Sunday, 13 June 2010

ခရမ်းပြာဝိုင် (၁၁)

နိဒါန်းမဲ့ နိဂုံး ...
မစခင်က ဆုံးပြီးသားပါ
ညီမလေး ခရမ်းပြာ ...

နိဂုံးရဲ့ နောက်ဆက်တွဲဖြစ်ရင်
အပြစ်တင်ထိုက်သူဟာ
ရူးမိုက်မိတဲ့ ကိုယ်ပဲ ဖြစ်ပါလိမ့်မယ်။

ဘယ်သောအခါမှ
ပန်မယ်မဟုတ်မှန်း
သိခဲ့ပါလျက်နဲ့
အလွမ်းဝိုင်ပွင့်တွေ
ဝေနေအောင်စိုက်ခဲ့မိတယ်လေ

လတစင်းတော့ မဖြစ်ခဲ့ပါဘူးကွယ် ...
ဒါပေမဲ့လည်း
ရေးရေးထင် မြင်သာရုံလေးဖြစ်ဖြစ်
ညနက်နက်မှာ
လက်ကနဲ ဝေ့ခဲ့တဲ့
လင်းပျပျ ကြယ်စင်ငွေ့လေး အဖြစ်နဲ့တော့
အလင်းတချို့ ဝေနိုင်ခဲ့လေမလား ...

နက္ခတ်တို့ အိမ်အပြန်၊
တိမ်ယံက အရိပ်နှောင်းနဲ့၊
နိမိတ်ဟောင်းတွေ မချိုခဲ့ပါဘူး၊
အငိုတလှည့် အပြုံးတခါ၊
မုန်းစရာမှ မဟုတ်တာကွယ် ...

အိပ်မက်ဖူးတွေကို ...
မင်းမခူးခဲ့ပေမဲ့ ...
ဝိုင်တပွင့်ရဲ့ ဝတ်ဆံတွေကို ...
မင်းမပန်ခဲ့ပေမဲ့ ...
မင်းကို လွမ်းတိုင်းတော့
ဂန္ထဝင်ပန်းရိုင်းတွေ
ကိုယ့်လက်ဖျားမှာ ပွင့်ကြပါလိမ့်မယ်
ညီမလေး ခရမ်းပြာရယ် ...


ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ

6 comments:

johnmoeeain said...

ခရမ်းပြာဝိုင်ချိုတွေ
ခံစားမိတိုင်း... တစ်မျိုးပဲ...။
မူးရစ် ယီဝေတဲ့ အတွေးတစ်ချို့နဲ့အတူ
ညီမလေး ခရမ်းပြာကို လွမ်းမိတယ်...။

လက်ဖျားမှာ ပွင့်တဲ့ ပန်းတိုင်းကို
ဝိုင်တစ်ခွက်အဖြစ် ဖန်တီးနိုင်တာကိုတော့
ချီးကျူးပါရဲ့ အစ်ကိုရယ်...။

Good Luck & Good Health coz now world cup start!
Cheer! :)

အိ said...
This comment has been removed by the author.
အိ said...

နိဒါန်းမဲ့ နိဂုံး ...
မစခင်က ဆုံးပြီးသားပါ
ညီမလေး ခရမ်းပြာ ...

နက္ခတ်တို့ အိမ်အပြန်၊
တိမ်ယံက အရိပ်နှောင်းနဲ့၊
နိမိတ်ဟောင်းတွေ မချိုခဲ့ပါဘူး၊
အငိုတလှည့် အပြုံးတခါ၊
မုန်းစရာမှ မဟုတ်တာကွယ် ...

ခရမ်းပြာဆိုလို့အပြေးအလွှားလာဖတ်ပြီးကောင်းလွန်းလို့အခေါက်ပေါင်းများစွာ
ဖတ်သွားတယ်ကိုဟယ်ရီရေ။

Harry said...

ကျေးဇူး ... ကျေးဇူး
မိုးအိမ်နဲ့ အိမ ရေ ...

သွယ်လင်းဆက် said...

နက္ခတ်တို့ အိမ်အပြန်၊
တိမ်ယံက အရိပ်နှောင်းနဲ့၊
နိမိတ်ဟောင်းတွေ မချိုခဲ့ပါဘူး၊
အငိုတလှည့် အပြုံးတခါ၊
မုန်းစရာမှ မဟုတ်တာကွယ် ...

လှတယ် အကိုဟယ်ရီ ရေ။
မျှော်ရတာ မောတယ် ။ ဒီပုံအတိုင်းဆို ကမ္ဘာ့ဖလား နဲ့ဆို နောက်တစ်လအတွင်း အသစ်မဖတ်ရတော့မှာသေချာတယ်။ :)

Harry said...

အဲ .. မျှော်ရတာမောတယ်ဆိုလို့ အားနာပါတယ် ညီလေးရေ ...
အသစ်မဖတ်ရတော့ဘူးဆိုလို့ အသစ်ရေးပြီး တင်လိုက်ပါပြီဗျာ ...