Wednesday, 1 February 2012

ခင်ခင့်ကိုပြောချင်သော ပုံပြင်များ (၃) - စောင်းညှို့သံချီ လင်္ကာစီ၍ (၃)

ခင်ခင့်ကိုပြောချင်သော ပုံပြင်များ - ၃
စောင်းညှို့သံချီ လင်္ကာစီ၍ (၃)


မိတ်ဆွေကြီး မြို့သားကိုရင်ရော ... မမေ (မေဓာဝီ) ကရော မြှောက်ပေးထားကြလို့ ကိုယ်လည်း ဒီစောင်းချင်းလင်္ကာ တွေကို လေးလုံးစပ်နဲ့ ပြန်ရေးကြည့်လိုက်တယ် ခင်ခင်ရေ ... ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စကားလုံးတွေကိုပဲ အခြေခံပြီး ရေးလိုက်တာပါ ... ဖတ်ကြည့်ပါဦး ... မကောင်းရင်တော့ ကိုယ့်အပြစ်ပါ ... ကြိုက်ရင်တော့ ဆရာကြီးကိုပဲ ကန်တော့လိုက်ပါကွယ် ...

(၁) စောင်းညှိသီချင်း
စောင်းခြင်းတံတျာ၊ တေးဂါထာကား၊
ဗုဒ္ဓာကျေးဇူး၊ ဂုဏ်အထူးကို၊
ချီးကျူးစွဲမှီ၊ ဖြစ်တည်ကုန်၏။
ဓမ္မာကျေးဇူး၊ ဂုဏ်အထူးကို၊
ချီးကျူးစွဲမှီ၊ ဖြစ်တည်ကုန်၏။
သံဃာကျေးဇူး၊ ဂုဏ်အထူးကို၊
ချီးကျူးစွဲမှီ၊ ဖြစ်တည်ကုန်၏။
ရဟန္တာကျေးဇူး၊ ဂုဏ်အထူးကို၊
ချီးကျူးစွဲမှီ၊ ဖြစ်တည်ကုန်၏။
ကာမကျေးဇူး၊ ဂုဏ်အထူးကို၊
ချီးကျူးစွဲမှီ၊ ဖြစ်တည်ကုန်၏။
ကိုးဂုဏ်သခင်၊ ဘုရားရှင်အား၊
ပဉ္စသီခ၊ မည်ရတွင်ခေါ်၊
တပည့်တော်က၊ ဂီတတံတျာ၊
တေးဂါထာဖြင့်၊ ချိုစွာရွှေနား၊
လျှောက်ကြားပါအံ့။

(၂) စောင်းသံ
သူရိယဝစ္ဆ၊ ချစ်နှမ ...
ဘဝဆုတောင်း၊ အကြောင်းကြောင်းကြောင့်၊
ကောင်းခြင်းငါးဖြာ၊ လက္ခဏာရှင်၊
ကညာနတ်မိ၊ လှဂုဏ်ငြိတွယ်၊
ငါ၏ချစ်ခြင်း၊ ပြင်းပြင်းကြွကြွ၊
ဖြစ်စေထသူ၊ သူရိယဝစ္ဆာ၊
နတ်ကညာမယ်၊ မှီကာဖွားမြင်၊
မွေးသန့်စင်သည့်၊ ဖခင် တိမ္ဗရူ၊
နတ်စစ်သူကြီး၊ ဖခမည်းကို၊
ရိုကျိုးဝန္ဒာ၊ ရှိခိုးပါ၏။ ။

(၃) စောင်းသံ
သူရိယဝစ္ဆ၊ ချစ်နှမ ...
ထကြွပူမီး၊ လွန်ဖိစီး၍၊
ချွေးဒီးဒီးကျ၊ ခံစားရသူ၊
များလူခပင်း၊ လေပြေညင်းကို၊
မယွင်းတောင့်တ၊ နှစ်သက်ကြပေ။
ရေငတ်မွတ်သူ၊ များလူအပေါင်း၊
မြလျောင်းရေစင်၊ သောက်သုံးချင်သို့။
ဖြူစင်အရိယာ၊ ရဟန္တာသည်၊
ဓမ္မာတရား၊ မွေ့ပျော်အားချင်၊
ခုံမင်တောင့်တ၊ နှစ်သက်ကြသလို၊
လျှံပြပြိုးပြက်၊ ဝင်းလက်လက်နှင့်၊
ထွက်သည့်ကိုယ်ရောင်၊ လှတန်ဆောင်ဖြင့်၊
လျှံပြောင်တင့်တယ်၊ လှသွေးကြွယ်သည့်၊
နတ်မယ်နှမ၊ ချစ်ပန်းလျကို၊
တမ်းတချစ်ခြင်း၊ ငါ့ရင်ခွင်းပြီ။ ။

(၄) စောင်းသံ
ရောဂါစွန်းငြိ၊ အနာရှိသူ၊
ဆေးကူပေးကာ၊ ရောဂါပျောက်တိမ်း၊
ငြိမ်းစေသလို ...
ဆာလောင်ပိုငြား၊ ငတ်မွတ်အားသူ၊
အစားအစာ၊ ပေးဝေပါက၊
ဆာလောင်မရှိ၊ ငြိမ်းစေဘိလို ...
အတိငြီးငြီး၊ တောက်လောင်မီးအား၊
ရေများဖြန်းက၊ ငြိမ်းစေရသလို ... ။
ချစ်ဆွေနှမ၊ နတ်မယ်လျ ...
ချစ်ရပေရှာ၊ မယ့်မောင်ငါ၏၊
ချစ်စွာအလှ၊ ကျုပ်နှမကြောင့်၊
ဒုက္ခဆူသီး၊ အပူကြီးကို၊
ကူပြီးဖျောက်ရန် ...
မြန်မြန်အသော့၊ ငြိမ်းစေလော့။

(၅) စောင်းသံ
အပူလွန်မင်း၊ နှိပ်စက်ခြင်းကြောင့်၊
ခံပြင်းတောက်လောင်၊ ထိုဆင်ပြောင်သည်၊
ဆောင်ယောင်သာယာ၊ ရေကြည်ဖြာသည့်၊
ရွှေကြာပဒုံ၊ ပန်းဝတ်မှုံနှင့်၊
ပြည့်စုံချမ်းမြ၊ ဧမြကြည်လင်၊
သွင်သွင်ရေဖြာ၊ ရေကန်သာသို့၊
ဆင်းကာသက်မှ၊ ဧကြည်လှစွာ၊
ချမ်းသာရသည့်၊ ဖြစ်ကြောင်းရှိသလို၊
ထိုနှင့်တမူ၊ ထပ်တူထပ်မျှ၊
နှမချစ်ဆွေ၊ နတ်မယ်မေ၏၊
ရွှေရင်ရတနာ၊ ပန်းနှစ်မြွာကြား၊
ကစားမွေ့ချင်၊ သက်ဝင်အာရုံ၊
ရင်ငွေ့လှုံမှ၊ သုခချမ်းသာ၊
စိတ်လန်းဖြာမည် ...
ဖြစ်ရာအကြောင်းရင်းတကား။

(၆) စောင်းသံ
ချစ်ဆွေနှမ၊ နတ်မယ်လျ ...
မုန်ထ, ယစ်လျင်၊ ချိတ်ငင်ဆွဲကြောင်း၊
သံချွန်းတောင်းဖြင့်၊ ကောင်းစွာငင်နှိပ်၊
မချိတ်နိုင်အောင်၊ ဆင်ပြောင်တို့အား၊
လွန်ကြီးမား၏၊ နားရင်းထိုးစူး၊
ဒူးခြေလက်ထွင်း၊ ထိုခက်ရင်းကို၊
မယွင်းမချွတ်အောင်အပ်ပြီ။
ဤသို့တမုတ်၊ အဟုတ်ထစ်ထစ်၊
အမုန်ယစ်၍၊ တဆစ်သောအမှု၊
တခုသောအကြောင်း၊ မသိကောင်းသို့၊
ပမာတို့မူ၊ ထို့အတူစွာ၊
မယ့်မောင်ငါသည်၊ ရွှေညှာရွှေခိုင်၊
ရွှေစိုင် တမွတ်၊ ပွတ်မှချွတ်သို့၊
ချောမွတ်လှဟန်၊ ရွှေပေါင်တန်စုံ၊
ဂုဏ်လက္ခဏာ၊ ရှိရာရှိလှ၊
ချစ်နှမကို၊ ရာဂအမုန်၊
သုန်သုန် ယစ်မူး၊ အရူးကြီးသို့၊
မူးပြီးချွတ်ယွင်း၊ ဉာဏ်ရောင်ကင်းကွာ၊
ဘာဆိုဘာမှ၊ ထွေလာကြောင်းရင်း၊
သိစိတ်ကင်းပြီ၊
မဲ့လျဉ်းအသိ မရှိတော့။

(၇) စောင်းသံ
နတ်မေနှမ၊ ဝစ္ဆသ ...
ငါ့မှာအမြဲ၊ သင့်ကိုစွဲပြီ၊
မခွဲသက်သက်၊ စွဲမက်စိတ်ရှိ၊
ကော့ညိတ်အဖျား၊ သံချိတ်မျှားကို၊
မျိုမှားမိခဲ့၊ ရေငါးကဲ့သို့၊
တလှည့်လွတ်ရန်၊ ရုန်းခဲ့ပြန်လည်း၊
တဖန်အသစ်၊ ပြန်နစ်ခြင်းသာ၊
ခါခါကြိုးပမ်း၊ မစွမ်းနိုင်ရှာ၊
ပမာသို့မူ၊ ထို့အတူစွာ၊
မယ့်မောင်ငါ၏၊ ရင်မှာချစ်စိတ်၊
နှိပ်စက်ဖောက်ပြန်၊ မေ့ရန်ကြိုးကုတ်၊
အားထုတ်ခဲ့လည်း၊ ဆုတ်နစ် တဖန်၊
အမှန်ပြကတေ့၊ နဂိုလေ့လို၊
ပျော်မွေ့ဘဝ၊ ဖြစ်ပြန်ရဖို့၊
လုံ့လကြံ့ခိုင်၊ မစွမ်းနိုင်။ ။

(၈) စောင်းသံ
ပွတ်မှာတင်ချွတ်၊ တမွတ်ရွှေစိုင်၊
ရောင်ပြိုင်လှမော၊ ရွှေငှက်ပျောတုံးဟန်၊
ရွှေပေါင်တံရှင်၊ နတ်မယ်သွင်ပြေ၊
ချစ်ဆွေနှမ ... ။
မယ့်မောင်ငါ့ကို၊ ရွရွသက်ဖြိုး၊
ရွှေမုရိုးစည်၊ ပုံလည်မယွင်း၊
ရွှေလည်ပင်းကို၊ ချက်ခြင်းသိမ်းယှက်၊
ဖက်လှည့်ပါလော။
မထေ့တထေ့၊ သိမ်မွေ့မွေ့နှင့်၊
ရှုလေ့ရှိပေ၊ ချစ်ဆွေနှမ ... ။
မယ့်မောင်ငါ့ကို၊
ရွရွသက်ဖြိုး၊ ရွှေမုရိုးစည်၊
ပုံလည်မယွင်း၊ ရွှေလည်ပင်းကို၊
ချက်ခြင်းသိမ်းယှက်၊ ဖက်လှည့်ပါလော။
ကောင်းခြင်းငါးဖြာ၊ လက္ခဏာနှင့်၊
ပြည့်ရာနတ်မေ၊ ချစ်ဆွေနှမ ... ။
မယ့်မောင်ငါ့ကို၊ ရွရွဥဥ၊
နုနုအိစက်၊ ပေါင်ပေါ်ထက်ဖျား၊
ကိုယ်လုံးထား၍၊ ပိုက်ဖြားမကြွင်း၊
မောင့်လည်ပင်းကို ...
ညှင်းညှင်းသာသာ၊ ဖက်လှည့်ပါလော့။
မယ့်မောင်ငါသည်၊ ပြာဝေနုညှို့၊
ဤသို့ ဖက်ခြင်း၊ လှယမင်း၏၊
ချစ်တင်းပျူငှာ၊ ဖြာဖြာပိုက်ထွေး၊
မေတ္တာဖေးကြူ၊ ချော့မြှူယုယ၊
အနုသယမွန်၊ ချစ်ခြင်းနွံကို၊
အလွန်အလိုရှိအပ်ပြီ။ ။

(၉) စောင်းသံ
ညွန့်ဖျားကော့ကော့၊ ကြော့ရှင်းကောင်းစွာ၊
ဆံကေသာရှင်၊ ဝေဖြာမြမြ၊
လှပုံတင့်တယ်၊ မောင့်သက်လယ် ... ။
သင်နှမ၌၊ ချစ်ကြိုက်ရစွာ၊
မယ့်မောင်ငါ၏၊ ကာမဆန္ဒ၊
ချစ်ရသည့်စိတ်၊ မမှိတ်လားရာ၊
များစွာအပုံ၊ ရှိပါတုံလျက်၊
မတုန်မလှုပ်၊ ကျောက်ဆစ်ရုပ်သို့၊
ဖော်ထုတ်မမျှ၊ မယ့်မောင်ငါ့၌၊
နှမမေတ္တာ၊ နည်းလှပါသည်၊
သံဃာတော်မြတ်၊ ကင်းပြတ်တဏှာ၊
ရဟန္တာအား၊ သဒ္ဓါကြည်ဖြူ၊
ပေးလှူပါရ၊ မြတ်ဒါနသည်၊
မဆွအကျိုး ရှိသည်တည်း။ ။

(၁၀) စောင်းသံ
တကိုယ်လုံးချော၊ လှမျိုးရောဝေ၊
နတ်မေနှမ ...
မယ့်မောင်ငါ့မှာ၊ တာဒိသုမြတ်၊
ရှိအပ်ဂုဏ်အင်၊ ရဟန္တာရှင်၌၊
အကြင်ကောင်းမှု၊ ပြုခဲ့ပြုအပ်၊
ရှိလတ်ပေသည်၊ မသွေယခု၊
ထိုကောင်းမှု၏၊ ကုသိုလ်ကြောင့်ပေ၊
နှမမေနှင့်၊ မသွေအတည်၊
ရွှေလည်ဖက်နွှဲ၊ လက်တော်ဆွဲ၍၊
ခပဲရောယု၊ အကျိုးစုကို၊
ယခုခံစားရပါစေ။ ။

(၁၁) စောင်းသံ
တကိုယ်လုံးလှ၊ ဝစ္ဆသဟု၊
နာမခေါ်ပေ၊ ချစ်ဆွေနှမ ...
မယ့်မောင်ငါ့တွင်၊ ဤမြေပြင်၌၊
အကြင်ကောင်းမှု၊ ပြုခဲ့ပြုအပ်၊
ရှိလတ်ပေသည်၊ မသွေယခု၊
ထိုကောင်းမှု၏၊ အစုကုသိုလ်၊
မျှဝေလိုယူ၊ အတူတကွ၊
ချစ်နှမနှင့် ...
တူမျှခံစားရပါစေ။ ။

