လင်္ကာတလင်း၊ စစ်ခင်းရာဝယ်
မြန်မာစာပေလောကမှာ စာတွေ၊ ကဗျာတွေ၊ လင်္ကာတွေနဲ့ အပြန်အလှန် တိုက်ပွဲဆင်ကြတဲ့ ဖြစ်ရပ်လေးတွေ ရှိပါတယ်။ ဗန်းမော်ဆရာတော်နဲ့ သီလရှင် မယ်ကင်း၊ မာန်လည်ဆရာတော်နဲ့ ဦးပဒုမ၊ အစရှိသဖြင့်ပါ ... ဒီအထဲကမှ ကုန်းဘောင်ခေတ်နှောင်း စာဆိုအကျော်နှစ်ဦးဖြစ်တဲ့ အချုပ်တန်းဆရာဖေနဲ့ ဦးပုညတို့ရဲ့ စိတ်ဝင်စားဖွယ် ကဗျာလင်္ကာတိုက်ပွဲအကြောင်းကို တင်ဆက်လိုက်ပါတယ်။ ရတနာပုံနေပြည်တော်ရဲ့ ဇာတ်သဘင်လောကအတွက် စာတွေဖွဲ့သီကြရင်းက ပြိုင်ဆိုင်မှုလေးတွေ၊ ဂုဏ်ရည်ပြမှုလေးတွေ ရှိလာကြပါတယ်။
တနေ့မှာ နန်းတွင်းဇာတ်ခေါင်းဆောင် မင်းသမီးကြီး ယင်းတော်မလေး ကြင်ဖော်ကွဲခန်းမှာ သီဆိုဖို့ ငိုချင်းကို ဆရာဖေက အောက်ပါ အတိုင်း ရေးပေးခဲ့ပါတယ် ...
သည်ဘဝ၊
သည်မျှနှင့် တန်ရချေ။
နောင်ဘဝခါမှ၊
မောင်လှကိုပိုလို့ချစ်မယ်၊
မျိုးစစ်တဲ့ဆွေ။
ဗုဒ္ဓဟေ၊
ညောင်ရွှေကွဲ့ သဖန်း။
ပွင့်ဝတ်ညှာတံကြွေမှ၊
လွှဲသွေကြတမ်း။ ။
အဲဒါကို ဦးပုညကတွေ့တဲ့အခါကျတော့ ...
သည်တည၊
ညီမနှင့်တန်ရလေ။
နောင်တညခါမှ၊
အမကိုပိုလို့ချစ်မယ်၊
စိုးရစ်နဲ့ဆွေ။
ရှုတ်ပလေ၊
မင်းအမေ တခန်း။
ရင်ဝတ်ဟာ အတန်ကျေမှ၊
ဖွားအေကိုဖမ်း။ ။ ...
ဆိုပြီး အချိုးမပျက် ဖျက်ရေးလိုက်ပါတယ် ...
သက္ကရာဇ် ၁၂၂၆-ခုနှစ်အရောက်မှာတော့ ဆရာဖေဟာ မက္ခရာမင်းသားကြီးရဲ့ အိမ်တော်မှာ အဆောင်ကိုင်ဖြစ်လာပါပြီ။ ဦးပုည နဲ့လည်း အပြိုင်အဆိုင် စာတွေ ချိုးနေကြပါပြီ။ ဒါပေမဲ့ ဦးပုညရဲ့ အရှိန်အဝါက ကြီးလွန်းတော့ မန္တလေးသူ မန္တလေးသားတွေက စာကောင်းပြီဆို ဦးပုညရေးတာလို့ပဲ ထင်ကြ၊ ပြောကြပါတော့တယ်။ တခြားစာဆိုတွေရဲ့ စာတွေ ဘယ်လောက်ပဲ ကောင်းကောင်း၊ ဦးပုညရေးတယ်ပဲ ဖြစ်ကုန်ကြပါတယ်။ ဥပမာပြရရင် ပန်းစပယ်၊ နန်းအလယ် မပေါ်ခိုက်ဟာမို့ ... ဆိုတဲ့ ဦးစံသူ မှာတမ်းထဲက ဒွေးဆစ်ကလေးကိုတောင် ဦးပုညရေးတာလို့ အမှတ်မှားနေကြတာ အခုထိပါပဲ။ ဒါကြောင့်လည်း ဝန်စာရေး ဦးသာက လွမ်းချင်းတပုဒ်ထဲမှာ ...
