Sunday, 27 June 2010

ကသစ်ပန်း နှင့် အာလမ္ဗရာ

ကိုဟန်ရေ …


အိမ်အပြန် ဆိုတဲ့ ကဗျာလေးမှာ “အာလမ္ဗရ၊ ထစ်သံပြကြိုး၊ မိုးစစ်ဘုရင်၊ မိုးကြိုးဆင်လည်း …” ဆိုပြီး ကျနော် ရေးခဲ့တာနဲ့ ပတ်သက်လို့ “အာလမ္ဗရ” ဆိုတာ ဘာလဲ ဆိုတာ အခု အသေးစိတ် ပြောပါ့မယ်ဗျာ။
အာလမ္ဗရ ဆိုတာနဲ့ ပတ်သက်လို့ … ‎‘အာလမ္ဗရမေဃော ဝိယ ထနတိ’ - အာလမ္ဗရမိုးကြိုးကဲ့သို့ ထစ်ကြိုး၏ - ဟု ရည်ရွယ်၍ ဆိုကြကုန်၏ .. လို့ အနက်ရပါသတဲ့။



“နတ်စည်ငယ်လေ … ပုစွန်လက်ရိုး … အာလမ္ဗရာ” … ဆိုတဲ့ ဆရာမြို့မငြိမ်း ရေးဖွဲ့ခဲ့တဲ့ ကသစ်ပန်း သီချင်းလေးကို ကြားဖူးမယ် ထင်ပါတယ်။ ဝဿန်ကာလ မိုးကျလာပြီ ဆိုတာနဲ့အမျှ “အုံ့ကာလေ … တဖွဲဖွဲ … ရွာလေ တသဲသဲ” ဆိုတဲ့ အချပိုဒ်လေးနဲ့အတူ အုံ့မှိုင်းလာတဲ့ အာကာပြင် … ဖွဲဖွဲလေး စွေရွာလာရာကနေ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မိုးခြိမ်းသံ၊ ထစ်ချုန်းသံတွေနဲ့ အတူ မိုးသီးမိုးပေါက်တွေ သွန်ပြီးရွာချနေတဲ့ မိုးကောင်းကင်ကို မှန်းဆ မြင်ယောင်လာရင်း “ဝေဆာ …. သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်ခါ … အသူရာ … ဒေါသထွက်လို့ .. မြင့်မိုရ်ထက်ကို … တက်လို့ စစ်ဖက်တဲ့အခါ …” ဆိုတဲ့ စာသားလေးနဲ့အတူ သိကြားမင်းနဲ့ အသူရာနတ်မင်းတို့ စစ်ခင်းကြပုံတွေ စိတ်ထဲမှာ မြင်ယောင်လာမိတယ်ဗျ။
တကယ်တော့လည်း သိကြား နဲ့ အသူရာ ဆိုတာက တစိမ်းတွေမှ မဟုတ်တာ၊ သိကြားမင်းရဲ့ မိဖုရား သုဇိတာ နတ်သမီး (သုဇာ = သူဇာ လို့လည်း ခေါ်ပါတယ် ဆိုပဲ) ဟာ ဝေပစိတ္တိအသူရာ နတ်မင်းကြီးရဲ့ ချစ်မငြီးတဲ့ ရင်နှစ်သည်းခြာ သမီးတော် ဆိုတော့ကာ အသူရာကြီးက သိကြားမင်းရဲ့ ယောက္ခမ အရင်းခေါက်ခေါက်ကြီးကိုး။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်က နဂိုတည်းက မတည့် ကြတော့ စစ်ခင်းပြီးမှ ယူထားရတဲ့ မိန်းမလေ၊ ခိုးပြေးရတာတဲ့ … အဲဒီကတည်းက မိဘ သဘောမတူရင် ခိုးပြေးတာ စပြီး ခေတ်စားလာတယ် ထင်ပါရဲ့ဗျာ …။ အသူရာတွေကလည်း ယမကာလုလင်ကြီးတွေဆိုတော့ မူးပြီး မှောက်နေကြတုန်း သိကြားမင်းတပ်တွေက မြင့်မိုရ်တောင်အောက်ကို တိတ်တိတ်ကလေး ပစ်ချထားတာ ခံလိုက် ရတာပါ။ အလစ်အငိုက် ပေါ့။