(၁၂) စောင်းသံ
သူရိယဝစ္ဆ၊ အမည်ရသည့်၊
နှမချစ်ဆွေ၊ အို နတ်မေ ...။
ရင့်ပေပညာ၊ မြတ်သာကီဝင်၊
ဈာန်လျင်သတိ၊ မြတ်ဖြစ်ရှိသား၊
မြတ်ဘုရားသည်၊ များစွာမြင့်ကြာ၊
သံသရာလုံး၊ နိဗ္ဗာန,မြေ၊
ရှာမှီးနေရင်း၊ ထွေထွေကျင်လည်၊
နေဝယ်ဘိသို့၊ ထို့အတူစွာ၊
မယ့်မောင်ငါသည်၊ ဝေဆာပွင့်မြ၊
အလှဆန်းကြယ်၊ နတ်မိမယ်ကို၊
ချစ်ဖွယ်အတွေ့၊ ရင်ငွေ့ပန်းမှုံ၊
လှုံရပါကြောင်း၊ နေ့ရက်ပေါင်းကြာ၊
အောက်မေ့ရှာကြံ၊ ခါခါဖန်တည်၊
ကျင်လည်သွားလာ၊ မြင့်ကြာလှပြီ။ ။

(၁၃) စောင်းသံ
အင်္ဂါငါးပါး၊ လက္ခဏာများနှင့်၊
မခြားပြည့်စုံ၊ ကုံလုံကြွယ်ဝ၊
ချစ်နှမ ...
ဗုဒ္ဓမြတ်စွာ၊ ဘဂဝါရှင်၊
သဗ္ဗညုတ၊ ဉာဏ်တော်ရသော်၊
နှစ်သက်တော်မူ၊ မျက်လှော်ပီတိ၊
ရွှန်းဖိထိသို့၊ အတိတူစွာ၊
မယ့်မောင်ငါသည်၊ မကွာနှမ၊
နတ်မယ်လျနှင့်၊ တူမျှရွှင်ပျော်၊
ပေါင်းဖော်ရမူ၊ အယူချစ်မက်၊
နှစ်သက်ရွှင်ဖိန်း၊ ရှိန်းရအံ့တကား။ ။

(၁၄) စောင်းသံ
သူရိယဝစ္ဆ၊ နာမဆန်းကြယ်၊
နတ်မိမယ် ...
အကယ်၍ငြား၊ ဘိုးသိကြားက၊
သနားချီးမြှင့်၊ စည်းစိမ်တင့်ရာ၊
ဝတိံသာနှင့်၊ နတ်ရွာနှစ်ထပ်၊
စည်းစိမ်မြတ်ကို၊ တပ်အပ်မသွေ၊
ပေးခဲ့ချေမူ၊ မယူလိုပါ၊
မယ့်မောင်ငါသည်၊ လျင်စွာတားမြစ်၊
ပယ်ရှားပစ်လိမ့်၊ သင်ချစ်နှမ၊
နတ်မယ်လျသာ၊ ငါ့မှာတပ်မက်၊
ရမ္မက်ယစ်ပိုး၊ ချစ်နှောင်ကြိုးသည်၊
ထုပ်ပိုးရစ်ပတ်၊ မပြတ်နိုင်ဘဲ၊
ခိုင်မြဲလေစွ ချစ်နှမ။ ။

(၁၅) စောင်းသံ
လောကွတ်ပျူငှာ၊ အရာရာ၌၊
လိမ္မာတတ်သိ၊ ဉာဏ်မြင်ရှိလှ၊
ချစ်နှမ ...
အဘနတ်မင်း၊ မယွင်းတူစွာ၊
လက္ခဏာနှင့်၊ ပြင်လျာပြည့်စုံ၊
ကုံလုံကြွယ်သီး၊ ရှုမငြီးသည့်၊
သမီးရတနာ၊ ဖြစ်ပါချေ၏။
မသွေမလပ်၊ မပြတ်ပွင့်ထယ်၊
နတ်မိမယ်တို့၊ စံပျော်ပျို့သည့်၊
မြို့၏အနီး၊ ပင်ကြီးခန်းဝင်၊
အင်ကြင်းပင်နှင့်၊ အသင့်တူစွာ၊
ပမာမှတ်ပြု၊ တိမ္ဗရုဟု၊
ခေါ်ပြုဆိုငင်၊ အမည်တွင်သည့်၊
သင်နတ်မယ်လျ၊ ဘခမည်းတော်၊
နတ်မင်းကျော်အား၊ ခတွားဝပ်ငင်၊
ပဉ္စသီခ၊ မည်ရသညာ၊
မယ့်မောင်ငါသည်၊ လျင်စွာချီးမွမ်း၊
ရွှင်မောလျှမ်းမြ၊
ဦးချရိုကျိုး၊ ရှိခိုးပါ၏။ ။

စောင်းညှို့သံချီ လင်္ကာစီ၍ ကိုတော့ ဒီကဗျာနဲ့ပဲ အဆုံးသတ်လိုက်ပြီ ခင်ခင်ရေ ... ပဉ္စသီခနတ်သားလေးနဲ့ သူရိယဝစ္ဆသာ နတ်သမီးလေးတို့လည်း အခုအချိန်ထိ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းနေထိုင်ကြတုန်းပဲ ရှိဦးမှာပါ ...
ပုံပြင်လေးကတော့ ဒါပါပဲကွယ် ...

အားလုံးပဲ ကျေးဇူးပါခင်ဗျာ ...
ဟယ်ရီ

Read More...

Friday, 27 January 2012

ပန်းနုရောင်များ

ပန်းနုရောင်များ

နီမှာဖြင့်၊
ရင့်ရင့်သာနီ။

ကြည်မယ်တွေး၊
ဖွေးဖွေးသာကြည်။

နီမှာလား ကြည်မှာလား၊
ပြတ်သားဖို့လိုသည်၊
ချိုတလီ တမာပျား။

နီလိုက နေလိုနီ၊
ကြည်ဆိုမှ ရေလိုကြည်ပေါ့၊
နီမလိုကြည်သဖွယ်နဲ့၊
အီလယ်လယ်အရောင်သန်း၊
ပန်းနုရောင်များ။ ။

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ....

ဟယ်ရီ

Read More...

Tuesday, 24 January 2012

ပျိုးခင်းတေးသံရှင် နှင်းဆီပွင့်ပေါ်မှ ဧည့်သည်ကြီးသို့ ...

ပျိုးခင်းတေးသံရှင် နှင်းဆီပွင့်ပေါ်မှ ဧည့်သည်ကြီးသို့ ...


“အမေကြီး ... ကဗျာ ရွတ်ရအောင်လေ ...”
သမီးငယ်က သူ့အမေကြီး (အဖွား) ကို ပူဆာနေတဲ့ တီတီတာတာ အသံဖြစ်ပါတယ်။ ဆက်ပြီး နားထဲကို ဝင်လာတာက ...
“ကကြီး၊ ကကြီး၊ ဖိုးကကြီး၊ တခါတုန်းက ကဆစ်သီး ...”
“ခခွေး၊ ခခွေး၊ လချမ်းကွေး၊ တခါတုန်းက ခရုလေး ...”
သမီးဟာ ကဗျာတွေကို အလွန်ကြိုက်ပါတယ်။ အရမ်းလည်း ရွတ်ချင်ပါတယ်။ ဒီအသံတွေကို ကြားတော့ ကျနော့် စိတ်အလျဉ်ဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်၊ လေးဆယ်နီးပါးကို ပြန်ရောက် သွားပါတော့တယ် ...

****

“မေမေ ... ကဗျာ ရွတ်ရအောင်လေ ...”
ဒီတခါ ပြောလိုက်တဲ့ အသံရှင်ကတော့ ကျနော်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
“ကကြီး၊ ကကြီး၊ ဖိုးကကြီး၊ တခါတုန်းက ကဆစ်သီး ...”
“ခခွေး၊ ခခွေး၊ လချမ်းကွေး၊ တခါတုန်းက ခရုလေး ...”
“ရေအိုးကလေး ရွက်လာရင်၊ အဲဒါ လုံးကြီးတင် ...”
“ရွက်နုထွတ်ထွတ်၊ မိုးဦးဆွတ်၊ စွတ်စွတ်စိုတဲ့လ ... ”
ကျနော့် အသက် သုံးလေးနှစ်အရွယ် ကျောင်းမနေသေးခင် အချိန်ကပါ။ ပြောရရင် ကျောင်းမနေသေးခင်ကကို ကျနော် မြန်မာစာ စပြီး တတ်ခဲ့ပါတယ်။ ဒီလို တတ်ခဲ့တာကလည်း အထက်ပါ ကဗျာလေးတွေကို ရွတ်ရင်းနဲ့ တဖြည်းဖြည်း မြန်မာစာကို စပြီး ဖတ်တတ်လာခဲ့တာပါ။ အဲဒီလို ကျနော့်ကို မြန်မာစာ တတ်လာအောင် ဖန်တီးပေးခဲ့တဲ့ ကျေးဇူးရှင်ကတော့ တခြားသူမဟုတ်ပါ ... ဧည့်သည်ကြီး လို့ အသိများကြတဲ့ “ဆရာတင်မိုး” ပဲ ဖြစ်ပါတယ်။ အထက်ပါ ကဗျာလေးတွေဟာ ဆရာ့ရဲ့ “ပျိုးခင်းတေးသံ” ကဗျာ စာအုပ်လေးမှ ဖြစ်ပါတယ်။ ကျနော် ငယ်ငယ်ကတည်းက အမေက သင်ပေးလို့ အစအဆုံး ရွတ်ရင်းရွတ်ရင်း ကနေ တဖြည်းဖြည်း စာတတ်လာတာပါ။

ဒီလိုနဲ့ အရွယ်ရောက်လာတော့ ကဗျာတွေ၊ စာတွေ ခံစားတတ်လာတာနဲ့အတူ ဆရာ့ရဲ့ကဗျာတွေဟာ ကျနော့် အသည်းစွဲ ဖြစ်လာပါတယ်။ ကျနော်တဦးတည်းမဟုတ်ပါဘူး။ ကဗျာရေး၊ စာရေး အလွန်ဝါသနာပါတဲ့ ကျနော့်ရဲ့ မိခင်ကြီး လည်း ပါပါတယ်။ ဆရာမောင်လင်းယုန် (ရှမ်းပြည်)၊ ဆရာမ ရွှေကူမေနှင်း၊ ဆရာမောင်ငွေလှိုင်း ... အစရှိသူတို့နဲ့ ခင်မင်ရင်းနှီးတဲ့ တက္ကသိုလ်တက်ဖက်၊ စာရေးဖက် ကျနော့်မိခင်ကြီးဟာ ဆရာတင်မိုးတို့နဲ့ တက္ကသိုလ်ချင်းမတူလို့ မိတ်ဆွေ မဖြစ်ခဲ့ရပါဘူး။ ဒါပေမဲ့ ဆရာ့ရဲ့ ကဗျာတွေကို ကျနော့်လိုပဲ အလွန်နှစ်သက်တဲ့သူဖြစ်ပါတယ်။ ဘယ်လောက် အထိလဲ ဆိုရင် ဘယ်သူကတော့ ကဗျာ့ဘုရား ဘာညာ ပြောမိတိုင်း “ဘာမှ လာပြောမနေနဲ့ဟေ့ ... ‘တင်မိုး’ ကိုတော့ ဘယ်သူမှ မမီဘူး” လို့ ကျနော့်ကို အမြဲပြောလေ့ရှိပါတယ်။

ဒီလို လေးစားခဲ့ရတဲ့ ဆရာတင်မိုးကို ကျနော် တက္ကသိုလ်တက်တဲ့အထိ မမြင်တွေ့ဖူးပါဘူး။ ဆရာ့ကဗျာတွေကိုသာ ဖတ်ရှု ခံစားနေခဲ့မိပါတယ်။ ကျနော် ရန်ကုန်စက်မှုတက္ကသိုလ်ကို စတက်တော့ ကျောင်းနဲ့နီးတဲ့ အင်းစိန်ဘက်ကို အကြောင်းအမျိုးမျိုးနဲ့ မကြာမကြာ ရောက်လေ့ရှိပါတယ်။ အဲဒီအခါ မင်းကြီးလမ်းမှာရှိတဲ့ ဆရာ့အိမ်ကို ဖြတ်သွားတဲ့ အခါ တိုင်း ဆရာ့ကိုများ တွေ့ရလေမလားလို့ မျှော်လင့်တကြီး ကြည့်မိပါတယ်။ ဒါပေမဲ့ တခါမှ မတွေ့ခဲ့ရပါဘူး။ ဆရာ့အိမ် ကလေးကလည်း ပုံစံဆန်းဆန်းလေးနဲ့ ဆရာ့ကဗျာတွေလိုပဲ ချစ်စရာလေးရယ်ပါ။

တနေ့မှာတော့ (၁၉၈၆-ခုနှစ်မှာ ထင်ပါတယ်) ကျနော်တို့ မြို့မှာ စာပေဟောပြောပွဲ လုပ်ပါတယ်။ အဲဒီမှာ လာပြီး ဟောပြောတဲ့ ဆရာ၊ ဆရာမတွေကို ကျနော်တို့ရဲ့ အိမ်မှာ ဧည့်ခံခွင့် ကြုံပါတယ်။ ဆရာမ ရွှေကူမေနှင်း နဲ့ ကျနော့် မိခင်ကြီး ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ကြတဲ့အတွက်ရော၊ တာဝန်အရပါ အိမ်မှာ ဧည့်ခံရတာပါ။ အဲဒီမှာ ကျနော် မှတ်မိသလောက်ဆို ဆရာမင်းယုဝေ၊ ဆရာချစ်ဦးညို၊ ဆရာမ ရွှေကူမေနှင်း နဲ့အတူ ကျနော် အလွန်လေးစားတဲ့ ဆရာ တင်မိုး လည်း ပါလာပါတယ်။ မျက်နှာပြည့်ပြည့်၊ ခပ်ဖိုင့်ဖိုင့်၊ အမြဲ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ နေတတ်တဲ့ ဆရာ့ကို မြင်ရတာနဲ့ စိတ်ထဲမှာ အေးချမ်းသွားပါတယ်။ အဲဒီမှာ အမေက ပြောပါတယ် ... “ဆရာ ... အခု စက်မှုတက္ကသိုလ်ကျောင်းသား ဖြစ်နေတဲ့ ဟောဒီ ကျမသားလေးဟာ ဆရာ့ရဲ့ ပျိုးခင်းတေးသံ ကဗျာစာအုပ်နဲ့ စာ စ,တတ်ခဲ့တာပါ” လို့ ... အဲဒီ အခါ ဆရာ့မျက်နှာပေါ်က အပြုံးဟာ ပိုပြီး ဝင်းပသွားပါတယ်။ ဆရာဟာ သူ့ကဗျာလေးတွေကြောင့် ကလေးငယ်တဦး စာတတ် ခဲ့ရတယ်လို့ သိလိုက်ရတဲ့အတွက် ကြည်နူးပီတိ ဖြစ်သွားပုံဟာ ကျနော့်မျက်စိထဲကနေ မထွက်ပါဘူး။ ကျနော်ကတော့ ဆရာကြီးတွေကို အဲဒီတုန်းက ဘေးကနေသာ ငေးကြည့်ရင်း ပြောသမျှကို နားထောင်နေခဲ့ရုံပါပဲ။ သာမန်တက္ကသိုလ် ကျောင်းသားလေး တဦးသာဖြစ်တဲ့ ကျနော်ဟာ ဆရာ့လို ပုဂ္ဂိုလ်မျိုးကို ဘာစကားမှလည်း မပြောရဲပါဘူး။ ဒါပေမဲ့ ကျနော့်ကို ကဗျာတွေနဲ့ စာတတ်စေခဲ့တဲ့ ကျေးဇူးရှင် ဆရာတင်မိုးကိုတွေ့ရလို့ အလွန်ဝမ်းသာမိပါတယ်။

