Wednesday, 12 September 2012

ငရဲဇာတ်ရုံ

ငရဲဇာတ်ရုံ

တရားမဖက်
ဓားတလက်နဲ့
ပြာသာဒ်ပျက်ဟာ
ပြည့်ဝမ်းစာကို ဖောက်
ပြည့်ဦးနှောက်ကို ချိုး
ပြည့်အမိုးကို နင်း
ပြည့်ဦးကင်းကို ဖျက်
ပြည့်မျက်ရှုကို ဖမ်း
စာသင်ခန်း ကျောင်းတော်တရိုး
ထိုးခဲ့ကြ စစ်စည်မောင်းနဲ့
မရဏခေါင်းလောင်းသံ
သောသောညံလာချိန် ...

ကျောင်းယာမ်ကို ကျောခိုင်းရင်းခွာလို့
ဒေါင်းမာန်ပျို ဇောမှိုင်းပြင်းစွာနဲ့
မောင်းပြန်ကို တောစိုင်းရင်းသာ ကိုင်ခဲ့ကြတဲ့ ...
သူတို့တွေ ...

ဘီလူးတွေနဲ့တိုက်ဖို့အသွားမှာ
အရူးတွေက ကိုက်လို့စားခဲ့တော့
ဆီးနှင်းတွေ တဖြိုက်ဖြိုက်ကျဆင်းချိန်မှာ
သီးကင်းတွေက တပြိုက်ပြိုက်ကြွေ ...

ဒေါင်းမြီးကွက်တွေ ...
အေးစက်စက်လေထုထဲ
တစစီ ... တစစီ ...
ပျံ ... ဝဲ ... လွင့် ... ကြွေ ...

“လက်ထဲမှာ ပြာစများ
မျက်ဝန်းမှာ အားငယ်စိုးထိတ်
တိတ်ဆိတ်တဲ့ ကောင်းကင်ယံကို
လိုက်လံရှာဖွေနေသလား ...” *

နှင်းတွေဖုံးလွှမ်း ...
အေးလွန်းတဲ့ တဲစခန်းလေးမှာ
ငရဲခန်းသွေးအရိရိနဲ့
ဆွေးမြည့်ပေကျံ ...
ဒဏ္ဍာရီသာ ဖြစ်လိုက်စေချင်မိ ...

“အေးစက်နွမ်းလျတဲ့သူ့အသံ
အသံမဲ့ပြောနေတဲ့ စကား
ဖယောင်းတိုင်လေးကို ...
လေပြင်းဘက်သာ လှည့်ထားလိုက်ပါတော့ ...” *

မဟုတ် ...
မဟုတ်ဘူး ...
မဟုတ်သေးဘူး ...
မဟုတ်သေးပါဘူး ...
ဟုတ်ကို မဟုတ်သေးပါဘူး ....

“တရက်လောက်တော့ ထပ်နေပါဦး ...
ဒီတောင်ကို ကျော်လိုက်ပါဦး ...
ဆက်ရှင်သန်ဖို့ အကြောင်းတခုလောက်
ထပ်ပြီးရှာလိုက်ပါဦးနော်” *
....
....
နောက်နေ့မှ ... ပေါ့
မနက်ဖြန်မှ ... ပေါ့
မာန်စိတ်ပြင်းထန် ...
အံကြိတ်ရင်းခံ ...
ရင်တွင်းသံ ...
ဝေလျှံ ...
ညံ ...

“တို့တွေရဲ့ အိပ်မက်ပန်းချီကားတွေ
လှေကားထစ်များနောက်မှာ ကွယ်ဝှက်ထားဖို့
ယူငင်လို့ သူတို့ထွက်ပြေးသွား
အချိန်များတန်လေရင်တော့
ပြန်ကြွေချင် ကြွေဆင်းလာမတဲ့ ...
ဒါပေမဲ့ ဒီလို ကြွေဆင်းမလာရင်လည်း ...” *

တော်ပါတော့ John Petrucci
တော်ပါတော့ “အိပ်မက်ဇာတ်ပွဲရုံ” ...
မယုံကြည်နိုင်စရာ ...
အံ့သြတုန်လှုပ်စရာ ...
ရင်နာစရာ ...
ယူကျုံးမရစရာ ...
ကြေကွဲစရာ ...
မခံမရပ်နိုင်စရာ ...
အဆိပ်အိပ်မက်တွေ ကပြခဲ့တဲ့ ငရဲဇာတ်ရုံ ...