အသူရာတွေဘက်က ကြည့်မယ်ဆိုရင်လည်း မခံနိုင်စရာပါပဲ။ စစ်ကလည်း ရှုံးသေး၊ ကိုယ်နေတဲ့ နေရာကလည်း ဖယ်ရှားခံရသေး၊ သမီးလည်း ပါသွားသေး ဆိုတော့ သူတို့ကိုလည်း အပြစ်မဆိုသာဘူးပေါ့။ ဒါတောင် ကိုယ့် ဆရာတွေက ချက်ခြင်းသိသေးတာမဟုတ်ဘူးဗျ။ မူးပြီး ကောင်းနေတုန်းရှိသေးတာ။ အမူးပြေလို့ ဝေဇယန္တာ နန်းဘုံမြင့်ဆီက ပင်လယ်ကသစ်ပင်ကြီး ပန်းပွင့်တဲ့အချိန်မှာ သဘင်ပွဲ ဆင်နွှဲမယ်ဆိုပြီး ကြည့်လိုက်တော့မှ ကသစ်ပင်ကြီးမဟုတ်ဘဲ သခွပ်ပင်ကြီးက အဖြူရောင် သခွပ်ပွင့် တွေကို မြင်တော့မှပဲ “ဟင် … တာဝတိံသာလည်း မဟုတ်ပါလား” ရယ်လို့ သိပြီး ဒေါသအမျက် ခြောင်းခြောင်းထွက်လို့ မြင့်မိုရ်တောင်ပေါ်တက်၊ ဒေါသတကြီးနဲ့ ခပ်ကြမ်းကြမ်း တိုက်စစ်ဆင်လိုက်တဲ့အခါ အာလိန်ငါးဆင့် က စတုမဟာရာဇ် နတ်မင်းကြီး လေးပါး ဦးဆောင်တဲ့ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ရက္ခိုသ် တွေ မခံနိုင်တော့ပါဘူး။ ဒီအခါမှာ သိကြားမင်း ကိုယ်တိုင် ဝရဇိန်လက်နက်ကို ကိုင်စွဲလို့ နတ်မြင်းတစ်ထောင် က, တဲ့ ဝေဇယန္တာ နတ်ရထား ကိုစီးပြီး နတ်ဆင်တော်တွေ။ ရဲတံခွန်တွေနဲ့အတူ နေနတ်သား၊ လနတ်သား၊ ဝရုဏ နတ်မင်း၊ ဣသာန နတ်မင်း (မဟာပိန္နဲနတ် ဆိုတာ သူပါပဲတဲ့ …)၊ ပဇာပတိ နတ်မင်း တို့အပါအဝင် သုံးကျိပ် သုံးပါး သော စစ်သူကြီးများနဲ့ စစ်အင်္ဂါလေးပါး အပြည့်အစုံခင်းကျင်းပြီး ထွက်တိုက်တော့မှ အသူရာတို့ စစ်ရှုံးပြီး ပြန်ပြေးကြရပါတော့တယ်။
ကျနော်လည်း နိဒါန်းပျိုးပြီး လေရှည်နေတာနဲ့ လိုရင်းမရောက်တော့ဘူး ဖြစ်နေပြီ။ အဲဒီမှာမှ အာလမ္ဗရ စည်တော်က လာတာကိုးဗျ။ ဒီ စည်တော်ကြီးက ပုစွန်လက်မကြီးနဲ့ လုပ်ထားတာ။ အသူရာတွေရဲ့ စည်ဗျ။ အဲဒီပွဲ မှာ စစ်ရှုံးလို့ ပြန်ပြေးတော့ အဲဒီ အာလမ္ဗရ စည်တော်ကြီးပါ ပစ်ထားခဲ့ပြီး သေပြေးရှင်ပြေး ပြေးကြရတယ် ဆိုပဲ။ အဲဒါကိုတွေ့တော့ သိကြားမင်းက ဆွဲစေ့ ထားလိုက်တာပေါ့ဗျာ။ သိကြားကတော့ တန်သွားတာပေါ့။ သမီးလည်းရ၊ စစ်လည်းနိုင်တဲ့အပြင် စည်ကြီးပါ အပိုဆု ပေါက်လိုက်သေးတာကိုး။ မိုးခြိမ်းသံတွေဟာ ဒီစည်ကြီးကို တီးလိုက်တဲ့အခါ မြည်တဲ့အသံလို့ ဆိုရမှာပေါ့။
ဒီ စည်ကြီးရဲ့ နောက်ခံသမိုင်းကလည်း ဇာတ်လမ်းလေးနဲ့ပါပဲ။ ဇာတကအဋ္ဌကထာ၊ ဒုတိယတွဲ၊ တိကနိပါတ၊ ပဒုမဝဂ္ဂ မှာ ပါတဲ့ ကက္ကဋဇာတ် (ဇာတ်နံပါတ်-၂၆၇)‎ ပါ။
မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူစဉ်က လူဆိုးတွေကို နူးညံ့ချိုသာစွာ ပြောဆိုပြီး သူတို့ဖမ်းထားတဲ့ ‎လင်ယောက်ျားကို အသက်ဘေးကနေ ကယ်တင်ခဲ့တဲ့ အမျိုးသမီး တစ်ယောက်ကို အကြောင်းပြုပြီး ဒီအတိတ်ဇာတ်ကို ဟောတော်မူပါသတဲ့။ အရှင်ဝရသာမိက ကျနော့်ကို အနက်ချပေးထား ပါတယ်။

“လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားလောင်းသည် ဆင်မျိုး၌ ‎ဖြစ်လေသည်။ ထိုအခါ ဟိမဝန္တာမှ `ကုဠီရ´ ရေကန်ကြီးတွင် ကောက်နယ်တလင်းဝန်းခန့် ကြီးသော ‎ရွှေပုစွန်လုံးကြီး တကောင်ရှိသဖြင့် ထိုရေကန်ထဲသို့ ဆင်များ မဆင်းဝံ့ကြချေ။
ဘုရားလောင်းဆင်မင်းသည် ဇနီး၊ သားနှင့် မိခင်ဆင်မကြီးတို့ကိုပါခေါ်၍ ထိုပုစွန်လုံးကို ဖမ်းရန်ထွက်လာရာ ‎ရေကန်သို့ရောက်သောအခါ ရေကန်ပတ်ဝန်းကျင်မှ ဆင်များကိုပါ စည်းရုံးလေ၏။
ထိုနောက် ပုစွန်လုံးအကြောင်းလေ့လာရာ ပုစွန်လုံးသည် ဆင်များရေကန်မှ ပြန်တက်ချိန်တွင်သာ ‎ညှပ်ဖမ်းလေ့ရှိကြောင်း သိရလေသည်။
‎ပုစွန်လုံးကိုဖမ်းယူမည့်နေ့တွင် ဆင်အားလုံးတို့ ရေကန်ထဲဆင်းပြီးနောက် ပြန်တက်ကြသောအခါ ဆင်မင်းက ‎နောက်ဆုံးမှ ချန်တက်သည်။ ပုစွန်လုံးသည် ဆင်မင်းကို လက်မဖြင့် ညှပ်၍ ဖမ်းထားသဖြင့် ဆင်မင်းသည် ‎လွတ်အောင်မရုန်းနိုင်ဘဲ နောက်ဆုံးတွင် ကြောက်ကြောက်လန့်လန့်နှင့် သည်းစွာအော်မြည်လိုက်ရာ ‎အခြားဆင်များ ထွက်ပြေးသွားကြလေ၏။
‎ထိုအခါ ဇနီးဖြစ်သော ဆင်မက ‘သမုဒ္ဒရာ၊ ဂင်္ဂါနှင့် ယမုံနာ တို့တွင် ရှိကြသော ပုစွန်များထက် မြင့်မြတ်သော ‎ပုစွန်လုံးမင်း၊ ကျွန်ုပ်၏ လင်အား ချမ်းသာခွင့်ပေးပါလော့’ ဟု တောင်းပန်စကားဆိုလေ၏။
ပုစွန်သည် ဆင်မ၏ အသံကို တပ်မက်သဖြင့် ဆင်မထံ အာရုံရောက်သွားရာ ညှပ်ထားသော လက်မ၏ အားများ ‎လျော့ကျသွားလေသည်။
ထိုအခါ ဆင်မင်းသည် ခြေထောက်ကို မြှောက်၍ ပုစွန်လုံး၏ ကျောက်ကုန်းကို တက်နင်းလိုက်ရာ ပုစွန်လုံးသည် ‎ကျောက်ကုန်းကွဲ၍ ထိုနေရာ၌ပင် သေပွဲဝင်လေ၏။ ခပ်သိမ်းကုန်သော ဆင်တို့သည် စည်းဝေးကုန်၍ ပုစွန်ကို ‎ရေကန်၏ အပြင်သို့ ထုတ်၍ ကျောက်ကုန်းကို နင်းရာ မှုန့်မှုန့်ညက်ညက် ကျေစေကုန်၏။
ထိုပုစွန်၏ နှစ်ခုသော လက်မတို့ကို ကိုယ်မှခွဲ၍ လျောက်ပတ်သော အရပ်၌ ထားကုန်၏။
‎ထို ‘ကုဠီရ’ ရေကန်သည် ဂင်္ဂါမြစ် နှင့် တဆက်တည်း ဖြစ်၏။ ဂင်္ဂါမြစ်၏ ရေတက်သော ကာလ၌ ‎ဂင်္ဂါရေဖြင့် ပြည့်၏။
ဂင်္ဂါရေ နည်းသည်ရှိသော် ရေကန်မှ ရေသည် ဂင်္ဂါသို့ ဝင်၏။ ထိုအခါ ထိုနှစ်ခုသော လက်မတို့သည် ရေ၌ ‎ပေါလောပေါ်၍ ဂင်္ဂါမြစ်၌ မျောကုန်၏။
ထိုနှစ်ခုတို့တွင် တခုသောလက်မသည် သမုဒ္ဒရာ သို့ ဝင်၏။
တခုသော လက်မကား ဒသဘာတိက မင်းတို့သည် ရေကန်၌ ကစားကုန်သော် ထိုလက်မကို ရကုန်၍ ‘အာဠိင်္ဂ’ မည်သော မုရိုးစည်ကို ပြုလုပ်ကုန်၏။
သမုဒ္ဒရာသို့ ဝင်သော လက်မကား အသုရာ တို့သည် ယူကုန်၍ အာလမ္ဗရ - မည်သော စည်ကို ပြုလုပ်ကုန်၏။
ထိုအသုရာတို့သည် နောင်ကာလ၌ သိကြားမင်းနှင့် စစ်ထိုးကုန်လတ်သော် ရှုံး၍ အာလမ္ဗရ စည်ကို ပစ်၍ ‎ပြေးကုန်၏။
ထိုအခါ သိကြားမင်းသည် အာလမ္ဗရ စည်ကို မိမိရဲ့ အကျိုးငှာ ယူဆောင်စေခဲ့၏။”