ဒီနေ့အထိ ဆရာတင်မိုးကို စိတ်ထဲကနေ အကြိမ်ကြိမ် ဦးချ နေမိဆဲပါ။ ရက်လနှစ်တွေ အခါခါကုန်လွန်ခဲ့ပြီး အင်တာနက်ပေါ်ကနေတဆင့် ဆရာ့အကြောင်းတွေ၊ ဆရာ့စာတွေ၊ ကဗျာတွေကို ဆက်လက်ပြီး သိရှိမှတ်သား လာခဲ့ ရတာနဲ့အမျှ ဆရာ့အပေါ်မှာ ပိုပြီး လေးစားကြည်ညိုမိပါတယ်။ ၂၀၀၇-ခုနှစ်မှာ ဆရာ ကွယ်လွန်သွားကြောင်း သိရတဲ့အခါ ကျနော့် စိတ်ထဲမှာ ယူကျုံးမရ ဝမ်းနည်းကြေကွဲမိပါတယ်။ ကဗျာလောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးပဲ ဖြစ်ပါတယ်။ အားလုံးသိပြီးသားမို့ ဆရာ့ရဲ့ ဘယ်ကဗျာတွေ ဘယ်လောက် ကောင်းတယ် ဆိုတာ ကျနော့်အနေနဲ့ အထူးပြောနေဖို့ မလိုပါဘူး။ ပြောနေရင်လည်း ယောမင်းကြီး ဦးဘိုးလှိုင်ရဲ့ ဝိမုတ္တိရသကျမ်း၊ ကာယနုပဿနာကျမ်း၊ ဥတုဘောဇန သင်္ဂဟကျမ်းတွေကို မြင်းထိန်းငတာ က ချီးကျူးသလို အဖြစ်မျိုးသာ ဖြစ်နေမှာပါ။

သူဖန်တီးခဲ့တဲ့ ပျိုးခင်းလေးကတေးသံတွေဟာ ကျနော်သာမက ကျနော့်ရဲ့ သမီးငယ် အထိ မျိုးဆက်နှစ်ဆက်တိုင်တိုင် စာတတ်မြောက်စေဖို့အထိ အစွမ်းထက်ခဲ့တယ် ဆိုတာ ဖလ်မီးအိမ်ရှင် ဧည့်သည်ကြီးသာ သိရင် ဘယ်လောက် ကြည်နူးပီတိ ဖြစ်နေလိမ့်မလဲ ... အခုတော့ သူချစ်တဲ့ “ပုဂံကျောင်းက ခေါင်းလောင်းသံ” ချိုချိုကို နားဆင်ရင်း “နှင်းဆီပွင့်ပေါ် အိပ်ပျော်” နေပြီလား ...

***

ဆေးလိပ်လည်းတို၊
နေလည်းညိုပြီ၊
ငါ့ကို ပြန်ပို့ကြပါလေ ... တဲ့

ဆေးလိပ်ဟာ တိုရုံမက အစီခံအထိ လောင်ကျွမ်းသွားခဲ့ပါပြီ ... နေဟာလည်း ညိုရုံမက အနောက်ဂေါယာကုန်းမှာ စုန်းစုန်းမြုပ်လို့ မိုးစုပ်စုပ်ချုပ်သွားခဲ့ပါပြီ ... သူ့ကို ပြန်ပို့ပေးဖို့ တောင်းဆိုထားတဲ့ “ဧည့်သည်ကြီး” ခမျာ အခုထိ သူ အလွန်ချစ်တဲ့ “အိမ်” ကို မပြန်နိုင်ရှာသေးပါ ... သူ့ကို ... ကျနော်တို့ ခုထိ အိမ်ပြန်မပို့နိုင်ကြသေးပါလား ခင်ဗျာ ....

(ကျေးဇူးရှင် ဆရာတင်မိုး အား ဤပို့စ်ဖြင့် ဂုဏ်ပြုကန်တော့ပါသည်။)

ဟယ်ရီ

Read More...

Saturday, 21 January 2012

ခင်ခင့်ကိုပြောချင်သော ပုံပြင်များ (၂) - စောင်းညှို့သံချီ လင်္ကာစီ၍ (၂)

ခင်ခင့်ကိုပြောချင်သော ပုံပြင်များ (၂)
စောင်းညှို့သံချီ လင်္ကာစီ၍ (၂)


ပဉ္စသီခနတ်သားလေးနဲ့ သူရိယဝစ္ဆ နတ်သမီးလေးရဲ့အကြောင်းကို ဆက်ရဦးမယ် ခင်ခင်ရေ ...
အရင်တခါ ခင်ခင့်ကို ပြောပြခဲ့တဲ့ ဒီပုံပြင်လေး (http://harrylwin.blogspot.com/2011/06/blog-post_20.html) မှာ မပြည့်မစုံဖြစ်နေတာလေးတွေကို အခု ပြည့်စုံအောင် ဆက်ပြောရမှာကွယ့် ... ကိုယ့်မိတ်ဆွေကြီး “မြို့သားကိုရင်”က ကွန်မင့်ထဲမှာ ညွှန်ပြပေးခဲ့လို့ ပဉ္စသီခနတ်သားလေးနဲ့ သူရိယဝစ္ဆ နတ်သမီးလေးရဲ့အကြောင်းကို အခုထပ်ပြီး ဖြည့်စွက်ပြောပြရမှာပေါ့ကွယ် ...


ဒီစောင်းချင်းဂါထာတွေကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းသာမကဘဲ ‘နရိန္ဒာဘိသီရိ သဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဘွဲ့တံဆိပ်တော်နဲ့ ‘နရိန္ဒာဘိသီရိသဒ္ဓမ္မဇောတိပါလဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဆိုတဲ့ မင်းတုန်းမင်းလှူဒါန်းတဲ့ ဘွဲ့တံဆိပ်တော် နှစ်ခုအပြင် ‘နရိန္ဒာဘိဓဇ အတုလဓိပတိ သိရိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဆိုတဲ့ သီပေါမင်းကပ်လှူတဲ့ တတိယဘွဲ့တံဆိပ်တော်ကိုပါ ဆက်ကပ်ခံယူရရှိတော်မူတဲ့ ပဉ္စမသံဂါယနာအမှူးဖြစ်တော်မူတဲ့ ဆီးဘန်နီ (ဆီးပန်းနီ) ဆရာတော်ကြီးကလည်း ကဝိမဏ္ဍနမေဒနီကျမ်းမှာ အနက်ပြန်ခဲ့သေး တယ် ခင်ခင်ရဲ့ ... ဆီးဘန်နီဆရာတော်ကြီးကိုတော့ သိပြီးသားဖြစ်မှာပါ ... “သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊ ကုန်းဘောင်နေမီး၊ မထိန်ညီးက၊ တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်၊ ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ ဒို့တတွေသည်၊ သေသော်မှတည့် သြော် ကောင်း၏ ...” ဆိုတဲ့ ပါတော်မူတမ်းချင်းကို ရေးခဲ့တဲ့ ဆရာတော်ကြီးပါပဲ ... ဒီမှာလည်း http://harrylwin.blogspot.com/2011/07/blog-post.html ပြန်ဖတ်ကြည့်လို့ရတယ်နော် ...

ဆီးဘန်နီဆရာတော်ကြီး အနက်ပြန်ထားတဲ့ထဲမှာ စောင်းညှိသီချင်းကိုတော့ ထည့်မထားတဲ့အတွက် စုစုပေါင်း (၁၄) ဂါထာ ရှိတယ်ပေါ့ကွယ် ... အဲဒီ စောင်းချင်းဂါထာတွေကိုတော့ တိပိဋက မင်းကွန်းဆရာတော်ကြီး အရှင်ဝိစိတ္တ သာရာဘိဝံသ ပြုစုခဲ့တဲ့ “မဟာဗုဒ္ဓဝင်ကျမ်းကြီး” ထဲက အတွဲ (၅)၊ အခဏ်း-၃၉၊ သက္ကပဥှသုတ် မှာ ဖော်ပြထားတဲ့အတိုင်း ပြန်ပြောမယ် နော် ... ဂါထာ (၂) နဲ့ (၃) ကို ပေါင်းပြီး ဂါထာတပုဒ်တည်းအနေနဲ့ ယူထားလို့ ဒီမှာတော့ (၁၄) ဂါထာပဲ ဖြစ်သွားတာပေါ့ ... ပါဠိလို စကားလုံးတခုချင်း အနက်ချထားတာတွေတော့ ဖတ်ရတာ ရှုပ်နေမှာစိုးလို့ မထည့်တော့ဘဲ မြန်မာပြန် သက်သက်ကိုပဲ ဖတ်ကြည့်တော့နော် ... ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရေးထားတဲ့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းထဲက ပါဠိတွေနဲ့ နည်းနည်းတော့ကွာတယ်ကွယ့် ...

(၁)
ဝန္ဒတေ ပိတရံ ဘဒ္ဒေ။
တိမ္ဗရုံ သူရိယဝစ္ဆသေ၊
ယေန ဇာတာသိကလျာဏီ၊
အာနန္ဒ ဇနနီမမ။

နေလုလင်ဝင်း တက်သစ်ဆင်းနှင့် မယွင်းထပ်တူ ကိုယ်ရောင်ယူသော အိုအရှင်မ ... ။ အကြင် တိမ္ဗရုအမည်ရှိသော ခမည်းတော်နတ်မင်းကြောင့် သင်ချစ်နှမသည် နှာရု, မံသ, သရ, အဋ္ဌိ, ပရိမဏ္ဍလ = ငါးဝကလျာ ကိုယ်အင်္ဂါနှင့် ပြည့်စုံသည် ဖြစ်၍ ဖြစ်လာသည် ထင်ရှား၏။ ဝါးမှည့်ရောင်ထင် ငါစောင်းရှင်၏ နှစ်သက်ကြင်ကျွမ်း ပိုက်ယမ်းပွေ့ဖက် နွှဲယှက်ခင်မွတ်ခြင်းကို ဖြစ်စေတတ်သည်လည်း ဖြစ်ပေတမုံ့။ ရှင်မသူရိယဝစ္ဆသာ၏ ခမည်းတော် ဖြစ်သော ထို တိမ္ဗရုဒေဝ ဂန္ဓဗ္ဗနတ်မင်းကို ဗေလုဝစောင်းရှင် ငါလုလင်သည် သင့်ကိုလိုချင်ခြင်း ဟူသောအကြောင်းကြောင့် ရှိခိုး၏။

(၂)
ဝါတောဝ သေဒတံ ကန္တော၊ ပါနိယံဝ ပိပါသတော။
အင်္ဂီရသိံ္မ ပိယာမေသိ၊ ဓမ္မော အရဟတံ ဣဝ (အရဟတာ မိဝ)။
(၃)
အာတုရေဿဝ ဘေသဇ္ဇံ၊ ဘောဇနံဝ ဇိဃစ္ဆတော။
ပရိနိဗ္ဗာယိ (ပရိနိဗ္ဗာပယ) မံ ဘဒ္ဒေ၊ ဇလန္တမိဝ ဝါရိနာ။

ကိုယ်ရောင်ထွန်းပ ရွှန်းရွှန်းလှသော သူရိယဝစ္ဆသာ ... ။ ကိုယ်၏ညစ်ကြေး၊ ချွေးယို ကုန်သော သူတို့သည် ဧဧဆော်သွင်း လေဖြည်းညှင်းကို တောင့်တလင့်ဆို လိုဘိ၏သို့။ ပန်းလူးခွေလိပ် ရေမွတ်သိပ်သောသူသည် သန့်မြိန်ဧချို သောက်ရေကိုလျှင် တောင့်တလင့်ဆို လိုဘိ၏သို့။ သံသရာရဟတ် ကန့်ကွပ်ဖျက်ဖြို မြတ်ပုဂ္ဂိုလ်သည် လောကုတ္တရာ မြတ်ကိုးဖြာကို တောင့်တလင့်ဆို လိုဘိ၏သို့။
ပန်းလျညှိုးနွမ်း ကိုယ်မကျန်းသောသူသည် ရောဂါစဲပြတ် ဆေးကောင်းမြတ်ကို တောင့်တလင့်ဆို လိုဘိ၏သို့။ တေဇောပြောင်ပြောင် ဓာတ်မီးလောင်၍ ဝမ်းခေါင်ဟင်းလင်း စာမယွင်းရ မွတ်သိပ်လှသောသူသည် ဘောဇဉ်ငါးဖြာ အရသာကို တောင့်တလင့်ဆို လိုဘိ၏သို့။ ငါပဉ္စသိံ နတ်ဒေဝိန်သည် ရှင်မ သူရိယဝစ္ဆသာကို ကမ္ဘာဆက်ဆက် စုံမက် မြတ်နိုး လိုသည်ဖြစ်၏။ ကိုယ်ရေကိုယ်သား ညံ့ထွားနုလှ အိုရှင်မ ... ။ အလျှံဝင်းရှိန် ထိန်တပြောင်ပြောင် စွဲညိ လောင်သည့် အရောင်ညီးညီး မီးပုံကြီးကို သီတာဧလှ ရေချမ်းမြဖြင့် ငြိမ်းစေဘိသို့ ရှင်မ၏ မာယာသွယ်သွယ် ပြုံးရယ်ခြင်း - စသောအကြောင်းကြောင့် ဖြစ်သော တေဇောသံဝဋ္ဋ တူမမျှသည့် ရာဂတည်းဟူသော ပူပန်ခြင်းကို ရာဂကင်းထွေ ငြိမ်းပါစေလော့။