ဒီလိုနဲ့ပဲ ...
ကချင်တောင်တန်းပေါ်က ...
ဖေဖေါ်ဝါရီဆောင်းဟာ
ဖွေးနေအောင်ကျတဲ့ ကြယ်ကြွေတွေကို
ရင်တနင့်နင့်နဲ့ ပိုက်ထွေးခဲ့ရှာလေရဲ့ ...

သြော် ... ကြယ်စင်တွေမြေခ
ကြွေကျခဲ့တဲ့ ငရဲ ...
တိုက်ပွဲမှာလည်း မဟုတ်ပြန် ...
မိုက်ရဲတာပဲ အဟုတ်အမှန် ...
အရှုပ်တရားတွေ ...
သရုပ်အမှားတွေနဲ့
လုပ်စားနေသူတို့ကြား
သီလစောင့်မိသူဟာ အမှား
အသိတရားတွေမလို ...
ဂတိအမှားတွေပို ...
တရားကို အမူပိုလို့
လူကို အတေးအမှတ်နဲ့
ခွေးသတ်လေခြင်းကွယ် ...

အသက်မြေခ
မျက်ရည်စတွေ
လက်ကြွေကျတဲ့
ရက်ရှည်ညတွေရေ ....
သက်သေပြဖို့ စောင့်ဆိုင်းနေပါလေတော့ ...

အို ... ကြွေလွင့်ခဲ့ရသော ...
ထို့အတူ ...
လွတ်မြောက်လာကြသော ...
ရဲဘော်ရဲမေတို့ ...

အဓမ္မသည် ဓမ္မကို နိုင်ရိုးမရှိပါ ...
“ဘုရားသခင်၊ အမှန်မြင်၏၊
သို့ပင်လေငြား၊ သင်စောင့်စားလော့”
စကားရှိနှိုင်း၊ တော့လ်စတွိုင်း၏၊
ပုံခိုင်းပြုဆို၊ ဝတ္ထုတိုနှယ်၊
သီဆိုကာရေရွတ်ရင်း ...
မညွတ်သောဦးခေါင်း
မပြောင်းသော ယုံကြည်ချက်
မပျက်သော သစ္စာ
မညာသော စကား
မမှားသော အဖြေဖြင့် ...
မသေသော ဝိညာဉ်များ ...
တော်လှန်ရေးအတွက် ပေးဆပ်ခဲ့သော ဝိညာဉ်များ
သင်တို့၏ မနောဝိညာဉ်များသည် ...
ထာဝစဉ်လင်းလက်နေသော
ကြယ်စင်ဖြူများ၏အသွင်ဖြင့် ...
ခွပ်ဒေါင်းဂူဗိမာန်စင်မြင့်တွင်
ထာဝရ ရှင်သန်နေပါမည် ...
ထာဝရ ရှင်သန်နေပါလိမ့်မည် ...


ABSDF (မြောက်ပိုင်း) မှ လူမဆန်မှုများ၏ သားကောင်များဖြစ်သွားကြရှာသော တော်လှန်ရေးရဲဘော်များအား ဦးညွတ်လျက် ...

* Another Day (The Dream Theater) မှ သီချင်းစာသားများ ဖြစ်ပါသည်။

ဟယ်ရီလွင်

Read More...

Friday, 7 September 2012

သြော် .... ဖြစ်မှဖြစ်ရလေ ကဗျာဆရာကြီးရယ်

မိုက်သူတွေ
ဗိုက်ဆူလို့ နံကား။

အလိမ္မာ ပိန်တာရိုး၊
ပုဆိုးအစုတ် ကိုဖိုးတုတ်တို့မှာ ... ဗျာ
ပဲပြုတ်နံပြား။ ။

(တင်မိုး)


ဆရာတင်မိုးသာရှိသေးရင် ကဗျာဆိုတာ အဲ့လိုရေးရတယ်လို့ "ရီးပဲ" ကဗျာဆရာကြီးကို ပြောလိမ့်မယ် ထင်ပါရဲ့ ...

ဟယ်ရီလွင်

Read More...