စာမကုံးချင်ဘု၊
လုံးလုံးကြီးစိတ်နာ။
ခုအခါ၊
တို့သူငါ သေအောင်ကောင်းစေတော့၊
ရှေးကြောင်းရင်းကုသိုလ်ဖန်၊
နိုင်ငံမှာ ကိုပုညတဲ့၊
သူမှသာ စာပြောင်၊
ပြည်ဘောင်အံ့တဲ့ မင်းပေလေး။
စီပြန်ပါလည်း၊
ဤစာဘယ်က ကိုပုညလို့၊
ဖြစ်ရတော့သာ၊
လွန်ကျော်စောတဲ့ သာပြောဟာ၊
ဆိုရှာသမျှ ကိုပုညတဲ့၊
ခုမှနောက်ပေါ်
ယင်းတော်ခြူးအုံ၊
က, မျိုးစုံတဲ့၊
ပုံတပဲသာ၊
အမူတုံးတို့ သုံးပြန်ရှာ။
ဆရာစလေ၊
သူ့နှုတ်ထွက် သူ့ချက်ပေဟု၊
တည်နေဝန့်ရှင်၊
ခြီးမွမ်းပုံတင်ကြ၊
ဟိုရင်ကစာတွေကို၊
ကိုစလေ သူသီကုံးရော့ထင့်၊
ရွှေမန်းသူ အမူတုံးတို့ရယ်၊
ငြင်းကြအုံးကွယ်လေး ....
ရယ်လို့ စိတ်နာနာနဲ့ ခပ်ငေါ့ငေါ့လေး ရေးဖွဲ့ခဲ့ဖူးပါတယ်။
ဆရာဖေကတော့ နဂိုကတည်းကို သတ္တိကောင်းပြီး မဟုတ်မခံ ခပ်ဘွင်းဘွင်း၊ ခပ်ရှင်းရှင်းပြောတတ်တဲ့သူမို့ စာလေး ကဗျာလေး ကောင်းပြီဆိုရင် ဦးပုည ရေးတာလို့ စွတ်ပြောတတ်တဲ့သူတွေကို ကဗျာ့အာဘော်နဲ့ ဒီလို ကလော်ဆဲ လိုက်ပါတယ်။
စလေဉာဏ် တောပါးစပ်က၊
ပြောစမှတ် နန်းမူ၊
လောကဓာတ်ဘလန်းဆူပြီ၊
မန်းပြည်သူအများ၊
နဘေက ခြေမပါတယ်၊
စလေစာ ကြိုက်ကြလေငြား။
ဆန်းအနုယဉ်ရာတွင်၊
ပညာရှင်အများ၊
လင်္ကာယဉ်စာသွားမတော့၊
မညှာအား နှိပ်နယ်၊
စာကောင်းရင် မအေပေးတွေက၊
စလေရေး ဆိုကြပြန်တယ်။
တို့များဖြင့် မှန်တကယ်၊
ဉာဏ်မငယ်ကံစောင်းလို့၊
ပြန်ပြောင်းလို့ မပြောချင်၊
ဟော ခုခေတ်တွင်၊
တောပါးစပ် ရိုင်းမယဉ်ကို၊
မနှိုင်းချင်ပြီဘူးကွဲ့လေး။ ။
ဆရာဖေက ဒီတေးထပ်ကို ရေးရတာဟာ တပယ်မင်းသားက ခိုင်းလို့ရေးတာ လို့ ဆိုကြပါတယ်။ တခါက တပယ်မင်းသား ဟာ ဦးပုညကို ကဗျာတပုဒ်ရေးခိုင်းချင်လို့ အခေါ်လွှတ်ပါတယ်။ အဲဒီအခါ ဦးပုညက “မင်းသားအစစ်တွေခိုင်းတာကို ရေးနေရသေးတယ် ...၊ ယမနေမင်းသား ရေးခိုင်းတာ မရေးအားသေးဘူး ...” လို့ လာခေါ်တဲ့သူကို ပြန်ပြော လွှတ်လိုက်ပါတယ်။ ဒါကြောင့် တပယ်မင်းသားက စိတ်ဆိုးပြီး ဆရာဖေ့ကို ဒီလိုမျိုး တေးထပ်ရေးခိုင်းတာလို့ အဆိုရှိပါတယ်။