(၄)
သီတောဒကံ ပေါက္ခရဏိံ၊ ယုတ္တံ ကိဉ္ဇက္ခရေဏုနာ၊
နာဂေါ ဃမ္မာဘိတတ္တောဝ၊ သြဂဟေ တေ ထနုဒ္ဓရံ (ထနူဒရံ)။

နေမင်းတန်ဆောင် ဝင်းဝင်းပြောင်၍ ပူလောင်ခြင်းဖြင့် နှိပ်စက်အပ်သော ကိုယ်ရှိသော ဆင်ပြောင်သည် ပဒုမာရုံ ကြာဝတ်မုံဖြင့် ပြည့်ထသော ရေနောက်မြူနည် ကင်းဝေးတည်လျက် ချမ်းကြည်စွာဘိ ရေသန့်ရှိသော တာအပြန်ပြန် လေးထောင့်ကန်သို့ သက်ဆင်းလိုဘိ၏သို့ ရှင်မသူရိယဝစ္ဆသာ၏ နတ်ပန်းရနံ့ မွှေးပျံ့သင်းထုံ အစုံနှစ်ပါး ရင်ခွင်ကြားသို့ ရှေးရှူသက်ဝင် ဝပ်ချင်စွာ့တကား။

(၅)
အစ္စင်္ကုသောဝနာဂေါဝ၊ ဇိတံမေ တုတ္တတောမရံ၊
ကာရဏံ န ပဇာနာမိ (နပ္ပဇာနာမိ)၊ သမေတ္တာ (သမ္မတ္တော) လက္ခဏူရုယာ။

အိုရှင်မ သူရိယဝစ္ဆသာ ... ။ ချွန်းကိုလွန်ထသော (ဝါ) ချွန်းဖြင့်ချိတ်လည်း နှိပ်ခြင်းငှာ မတတ်နိုင် ထသော ဆင်ပြောင်သည် နား, မျက်စိ, သို = သုံးရပ်ထို၌ စီးယိုသုန်သုန် မာန်ယစ်မုန်ကြောင့် ခမိုးဦးကင်း နားရင်းမင်းတိုင် ချိတ်ကိုင်ရူးရူး မိန်းထူးစိတ်သန် မြှားလှံချွန်းတောင်းကို ကျင်နာ မထင် အောင်မြင်ပြီးသည်ဖြစ်၍ အကောင်း, မကောင်း ကျိုးအကြောင်းကို မသိနိုင်သကဲ့သို့ ပမာထို့တူ စောင်းမင်းသခင် ငါလုလင်သည် ရှင်မ၏ လက္ခဏာနှင့်ပြည့်စုံသော ပေါင်ရှိသည်၏ အဖြစ် ကြောင့် ရာဂဖြင့် ယစ်သည်ဖြစ်၍ အကောင်း မကောင်း ကျိုးအကြောင်းကို မသိနိုင်ပြီ။

(၆)
တယိ ဂဓိတ (ဂေဓိတ) စိတ္တောသ္မိ၊ စိတ္တံ ဝိပရိနာ (ဏာ) မိတံ၊
ပဋိဂန္တု (ဂန္တုံ) န သက္ကောမိ၊ ဝင်္ကဃသ္တော(ဝ) အမ္ဗုဇော။

နေလုလင်တမျှ ထွန်းဝင်းပသည့် သူရိယဝစ္ဆသာ ... ။ စောင်းမင်းသခင် ငါလုလင်သည် သင်နတ်အမိ၌ မက်မောတပ်ပြွေ့ လွမ်းရှိန်ငွေ့လျက် အောက်မေ့သောစိတ်ရှိသည် ဖြစ်သည် တမုံ့။ အတန္တုကား သံမျှားချိတ်ကို အစာလို၍ မျိုမိသော ငါးဖယ် ငါးသိုင်း ငါးရံ့တိုင်းသည် ထွေးပစ်တတန် တဖန်နစ်ခြင်းငှာ မစွမ်းနိုင်ပလေ နေရ၏သို့ ပမာထို့တူ ဗေလုဝ စောင်းရှင် ငါလုလင်၏ မက်မောတပ်ပြွေ့ လွမ်းရှိန်ငွေ့လျက် အောက်မေ့သောစိတ်သည် တန့်ရပ်မတည် ချာချာလည်၏။ ပဏ္ဍု-သခင် ငါလုလင်သည် တဖန်ဆုတ်နစ် ကံမြစ်ခြင်းငှာ ဆည်းထပိုင်ပိုင် မတတ်နိုင်။

(၇)
ဝါမူရု သဇ မံ ဘဒ္ဒေ၊ သဇ မံ မန္ဒလောစနေ။
ပလိဿဇ မံ ကလျာဏိ၊ ဧတံ မေ အဘိ ပတ္တိတံ။

ဆယ်မီးကျီရှောင်း လွန်ပျော့ပျောင်းသည့် ရွှေချောင်းနှုန်းဘိ ပေါင်လုံးရှိသော အို သူရိယ ဝစ္ဆသာ ... ။ ဦးစွန်းငါးဖြာ နတ်သားငါကို စုံမက်နှစ်သက် လည်ကိုဖက်လော့။ ဖြည်းဖြည်းညှင်းညှင်း မြော်တင်းရှုလေ့ရှိသော အို အရှင်မ ... ။ ဦးစွန်းငါးဖြာ နတ်သားငါကို ယုယပိုက်ပွေ့ ရွှေရင်ငွေ့ဖြင့် သိမ်မွေ့ငြိမ်သက် လည်ကိုဖက်လော့။ အညီငါးပါး အပြားခြောက်ဆယ် စွန်းကယ်လေးခု စတုသဋ္ဌိ မှတ်ကြောင်းရှိသော သူရိယ ဝစ္ဆသာ ... ။ ဦးစွန်းငါးဖြာ နတ်သားငါကို အလုံးစုံသော အဖို့အားဖြင့် လည်ကိုဖက်လော့။ ထိုသို့ ဖြည်းဖြည်းညှင်းညှင်း လည်ကိုဖက်ခြင်းကို ငါပဉ္စသိံ နတ်ဒေဝိန်သည် အကြိမ်များစွာ တောင့်တပါ၏။

(၈)
အပ္ပကော ဝတ မေသန္တော၊ ကာမော ဝလ္လိတ ကေသိယာ။
အနေကဘာဝေါ သမုပ္ပါဒိ၊ အရဟန္တေဝ ဒက္ခိဏာ။

ဗေလုဝစောင်းရှင် ငါလုလင်၏ ကာမရာဂသည် ရှင်မဘုန်းဟေ့ မတွေ့ခင်ဝယ် အနည်းငယ်သာလျှင် ဖြစ်ပါလျက် ညွန့်ညွန့်ရှည်သွယ် နွယ်သော ဆံရှိသော ရှင်မကြောင့် ရဟန္တာသခင် အရှင်မြတ်၌ သဒ္ဓါကြည်ဖြူ မြတ်သောအလှူကဲ့သို့ မတည်တံ့နိုင် ခွေယိုင်တုန်ဆတ် တိမ်းမတ်သော သဘောရှိသည် ခါခါဖန်ဖန် ဖြစ်လာပြန်၍ ဖြစ်လေဘိ၏။

(၉)
ယံမေအတ္ထိ ကတံပုညံ၊ အရဟန္တေသု တာဒိသု။
တံမေ သဗ္ဗင်္ဂကလျာဏိ၊ တယာ သဒ္ဓိံ ဝိပစ္စတံ။

အညီငါးဖြာ လက္ခဏာနှင့်ပြည့်စုံသော သူရိယဝစ္ဆသာ ... ။ ညှို့ခုနစ်ချောင်း ရွှေစောင်းတော်ရှင် ငါသခင်သည် လာဘာ လာဘ စသည်ရှစ်တန် လောကဓံ၌ သည်းခံကျေးဇူး အထူးရှိလှပေကုန်သော ရဟန္တာသခင် အရှင်မြတ်တို့၌ ပစ္စည်းလေးရပ် ကပ်လှူကြည်နူး ပြုခဲ့ဖူးသော သန့်ရှင်းဖြူစင် အကြင်ကောင်းမှုသည် ရှိ၏။ ညှို့ခုနစ်ချောင်း ရွှေစောင်းတော်ရှင် ငါသခင်၏ သန့်ရှင်းဖြူနစ် ပွတ်သစ်ခရု ထိုကောင်းမှုသည် ကလျာစုံလတ် သင်မိနတ်နှင့် မကွာလေဘိ ယခုမျက်မှောက် ခံစားလောက်အောင် ကျိုးရောက်မသွေ ပေးစေလို၏တည်း။

(၁၀)
ယံမေအတ္ထိ ကတံပုညံ၊ အသ္မိံ ပထဝိ မဏ္ဍလေ။
တံမေ သဗ္ဗင်္ဂကလျာဏိ၊ တယာ သဒ္ဓိံ ဝိပစ္စတံ။

လုံးစုံလက္ခဏာ ပြည့်စုံလှသော သူရိယဝစ္ဆသာ ... ။ မြေမျက်နှာစင် ဤအပြင်၌ ဥသျှစ်မှည့်ဝင်း စောင်းမင်းဆရာ လုလင်ငါသည် ပစ္စည်းလေးရပ် ကပ်လှူကြည်နူး ပြုခဲ့ဖူးသော သန့်ရှင်းဖြူစင် အကြင်ကောင်းမှုသည် ရှိသည်တမုံ့။ ဥသျှစ်မှည့်ဝင်း စောင်းမင်းဆရာ လုလင်ငါ၏ သံသရာအဟို ကြည်ညိုပြုလစ် ပွတ်သစ်ခရု ထိုကောင်းမှုသည် အင်္ဂါစုံလတ် သင်မိမြတ်နှင့် မကွာပေါင်းဖြစ် ယခုမျက်မှောက် ခံစားလောက်အောင် ကျိုးရောက်မသွေ ပေးစေလို၏တည်း။

(၁၁)
သကျပုတ္တောစ ဈာနေန၊ ဧကောဒိ နိပကော သတော။
အမတံ မုနိ ဇိဂီသာနော၊ တမဟံ သူရိယဝစ္ဆသေ။

နေလုလင်အတူ ကိုယ်ရောင်ယူသော သူရိယဝစ္ဆသာ ... ။ ခမည်းတော် သုဒ္ဓေါဒန မယ်တော် မဟာမာယာ သာကီဝင်မင်း၏ သားဖြစ်တော်မူထသော။ နီဝရဏသင်္ဂြိုဟ် ထိုထိုဈာန်မြတ်ဖြင့် မရှိအဖော် ကိုယ်တော်ချည်းသာ ဣရိယာသိမ်မွေ့ နေလတ်လေ့ရှိထသော။ ပညာဥဿုံ ပြည့်စုံထသော။ မမေ့မလျော့ မပေါ့သတိ ရှိတော်မူထသော။ တရားဓမ္မရာဇ် သေဌ်နင်းမြတ်စွာသည် အို, နာ, သေ, နေ ကင်းလွတ်ကြွေသား ဘုံရွှေသာထွဋ် အရိမဒ်ကို ဆန္ဒတော်ရှိ ရှာလေဘိသို့။ တိမ္ဗရုသည်းပွတ် သင်မိမြတ်ကို ဂန္ဓဗ္ဗနတ် ငါစောင်းတတ်သည် ပတ်ပတ်ရှာဖွေ နေ့တိုင်းမွှေ၏။

(၁၂)
ယထာပိ မုနိ နေႏၵယ်၊ ပတြာ သေမၺာဓိ မုတၱမံ။
ဧဝံ နေႏၵယ်ံ ကလ်ာဏိ၊ မိႆီဘာဝံ ဂေတာ ယထာ။

သား, ရိုး, ရွယ်, ဆံ, ရေ=ငါးတန်ဖြင့် ကြန်စုံလှသော သူရိယဝစ္ဆသာ ... ။ ရဟန်းများထွဋ် တမွတ်ဘုန်းရှိ မြတ်မုနိသည်။ အကဲမရှိသော ဝဇိရိန်နှိုင်းဘက် ဉာဏစက်သို့ ဝိသုဒ္ဓိခုနစ်ပါး တရားစဉ်သင့် ရောက်သဖြင့်လျှင် အားရမ်းအင်ပြည့် နှစ်သက်၏သို့ ပမာတူသို့ တိမ္ဗရုသည်းပွတ် သင်မိနတ်နှင့် မကွာပေါင်းဖက် ရောယှက်မိသည်၏ အဖြစ်သို့ ရောက်ပါတမူကား အဆတရာ ဝမ်းမြောက်ပါ၏။

(၁၃)
သက္ကော စေ မေ ဝရံ ဒဇ္ဇာ၊ တာဝတိံသာ နမိဿရော။
တာဟံ ဘဒ္ဒေ ဝရေယျာဟေ၊ ဧဝံ ကာမော ဒဠှော မမ။

အို သူရိယဝစ္ဆသာ ... ။ တာဝတိံသာ နတ်များစွာတို့ကို အစိုးရသော ဆင်းရဲချမ်းသာ ပေးငှါပိုင်ပိုင် စွမ်းနိုင်လေငြား နတ်သိကြားသည် ဗေလုဝ စောင်းရှင် ငါလုလင်အား နတ်ဒေဝရိန် မင်းစည်းစိမ်နှင့် ဂုဏ်ရှိန်ကြီးမြတ် သင်မိနတ်ဟု နှစ်ရပ်အပြား ဆုမြတ်များကို နှစ်သက်ရာမူ အမောင်ယူဟု ကြည်ဖြူဆောက်နှင်း အကြွင်းမထား ကယ်ပေးငြားအံ့။ ဤသို့ ပိုင်စား ပေးသနားသည်ရှိသော် ဦးစွန်းငါးဖြာ နတ်သားငါသည် သင်နတ်သမီး ရှုမငြီးကို ဆုမြတ်တဆူ ယူပေရာ၏ (နတ်ဒေဝရာဇ် မင်းအဖြစ်ကို ဆုမြတ်တဆူ ငါ မယူပေရာ)။ နေရောင်တမျှ ထွန်းလင်းပသည့် သူရိယဝစ္ဆသာ ... ။ ဂန္ဓဗ္ဗနတ် ငါစောင်းတတ်၏ သင်နတ်သမီး ရှုမငြီးကို လိုကြီးလိုလျက် တပ်မက်အပြင်း စွဲလမ်းခြင်းသည် ဤသို့ခိုင်လျက် မည်သူဖျက်လည်း မပျက်နိုင်ပဲ သံမှိုစွဲသို့ မြဲပလေ၏တည်း။