Thursday, 12 July 2012

အက်ဆေး (သို့မဟုတ်) Essay

အက်ဆေး (Essay) နဲ့ ပတ်သက်လို့ အရင်က Poemscorner မှာ ရေးခဲ့ဖူးတာလေး နည်းနည်းပြုပြင်ပြီး ပြန်တင်ပေး လိုက်ပါတယ်။

တချို့က Essay ကို ဆောင်းပါးလို့ ထင်နေကြပါတယ်။ Essay ဟာ ဆောင်းပါး မဟုတ်ပါဘူး ... ဆောင်းပါးက Article လို့ခေါ်ပါတယ်။ Essay က အက်ဆေးလို့ပဲ ပြောရမှာပါပဲ။ ငယ်ငယ်တုန်းကရေးရတဲ့ ''စာစီစာကုံး'' ကိုလည်း Essay လို့ခေါ်ပါတယ်။ ဒါပေမယ့် အဲဒါချည်းပဲမဟုတ်ပါဘူး။ စာပေဗိမာန် ကတော့ ''စာတမ်းငယ်'' လို့ နာမည်ပေးထားပါတယ်။ ဆရာအောင်သင်းကတော့ အက်ဆေးဟာ ရသပါတဲ့အတွက် ''ရသစာတမ်းငယ်'' လို့ခေါ်တာပိုသင့်တော်ပါသတဲ့။ မင်းလူရေးတဲ့ ''အက်ဆေးချစ်သူ'' ထဲမှာ ပါပါတယ်။ ဖတ်ကြည့်ပါ။ တချို့ကတော့လည်း ''အက်ဆေး'' လို့ပဲ တိုက်ရိုက် အသံဖလှယ်ပြီး မွေးစားစကားလုံးအနေနဲ့ သုံးကြပါတယ်။ ကျနော်ကတော့ အဲဒါကို ပိုကြိုက်ပါတယ်။

အက်ဆေးဆိုတာ ပြင်သစ်စကား essayer ကနေလာတာဖြစ်ပါတယ်။ “to try or to attempt” လို့ အဓိပ္ပါယ် ရပါတယ်။ အင်္ဂလိပ်စကား essay ဆိုတာကလည်း “a trial or an attempt” ဆိုတဲ့ အဓိပ္ပါယ်နဲ့ စသုံးခဲ့တာပါ။ အခုထိလည်း အဲဒီ အဓိပ္ပာယ်နဲ့ သုံးလို့ရပါသေးတယ်။ ပထမဆုံး အက်ဆေး ဆိုပြီး စတင်ဖော်ပြ သုံးစွဲခဲ့တဲ့ စာရေးဆရာကတော့ ပြင်သစ် စာရေးဆရာ Michel de Montaigne (1533-1592) ပါတဲ့။ ၁၆-ရာစု ကတည်းကနော်။ သူက သူရေးထားတဲ့စာတွေဟာ သူ့အတွေး၊ စိတ်ကူး ခံစားချက်တွေကို စာအဖြစ် လုံလုံလောက်လောက် ပြောင်းလဲဖော်ပြနိုင်ဖို့ ကြိုးပမ်းချက်တခု အနေနဲ့တင်ပြတာမို့ ဒီလို essayer လို့ သုံးတာပါ။ အင်္ဂလိပ်စာပေမှာတော့ Francis Bacon က ၁၅၉၇-မှာ အက်ဆေးဆိုပြီး စတင်စာအုပ်ထုတ်ခဲ့ပါသတဲ့။

တကယ်တော့ အက်ဆေးဆိုတာက စာတိုလေးပါပဲ။ ရေးတဲ့သူက သူ့ ကိုယ်ပိုင်ခံစားချက်၊ ထင်မြင်ယူဆချက်တွေကို တင်ပြတာ ပါပဲ။ ၀တ္ထုတို (short story) နဲ့ ကွာတာက ၀တ္ထု ဆိုရင် အတိုဖြစ်ဖြစ်၊ အရှည်ဖြစ်ဖြစ် ဇာတ်လမ်း၊ ဇာတ်ကွက်ပါရမယ်။ ဇာတ်ဆောင်တွေပါရမယ်။ လှည့်ကွက်လေးတွေလည်း ပါရမယ်ပေါ့။ ဇာတ်ရှိန်တက်အောင် လုပ်တာတွေ ဘာတွေလည်းပါရမယ်။ နောက်ပြီး အစနဲ့ အဆုံးရှိရပါမယ်။ အက်ဆေးကတော့ အဲဒါတွေ ဘာမှမလိုပါဘူး။ ပါချင်လည်းပါမယ်၊ မပါချင်လည်းမပါဘူးပေါ့။