ဒီတေးထပ်ဟာ တစ တစ ပျံ့နှံ့သွားရာက ဦးပုည ဆတ်ဆတ်ခါ နာပါတော့တယ်။ အချုပ်တန်းဆရာဖေဟာ အင်းဝမြို့မှာ မွေးဖွားတယ်လို့ ဆိုပါတယ်။ ဦးပုညကတော့ စလေမြို့မှာ မွေးဖွားတာပါ။ အဲဒီအချိန်ကတော့ စလေဟာ မြို့ငယ်လေး မျှ သာဖြစ်ပြီး အင်းဝကတော့ မြို့တော်ဖြစ်တဲ့အတွက် (ရတနာပုံ နေပြည်တော် မတည်ရသေးချိန်) ဆရာဖေက ဦးပုညကို တောပါးစပ် လို့ ခပ်နှိမ်နှိမ် ဆိုလိုက်တာပါ။ ဒါနဲ့ ဦးပုညကလည်း စိတ်ပေါက်ပေါက်နဲ့ ဆရာဖေရဲ့ ရုပ်ရည်ကို ဖော်ပြီး ပြန်တွယ်လိုက်ပါတယ်။
ခါးတောင်းကျိုက် ပိတုန်းပိတ်ကယ်နှင့်၊
ကျုံးထိပ်က ငဖေ၊
ကုန်းပြိတ္တ တစ္ဆေလို၊
အသရေ ဟိတ်နွမ်း၊
အသွင်နှင့်အမြင်မှန်တယ်၊
ဘဝင်္ဂံ (ဘဝင်ခံ) မဲတဲ့စိတ်နှမ်း။
မနှိုင်းအပ် မယှဉ်သာ၊
နင်ဘာပြု သော့သွမ်း (ဟော့ရမ်း)၊
ဝင်္ကာခု ဟော့ရမ်း (သော့သွမ်း)လို့၊
ကြော့ကြမ်းလိုက်လေတယ်၊
ကြောင်းမတန် စောင်းမာန်ခက် (တက်)၊
ပြောင်းပြန်ရှက် ရှက်ရချေမယ် (ရှက်ဖို့ဆိုမယ်)။
ဆီးစေ့နှင့်မြင်းမိုရ်ရွယ်သလို၊
ခင်းဆိုဘွယ် ကြောင်ကျားနှင့်၊
ဖားခြင်္သေ့ ရွှေဟင်္သာ၊
ကျီးနက် (ကျီးမိုက်) ပြိုင်လာ၊
နဂါးနှင့် တီလောက်ကွာတယ်၊ (နဂါးနဲ့ တီပမာနှယ်)၊
ရီစရာ သောက်ရူးမို့လေး (ခြေထောက်တာ လွန်လွန်းလို့လေး)။ ။
အချုပ်တန်းဆရာဖေက အသားမည်းမည်း၊ အရပ်ပုပျပ်ပျပ်နဲ့ လက်ပြင်နည်းနည်းကုန်းတာမို့ ဦးပုညက ကုန်းပြိတ္တ တစ္ဆေလို၊ အသရေ ဟိတ်နွမ်း ... ဆိုပြီး ဆော်လိုက်တာ ဖြစ်ပါတယ်။ ဒါကို ဆရာဖေ ကြားတော့ သူကလည်း ဦးပုညရဲ့ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ဖြစ်တဲ့ ကုတ်ခွင် သေးသိမ်နေတဲ့ လက်ကလေးကို ဖော်ပြီး မခံချင်အောင် ပြန်စပ်ပါတယ် ...