(၁၄)
သာလံဝ န စိရံ ဖုလ္လံ၊ ပိတရံ တေ သုမေဓသေ။
ဝန္ဒမာနော နမဿာမိ၊ ယဿာသေတာဒိသီ ပဇာ။

ပညာဆန်းကြယ် အဝန်းကျယ်သည့် အဘယ် သူရိယဝစ္ဆသာ ... ။ အကြင် တိမ္ဗရုဒေဝ အဖနတ်မင်း၏ ထိုသို့ သဘော ရှိသော သမီးချောသည် ပဋိသန် ဥပပတ် ဖြစ်လာလတ်၏။ မကြာမြင့်မီ ရင်းဖျားမလွတ် ပင်လုံးကျွတ်ပွင့်သော သန္တာအသွင် အင်ကြင်းပင်ကဲ့သို့ အသရေ ခေါင်ထွဋ် သင်မိနတ်၏ ထိုတိမ္ဗရုဒေဝ အဖခမည်းတော်ကို အလေး, အပေါ့, အလျော့, အတင်း, အပြင်း, အသာ, အညံ့ပါသည် = ခုနစ်ဖြာသော စောင်းသံသခင် ငါလုလင်သည် ရှိခိုးသည်ဖြစ်၍ သင့်ကိုရလိုမှု ဦးညွတ်ခြင်းကို ငါပြု၏။ ။


ကိုယ် အမှတ်မှားနေတာ တခုရှိသေးတယ် ခင်ခင်ရဲ့ ... အဲဒီ စောင်းချင်းဂါထာ ၁၅-ပုဒ်နဲ့လည်း ကြွေပြပြီးရော ပဉ္စသီခနတ်သားကို သူရိယဝစ္ဆ နတ်သမီးလေးက မေတ္တာတုံ့ပြန် လိုက်တယ်လို့ အရင်က ပို့စ်မှာ ရေးခဲ့တာ ... အဲဒါက တကယ်တော့ မဟုတ်သေးဘူးကွယ့် ... မြို့သားကိုရင်ရဲ့ ကျေးဇူးကြောင့်ပဲ သက္ကပဥှသုတ်ကို ဖတ်ကြည့်တော့မှ အမှန်ကို သိရတော့တာကိုး ...
တကယ်တော့ အဲဒီအချိန်မှာ သူရိယဝစ္ဆ နတ်သမီးလေးက ပဉ္စသီခနတ်သားလေးကို ပြန်မကြိုက်သေးဘူး ခင်ခင်ရဲ့ ... သူက ရထားထိန်း မာတလိနတ်မင်းရဲ့သားတော် သိခဏ္ဍီနတ်သားနဲ့ ကြိုက်နေတာကိုး ... ပဉ္စသီခနတ်သားလေးက သိကြားမင်းရဲ့ ကပွဲသဘင်မှာ သူရိယဝစ္ဆသာ နတ်သမီးလေး ကပြဖျော်ဖြေတာကို မြင်ကတည်းက ကြွေသွားတာလေ ... အချိန်ကတော့ မြတ်စွာဘုရားဟာ သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူပြီးကာစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းပါးနားက အဇပါလပညောင်ပင်ရင်းမှာ သီတင်းသုံးနေတော်မူလျက် နေနေတုန်းကပေါ့ ... ဒါပေမဲ့ ဟိုက သူ့ကို သိတောင် မသိသေးလို့ ဘယ်လိုမှ မရနိုင်တဲ့အခါကျတော့မှ အခုလို အိမ်ရှေ့ကနေ စောင်းကလေးတီးပြီး ကြွေပြရတာပေါ့ ... အဲဒီအခါ နတ်သမီးလေးက ထွက်လာသတဲ့ ... ထွက်လာပြီးတော့ ပဉ္စသီခနတ်သားလေးကို စကားထွက်ပြောတယ်တဲ့ ... “အရှင် အကျွန်ုပ်သည် ထိုမြတ်စွာဘုရားကို မျက်မှောက်မဖူးမြော်ရသေးပါ၊ သို့သော်လည်းတာဝတိံသာ နတ်သားတို့၏ သုဓမ္မာသဘင်၌ အကျွန်ုပ် ကနေစဉ် ထိုမြတ်စွာဘုရားအကြောင်းကို ကြားခဲ့ရ ပါသည်၊ အရှင် သင်သည် ထိုမြတ်စွာဘုရားကို ပြောဆိုချီးကျူးသည့်အတွက် ယနေ့ အကျွန်ုပ်တို့အား ပေါင်းဆုံမိခြင်း ဖြစ်ပါစေလော့” လို့ ပြောတယ် တဲ့ ... အဲဒါလေးပဲ ပြောပြီး နတ်သမီးလေးကို ထပ်မတွေ့ရတော့ဘူးတဲ့ ...
အဲဒီလိုနေလာရာကနေ မြတ်စွာဘုရားဟာ မဂဓတိုင်း ရာဇဂြိုဟ်ပြည်ရဲ့ အရှေ့ဘက်မှာရှိတဲ့ အမ္ဗသဏ္ဍ လို့ခေါ်တဲ့ ပုဏ္ဏားရွာရဲ့ မြောက်အရပ်က ဝေဒိယကတောင် ဣန္ဒသာလဂူမှာ သီတင်းသုံးနေတော်မူတဲ့ အချိန်မှာ သိကြားမင်းဟာ မြတ်စွာဘုရားကို အရမ်းဖူးမြော်ချင်လာတာနဲ့ ပဉ္စသီခ နတ်သားလေးကို ခေါ်ပြီး တာဝန်ပေးလိုက်သတဲ့။ (ဣန္ဒသာလဂူ ဆိုတာကတော့ ဂူတံခါးဝမှာ နှံပဲပင်ရှိတဲ့ဂူ လို့ အဓိပ္ပာယ်ရသတဲ့)။ ပြီးတော့ သိကြားမင်းနဲ့တကွ တာဝတိံသာနတ်တွေ အားလုံး ဝေဒိယကတောင်ကြီးဆီ သွားလိုက်ကြတာ တောင်ကြီးတခုလုံးနဲ့ အမ္ဗသဏ္ဍပုဏ္ဏားရွာပါ လင်းထိန်နေလို့ အနီးအနားက ရွာသားတွေက တောင်ကြီးရော၊ ရွာပါ မီးလောင်နေသလိုပဲ ... ဘာဖြစ်လို့ ဒီလောက်များ မီးတောက်လို လင်းထိန်နေပါလိမ့် ဆိုပြီး ကြောက်ကြသတဲ့ ...
အဲဒီကိုရောက်တော့ သိကြားမင်းက မြတ်စွာဘုရာဆိုတာ ဈာန်နဲ့ နေလေ့ရှိတာမို့ ငါတို့ ခွင့်မတောင်းဘဲ ဒီအတိုင်း တပြုံလုံး ဝင်သွားလို့ မဖြစ်သေးဘူး ... ဒီတော့ မင်းအရင်သွားပြီး ခွင့်ပန်ပါလို့ ပဉ္စသီခ နတ်သားလေးကို ခိုင်းလိုက်သတဲ့။ အဲဒီတော့ နတ်သားလေးကလည်း သူ့လက်စွဲတော် စောင်းကိုယူပြီး မြတ်စွာဘုရားနဲ့ မနီးလွန်း မဝေးလွန်းနေရာကနေ စောင်းတီးပြီး ဒီဂါထာ ၁၅-ပုဒ်ကိုပဲ ထပ်ဆိုပြပြန်သတဲ့ ...
အဲဒီအခါ မြတ်စွာဘုရားက စောင်းသံကိုကြားတော့ ...
“ပဉ္စသိခ သင်၏ စောင်းသံသည် သီချင်းသံနှင့် ကိုက်ညီပေ၏၊ သီချင်းသံသည်လည်း စောင်းသံနှင့်ကိုက် ညီပေ၏၊ သင်၏ စောင်းသံသည် သီချင်းသံကို မလွန်ပေ၊ သီချင်းသံသည်လည်း စောင်းသံကိုမလွန်ပေ။ ပဉ္စသိခ သင်သည် ဘုရားနှင့်စပ်သော တရားနှင့်စပ်သော သံဃာနှင့်စပ်သော ရဟန္တာတို့နှင့်စပ်သော ကာမဂုဏ် နှင့်စပ်သော ဤဂါထာတို့ကို အဘယ်အခါက သီကုံးထားသနည်း” လို့ မိန့်တော်မူသတဲ့။ ဆိုလိုတာကတော့ သီချင်းသံနဲ့ စောင်းသံဟာ အပိုအလိုမရှိ ကွက်တိပဲပေါ့နော် ... အဲဒီတော့မှ နတ်သားလေးကလည်း သူဟာ ဘဒ္ဒါလို့ ခေါ်တဲ့ သူရိယဝစ္ဆသာ နတ်သမီးလေးကို ကြွေပြခဲ့တုန်းက ဆိုခဲ့တာပါ ... အဲဒီတုန်းကတည်းကနေ အခုထိ ထပ်မတွေ့ရတော့ပါဘူး ... ဆိုပြီး ရင်ဖွင့်ရှာသတဲ့။
ဒီအချိန်မှာ သိကြားမင်းက အင်း ... ပဉ္စသီခတော့ မြတ်စွာဘုရားနဲ့ စကားတွေဘာတွေ ပြောနေပြီဆိုတော့ ငါတို့ အခု သွားလို့ ရပြီ ဆိုပြီး မြတ်စွာဘုရားကို ဝင်ဖူးရင်း တရားစကားတွေ လျှောက်ထားမေးမြန်းလို့ မြတ်စွာဘုရားကလည်း ပြန်လည် ဟောပြောတော်မူပါတယ်။ ဒီအကြောင်းတွေကို သက္ကပဥှသုတ္တံ ထဲမှာ ဖော်ပြထားပါတယ်ကွယ် ...
အဲဒီနောက်ပိုင်းတော့ သိကြားမင်းက ဆုချတဲ့အနေနဲ့ ပဉ္စသီခနတ်သားလေးကို ...
“အမောင်ပဉ္စသိခ သင်သည် ငါ့အား ကျေးဇူးများလှပေ၏၊ သင်သည် မြတ်စွာဘုရားကို ရှေးဦးစွာခွင့်ပန်ပေ၏၊ အမောင်ပဉ္စသိခ သင်ခွင့်ပန်ပြီးသည့်နောက်မှ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ငါတို့သည် နောက်မှ ဖူးမြော်ခြင်းငှါ ချဉ်းကပ်ကြရကုန်၏။ (ငါသည်) သင့်အား သင့်အဖရာထူး၌လည်း ထားအံ့၊ ဂန္ဓဗ္ဗနတ်မင်းလည်းသင်ဖြစ်အံ့၊ ကောင်းခြင်း လက္ခဏာနှင့် ပြည့်စုံသော သင်အလွန်တောင့်တသော သူရိယဝစ္ဆသာနတ်သမီးကိုလည်း သင့်အားပေးအံ့” လို့ မိန့်ကြားပါသတဲ့ ...
အဲဒီနောက် နတ်တို့အရှင် သိကြားမင်းဟာ မြေကြီးကို လက်နဲ့ ပုတ်ပြီး ...
“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” လို့ ဟု သုံးကြိမ် ဥဒါန်းကျူးရင့်လိုက်သတဲ့ကွယ် ...

ကဲ ... ဒီတော့မှ ပဉ္စသီခနတ်သားလေးဟာ သူ့အဖေရဲ့ ရာထူးကိုရပြီး ဂန္ဓဗ္ဗနတ်မင်းလည်းဖြစ်၊ သူရိယဝစ္ဆသာနတ်သမီး လေးကိုလည်း ရသွားတော့တာပေါ့ ... နတ်သမီးလေးကလည်း ပဉ္စသီခနတ်သားလေးကို ကြိုက်တော့ ကြိုက်တယ်နဲ့ တူပါတယ် ... ဒါပေမဲ့ လက်ရှိရည်းစားကို ဖြတ်ရခက်နေရာကနေ သိကြားမင်းရဲ့ အမိန့်နဲ့ ပေးစားလိုက်တော့ သူ့ဘက် ကလည်း အပြစ်လွတ်သွားတယ် ထင်ပါရဲ့နော် ... ဒီတော့ သူတို့တွေ အခုအချိန်ထိ ပျော်ရွှင်စွာ ပေါင်းသင်းနေကြလေ သတည်း လို့ပဲ ယူဆရတော့မှာပေါ့ကွယ် ...

မိတ်ဆွေကြီး မြို့သားကိုရင်ရော ... မမေ (မေဓာဝီ) ကရော မြှောက်ပေးထားကြလို့ ကိုယ်လည်း ဒီစောင်းချင်းလင်္ကာတွေကို လေးလုံးစပ်နဲ့ ရေးကြည့်နေပါ သေးတယ် ... မကြာခင် ပြီးမယ်လို့တော့ မျှော်လင့်ပါရဲ့ ... ပြီးတဲ့အခါတော့ တင်ပေးမှာပေါ့နော် ...

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ


Read More...

Friday, 13 January 2012

ဒေါင်းဟိတ်နဲ့ညီညီညာ

ဒေါင်းဟိတ်နဲ့ညီညီညာ

ဆယ့်သုံးသောကြာ၊
အစဉ်အလာပျက်ယွင်းလို့
မင်္ဂလာ မနက်ခင်းပါတဲ့၊
မှန်လိုက်ရဲ့ မေနန္ဒာ။

မင်္ဂလာမနက်ခင်းမှာတော့၊
အကြင်နာ ဆက်ရင်းနဲ့၊
ပျက်ယွင်းခဲ့သမျှ ပြုပြင်ဖို့၊
အခုပင် တွဲလက်လှမ်း၊
တက်လမ်းပေါ့ ပြည်မြန်မာ။

ဒေါင်းအလံ ဒေါင်းတံဆိပ်အောက်မှာလ၊
ဒေါင်းမာန် ဒေါင်းစိတ်မပျောက်ပါမှ၊
ဒေါင်းဟိတ်နဲ့ ညီညီညာ၊
ပြည်သာမှာပ နိမိတ်ပဲ။

ညီဘိစေ၊
ပီတိတွေ ဖုံးဆောင်လွှမ်းပါလို့၊
သည်အမိမြေ ပြုံးရောင်သမ်းပြီကွဲ့၊
အောင်ပန်းကို ဆွတ်ခြူစေဖို့၊
လွတ်သူတွေလည်း ကျန်းမာစွာ
လွှတ်သူတွေလည်း လန်းဖြာစွာနဲ့
လှမ်းကာသာ ရွှေပြည်သစ်ဆီသို့၊
ချီရစ်မယ့်ပွဲ။


မမေနန္ဒာ (May Nandar) ရဲ့ “ဆယ့်သုံး သောကြာ မင်္ဂလာ” ဆိုတဲ့ ကဗျာလေးကို ဖတ်မိပါတယ် ...