ဆောင်းပါး (article) ကျပြန်တော့ အချက်အလက်ခိုင်မာမှုရှိရမယ်။ တိကျမှုရှိရမယ်။ အဆိုးအကောင်းတွေ ခွဲခြားပြနိုင်တယ်။ သုတပိုင်းကို ပိုပြီးဦးတည်ရေးလေ့ရှိတယ်ပေါ့လေ။ အက်ဆေးကတော့ ရသကို ဦးစားပေးရေးတာပါ။ ဒီထဲမှာ အချက်အလက်တွေ ဘာတွေ ပါချင်လည်းပါမယ်၊ ပါချင်မှလည်းပါမယ်၊ ဘာအကြောင်းအရာမဆိုဖြစ်နိုင်ပါတယ်။ အဓိကကတော့ ရေးတဲ့သူရဲ့ စိတ်ကူးစိတ်သန်းက အဓိကပါပဲ။ ဘလော့တွေမှာ ရေးနေကြတဲ့ ပို့စ် တွေဟာ တကယ်တော့ အက်ဆေးတွေများပါတယ်။

ဒါပေမဲ့ အက်ဆေးကို တိတိကျကျ အဓိပ္ပာယ် ဖွင့်ဆိုဖို့တော့ ခက်ပါတယ်။ article နဲ့ short story ကြားမှာ overlap ဖြစ်နေတယ် လို့ပဲ ပြောရမှာပါပဲ။

ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ

ဟယ်ရီလွင်

Read More...

Monday, 11 June 2012

ပြာကျမှ ပြန်ပါ

ပြာကျမှ ပြန်ပါ

ချစ်ရသူ ခင်ခင်ငဲ့၊
ဘဝင်မြင့်သက်ညှာ၊
ဆင်မသင့် ခက်ပါသည်၊
သက်သာရာမရ၊
သည်ကိုဖြင့် တိမ်းခဲ့ချော်ပြီ၊
စိမ်းနဲ့နော် ဘုန်းခင့်လာပ။

ကလာပ်စုရုပ်ကြွင်းကို၊
ပြုတ်ယွင်းယိုကာလ၊
ဖုတ်သင်္ဂြိုဟ်ဈာပန၊
ပြာကျမှ ပြန်ပါ၊
ဝဇီရာစိန်သံလျှင်းငယ်နှင့်၊
တရှိန်ချင်း လှမ်းချင်လို့မှာ။

ဝတိံဆင်း နန်းကိန္နရာလို၊
လျှမ်းထိန်ဝါဝေဝင်းနှင့်၊
ရွှေပယင်းငွေလက်တော်၊
ဘုန်းကိုင်ခဲ့နော်၊
အသုဘကမ္မဋ္ဌာန်းတော်ကို၊
ကြဌာန်းပျော် အိုရှုလှည့်လေး။ ။

(တောင်သမန်လယ်စား မောင်ဖေငယ် )

တောင်သမန်လယ်စား မောင်ဖေငယ် ကွပ်မျက်ခံရကာနီးတွင် နောက်ဆုံးရေးသား၍ သူ့ကျေးဇူးရှိဖူးသူ မိုးကောင်းဝန်မင်းအား ပေးခဲ့သော တေးထပ် ဖြစ်ပါသည်။

အကွပ်မျက် မခံရမီ ရာဇဒဏ်ဖြင့် မိုးကောင်းသို့ ပို့ကာ မောင်ဖေငယ်အား ချုပ်နှောင်ထားလေသည်။ မိုးကောင်းမှ တဖန် သူ့အားကွပ်မျက်ရန် ဗန်းမော်သို့ ထပ်ဆင့်ပို့လိုက်ပြန်သည်။ ဗန်းမော်သို့ ပို့ကာနီးဆဲဆဲ မိုးကောင်းတွင် ချုပ်နှောင်ထားခြင်း ခံနေရစဉ် မောင်ဖေငယ်သည် သီပေါဘုရင် နှင့် စုဘုရားလတ် အပါးတွင် အလွန်ချောမောပြေပြစ်သော မိဘုရားအသစ်ကလေးတပါး အမြဲလိုလို တွေ့နေရသည်ဟူသော သတင်းကို ကြားသိလိုက်ရသည့်အခါ တိတ်တခိုးချစ်ရသော သူ့ညီမလေး ခင်ကြီး (ဒိုင်းခင်ခင်) တယောက် မိဘုရားအဖြစ် ပျော်ရွှင်စွာ စံမြန်းနေရပေပြီဟု ဝမ်းသာဝမ်းနည်း ဖြစ်မိရှာလေသည်။ ထို့ကြောင့်ပင် သူ့ရုပ်အလောင်းအား လာရောက် ရှုစားတော်မူလှည့်ပါဟု သံတော်ဦးတင်လိုက်ခြင်း ဖြစ်ပေသည်။