ကဗျာစီ မောင်ပုည၊
ဆောင်ဂုဏ်ပြ ထုတ်လျှင်၊
တောင်ခြုံက ပုတ်သင်လို၊
ကုတ်ခွင်သိမ် လက်သေး။
မင်းမြှောက်လို့ သင်းလောက်ကျော်တယ်၊
ထွင်းဖောက်ကော် ဉာဏ်မျိုးနှင့်ဝေး။ ။
ဒီကဗျာလေးဟာ ဒွေးချိုးလို့ ဆိုနိုင်သလို တေးထပ်ရဲ့ ပထမအပိုဒ်ကြီး စပ်နည်းအတိုင်း (တက်ပိုဒ်၊ ခံပိုဒ်၊ အုပ်ပိုဒ် နဲ့စပ်ထားတာဖြစ်ပါတယ်။
ဒါတွင်မကသေးပါဘူး၊ ဆရာဖေက နောက်ထပ် တေးထပ် တပုဒ်နဲ့ ထပ်နှက်လိုက်ပြန်ပါတယ်။
ဇဇ္ဇန္ဒာ ဧဠ၊ (အမိဝမ်းတွင်းပါ ကိုယ်အင်္ဂါချို့တဲ့သူ)
စလေက ပုညံ၊
အခြေက ဂုဏ်ခံသော်၊
ပုံသဏ္ဌာန်ဆိုပြ၊
ကုသလ ဥပေက္ခာ၊
လူဖြစ်လာ သန္တီရဏ။
သန္ဓေချင်း မတူပါ၊
အယူမှာ ကွာလှ၊
နမူနာစာအရကိုတော့၊
ကမ္ဘာက အသိပါ၊
ဝိပါက်မှာ မဟာတပ်ပါလို့၊
လာကပ်တဲ့ မန်းမြို့ဆရာ။
သန္ဓေချင်း တာလောက်ကွာတယ်၊
ဝါမောက်ကာ ဆိုင်မတုချင်နဲ့၊
ပြိုင်ပြုက မနုဿဌာနီ၊
မုချကွာမည်၊
ဥက္ကဋ္ဌ အာဇာနည်ကို၊
စာပလီ ရေးလာနှင့်လေး။ ။
ဒါနဲ့ ဦးပုညက သူ လက်ခွင်နေရတာဟာ မွေးရာပါ မဟုတ်ကြောင်း ဒီလို ပြန်ချေပပြီး ရေးလိုက်ပါတယ် ...
ကရုဏေ ရွယ်ကာလ၊ (နုပျိုသူ)
ငယ်ခါက ကျောင်းနေ၊
ဘယ်ညာချ စောင်းအနေမှာ၊
လောင်းကဝေ ငါ့အား၊
အိပ်ပျော်ခိုက် (ဘ)အလာမှာ၊
မ, ကာသာ တွန်းချလေငြား။
သို့အတွက် ပညာသိမ်သည်၊
ငါကဝိန် သူ့အား၊
တာလနိန် လူ့ငနွားက၊
အရှုမှားလေတယ်၊
ငဖေရယ် စလေတုပေမဲ့၊
မေရုနဲ့ မြင့်မိုရ်ကွာမယ်။
သူရာနှင့်သိကြားနှယ်၊
ဘုရားဝယ် မာရ်နတ်သို့၊
စာတတ်နှင့် အ,သူပမာ၊
အဲတာလောက်ကွာ၊
ကေဝဋ်နှင့် မဟော်သဓာလို၊
အတော်ကွာ ခြားလှပါလေး။ ။
(ဒီနေရာမှာ ဒီတေးထပ်နှစ်ပုဒ်ဟာ ဦးပုည နဲ့ ဆရာဖေ ရေးတာမဟုတ်ဘဲ တခြား မလိုသူတွေက တမင်ရေးတာလို့လည်း ဆိုပါတယ်။ ဦးပုည လက်သိမ်တာဟာ မွေးရာပါသာဖြစ်ကြောင်း ဟံသာဝတီ ဦးဘရင်နဲ့ နော်ရထာသီရိတို့ရဲ့ မှတ်တမ်းတွေအရ သိနိုင်ပါတယ်။ အဲဒီမှာ ရေးထားတာက ဦးပုညရဲ့ ညာဘက်လက် ငါးချောင်းမှာ လက်မ တခုသာ အကောင်းဖြစ်ပြီး ကျန်တဲ့လက်ချောင်းလေး ၄-ချောင်းစလုံး အလယ်အဆစ်ကနေ ပြတ်ပြီး ဝမ်းတွင်းပါ မွေးလာတယ် လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ဆက်ဖော်ပြမယ့် တေးထပ်မှာလည်း “မူဆန်းလို့ ဂူနန်းချောင်မှာ၊ ဆူကျွမ်းလောင် တေဇကြောင့်၊ လေ,ခ လို့ ဘယာချွေ၊ ဘွားခဲ့ မေမေ ...” လို့ ဦးပုညကိုယ်တိုင် ရေးဖွဲ့ထားတယ် လို့ ဆိုပါတယ်။)
အဲဒီအခါ ဆရာဖေက ဒွေးချိုးလေးနဲ့ ဒီလို ထပ်ပြီး နှိပ်ကွပ်လိုက်ပါတယ်။
လောကေ ဟတ္ထေချို့လျှင်ဖြင့်၊
လူဘို့မကောင်း။
မန်းကနက်မှာလ၊
စန်းလက် ဇာတာပြောင်လို့၊
ကဗျာလှောင် နဘေတေးကိုလ၊
ဆရာယောင် စလေရေးတယ်၊
တွေးဆသင့်ကြောင်း။ ။
ကိုယ်လက်အင်္ဂါချို့တဲ့နေရင်တော့ (ဝမ်းတွင်းပါဖြစ်စေ၊ မွေးဖွားပြီးမှ အကြောင်းတခုခုကြောင့်ဖြစ်စေ) လူအဖို့ မကောင်းတာ အမှန်ပဲ လို့ နှိပ်လိုက်တာပါ။ အဲဒီအခါ ဦးပုညဟာ အလွန်ဒေါသထွက်သွားတယ် လို့ ဆိုပါတယ်။ ဒါကြောင့် ဂမ္မဒေါသသင့်တဲ့ အရေးအသားတွေနဲ့ ခပ်ကြမ်းကြမ်း နှိပ်ကွပ်ရာမှာ ပြောင်မြောက်လှတဲ့ ဗန်းမော်ဆရာတော်ကြီးရဲ့ တပည့်ရင်းပီပီ ဂမ္မဒေါသနဲ့ မဖွယ်မရာ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေ သုံးပြီး ပြန်လည်ချေပ ရေးသားလိုက်တဲ့ ဟောဒီ နာမည်ကျော် တေးထပ် ထွက်ပေါ်လာပါတော့တယ်။
ဂျပ်ကောင်နှယ် ပန်းကြားက၊
သန်းစကားသု (ခု) ဝါ၊
ရမ်းကားလို့ တုလာလျှင်၊
ဥပမာဆိုစို့၊
ချေးပုံနှင့်မြင်းမိုရ်တောင်၊
ခင်းဆိုရောင် နှိုင်းကြပါစို့။
သေးကွက်နှင့်ပင်လယ်၊
နင်တကယ်ထင်လို့၊
သဘင်ဝယ် ယှဉ်မတို့လေနဲ့၊
သခင်တို့ ဦးချီ၊
အုန်းမှုတ်လိုအနေစားတွေက၊
ရွှေဖလား မနှိုင်းသင့်ပြီ။
ဥတုနှင့်ပုစွန်ဆီ၊
ဒွန်ပီပီ ယှဉ်တွဲလို့၊
စပ်ဖဲ အတွင်းခံ၊
ရိုင်းမိုက်တဲ့ဉာဏ်၊
မိုးကြိုးနှင့် အီးသံလို၊
ခရီးမှန်ကွာလွန်းလှလေး။ ။ ...