“ဒီတလအတွက်တော့
ဆယ့်သုံးသောကြာ
အစဉ်အလာပျက်ယွင်း
မင်္ဂလာ မနက်ခင်း ဖြစ်ခဲ့တယ် … ” တဲ့ ...

ဟုတ်ပါရဲ့ ... Friday the 13th ဆိုတာ အနောက်တိုင်း အယူအဆအရတော့ အတော့်ကို ဆိုးဝါးတဲ့နေ့ပါ ... (ကျနော်တို့ မြန်မာအယူအဆအရတော့ ၁၃-ဂဏန်းဟာ ပြဿနာမဟုတ်ပါဘူး ... ဘာနိမိတ်ဆိုးကိုမှလည်း မဆောင်ပါဘူး) ဒါပေမဲ့ ဒီလိုနေ့က အစဉ်အလာပျက်ယွင်းပြီး မင်္ဂလာမနက်ခင်း ဖြစ်သွားခဲ့ရပါတယ် ... အားလုံးမျှော်လင့်တောင့်တနေကြတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းခံနေရသူတွေ ပြန်လည်လွတ်မြောက်လာကြတဲ့ အတွက်ပါ ...

ကိုမင်းကိုနိုင်ကလည်း လွတ်လွတ်ချင်း ပြောလိုက်တာက "ကျနော်တို့ ၈၈ တုန်းက ဒေါင်းအလံကြီးကိုင်ပြီးတော့ ကျနော်တို့အားလုံးဒီမိုကရေစီရေးအတွက် အလုပ်လုပ်ခဲ့ကြသလို ဆက်ပြီးတော့လည်း အဲဒီဒေါင်းအလံ ဒေါင်းအနှစ် အောက်မှာ ဒေါင်းမာန် ဒေါင်းစိတ်မပျောက်ဘဲ ဆက်ပြီးတော့ ဒေါင်း အိုးဝေအသံကို ဆက်ပြီးတော့ တွန်ကျူးကြပါလို့ ကျနော် ပြောချင်ပါတယ်" ... တဲ့

ဒါကြောင့် မမေနန္ဒာ ရေးထားတာလေးကို သဘောကျစွာနဲ့ ဆက်ရေးလိုက်မိပါတယ် ... သူ့ကဗျာလေးကိုလည်း အပြည့်အစုံ တင်ဆက်လိုက်ပါတယ် ...

“ဆယ့်သုံး သောကြာ မင်္ဂလာ”

ဆယ့်သုံး သောကြာ
အစဉ်အလာ အသိ
မင်္ဂလာ မရှိ … လို့ ကြားဖူးတယ်။

ပူပန် ဒုက္ခ
ဗျာပါဒနဲ့
သောက စုရုံး
သောကြာ ဆယ့်သုံး … တဲ့။

ကြုံတောင့်ကြုံခဲ
ဒီနှစ်ထဲမှာ
ဇန်န၀ါရီ
ဧပြီ, ဇူလိုင်
သုံးလတိုင်လုံး
ဆယ်သုံး သောကြာ
ဆုံရမှာ … တဲ့။

ညအိပ်ရာဝင်
မြတ်ရှင် ဗုဒ္ဓ
ရှိဦးချရင်း
တိုးညင်းဆုတောင်း
လွတ်မြောက်ကြောင်း … ပေါ့။

နံနက်နိုးထ
နမောတဿနဲ့
သောကကင်းရေး
ဟိုဒီတွေးရင်း
သတင်းတွေဖတ်
လွတ်လပ်ခြင်းများ
ဝမ်းမြောက်ခြင်းများ
ပျော်ရွှင်မှုများ
ပီတိ အပြုံး
လူတိုင်းဖုံးလို့
ကဲ … ဘယ်လိုလဲ
သောကြာ ဆယ်သုံး … ။

… … … …
… … … …
… … … …

ဒီတလအတွက်တော့
ဆယ့်သုံးသောကြာ
အစဉ်အလာပျက်ယွင်း
မင်္ဂလာ မနက်ခင်း ဖြစ်ခဲ့တယ်။ … ။
***

မေနန္ဒာ (May Nandar)
http://www.facebook.com/may.nandar


အားလုံးမျှော်လင့်တောင့်တနေကြတဲ့ ရွှေပြည်သစ်ဆီသို့ မင်္ဂလာအပြည့်၊ အားမာန်အပြည့်နဲ့ ဆက်လက် လျှောက်လှမ်းနိုင်ကြပါစေ ...


ဟယ်ရီလွင်

Read More...

Thursday, 12 January 2012

Rhythm ဆိုတာ ...

ဂီတမှာ Rhythm ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ ခံစားလို့ရအောင် ဥပမာ ပြချင်လို့ လုပ်ထားတာပါ ...
ဒီ တီးလုံးအပိုင်းလေးကို နားထောင်ကြည့်ပါ ... အားလုံးကြားဖူးတဲ့ တီးလုံးလေးပါ ... ဒါပေမဲ့ သူ့ မူရင်း Rhythm ကို ကျနော် shuffle လုပ်ထားပါတယ် ... အဲဒီတော့ ဘာတီးလုံးလဲ ဆိုတာ ရုတ်တရက် သိဖို့ မလွယ်ပါဘူး ... ဆက်နားထောင်ကြည့်ပါ ... သူ့မူရင်း Rhythm အတိုင်း ပြန်လုပ်ထားပါတယ် ... သိမှာပါနော် ဘာတီးလုံးလဲ ...

http://soundcloud.com/harrylwin/rhythm-example


အဲဒါ Rhythm ပါပဲ ...

Read More...

Sunday, 1 January 2012

၂၀၁၂ သို့

“ကောင်လေး မိုက်တုန်းပဲလား ...”
ပိတ်ဖြူပတ်ထားတဲ့ကြောင်ကြီးတွေရဲ့အမေး
ခပ်အေးအေး အပြုံးနဲ့ အမေ
အဖြေထဲက အငွေ့တချို့
“ခြင်္သေ့ မို့ပါ...”

အပြုံးတု နွမ်းလျလျနဲ့
အန္ဓစစ်တွေရဲ့ ဇရပ်ပျက်က
ခပ်အက်အက် အသံ ...
“ဟိုနိုင်ငံမှာ လေ ...”

မုဆိုးတွေ တင်မြှောက်တဲ့ အသံ
သူသေငါရှင် ဂန္ထဝင် ဆုတောင်း
“ဘေးရန်အပေါင်း ဖဲကျဉ်စေ
အမဲသားငါး များပါစေ ...”

“ရင်ခုန်သံမတူသူတွေ ဘေးဖယ် ...” တဲ့
သြော် ကလေးရယ် ... ဖြစ်ရလေခြင်း
ခပ်ကျဉ်းကျဉ်း အတ္တဥခွံထဲ
အိပ်မက်လို့ကောင်းရှာဆဲကိုး ...

နက္ခတ်ရီပြာတွေရဲ့အောက်
ကြယ်စင်တွေကောက်ရင်း
လမ်းတဝက်တော့ပျောက်ခဲ့
လမ်းတဝက်တော့ရောက်ရဲ့
ဆက်လျှောက် ဆက်ကောက်
အသက်မပျောက်ခင်အထိ ...
ဘဝဂ်တော့ရောက်ချင်မိသား

အဆုံးလား အစလား
စက်ဝိုင်းများစွာ ခြာခြာလည်ရင်း
နာရီတံတားပေါ်
ငေးမျှော်မောနွမ်း ...
ကျနော် လက်ပမ်းမကျသေးပါဘူး အမေ ...

တွေးဆဲ ငေးဆဲ
ဟိုးဝေးဝေးက ဝဲလွင့်ပျံ
နင့်တင့်တင့် သံစဉ်ချိုး
သြော် ... နှစ်တနှစ် ပျိုးပြန်ပြီလေ ...




အားလုံးပဲ မင်္ဂလာနှစ်သစ်ပါ ခင်ဗျား ...

ဟယ်ရီ

Read More...

Sunday, 18 December 2011

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၄)

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၄)

ရတု

အခု ဖော်ပြမှာကတော့ လူအများဆုံးမေးကြတဲ့ လေးလုံးစပ်ကဗျာလင်္ကာထဲမှာပါတဲ့ ရတု စပ်နည်းပဲ ဖြစ်ပါတယ်။ ‎ရတုဟာ လင်္ကာရဲ့ အကိုင်းအခက် တခုပဲ ဖြစ်ပါတယ်။ လင်္ကာကနေ မြစ်ဖျားခံလာတယ်လို့ မှတ်ယူနိုင်ပါတယ်။ ရတုကို ခေတ်အဆက်ဆက်မှာ စာဆိုအကျော် အများအပြားက အမျိုးမျိုးအဖုံဖုံ ဖွဲ့နွဲ့ခဲ့ကြပါတယ်။
ရတုစာဆိုရှင်တွေကို ကြည့်မယ်ဆိုရင်တော့ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်တေဇောဒီပ၊ ဆီးပန်းနီဆရာတော် - တို့လို ရဟန်းပညာရှိတွေ၊ မင်းနဝဒေး၊ မင်းလက်ဝဲသုန္ဒြ၊ မင်းဥက္ကာပျံ၊ မင်းလက်ဝဲသုန္ဒရ - စတဲ့ အမတ်ပညာရှိတွေ၊ လှော်ကားသုံးထောင်မှူး၊ ထောင်သင်းမှူး၊ ဇေယျရန္တမိတ်၊ ရှင်သံကိုယ် - စတဲ့ အရာရှိအရာခံတွေ၊ ရာဇဓာတုကလျာမင်းသမီး၊ ဆင်ဖြူရှင်မင်းတရားသ္မီးတော် နဲ့ ကြံညှပ်မင်းသ္မီး စတဲ့ မဟာဆီမဟာသွေး မင်းသမီး သမီးတော်တွေအပြင် အင်းဝဘုရင် ပထမမင်းခေါင်၊ ဇင်းမယ်ဘုရင်မင်းမြတ်၊ တောင်ငူဘုရင်မင်းမြတ် (နတ်သျှင်နောင်)၊ ဟံသာဝတီရောက် မင်းတရားကြီး တို့လို ဘုရင်မင်းမြတ်စာဆိုတော်တွေပါ ရှိပါတယ်။ ဒါပေမဲ့ ဘုရင်မင်းမြတ်စာဆိုကတော့ နည်းပါးလှပါတယ်။

ရတုစပ်နည်းဟာ အတော်လေး ကျယ်ပြန့်ပါတယ်။ “မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာတို့မှ စီးဆင်းသောရေသည် မဟာသမုဒ္ဒရာ ၌သာ ပေါင်းဆုံမြဲဖြစ်ကြသကဲ့သို့ စင်စစ်အားဖြင့် ခပ်သိမ်းသော စာစီစာကုံး ရေးထုံးရေးနည်းဟူသမျှတို့သည်၊ မူလအခြေခံကြီး ဖြစ်သော ထိုရတုရေးနည်းကို နားလည်လျှင်မည်သည့်အစပ်အဟပ်မျိုးမှာမှခဲယဉ်းဘွယ်မရှိပြီ ...” လို့ ဆရာကြီး သခင် ကိုယ်တော်မှိုင်းက ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ မိန့်ဆိုထားပါတယ်။ ဒါကြောင့် ရတုကဗျာရဲ့ သဘောလက္ခဏာကို ‎အကုန်အစင် သိပြီးပြီဆိုရင် ပျို့၊ မော်ကွန်း၊ ရကန်၊ အဲချင်း၊ အိုင်ချင်း၊ အန်ချင်း တို့ကိုလည်း ‎အကုန်လွယ်ကူ နားလည်နိုင်ပါလိမ့်မယ်။ ရတု ရေးနည်း ဥပဒေသတွေကိုလည်း အရင် ကဗျာပုံစံတွေလိုပဲ ဝိဘာဂ အစိတ်အပိုင်း ၈-မျိုးနဲ့ ပိုင်းခြားပြပါမယ်။ ဒီလို ပိုင်းခြားမပြခင်မှာ ရတုအကြောင်း၊ ရတုကဗျာတွေရဲ့ နောက်ခံသမိုင်းကို အလျဉ်းသင့်လို့ ဒီနေရာမှာ ဗဟုသုတအနေနဲ့ မကျဉ်းမကျယ် ရေးသားဖော်ပြပါမယ်။


ရတုဟူသည် ...

