တွေဟာ ဂရု နဲ့ လဟု တလှည့်စီ ဖြစ်ရပါမယ်။‎
အခံချိုးနဲ့အအုပ်ချိုးတွေရဲ့အဆုံးသတ် ကာရန်ဟာ လဟုကာရန် နဲ့သာ အမြဲချရမှာဖြစ်ပါတယ်။ ဂရုကာရန် လုံးဝ ‎မထားရပါ။‎
‎(၈) အပြစ်ဒေါသအားဖြင့် ‎
‎ဝဂ်နင်း နဲ့ ခွါထောက် အပြစ်တွေက ကင်းလွတ်ရပါမယ်‎
အောက်က နမူနာ တြိချိုးကို ကြည့်ပါ။‎

ကူးဆင့်-ကာ၊‎
ထူးသင့်ရာ-ရေးရိုးမြွက် (မယ်ပ)၊‎
ဒွေးချိုးထက်-တချိုးကျယ်၊‎
တြိချိုးခေါ်တယ်။‎

ခံချိုး-ဝယ်၊‎
ပိုဒ်ငယ်က-နှစ်ဘဲ။‎

‎ကြွင်းသေသာ၊‎
ဒွေးချိုး-နမူနာ (သို့)၊‎
တူမကွာ-ပုံစံနစ် (ကို)၊‎
အားသစ်လို့ခဲ။‎

‎ဒါကို အသေးစိတ်ကြည့်ရင် ...‎


တဝက်စီခွဲထားတဲ့နေရာမှာ တုံးတို (-) လေးတွေနဲ့ဖြတ်ပြထားပါတယ်။ ပဒါလင်္ကာရ တွေကို () ထဲမှာ ပြထားပါတယ်။ ‎‎‎ဒီစာလုံး တွေကို အလုံးရေ ရေတွက်တဲ့အခါ ထည့်ပြီး မရေတွက်ရပါဘူး။ အပေါ်က ပုံစံမှာ (_) ပြထားတာတွေက ‎‎တွန့်ပိုဒ်ပါ။ တွန့်ပိုဒ်ကို ကာရန်ယူရင် တပိုဒ်လုံး နဘေထပ်ယူရင်ယူ၊ မယူရင် ဒုတိယတဝက်မှာ အပေါ်ပိုဒ်ရဲ့ ကာရန်ကို ‎‎ထပ်ပြီးယူပါတယ်။ စာလုံးနက်နဲ့ ပြထားတဲ့ နေရာတွေ ကို ကာရန်တူ စပ်ရပါမယ်။‎

နမူနာ တြိချိုးကလေးတွေကို ထပ်ရေးပြထားပါတယ်။ လေ့လာကြည့်ပါ။‎

ကြာခြည်ရန်၊‎
နာရီပြန် ဗဟိုငြိတ်ပါပေါ့၊‎
မှေးမှိတ်လို့ စက်ပါသော်၊‎
ရေးမျှမပျော်။‎

လာနိုးရယ်မျှော်၊‎
ကြာမော်မြင့် ဆောင်ထီး။‎

ရွှေဘောတော် တဉာဏ်ပွေလို့၊‎
မလာနေ တာရှေလှတာကြောင့်၊‎
တွေးရခက်ကြီး။ ။‎
‎(အနောက်နန်းမတော် မမြကလေး ရေး - မောင်ဖွဲ့ တြိချိုး)‎

ကြက်ညီနောင် ရေ၀ယ်မျော စေတော့၊‎
မြကြော မင်းဝံရွှေတောင်၊‎
လဲတော့မရှောင်။‎

အာကာဘောင်၊‎
ကြယ်ပြောင်ကွဲ့ မြေလူး။‎

ပြည်ဇေယျာ၊‎
လေလာလျှင် မြေပါရွေ့စေတော့၊‎
ခင်လေ့ကို မောင်မမုန်းတယ်၊‎
သုံးဘ၀ကူး။ ။‎
‎(ဦးပုည ရေး - သစ္စာတိုင် တြိချိုး)‎