ဒီလို ကြမ်းရမ်းလိုက်ရုံနဲ့ အားမရသေးတဲ့အတွက် အချုပ်တန်းဆရာဖေဟာ မုသားပြောတဲ့နေရာမှာတော့ စေတီယမင်းနဲ့ ဖွားဖက်တော်ဖြစ်တဲ့အကြောင်း၊ မမှန်တဲ့နေရာမှာတော့ ကုန်းဘောင်ခေတ်တုန်းက သင်္ဘောနဲ့လာတဲ့ “မှန်” တွေကို ရောင်းတဲ့အခါမှာတောင် “မှန်” လို့ မခေါ်ဘဲ “မှား” ခေါ်ဆိုပြီးရောင်းမယ့်သူဖြစ်ကြောင်း၊ ယောင်ပြီးများ “မှန်” လို့ ခေါ်မိရင် အာခေါင်ကို ဖဲ့လိုက်ပါလို့တောင် မောင်းလှည့်ကြေညာကာ ရောင်းမယ့် လူစားမျိုးဖြစ်ကြောင်း တေးထပ်လေးနဲ့ ထပ်ပြီး ဆော်လိုက်ပါတယ် ...
စေတီယလက်ထက်က၊
ဖွားဖက်တော်ရဲဗိုလ်၊
မဟုတ်မှသူဆိုတယ်၊
တကိုယ်လုံးမုသား၊
အလွဲမျာ့းဘုရင့်ငယ်၊
အလိမ်တွင် မင်းတရာ့ဖျား။
အမှားမျာ့း ဥသျှောင်ငယ်၊
အကောက်တောင် ပိုင်စား (သား)၊
သင်္ဘောပါ မှန်ကုန်များကို၊
မှားခေါ်လို့ရောင်းစေ၊
မှန်ဆိုလျှင် အာကိုဖဲ့စေဟု၊
မောင်းလှည့်မယ့် လူစားပါပေ။
တမိုးအောက်လူ့ပြည်မှာ၊
သည်မောင်ဖေ (သည်တဖေ) တပါးသာဖြင့်၊
မုသားစောင်ဖြူ(ကို) ခြုံ၊
ပိန်းပိတ်လို့မှုန်၊
မျက်လှည့်ကြီး ဉာဏ်(မျိုး) စုံတယ်၊
လှည့်စားပုံဆန်းပေငဲ့လေး။ ။
ပြီးတော့မှ ပွဲသိမ်းတိုက်ကွက် အနေနဲ့ သူ့ကိုယ်သူ ကိုယ်ရည်သွေး ဂုဏ်ပြ တေးထပ်တပုဒ် ထပ်ပြီးရေးလိုက်ပါတော့တယ်။
သပြေမှာ ကဝေမြောက်၊
စလေရောက်သူပါ၊
မင်းလှဘွဲ့သင်္ခယာ၊
ရွာစည်ရွာ ပိုင်စား၊
မောင်ပုည ခေါ်ဆိုသည်၊
ညာရွှေကို လက်ကမအား။
တွက်စစ်တော့ ဆစ်တတောင်ဟာ၊
သူမအောင် သွေရှား၊
ဖန်ရဝေ သန္ဓေဘွားစဉ်က၊
ကံခေညား လူ့ဘောင်၊
သဏ္ဌာန်အမှန်ယုတ်သော်လဲ့၊
ဉာဏ်အဂ္ဂ ထွန်းတဲ့အရောင်။
မူဆန်းလို့ ဂူနန်းချောင်မှာ၊
ဆူကျွမ်းလောင် တေဇကြောင့်၊
လေ,ခ လို့ ဘယာချွေ၊
ဘွားခဲ့ မေမေ၊
သောင်းဒီပ ဇမ္ဗူမြေမှာ၊
တူသူလေ ရှားပါလိမ့်လေး။ ။
အဲဒီနောက်ပိုင်း ဆရာဖေက ပြန်လည်ချေပတဲ့ စာတွေ မတွေ့ရတော့တာကြောင့် ဒီမှာပဲ ဦးပုညက ပွဲသိမ်းလိုက်တယ်လို့ ဆိုနိုင်ပါတယ်။ ဦးပုညရဲ့ စာတွေဟာ ပိုပြီးသာတယ်လို့တော့ ပညာရှင်အများက မှတ်ချက်ချကြပါတယ်။ ကျနော်ကတော့ သူတို့ နှစ်ယောက်လုံးရဲ့ စာတွေကို ကြိုက်တာပါပဲ။ စကားလုံးပြောင်မြောက်မှုနဲ့ နဘေအရေးအသားမှာတော့ ဦးပုညက ပိုသာတယ်လို့ ကျနော်လည်းထင်ပါတယ်။ ဒါပေမဲ့ ဦးပုညရဲ့စာတွေဟာ ဘုန်းတော်ဘွဲ့တွေသာ များနေသလိုဖြစ်နေပြီး ဆရာဖေရဲ့ စာတွေကတော့ သာမန်ပြည်သူတွေနဲ့ ပိုနီးစပ်ပြီး ဇာတိသွေး၊ ဇာတိမာန်လည်း တက်ကြွစေတဲ့ စာတွေ ပိုရေး ခဲ့တယ်လို့ ကျနော်ယူဆမိပါတယ်။ ဦးပုညဟာ လွတ်လပ်ရေးမဆုံးရှုံးခင်မှာ ကွပ်မျက်ခံလိုက်ရတာကြောင့် ဇာတိမာန် စာပေတွေ ရေးခွင့်မရခဲ့တာလည်း ဖြစ်နိုင်တယ်လို့ပဲ အတွေးနယ်ချဲ့နေမိပါတယ် ...
ဘယ်လိုပဲဖြစ်ဖြစ် ကုန်းဘောင်ခေတ်နှောင်း စာဆိုအကျော် နှစ်ဦးရဲ့ ကဗျာလင်္ကာတိုက်ပွဲကို နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ...
ဖတ်ရှုခံစား အားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ ...
ဟယ်ရီ
6 comments:
ပညာရှင်ကြီးတွေရဲ့ လက်သံကတော့ ပြောင်ပါ့ရှင်။
ရှာဖွေဖော်ပြပေးလို့ ကျေးဇူးပါနော်။
ခင်မင်လေးစားလျက်
ဗဟုသုတတွေ အများကြီးရလိုက်ပါ၏။။။
ကျေးဇူးတင်ပါတယ်ဗျာ။။။
တချို့ကဗျာတွေ အစအဆုံးမသိဘူး။ တပိုင်းတစလောက်ပဲသိတာ။ ခုလိုတစုတစည်းထဲ ဖတ်ရတာ ကောင်းလိုက်တာ ဦးဟယ်ရီ။ ဆရာဖေရော ဦးပုညရော ၂ ယောက်လုံးကို သဘောကျတယ်။ လောလောဆယ်တော့ ဦးပုညရဲ့ ၀တ္ထုတွေ ရိုက်ပြီး ဘလော့မှာ တင်မလို့ ... ။
လာပြီး ဖတ်ရှုအားပေးတဲ့အတွက် ကျနော်ကလည်း ကျေးဇူး အထူးတင်ပါတယ် မေသိမ့်နဲ့ အလင်းသစ်ရေ ....
မမေ ရေ ... ဦးပုည ဝတ္ထုက ဘယ်ဝတ္ထုကို ရိုက်မှာလဲ ... ဆဒ္ဒန်ဆင်မင်းကို ရိုက်ရင်တော့ အကောင်းဆုံးပဲ ထင်တယ် ... စောင့်ဖတ်ရဦးမယ် ... :D
Thank you, saya Harry, for sharing these classic works of the old writers. It is great to be able to read this literature duel of such poets in its entirety at one sitting in your pages. It is thoughtful of you to have reproduced them.
very good. i like U Pon Nya and Sayar Pe's poems so much. thank you and hope to study more poems of these poets in future via your site.
Post a Comment