မြန်မာစာပေမှာ ပုဂံခေတ်ကတည်းက ရတုကဗျာတွေ ပေါ်ပေါက်နေတယ်လို့လည်း ထင်မြင်ယူဆဘွယ်ရှိပါတယ်။ ပုဂံခေတ်မှာ ပေါ်ပေါက်တဲ့ ရတုတွေကို မျက်ဝါးထင်ထင် မတွေ့ရှိကြရပေမဲ့လည်း ရတုသဘော သက်ဝင်တဲ့ လင်္ကာတိုကလေးတွေကို တွေ့ရှိရတာကြောင့် လည်းကောင်း၊ ပုဂံခေတ်ပေါ်ကျောက်စာများတွေမှာ ကာရန်အစပ်အဟပ်ညီတဲ့ အဖွဲ့ကလေးများကို တွေ့ရ တာကြောင့် လည်းကောင်း၊ ဒီထင်မြင်ယူဆချက်တွေဟာ မှားတယ်လို့ မဆိုနိုင်ပါဘူး။ ဥပမာ ပြရရင် သက္ကရာဇ် ၅၃၆-ခုနှစ် နရပတိစည်သူမင်းကြီးလက်ထက်မှာ မင်းယဉ်နရသိင်္ခ၏အထိန်းတော် အနန္တသူရိယအမတ်ဟာ မင်းပြစ်မင်းဒဏ် ရာဇသံကြောင့် သေရအံ့ဆဲဆဲမှာ ရေးခဲ့တဲ့ ...
"သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း"
အစချီတဲ့ လင်္ကာတိုကလေးရယ်၊ အဲဒီခေတ်ကာလလောက်ကပဲ ဖွဲ့ဆိုတယ်လို့ ယူဆနိုင်တဲ့ ...
"သိုးကလေး။ ။ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်မား၊ စုံတောဖျား၌၊ နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်၊ ရွှေနှင့်ယိုးမှား၊ ပန်းစကား"
အစရှိတဲ့ ပုပ္ပါးနတ်တောင်ဘွဲ့ လင်္ကာရယ်၊ ဒါ့အပြင် ကျစွာမင်းလက်ထက် ဖွဲ့ဆိုတယ်လို့ ယူဆအပ်တဲ့ ...
"မြကန်သာ။ ။တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ၊ ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊ ငှက်မျိုးစုံသည်၊ ဘုံဝတိံက၊ နန္ဒာလော၊ တူစွဟုတ္တာ။"
အစရှိတဲ့ ‘မြကန်ဘွဲ့’ လင်္ကာတိုကလေးရယ်မှာ ပဒလေးလုံး၊ ပဒသုံးလုံးနဲ့ အစချီလို့ လေးလုံးစပ် ကာရန်နဲ့ ဖွဲ့ဆို ထားပြီး အချပိုဒ်မှာလည်း ရှစ်လုံး၊ ခုနစ်လုံး စသည်ဖြင့် ချဆိုဖွဲ့နွဲ့တာကြောင့် လင်္ကာလို့ပဲ ခေါ်ပေမဲ့ တကယ်တော့ ရတုသဘော သက်ဝင်တယ်လို့ ဆိုရပါမယ်။
ရတုစစ်စစ်အရေးအသားကို ပုဂံခေတ်နှောင်း၊ ပင်းယခေတ်ဦးလောက်မှာ စတင်တွေ့ရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပင်းယခေတ် သက္ကရာဇ် ၇၀၀-ကျော်လောက်မှာ သက္ကတကျမ်းတတ် လောကနီတိဆရာ ပင်းယစတုရင်္ဂဗလအမတ်ကြီးက ရေးတဲ့ ...
ရွှေဘွားတော်အောက်၊ ကျွန်၏လျှောက်ဖြင့်၊ မလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့တည့်၊ ကြောက်ရွံ့လျက်ပင်၊ စက်ရွှေစင်ကို၊ ထိပ်ပြင်ပန်းနှယ်၊ ဆင်းစမ္ပယ်လျက်၊ ...
အစချီတဲ့ ရတုကဗျာအဖွဲ့မှန်လို့ ဆိုအပ်တဲ့ ပိုဒ်စုံရတုကို မြန်မာစာပေနယ်ပယ်မှာ အစောဆုံးတွေ့ရပါတယ်။ ပုဂံဆရာတော် (သို့) ဆူးတွင်းပစ်ဆရာတော် ရှင်နာဂိတ ကို မြတ်စွာဘုရား တရားတော် ပရမတ္ထအရာ အဘိဓမ္မာနည်းများအကြောင်းနှင့် စပ်လျဉ်းပြီး မေးမြန်းရေးသားထားတဲ့ အမေးပုစ္ဆာရတု ဖြစ်ပါတယ်။ တဖန် ဆရာတော်က ဖြေရတု ကိုလည်း ရေးသားခဲ့ပါတယ်။
တွေ့ရှိရသမျှ ရတုတွေထဲမှာ စတုရင်္ဂဗလအမတ် ရေးတဲ့ ဒီရတုဟာ အစဉ်အလာ အမှတ်အသားအရ လေးလုံးစပ်ကာရန်စနစ်ကို အသုံးပြုတဲ့ ပထမဆုံးသော ကဗျာလင်္ကာ ဖြစ်ကြောင်း အသိအမှတ် ပြုထားကြပါတယ်။ ရတုပီပီသသ အဟောင်းဆုံး ရတုကြီးတစ်ပိုဒ်ပဲ ဖြစ်ပါတယ်။ လောက်လို့ ဆိုရပါလိမ့်မယ်။ ဒါပေမဲ့ တခြားရတုအများစုလို မယ်ဘွဲ့၊ မောင်ဘွဲ့ မဟုတ်ဘဲ မြတ်စွာဘုရားရဲ့တရားတော်အကြောင်းနဲ့ စပ်လျဉ်းရေးသားထားတဲ့ ဓမ္မသဘောသက်ဝင်တဲ့ ရတု ဖြစ်ပါတယ်။ 
အင်းဝခေတ်ကနေ အစပြုပြီး ရတုနယ်ပယ်ဟာ ကျယ်ဝန်းလာပါတယ်။ အရေးအသားတွေလည်း တိုးတက်လာပါတယ်။ မယ်ဘွဲ့၊ မောင်ဘွဲ့၊ ကျေးစေရတုတွေ ပေါ်ပေါက်လာ ပါတယ်။ ရတုစာဆို အများအပြား ပေါ်ထွန်းခဲ့ပါတယ်။ အင်းဝဘုရင် ပထမမင်းခေါင်၊ စာဆိုတော်ရှင်သူရဲ၊ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရခိုင်သူ မိညို၊ အင်းဝသူ မိဖြူ၊ ရှင်ထွေးနာသိန် စတဲ့ စာဆိုတွေဟာ အင်းဝခေတ် ရတုစာဆိုကျော်များ ဖြစ်ကြပါတယ်။
အင်းဝခေတ်မှာ အရှိန်ရလာတဲ့ ရတုအရေးအသားဟာ တောင်ငူခေတ်မှာ တံခွန်စိုက်တယ်လို့ ဆိုရပါမယ်။ လူပုဂ္ဂိုလ် အများအပြားဖွဲ့ဆိုလာတာမို့ တောင်ငူခေတ်ကို ရတုခေတ်ကြီး လို့လည်း ခေါ်တွင်ပါတယ်။ သက္ကရာဇ် ၉၀၀-ကျော် လောက်မှာ ရတုနဝဒေးကြီးလို့ ကျော်စောထင်ရှားတဲ့ စစ်ကိုင်း ထောင်သင်းမှူး (ခေါ်) စလင်းလက်ျာ (ခေါ်) ပြည်နဝဒေးကြီးဟာ ရတုပုဒ်ရေပေါင်း ၃၀၀-နီးပါးကို စပ်ဆိုဖွဲ့နွဲ့ခဲ့ပါတယ်။ ရတုအများဆုံး ဖွဲ့နွဲ့ခဲ့တဲ့ စာဆိုရှင်ပါ။ နဝဒေး နောက် နှစ်ပေါင်း ၃ဝ-ခန့် အကြာမှာ ရတုဘုရင် နတ်သျှင်နောင် ပေါ်ခဲ့ပြန်ပါတယ်။ တောင်ငူဘုရင်မင်းမြတ် ဖြစ်တဲ့ နတ်သျှင်နောင်ဟာ မြန်မာကဗျာသမိုင်းမှာ စံတင်ရလောက်တဲ့ ရတုပုဒ်ရေ ၆၀-ကျော် ရေးသားဖွဲ့နွဲ့ခဲ့ပါတယ်။ စကားကျစ်လျစ် သိပ်သည်းပြီး လှပပြောင်မြောက်တဲ့ အဖွဲ့တွေနဲ့ မွမ်းမံထားတဲ့ ရတုတွေကြောင့် နတ်သျှင်နောင်ကို ‘‘ရတုဆိုခြင်း၌ သိမ်မွေ့၏။ ဂမ္ဘီရဉာဏ်နှင့် ပြည့်စုံ၏’’ဟု ဆိုကြပါတယ်။ နတ်သျှင်နောင်ရဲ့ ရတုတွေဟာ စာဆိုတွေရေးဖွဲ့သမျှ ရတုတွေထဲမှာ အကောင်းဆုံးလို့ အသိအမှတ်ပြုထားကြပါတယ်။ ဒါကြောင့် အဟောင်းဆုံး ရတုဆရာ ဟာ စတုရင်္ဂဗလအမတ်၊ အကောင်းဆုံး ရတုဆရာဟာ နတ်သျှင်နောင်၊ အများဆုံး ရတု ဆရာဟာ နဝဒေး လို့ ဆိုပါတယ်။ တောင်ငူခေတ်ရဲ့ ထင်ရှားတဲ့ တခြားရတုစာဆိုတွေကတော့ လှော်ကားသုံးထောင်မှူး၊ ရခိုင်စာဆို ဥက္ကာပျံ၊ မင်းဇေယျရန္တမိတ်၊ ရှင်သံခိုတို့ ဖြစ်ပါတယ်။
ညောင်ရမ်း ခေတ်မှာတော့ တောင်ငူခေတ်လောက် ရတုတံခွန်မစိုက်ပေမဲ့ ရှင်ကဝိက၊ မြင်းခွာစား မင်းရာဇာ စသော ရတုစာဆိုတွေ ရှိသေးတဲ့အတွက် ရတုအရေးအသား မပြတ်လပ်ခဲ့ပါဘူး။ ညောင်ရမ်း ၁၀-ဆက်မြောက် ဟံသာဝတီရောက် မင်းတရားကြီး ဟာ အင်းဝပျက်ပြီး ဟံသာဝတီမှာနေရတုန်း နတ်ရွာစံခါနီးမှာ ‘ပုဂ္ဂိုလ်ခြောက်မည်’ အစချီ သုံးချက်ညီ သံဝေဂပိုဒ် ရတုကို ရေးသားတော်မူခဲ့ပါတယ်။
ညောင်ရမ်းခေတ်အပြီး ကုန်းဘောင်ခေတ်မှာလည်း ရတုတွေ ဆက်လက်ရေးဖွဲ့ခဲ့ကြပြန်ပါတယ်။ “မဲဇာတောင်ခြေ” အစချီတဲ့ လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ ပိုဒ်စုံရတုဟာ အခုထိ ထင်ရှားဆဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ရတုစာဆိုတွေ ကတော့ လက်ဝဲသုန္ဒရ ဦးမြတ်စံ၊ တွင်းသွင်းတိုက်ဝန် မဟာစည်သူ၊ စိန္တကျော်သူ ဦးဩ၊ ဦးတိုး၊ စဥ့်ကူးမင်းမိဖုရား ရှင်မင်း၊ ဘိုးသူတော်ဦးမင်း၊ ဦးယာ၊ ဝက်မစွတ် နဝဒေး၊ ဦးပုည၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ ဆီးပန်းနီ ဆရာတော် စတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။
အခုဆက်လက်ပြီး ရတု ရေးနည်း ဥပဒေသတွေအကြောင်း ဝိဘာဂအစိတ်အပိုင်း ၈-မျိုးနဲ့ ပိုင်းခြားဖော်ပြပါမယ်။

‎ရတု ရေးနည်း ဥပဒေသများ

(၁) အမည်အားဖြင့်

ရတုဆိုတဲ့ စာလုံး ကို အမည်အားဖြင့် ကြည့်မယ်ဆိုရင် … 
‎(က) သဘင်၊ အခမ်းအနား၊ အခြေအနေ ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ မြန်မာပေါရာဏ (ရှေးစကား) စကားလုံး 
‎(ခ) အခါရာသီ၊ ရာသီဥတု ဆိုတဲ့အနက်ကိုဖော်ပြတဲ့ သက္ကဋဘာသာစကားလုံးဖြစ်တဲ့ ‘ရိတု’ ဆိုတဲ့စကားက ရွေ့လျောလာတဲ့ စကားလုံး၊ (ပါဠိဘာသာအနေနဲ့ ‘ဥတု’ လို့ခေါ်ပါတယ်)
‎(ဂ) ကဗျာလင်္ကာအမျိုးအစားတမျိုးရဲ့ အမည်နာမ လို့ အနက်အဓိပ္ပာယ်ရတဲ့ စကားလုံး (ဥပမာ - မဲဇာတောင်ခြေ-ရတု)
စသဖြင့် ၃-မျိုးရှိပါတယ်။ 
‎တချို့ကလည်း ‘ရတိံ၊ ဇနေတီတိ၊ ရတု’၊ လူတို့သည် မွေ့လျော်ကြကုန်သောကြောင့် ရတုဟုခေါ်၏ လို့ ဝိဂြိုဟ်ပြုခဲ့ကြပါသေးတယ်။ 
ဒီလို ရတု ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ် ၃-မျိုးကို ဥပမာ အနေနဲ့ ကောက်နုတ်ဖော်ပြထားတာတွေကို အနည်းအကျဉ်း တင်ပြပါ့မယ် ...
‎
‎(က) ‘သဘင်၊ အခမ်းအနား၊ အခြေအနေ’ လို့ အဓိပ္ပာယ်ရတဲ့ ရတု ဥပမာတွေကတော့ .... 
• ‎ကျူးချီပဉ္စင်၊ သဘင်ပျော်မှု၊ မင်း‘ရတု’ဖြင့်၊ ရွယ်နုထွားမွတ် ... ။ (ဇယဒိသပျို့)
• ‎ရွှင်ပြုံးပျော်ပါး၊ နဂါးတို့မှု၊ ‘ရတု’သဘင်၊ ပဉ္စင်တူရိယာ ... ။ (စမ္ပေယျပျို့)
• ‎မြစ်ခွင်အလုံး၊ မဆုံးလေမှု၊ ရေ ‘ရတု’ ဝယ်၊ ပြည်သူ့ဦးခေါင်း ... ။ (မဟာဝီရချီ - ကျေးသားခန်း)
• ‎သည်းကြားလွန်ကြင်၊ မိချစ်ရှင်အား၊ သဘင် ‘ရတု’၊ မင်းမှုပိုက်ဖြား ... ။ (သခင်ကြီး ဧးချင်း)
• ‎စမြောင်ရွှေသိုင်း၊ ရီရိုင်းရောရု၊ မင်း ‘ရတု’ ဖြင့်၊ မင်းမှုမင်းလျှောက် ... ။ (ဇနကပျို့)
‎ဒီနေရာမှာ ဗဟုသုတအနေနဲ့ ပြောရရင် ....
• အများနဲ့စပ်ဆိုင်တဲ့ အဖွဲ့မျိုးဟာ ‘သဘင်’၊
• အများနဲ့မစပ်ဆိုင်ဘဲ တဦး တယောက် အတွက်ပဲ စပ်ဆိုထားတာဆိုရင် ‘အခမ်းအနား’၊
• ပကတိဖြစ်ထွန်းတဲ့ သဘာဝဓမ္မ ဩကာသ လောက တောတောင် ရေ မြေ အခြေအနေတွေကို ပြရင် ‘အခြေအနေ’ ... 
ဆိုတဲ့ သဘောသက်ရောက်ကြောင်း ယူဆကြပါတယ်။ ရွှေရတု၊ ငွေရတု၊ စိန်ရတု စတဲ့ အခမ်းအနားကို ခေါ်ဝေါ်ကြပုံမျိုးပါ။ ရှေးဟောင်း မြန်မာဘာသာစကားသုံး သက်သက်မျှသာ ဖြစ်ပါတယ်။