(သို့ရာတွင် မောင်ဖေငယ် မသိလိုက်သည်မှာ သူအလွန်ချစ်သော ညီမလေး ခင်ကြီး (ဒိုင်းခင်ခင်) သည် သီပေါဘုရင်၏ ရင်သွေးကို လွယ်ထားရင်း တိုင်တားမင်းကြီး၏ မြင်းဇောင်းထဲတွင် လျှို့ဝှက်အကျဉ်းစံဘဝဖြင့် ဆင်းရဲကျပ်တည်းစွာနေနေရရာမှ စုဘုရားလတ် လက်ချက်ဖြင့် လည်မျိုပေါ်ကျဆင်းလာသော ပါးကွက်သားများ၏ တုတ်ချက်ကို သနားစဖွယ်ခံစားရင်း သူ့ထက် အရင်ဦးစွာ လူ့လောကမှ ထွက်ခွာသွားရရှာလေပြီ ...)

မေတ္တာဖြင့်

ဟယ်ရီလွင်

Read More...

Saturday, 2 June 2012

ဒေါင်း

ဒေါင်းမိခင် နဲ့ ခွပ်ဒေါင်းမျိုးဆက်ဟောင်း၊ မျိုးဆက်သစ်များကို လေးစားစွာ ဂုဏ်ပြုပြီး ဖွဲ့ဆိုထားတဲ့ စကြာတေးထပ်လေးဖြစ်ပါတယ် ...


"ဒေါင်းအချီ" ဆိုတဲ့ နေရာကနေစပြီး လက်ဝဲရစ် ဖတ်သွားရပါမယ် ... ဒီလိုတွေ့ရပါလိမ့်မယ် ...



ရေးသားပုံ အနေနဲ့ ကြည့်ရင် လေးထပ်ကြော့ စကြာတေးထပ်လို့ ခေါ်ပါတယ် ... ဒေါင်း ဆိုတဲ့ စကားလုံးကို လေးခါပြန်ကြော့ ထားလို့ပါ ... ကျနော် အရင်ရေးဖူးတဲ့ လွမ်းလှိုက်လျက်လေး နဲ့ စိမ်း လို ပုံစံမျိုးပါပဲ ... ဒါပေမဲ့ ဒီတေးထပ်က ကာရန်ယူပုံအမျိုးအစား အနေနဲ့ ကြည့်ရင် သုံးချက်ညီတေးထပ်ထဲမှာ ပါပါတယ် ... အပြည့်အစုံ ခေါ်မယ် ဆိုရင် သုံးချက်ညီ လေးထပ်ကြော့ စကြာတေးထပ် လို့ ပြောရပါလိမ့်မယ် ... (လွမ်းလှိုက်လျက်လေး နဲ့ စိမ်း က အရိုးခံတေးထပ်အမျိုးအစား ဖြစ်ပါတယ်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံပါ ဒေါင်းပုံကို ယူသုံးထားပါတယ် ... ခွင့်ပြုချက်မတောင်းခံနိုင်တဲ့အတွက် ဒီနေရာကနေပဲ တောင်းပန်လိုက်ပါတယ် ... ခွင့်ပြုနိုင်မယ်လို့လည်း မျှော်လင့်ပါတယ် ...

ဒေါင်းမိခင်နှင့် ခွပ်ဒေါင်းများအားလုံးအား လေးစားဦးညွတ်လျက်

ဟယ်ရီလွင်

Read More...

Saturday, 12 May 2012

နှောင်းသည့်နေ့

နှောင်းသည့်နေ့

နှင်းဆီလမ်းခွဲ၊ အလွမ်းသည်းချိန်
ပန်းကြဲခဲ့သူ၊ လှည့်ယူကောက်ပြန်၊
တယောက်ထံမှ၊ နောက်ပြန်အကြည့်၊
ရောက်ဟန်ရှိဆဲ၊ ငြိမြဲသံစဉ်၊
တဖန်ဝင်ညှိ၊ သခင်သိပါ၊
မြင်မိမြင်စေ၊ အရင်နွေည၊
ကဝေမပျို၊ ထွေက,ငိုမော၊
မလိုသောကြိုး၊ ဖြတ်ချိုးရိုက်ဖျက်၊
အသွားထက်သည့်၊ ညဉ့်နက်စူးရှ၊
ဘီလူး က,သီ၊ ရီ(ရယ်)သံချောက်ခြား၊
နောက်ပါးမှအသံ၊ ပဲ့တင်ညံစီ၊
လျှံဟီမြည်ချုန်း၊ ပျောက်ဆုံးသွားရာ၊
သစ္စာတမျှင်၊ သံယောဇဉ်လမ်း၊
နှောင်ငင်ကြမ်းအို၊ အလွမ်းပိုလည်း၊
မလိုသည့်ငြမ်း၊ ဖျက်စတမ်းလေ၊
မျက်ကန်းအသိ နှောင်းသည့်နေ့။ ။


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျား ...