အသူရာ ဆိုတဲ့ စာလုံးပေါင်းနဲ့ ပတ်သက်လို့ကတော့ ပါဠိမူရင်းက အသုရာ ပါတဲ့ … ပိတ္တာအသုရာ၊ နတ်အသုရာ ဆိုပြီး အသုရာ နှစ်ပါးရှိပါသတဲ့။ အခု ဇာတ်လမ်းက အသုရာတွေကတော့ နတ်အသုရာတွေပါ။ သုရာ ဆိုတာ နတ်၊ ၄င်းတို့ရဲ့ ဆန့်ကျင်ဘက်ဖြစ်လို့ အသုရာ မည်သည် လို့ ပါရာဇိကဏ်အဋ္ဌကထာဂဏ္ဌိ၊ ပ-တွဲ ကို ကိုးကားပြီး ပါဠိသက် ဝေါဟာရအဘိဓာန်က ဆိုပါတယ်။ ဒါပေမဲ့ အသုရာ လို့ ခေါ်ရတာ ထက် အသူရာ လို့ဆိုရတာက အသံပိုပြေလို့၊ နှုတ်သက်သာလို့ ဥ-သရ ကိုဦ-သရ ပြောင်းပြီး အသူရာ ဖြစ်လာတာ လို့ ဆိုပါတယ်။
ချမ်းမြေ့ပါစေ ဗျာ …


ဟယ်ရီ

8 comments:

သွယ်လင်းဆက် said...

ကိုကြီး ညီgtalk add ထားတယ်။ စကားပြောချင်လို့။ :) ဗဟုသုတ ရသွားတယ်။ ယောက္ခမ သမက်ဇါတ်လမ်းက အဲဒီကတည်းက ရှိတာပဲ။ :P

Harry said...

အိုကေ ညီရေ ... add လိုက်ပါပြီ

ဧရာ said...

အာလမ္ဗရာ စည်အကြောင်း ဖတ်သွားပါတယ်။

Harry said...

ဟုတ်ကဲ့ ကိုဧရာရေ ... ကျနော်လည်း အလုပ်များနေလို့ ဘယ်မှ မလည်ဖြစ်သေးဘူးဗျာ ...

Anonymous said...

ကိုဟယ်ရီရေ
တကယ့်ကို ပြည့်စုံရှင်းလင်းလှပါတယ်။
ကျနော် အဲဒီအကြောင်းကို သိချင်နေတာကြာပါပြီ ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ရွှင်လန်းချမ်းမြေ့ပါစေ

မင်းဒင်

Thiha Tinhtut said...

ကိုဟယ်ရီရေ ကျွန်တော်ကဘုရားသမိုင်းကြောင်းတွေတို စသဖြင်းသမိုင်းတွေစိတ်ဝင်စားတယ်။ တင်ပေးထားလို့ကျေးဇူးတင်ပါတယ်။

Thiha Tinhtut said...

အစ်ကိုဟယ်ရီရေ
ကျွန်တော်က သမိုင်းတွေကိုစိတ်ဝင်စား ပါတယ်။
နောက်လည်းတင်ပေးပါနော်။ ကျွန်တော်အကောင့်က။ ကျေးဇူးတင်ပါတယ်။

Harry said...

ဟုတ်ကဲ့ပါ အလျဉ်းသင့်သလို တင်ပေးပါ့မယ်ဗျာ