‎(ခ) ‘အခါရာသီ’ လို့ အဓိပ္ပာယ်ရတဲ့ ရတု ဥပမာတွေကတော့ ....
• ‎သန်ဆောင်းခါနွေ၊ သုံးထွေဥတု၊ ‘ရတု’ ခြောက်လီ၊ ရာသီသာစွာ့၊ ဆဲ့နှစ်လတွင် ... ။ (ဣတိသိင်္ဂပျို့)
• ‎မပူမလောင်၊ မခေါင်မိုးလေ၊ သုံးထွေ ‘ရတု’၊ ညီသမှုဖြင့်၊ တောင်သူ့တောသား ... ။ (ဂုတ္တိလပျို့)
• ‎နန်းတောင်းများလျှင်၊ ငါးရာ့ခုနစ်ဆယ်၊ စွန်းကယ်သုံးခု၊ ‘ရတု’သစ်ဆင်း ... ။ (စစ်ကိုင်းမင်း - မျိုးတော်ရတု)
• ‎နယုံတွယ်တာ၊ နံကာပန်းလု၊ ‘ရတု’သစ်ဆင်း၊ တော်သလင်းလျှင် ... ။ (နဝဒေးဆို - ဟံသာဝတီဖွဲ့ရတု)
• ‘ရတု’ခြောက်မည်၊ အတည်တည်၊ မည်သို့ခွဲချမ်းပေလိမ့်နည်း။ (စွယ်စုံကျော်ထင် - ညသတ်)
• ‎ဂိမန္တဟု၊ သာလှပျော်မှု၊ သည် ‘ရတု’ ၌၊ ညွန့်နုဆဲဆဲ ... ။ (ဂါထာ ၆၀-ပျို့)
• သုံးလီဥတု၊ လက်ဝယ်လုသား၊ ‘ရတု’သာစွာ့၊ လမဏ္ဍလင်၊ သဘင်ဂိမှန် ... ။ (ကပ္ပီလဝတ်ကြွခန်း - တောလားရတု)
‎တစ်နှစ်မှာ နွေမိုးဆောင်း သုံးရာသီရှိသလို ရတုမှာလည်း များသောအားဖြင့် သုံးပိုဒ် ဖွဲ့ဆိုလေ့ရှိပါတယ်။ အကြောင်းအရာ အားဖြင့် ရာသီဘွဲ့တွေကို အထူးဖွဲ့ဆိုခဲ့ကြတာလည်း ရှိပါတယ်။

‎(ဂ) ‘ကဗျာလင်္ကာအမျိုးအစားတမျိုးရဲ့ အမည်နာမ’ လို့ အဓိပ္ပာယ်ရတဲ့ ရတု ဥပမာတွေကတော့ ....
• ‎‎အေးကြိုက်ချည်ချည်၊ ဖျည်ဖျည်ညှင်းညှင်း၊ သီချင်း ‘ရတု’၊ ပျော်မှုတသီး ... ။ (သံဝရပျို့)
• တတ်သော်ကောင်းဟု၊ ညှင်းစောင်းကဗျာ၊ လင်္ကာ ‘ရတု’၊ ရေးသားမှုနှင့် ... ။ (ရှင်မဟာရဋ္ဌသာရဆို - ကိုယ်ရည်သွေးရတု)
• ‎သိပ္ပခေါင်ထွတ်၊ တတ်ပါစေချည်း၊ ဖွဲ့နည်းကဗျာ၊ လင်္ကာ ‘ရတု’၊ ဆိုမှုရွရွ ... ။ (နန်းတွင်းသူ မယ်ဖြူဆို - ကိုယ်ရည်သွေးရတု)
• ‎ဝှန်တက်ပညာ၊ လင်္ကာ ‘ရတု’၊ ဆိုမှုရွရွ၊ ကြားကစိတ်ဝမ်း၊ သူ့နားချမ်းလိမ့် ... ။ (နန်းတွင်းသူ မယ်ညိုဆို - ကိုယ်ရည်သွေးရတု)
• ‎ပြလတ်ပိမ့်ငှါ၊ ဤအခါတည့်၊ ကဗျာရတု၊ ဆိုမှုစီကုံး၊ အစဉ်ထုံးကား ... ။ (မာန်လည်ဆရာတော်ရေး ရတုချီနည်းချနည်း လင်္ကာ)
‎စသဖြင့် ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ ညောင်ရမ်းခေတ်မတိုင်မီက ရတုကို ‘ရမန္တိ သတ္တာ ဧတ္ထ တေနာတိဝါရတု’ ရယ်လို့ ဝိဂြိုဟ်ပြုသူက ပြုကြပါတယ်။ အနက်ကတော့ ... သတ္တာ၊ သတ္တဝါတို့သည်။ ဧတ္ထ တေနာတိ၊ ဤသီချင်းဖြင့်။ ရမန္တိ၊ မွေ့လျော်ကြကုန်၏။ ထိုကြောင့် ဝါရတု၊ ရတုဟု ခေါ်၏ ... လို့ အနက်ပြန်ထားပါတယ်။ 
အဓိက ဆိုလိုချင်တာကတော့ ရတု ဆိုတဲ့ စကားလုံးကို ‎အဓိပ္ပာယ်အမျိုးမျိုး ကွဲပြားပြီး သုံးစွဲလေ့ရှိတယ်၊ သုံးစွဲနိုင်တယ်ဆိုတာပါပဲ။‎ ရတု လို့တွေ့ရတိုင်း ကဗျာပဲ လို့ မပြောနိုင်ပါဘူး။ တခြားအဓိပ္ပာယ်တွေနဲ့လည်း သုံးနိုင်ပါတယ်။
‎“ရိုးသားလှသော အမျိုးသမီး” လို့ အဓိပ္ပာယ်ရတဲ့ “ရတူ” ဆိုတဲ့ ပါဠိဘာသာကနေ ရတု-ဖြစ်လာတယ် လို့လည်း မှတ်သားဖူး ပါတယ်။ ဒွေးချိုး၊ လေးချိုး၊ တေးထပ် စတဲ့ ကဗျာတွေလို အချိုးအဆစ် အက္ခရာလုံးရေအားဖြင့် အဆန်းတကြယ် ဖွဲ့နွဲ့စီကုံးခြင်း မဟုတ်ဘဲ အချိုး မဖက် ၄-လုံးစပ် ရိုးသားတဲ့ မိန်းမပျိုလေးလို ရိုးရိုးကလေးစီကုံးတဲ့ အဖွဲ့အနွဲ့ဟာ ရတုမည်တယ်လို့ ဆိုလို ခြင်း ဖြစ်ပါတယ်။ ရတုသွားတွေကို ကြည့်လျှင်လည်း ဒီအတိုင်းပဲ တွေ့ရပါတယ်။
မြန်မာမှုမှာ ဥတု ၃-ပါး၊ ဥတု ၆-ပါးကို ရတု ၃-ပါး၊ ရတု ၆-ပါးလို့ ဆိုလေ့ရှိသလို၊ အနံ့ကို ရနံ့ ဆိုပြီး ပြောဆိုသလို ရတုဆိုတာဟာလည်း အတုနှင့် အတူတူပဲဖြစ်တယ်။ ‘အတု’ ဆိုတဲ့ မြန်မာစကားမှာ ‘အ’ နေရာမှာ ‘ရ’ ကိုသွင်းပြီး ရတု ဖြစ်လာတယ်လို့လည်း ဆိုသင့်ကြောင်း ပြောကြပါတယ်။ ဒါ့အပြင် ရတုကို မြန်မာဝေါဟာရအနေနဲ့ စဉ်းစားကြသူတွေကတော့ ရတု ဆိုတာ ရ နှင့် တုကို ပေါင်းထားတာဖြစ်လို့ မိမိရရ တုပပြိုင်ဆိုင် စပ်ဆိုတဲ့ ကဗျာတစ်မျိုးဖြစ်ကြောင်း ဆိုကြပါတယ်။ ရကန်-ဆိုတဲ့ ကဗျာလင်္ကာစီကုံးရာမှာ တပါးသူတို့ရဲ့ စာသွားစာလာကို ကန်ကျောက်တွန်းလှန်ပြီး ရေးစပ်ရတယ်လို့ ဆိုပါတယ်။ ရတု ကတော့ ဒီလိုမဟုတ်ဘဲ ရှေးသူဟောင်းတွေရဲ့ စာသွားစာလာကို အတုယူပြီး စီကုံးဖွဲ့နွဲ့ကြရပါတယ်။ ရှေးပုဒ်အချီအချကို နောက်ပုဒ်က အတုလိုက်ပြီး ချီရ-ချရပါတယ်။ ဒါကြောင့် အတုအပ အပြိုင်အဆိုင် စပ်ဆိုတဲ့ ကဗျာတမျိုး၊ အတုယူကာ အတုပြုကာ ဖွဲ့ဆိုရတဲ့ အဖွဲ့ကို ရတု-လို့ ဆိုလိုပါတယ်။

ကျန်တဲ့ ဥပဒေသတွေကို ဆက်လက်ဖော်ပြသွားပါ့မယ် ...

ဟယ်ရီ

Read More...

Sunday, 11 December 2011

သစ်တောနဲ့မြစ်

သစ်တောနဲ့မြစ်

(၁)

ကိုယ့်တိုင်းပြည် ကိုယ်ချစ်မှ၊
ကိုယ့်သစ်တော ကိုယ်ခင်မည်။

ရေဝေတောတွေ ထိမ်းသိမ်းလို့၊
စိမ်းစိမ်းညို့ ဟိုတောင်ဆီ။

သစ်တောနဲ့ရာသီ၊
မြန်မာပြည်ရဲ့ အသက်။

တောပြုန်းကာ ရာသီဆိုးမှာ၊
မိုးလေကဖျက်။ ။

(၂)

ကိုယ့်လူမျိုး ကိုယ်ချစ်မှ၊
ကိုယ့်မြစ်ချောင်း ကိုယ်ခင်တွယ်။

ဘိုးဘွားအမွေ အမှတ်မျိုး၊
မြတ်နိုးနိုင်မယ်။

ကိုယ့်မြစ်ချောင်း ကိုယ်ကာကွယ်၊
မြန်မာ ... ရယ်လို့ ကမ္ဗည်းထိုး။

ရွှေမမက်ပါဘူး၊
ငွေမမက်ပါဘူး၊
ရေတစ်စက်ကို အသွေးအသားလို၊
အလေးထားကာ ချစ်သလောက်၊
မြစ်ပျောက်မှာစိုး။ ။


မောင်စိန်ဝင်း (ပုတီးကုန်း)

Read More...

Saturday, 3 December 2011

စွယ်တော်ရိပ်တို့ကျောင်းတော်မြေ

ဆရာတင်မိုးရဲ့ ရွှေညာကျေးကတက္ကသိုလ်ကို ဖတ်မိတာနဲ့ အမိ ရန်ကုန်စက်မှုတက္ကသိုလ်ကို လွမ်းဆွတ်တမ်းတမိရင်း နွယ်သာကီသံဖြတ်လေး တပုဒ်လိုက် ရေးကြည့်မိပါတယ် ...


စွယ်တော်ရိပ်တို့ကျောင်းတော်မြေ

တကယ်ပျော် ငယ်ဖော် အရွယ်တော်အတိတ်က
စွယ်တော်ရိပ်တို့ကျောင်းတော်မြေဗျ ... ။
ဖတ်ရာမှတ်ရာ တတ်စရာတို့၊
မြတ်ဆရာပို့ချ ကျောင်းတော်မြေ ... ။
ရင်မှာ ပညာ သင်ကာဖြည့်တဲ့၊
အစဉ်အလာအပြည့်နဲ့ ကျောင်းတော်မြေရှင့် ... ။
အကြံစုံ ဉာဏ်စုံ မြန်ဂုဏ်မျက်ရှု
ရန်ကုန်စက်မှုတက္ကသိုလ်ဗျ ... ။

သဘောမှာဆန်း
ပြောကာလွမ်းခဲ့
သောစရာအဆန်းကွယ့် မှတ်လောက်စရာ
သြဘာလမ်းတဲ့ ဖြတ်လျှောက်ပါလေ့၊
တိုင်ဆယ့်ရှစ်လုံး ကျောင်းဂုဏ်အင်ရယ်
လှိုင်ခဲ့ဖြစ်ထုံး နှောင်းပုံပြင်ကြွယ် ...
အစီအရီထိုင်လို့ လမ်းထိပ်မြေတွင်
ဘီပီအိုင်သို့ လွမ်းရိပ်ဝေသရှင် ... ။
မြန်မာပြည်ရဲ့ အသိကြွယ်ဖော်၊
ကမ္ဘာတည်မယ့် အမိစွယ်တော်ဗျ ...။
သုခုမလည်း စီးဝင်ကာ
ပြုစုကြမြဲ နည်းပညာလေ့ ... ။
သင်မြင်ဆရာတို့ လက်ညီစွာ
အင်ဂျင်နီယာတို့ တက္ကသီလာတော့ ... ။
ရီမောလှောင်ကြ ညညတွေဆို၊
ဂျီဟောဆောင်က မမတွေကို၊
မွှေးမြလွမ်းခဲ့ ရင်မှကဗျာ၊
တေးအလှလွှမ်းခဲ့သဇင်ညမှာ၊
ထူးခြားအောင်လို့ ထွင်လိုပေလျှင်၊
ဒူးယားဆောင်သို့ ဝင်ခိုစေချင်၊
မြူးစရာအစဉ်ကွယ့် အသင့်ယူဆောင်၊
ဦးသာဒင်ရဲ့ စဥ့်ကူဆောင်ဗျ ...
ကြည်မြအောင်ပ စိတ်တွေးမျှော်
ဇီဝကဆောင်က အရိပ်အေးသနော်၊
အလုပ်များမြောင်လို့ ကြာတဲ့အခါ
ပုပ္ပားဆောင်သို့ လာခဲ့ပါ
အောင်သတင်းမွှေးတဲ့ အကိုတွေရယ်
အဆောင်အင်းလေးက ကြိုနေမယ်
တို့ဘုန်းရောင်က ပြောင်မော်သလေ၊
ကြို့ကုန်းဆောင်က နောင်တော်တွေ၊

အို ... အင်ဂျင်နီယာအပေါင်း
ရင်ခွင်တရာ ပြောင်းသော်လည်း၊
တို့ကျောင်းတော် စွယ်တော်ရိပ်ဆီက
ငယ်စိတ်တွေ တလွင်လွင်၊
လွယ်အိတ်တွေ တပြင်ပြင်နဲ့၊
ဟိုအရင် အိပ်မက်လမ်းကို၊
တမ်းမိရင်နော် ...
ပျော်မိပါဘိတော့လေး ... ။

(နွယ်သာကီသံဖြတ်)

အမိ ရန်ကုန်စက်မှုတက္ကသိုလ်နေ့ရက်များသို့ လွမ်းဆွတ်သတိရခြင်းများစွာဖြင့် ...

ဓာတ်ပုံတွေကို google images, Myanmar Engineer Forum (www.myanmarengineer.org) နဲ့ GREATMAYNMAR website (www.greatmyanmar.com) တို့ကနေ ရရှိပါတယ် ...


ဟယ်ရီလွင်

Read More...