ဟယ်ရီလွင်

Read More...

Sunday, 29 April 2012

သူခိုး Wikimyanmar

သူခိုး Wikimyanmar

http://wikimyanmar.co.cc/wiki/index.php?title=%E1%80%9C%E1%80%80%E1%81%A4%E1%80%AC

 Wikimyanmar ထဲမှာ ဖော်ပြထားတဲ့ အဲဒီ လင်္ကာအကြောင်းဟာ ကျနော် ရေးထားတဲ့ မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁) ထဲက လင်္ကာ အပိုင်းကို လုံးဝ credit မပေးဘဲ ခိုးယူဖော်ပြထားခြင်းဖြစ်ပါကြောင်း ...

မူရင်းပို့စ်ကို အောက်မှာ သွားဖတ်ပြီး ယှဉ်ကြည့်နိုင်ပါတယ် ...
 http://harrylwin.blogspot.com/2008/08/blog-post_26.html

 ဟယ်ရီလွင်

Read More...

Wednesday, 18 April 2012

နှစ်ကူးတမ်းတလွှာ

နှစ်ကူးတမ်းတလွှာ

ဝေဆာလေမှာ နွေခါရောက်တော့၊
ရွှေဝါပိတောက် သင်းပျံ့ချီ၊
မြေမှာတလျှောက် ခင်းဖြန့်သီတယ်၊
ဝင်းဖန့်ရီရီ ပိတောက်လမ်း၊
မှန်းဆတမ်းတ လွမ်းရပါသည်၊
လန်းကြခါမီ နှစ်ကူးရာသီပန်း။

ရှေးဖြစ်တွေးစစ် ဝေးရစ်ကြာပြီ၊
လေးနှစ်ရာသီ အတာနန်း၊
ဆွေးရစ်ကာသီ ကဗျာတမ်းလို့၊
တခါအလွမ်းဆင့်ကာဖြေ၊
စိတ်မှာရိပ်ဖြာ လိပ်ပြာလွှင့်၊
မှိတ်ကာတဆင့် လွင့်မျောတ,လို့နေ။

တွေးကြည့်ဝေးဘိ အေးသည့်အတာရေ၊
မွေးမိဌာနေ သင်္ကြန်ပွဲနဲ့၊
အဖန်ဖန်ပဲ နွှဲလို့အရင်ခါ၊
လွဲလို့ မရွှင်ပါ၊
တူးပို့မြူးဖို့ ပိတောက်ဝါရယ်၊
မရောက်တကမ္ဘာ ကြာလွန်းပြီထင့်လေး။ ။


ရှစ်ဆယ်ပေါ်တေးထပ် ရေးကြည့်လိုက်တာပါ ... ရေးတဲ့သူ တော်တော်လေး နည်းနေပါပြီ ... မတွေ့ရတော့ သလောက်ပါပဲ ...
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ခင်ဗျား ...

ဟယ်ရီ

Read More...

Sunday, 15 April 2012

ပြည့်တန်ဆာအကြောင်း ရွဲ့စောင်းစောင်း ကဗျာ

ပြည့်တန်ဆာအကြောင်း ရွဲ့စောင်းစောင်း ကဗျာ

ကျနော် ခပ်ငယ်ငယ် အသိမကြွယ်သေးချိန်
မန္တလေးနဲ့ အလှမ်းဝေးလွန်းတဲ့အရပ်
နေ့ကလေးအမှတ်လို ချစ်စရာကောင်းလှတဲ့
ဗမာမလေးတယောက်ကို နှလုံးသားပုံအပ်။

ရွှေဝါရောင်အသားနဲ့ ဖိတ်ဖိတ်လက် မဟူရာဆံနွယ်
သွားလေးတွေက ဆင်စွယ်ရောင်ပမာ
ကျနော် ပြောလိုက်မိတာက ... “ငွေစ နှစ်ဆယ် ပေးမယ်
မိန်းကလေးရယ် ... ကိုယ်နဲ့ လိုက်အိပ်ပါ”

အကြည့်တချက် ... စင်ကြယ်လွန်း ကြေကွဲစရာကောင်းလွန်းလှ
ရှင်သန်နေတဲ့ ချစ်ဖို့အကောင်းဆုံးအရာကွယ့်
သည့်နောက်မှာ မသဲမကွဲ သူ့ အပျိုစင်အသံ
နှစ်ဆယ့်ငါးစ ရမှ လို့ တင်းခံနေလေရဲ့ ...