အတက်ချိုးကို လဟုနဲ့ချီခဲ့တဲ့ လူတိုင်းကြားဖူးပြီးသား တြိချိုးကလေးတွေကို ကြည့်ပါ။‎

ရွှေလမှာ ယုန်ဝပ်လို့၊‎
ဆန်ဖွပ်သည့် အဘိုးအို၊‎
ဟော ကြည့်ပါဆို။‎

ဆိုသာဆို၊‎
ပိုမိုသည့်စကား။‎

ကလေးအငိုတိတ်အောင်၊‎
အရိပ်အယောင်ပြတယ်၊‎
ဖိုးလနတ်သား။ ။‎
‎(သားချော့ တြိချိုး)‎

ပျိုလေးတို့ အိမ်ဦး၊‎
ဆတ်သွားဖူးတဲ့ တရုံနှစ်ရုံ၊‎
ကျေးတွေက အုံ။‎

မအုံပါနှင့် ကိုရွှေကျေး။‎

ပျိုတို့မောင် ရှင်လိင်ပြန်တော့၊‎
နားပန်ဖို့လေး။ ။‎
‎(ပန်းဖွဲ့ တြိချိုး)‎

‎ဒီ တြိချိုးတွေမှာ ဝပ်၊ ဖွပ်၊ ဦး၊ ဖူး ဆိုပြီး အတက်ချိုးတွေကို လဟုကာရန်နဲ့ ချီထားပါတယ်။ ဒါပေမယ့် ဒါမျိုးကို ‎အနည်းငယ်ပဲ ‎ရေးကြတာတွေ့လို့ ပညာရှင်တွေက မနှစ်သက်ကြဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဒုတိယ ပန်းဖွဲ့တြိချိုးမှာလို ‎အခံချိုး ‎‎(ဒုတိယအချိုး) ကို တပိုဒ်ပဲထားပြီး စပ်လို့ရတယ် ဆိုတာ ကိုလဲ မှတ်သားသင့်ပါတယ်။‎
အောက်မှာပြထားတဲ့ တောရွာဖွဲ့ တြိချိုးကတော့ အအုပ်ချိုး (တတိယအချိုး) ကို 'ပြု' ဆိုပြီး လဟုကာရန် နဲ့ စ ထားတာကို ‎‎နမူနာပြလိုက်ပါတယ်။ ဒီအချိုးကိုတော့ ဂရု၊ လဟု ကြိုက်ရာနဲ့ စလို့ ရတာမို့ အပြစ် မဖြစ်ပါဘူး။ နမူနာပုံစံအနေနဲ့ ‎‎တင်ပြလိုက်တာပါ။‎

ရွှေပဟိုရ် စည်သံများကိုတဲ့၊‎
မကြားရ ကြာလေပြီ၊‎
လေးလရာသီ။‎

တိုင်းဌာနီ၊‎
မဟုတ်ကယ် ပါပြီလို့။‎

ကြက်သံကို ပဟိုရ်ပြုရတယ်၊‎
တောသူ့ရွာမို့။ ။‎
‎(တောရွာဖွဲ့ တြိချိုး)‎

‎ဒီ တြိချိုးတွေရဲ့ ရေးသူအမည်ကို မသိရပါဘူး။‎

တြိချိုးသဖြန်ကတော့ တြိချိုးကိုပဲ သဖြန်ရဲ့ လက္ခဏာတွေနဲ့ ညီညွတ်အောင် ရေးလိုက်တာပါဘဲ။ သဖြန်အကြောင်းကတော့ ‎‎ဒွေးချိုးအကြောင်း ရေးတုန်းက ရေးခဲ့တဲ့ 'သဖြန်' ခေါင်းစဉ်အောက်မှာ ပြန်ကြည့်ပါ။ တြိချိုးသဖြန် နမူနာကိုလည်း ‎အောက်မှာ ‎ရေးပြထားပါတယ်။‎

သားရွှေစင် လူကလေးတို့နှင့်၊‎
အမေလေးပါ မောင့်ဖခင်၊‎
တိုင်းပြည်ကနှင်။‎

မဆင်ခြင်၊‎
ဗေဒင်ထွက် စကား။‎

ပုဏ္ဏား ဆရာဆိုနှင့်၊‎
ဦးညိုကို ဗေဒင်ဆေး တယ်ရှင်၊‎
‎(အမယ်မင်း) မေးချက်ကခြား။ ။‎
‎(သီပေါမင်းတြားလက်ထက် မုံရွာဆရာခ ရေး - တြိချိုးသဖြန်)‎

ဒွေးချိုးမှာ ဒွေးချိုးငိုချင်း၊ ဒွေးချိုးကြီးတွေရှိသလို တြိချိုးမှာလဲ ရှိပါတယ်။ ဥပဒေသကတော့ ဒွေးချိုးကြီး လိုပဲ အပိုဒ်ရေ၊ ‎‎အလုံးရေများများရေးရတာပဲ ကွာပါတယ်။ တြိချိုးငိုချင်း နမူနာကို အောက်မှာကြည့်ပါ။‎

ဆဲ့တဆောင်၊‎
နေမီးလောင် ကမ္ဘာပျက်သလိုပ၊‎
ရသာရုံ ဘုံကိုမက်သော်ကြောင့်၊‎
ရတက်ကလေး မယ်မငြိမ်၊‎
သောကပွေလိမ်။‎

သံသရာ ရှည်သည့်စက် ကယ်က၊‎
မထွက်နိုင် ကြာရင်နစ် မည်ပ၊‎
စိတ်ညစ်လှ ရွှေတသိန်၊‎
‎(အို ...) ပူရှိန်က မဆုံး။‎