Eric Blair (George Owell)Ironic Poem about Prostitution ကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ခိုင်စိုးလင်းလုပ်တဲ့ "အပြာရောင်ဝန်ဆောင်မှု (Bluish Business)" စာအုပ်အတွက် ရေးပေးထားတဲ့ ကဗျာပါ ... ခပ်ရှင်းရှင်းပြောရရင်တော့ "ဖာ" အကြောင်းချည်းရေးထားကြတာပါ ...

ဖတ်ချင်ရင် ဒီမှာ Download ဆွဲယူလို့ရပါတယ် ...

http://www.mediafire.com/?2zmblq2hqocy4qt

ဟယ်ရီလွင်

Read More...

Thursday, 29 March 2012

နေ့အလင်းနဲ့ လမင်းရောင်

နေ့အလင်းနဲ့ လမင်းရောင်

Henry Wadsworth Longfellow ရဲ့ ကဗျာနောက်တပုဒ် ဒေါ်လေးမေ (မေဓာဝီ) ဆီက ဖတ်ရပြန်တာနဲ့ ကြိုက်လို့ ဘာသာပြန်ကြည့်မိပါတယ် ... အရင်ဆုံး လေးလုံးစပ်နဲ့ ပြန်ကြည့်လိုက်ပါတယ် ...

နေ့အလင်းနဲ့ လမင်းရောင်

နေ့အလင်းထဲ၊ မွန်းတည့်ဆဲမှာ၊
စန္ဒာလမင်း၊ ရွက်လွှင့်ရင်းသွား၊
မိုးဖျားမှာတွေ့၊ မနေ့ကပေါ့၊
ဖြူလျော့လျော့နဲ့၊ မှေးဖျော့မှိန်လျား၊
ကျောင်းသားငယ်ရဲ့ စက္ကူစွန်။

နေ့အလင်းချီ၊ မနေ့ဆီက၊
ထွေလီဆန်းပြား၊ ဖမ်းစားညှို့ငင်၊
ကဗျာရှင်ရဲ့၊ မှော်ဝင်လက်ရာ၊
ဖတ်ကာတွေးထင်၊ စိတ်ဘဝင်မှာ၊
ဝိညာဉ်လေလား၊ တစ္ဆေလား။

သို့ပေသော်လည်း၊ ဖျားနာဆဲနေ့၊
ကြာညောင်းရွေ့လျင်၊ ရမ္မက်အင်လို၊
သက်ငင်ဆုံးပါး၊ ပျောက်သွားပြီးချိန်၊
ညခင်းမှိန်မှိန်၊ အေးငြိမ်ရိပ်ဖုံး၊
တောင်ကုန်းရွာငယ်၊ တောင်ကြားဆွယ်သို့၊
ကြွေလှယ်သက်ဆင်းလာခဲ့ပြီ။

ထိုနောက်တဖန်၊ ညခင်းယံကို၊
လျှံထွက်သွားအောင်၊ ကိုယ်ရောင်ထင်ပြ၊
ဝင်းပပနှင့်၊ လမင်းပျိုမေ၊
ဂုဏ်သရေဖိတ်၊ ဝိညာဉ်စိတ်လား၊
ဝံ့ကြွားဂုဏ်ယူ၊ အလင်းမြူဖြင့်၊
လောင်းယူဖြည့်သွန်းလိုက်လေပြီ။

ဤမှာနောက်တွင်၊ ကဗျာရှင်၏၊
ချိုလွင်တေးသံ၊ တဖန်စီးမျော၊
ဦးနှောက်ကြောကို၊ သာမောဂီတ၊
ဖြတ်သန်းကြလျှင်၊ ညလွင်ပြင်ယံ၊
ဘာသာပြန်မိ၊ ကြည့်လိုက်သည့်ချိန်၊
သိမ်မွေ့နက်နဲလေဘိခြင်း။ ။

ကျနော် အားသန်တဲ့ လေးလုံးစပ်ရေးနည်းနဲ့ ဘာသာပြန်ပြီး ရေးထားတဲ့ ကဗျာဖြစ်ပေမဲ့ စိတ်ထဲမှာ သိပ်ဘဝင်မကျမိပါဘူး ... တခုခုလိုနေသလို ခံစားရတာနဲ့ ရိုးရိုးပဲ ကာရန်မပါဘဲ ပြန်ရေးကြည့်ပါတယ် ... ခေတ်ပြိုင်ကဗျာလိုပေါ့လေ ... မူရင်းကဗျာထဲက နိမိတ်ပုံတွေကြောင့်လားတော့ မသိဘူး ... အဲဒါကို စိတ်ထဲ ပိုအားရသလိုလို ရှိမိပါတယ် ... ဖတ်ကြည့်ကြပါဦး ...

နေ့အလင်းနဲ့ လမင်းရောင်

နေ့ခင်းကြောင်တောင် မွန်းတည့်ချိန်ကြီးမှာ
မြင့်မြင့်မားမား ရွက်လွှင့်သွားတဲ့ လမင်းကို
မနေ့က မြင်လိုက်တယ်
ဒါပေမဲ့ ဖျော့တော့တော့ ဖြူလျော်လျော်
ကျောင်းသားငယ်လေးရဲ့ စက္ကူစွန်လို ...

မနေ့တုန်းက နေ့ခင်းကြောင်တောင်
ကဗျာဆရာရဲ့ ဂမ္ဘီရအဖွဲ့အနွဲ့ကို ဖတ်မိတာ
တစ္ဆေလိုလို ဝိညာဉ်လိုလို
ငါ့မှာ ဖြစ်တော့မလောက် ...

ဒါပေမဲ့လည်း နာမကျန်းတဲ့နေ့ဟာ ကြာညောင်းလာတော့
ရမ္မက်တခုလိုပဲ သေဆုံးသွားလေရဲ့ ...
ပြီးတော့ အေးချမ်းတည်ငြိမ်တဲ့ ညလေးက
တောင်ကုန်း ... တောင်ကြားနဲ့ ရွာလေးပေါ် သက်ဆင်းလာခဲ့။

ပြီးတော့ အသရေတင့်တဲ့ စိတ်ဝိညာဉ်တခုပမာ
လမင်းပျိုဟာ ဂုဏ်ယူဝံ့ကြွားစွာ နဲ့
သူ့အလင်းတွေ ကိုယ်ထင်ပြလို့
ညကို လျှံထွက်သွားအောင် သွန်းလောင်းဖြည့်လိုက်ရဲ့ ...

အဲဒီနောက် ကဗျာဆရာရဲ့ တေးသံက
ငါ့ဦးနှောက်ကို ဂီတတံတျာလို တဖန်ဖြတ်သန်းစီးမျောလာပြန်တော့
ညကို ဘာသာပြန်ကြည့်ရတာ
သိမ်မွေ့နက်နဲလိုက်တာကွယ် ...

ဒါက ကျနော့်စိတ်ထဲ ဖြစ်နေတာကို ပြောပြတာပါ ... ဖတ်တဲ့သူကတော့ ဒီနှစ်ခု ယှဉ်ဖတ်ရင် ဘယ်ဟာကို ပိုကြိုက်မလဲ မသိပါဘူး ...
မူရင်းကဗျာကိုပါ ယှဉ်တွဲဖတ်နိုင်ဖို့ တင်ပေးလိုက်ပါတယ် ...

"Daylight and Moonlight"

In broad daylight, and at noon,
Yesterday I saw the moon
Sailing high, but faint and white,
As a schoolboy's paper kite.

In broad daylight, yesterday,
I read a poet's mystic lay;
And it seemed to me at most
As a phantom, or a ghost.

But at length the feverish day
Like a passion died away,
And the night, serene and still,
Fell on village, vale, and hill.

Then the moon, in all her pride,
Like a spirit glorified,
Filled and overflowed the night
With revelations of her light.

And the Poet's song again
Passed like music through my brain;
Night interpreted to me
All its grace and mystery.

Written by Henry Wadsworth Longfellow (1807-1882)

ဘယ်ဟာကိုပဲကြိုက်ကြိုက်၊ နှစ်ခုလုံးမကြိုက်တာပဲဖြစ်ဖြစ် ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျ ...

ဟယ်ရီလွင်

Read More...