ခက်လိုက်တာ၊‎
လှေကြီး ရွှေနာဝါသို့၊‎
‎ရွက်မပါ ခန္ဓာလဲရချည့်၊‎
ကာမဂုဏ် ရေစုန်ဝဲမှာရှင်၊‎
‎(အမယ်မင်း) တွဲဆယ်ကြအုံး။ ။‎
‎(သီပေါမင်းတြားလက်ထက် ပြည်မြို့ဆရာညွန့် ရေး - တြိချိုးငိုချင်း)‎

‎ဒီတြိချိုးမှာတော့ ဒုတိယအချိုးမှာ အချီကာရန်ဟာ သီချင်းကြီးဖြစ်တာကြောင့် အပိုဒ်ငယ် ၃ပိုဒ်မြောက်ကို ရောက်မှ ‎‎စတွေ့ရပါတယ်။‎
‎ဒီလောက်ဆိုရင်တော့ တြိချိုးကို နားလည်လောက်ပါပြီ။ လေးချိုးအကြောင်းကို ဆက်ချင်ပါတယ်။ ‎


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...‎
ဟယ်ရီ

Read More...

Friday, 17 April 2009

ပန်းကြွေလမ်းပဲလျှောက်ရအောင်

‎‎ပန်းကြွေလမ်း ... တဲ့
ကျနော် ကဗျာသိပ်မရေးနိုင်တာ ကြာပါပြီ။ သင်္ကြန်တက်ခါနီး ဘလော့ဂ်တွေ လျှောက်လည်ရင်း မမေ (မမေဓါဝီ) ဘလော့ဂ် ကို ရောက်တော့ ဒီ ကဗျာလေးတွေ့မိပါတယ်။

ပန်းကြွေလမ်း
‎***‎
မလျှောက်စမ်းပါနဲ့
ပိတောက်ပန်းကြွေ မြေခ-လမ်းကိုမှ
လှမ်းလိုလှချင်သူရယ် … ။

ပန်းသခင် …‎
နန်းဝင် ဤပန်းဟာဖြင့်
အတာချိန် ဂိမှာန်လမှာမှ
ထိန်လျံပ ရှာရလေတယ်
သာစွပေ နွေရက်များ … ။

လေနတ်သား …‎
မရပ်မနား သူလာပြန်တော့
ညှာတံမှာ ဗျာဟန်ယိမ်းကာ
ပွင့်ချပ်ဝါ လေလာလွင့်ကို
နင်းရက်ဝံ့လား … ။ … ။

အဲဒီကဗျာလေးကိုဖတ်ပြီး ပြန်ရေးချင်တဲ့ ခံစားချက်လေးတခု ပေါ်လာတာနဲ့ တြိချိုးလေးပဲ ပြန်ရေးလိုက်မိရင်းနဲ့ နှစ်ဟောင်းကို နှုတ်ဆက်ရင်း နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။ အိပ်ပျော်နေတဲ့ ကျနော့်ကဗျာဝိညာဉ်ကို ပြန်နှိုးပေးခဲ့တဲ့ ပန်းကြွေလမ်းဆိုတဲ့ ကဗျာလေးနဲ့ ဒီကဗျာလေးရဲ့ ပိုင်ရှင် မမေ ကိုလည်း ကျေးဇူးအထူးပါခင်ဗျာ ...

‎ပန်းကြွေလမ်းပဲလျှောက်ရအောင်

လျှောက်ပါရစေ၊
တယောက်နှမမေ ဝေဒနာရနေလား၊
ပိတောက်အလှတွေ ကြွေကာကျလာတော့၊
ဝေဖြာလှပါတဲ့ သည်လမ်းကို၊
လှမ်းလိုလို့လေ။

ပန်းပိတောက်သခင်၊
နွမ်းခြောက်ရင်တောင် သင်းပျံ့ကြိုင်ပါလို့၊
လှမ်းလျှောက်ချင်အောင် မင်းရနံ့လှိုင်နေရဲ့၊
ရှင်းသန့်မြိုင် သင်္ကြန်အတာပွဲမှာ၊
မပန်သာဘဲ ကြွေလည်းလေ၊
မြေထဲမှာပင်မွှေး။

လေအဝင့်မှာ၊
ကြွေလွင့်ကာကျနေဆဲ၊
မြရည်ထဲ အဝါဆင်တဲ့၊
အတာသဘင်ရဲ့ ပိတောက်ပန်းကို၊
ကညာခင်နွဲ့ တယောက်မနမ်းသာပေမယ့်၊
လျှောက်စမ်းပါ လက်တွေတွဲကာပေါ့၊
မျက်ရည်လည်း မဝဲပါနဲ့မေရယ်၊
အသည်းမာ တမင်နင်းတာမဟုတ်ပါဘူး၊
ရင်တွင်းမှာ ပိတောက်ဝေဆဲပါပဲ၊
ကြွေလည်းလေ ရနံ့သင်းနဲ့၊
ဖြန့်ခင်းရာ ပိတောက်လမ်းကို၊
လျှောက်လှမ်းစို့လေး။ ။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ ...
နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ ...

ဟယ်ရီ

Read More...