သယံဇာတတွေ ကုန်ဆုံးသွားမလား
ရေချိုမြစ်ကြီး ပျောက်ကွယ်သွားမလား ...
စိုးထိတ်ရင်မော ...
ငါတို့တွေ ထိုင်ရာကနေတော့ မထနိုင်ခဲ့ကြ
ဖေးကူမယ့်လက်တွေ လိုတယ် ...
အသိပညာ
ဗဟုသုတ
စည်းလုံးမှုတွေ လိုတယ်..
နောင်အနာဂတ်မှာ ... မြန်မာပြည်မြေပုံ ကို အပြည့်အဝ ဆွဲချင်သေးတယ်
နောင်အနာဂတ်မှာ ... မြည်မာပြည်ကို လက်ညှိုးထိုးလို့ ပြချင်သေးတယ်
နောင်အနာဂတ်မှာ ... မြန်မာနိုင်ငံသားလို့ လက်မထောင်ပြီး
ကြွားချင်သေးတယ် ...
ဖြစ်နိုင်ပါ့မလား ...
(စုလေး)
ငါထပ်တွေးတယ်
ရာဇဝင်ရဲ့ သတို့သမီးဆီမှာ
မရဏဖွားလက္ခဏာအပြည့်နဲ့
ဆည်တံတိုင်း တာတမံ
သူမအပေါ်တင်ကြ
သူမရင်ဝကိုပိတ်ဆို့ကြ
ငါကိုယ်ချင်းစာမိပါရဲ့ (kaung htet nay win)
သူမ အတွက် ...
ငါ့ ကမ္ဘာမှာ သက်ပြင်းချသံတွေ ဆူညံလို့နေခဲ့ပြီ ....
မနိုင်ဝန်ထမ်းရရှာတဲ့ သူမ ...
ဘယ်တော့များအရုပ်ကြိုးပြတ်ဖြစ်မလဲ
တထင့်ထင့်တွေးရင်း
အိပ်မက်တွေယောင်ခြောက်ဆယ်နဲ့
ဆုတောင်းသံတွေ ကမ္ဘာကို ညံခဲ့ပြီ .... (စုလေး)
သူ့အတွက် ရေကန်အသင့်၊ ကြာအသင့် မဖြစ်ခဲ့တာကြာပါပြီ
အခါလွန်မိုးတွေက သူ့အပေါ်အညှိုးကြီးစွာရွာချ
အညစ်အကြေးတွေ သူ့ကျောပေါ် လှုပ်ခါချမရ
အမှိုက်တွေက အသိုက်ဖွဲ့ပြီး နေထိုင်တတ်ကြလို့
တစ်ကယ်တမ်း ဖောက်ပြန်ရမှာက ရာသီဥတုရယ်ပါ
"... တစ်တောလုံးပြောင်၊ တစ်တောင်လုံးလင်း" ဆိုစကား
လူတွေလုပ်မိလို့ မှားတဲ့အမှားတွေနဲ့
လူတွေမလုပ်မိလို့ မှားတဲ့အမှားတွေ ...။ (Kyaw Myint Oo)
ကျောရိုးကိုဖြုတ်လိုက်သလို
ချိနဲ့သွားမယ့်အဖြစ်ကိုတွေးတိုင်း ရင်နာတယ်
ကန်းသွားပြီးခါမှ မီးထွန်းပေးမယ်ဆို
ငါမလင်းချင်တော့ဘူး
ကျိုးသွားပြီးမှ လမ်းခင်းပေးမယ်ဆို
ငါ မလျှောက်ချင်တော့ဘူး
သရဲသဘက်နဲ့မှ ပေးစားမယ်တဲ့
ဖြစ်ရလေခြင်းသတို့သမီးငယ်။ (သက္ကမိုးညို)
သူတို့နဲ့ငါတို့
ခေတ်ချင်းမတူခဲ့ကြ
စနစ်ချင်းမတူခဲ့ကြ
မျက်မှန်ပါဝါချင်းမတူကြ
ဖိနပ်ဆိုက်ချင်းမတူကြ
မိုးရေချိန်ချင်းမတူကြ
စိုးရိမ်ရေမှတ်ချင်းမတူကြ
ဒါပေမယ့်
နှလုံးသားရဲ့ ၀.၀၀၀၀၁%တူရုံမျှနဲ့
သူမကိုချစ်ကြတယ် ...။ (မှူးနေဝန်း)
ငါမမြင်ရဲဘူး...
အသွေးအသားကိုတောင် ရောင်းစားမယ့်အဖြစ်တွေ
ငါမယုံရဲဘူး...
ငါတို့ကို ရစ်ခွေထားတဲ့သူမ
ငါတို့ကို ထွေးပိုက်ထားတဲ့သူမ
ငါတို့ကချစ်တဲ့ သူမ
နောက်ပြီးတော့ နောက်ပြီးတော့...
ကမ္ဘာမကြေ ... (Paing Nyan Hein Aung )
ငါ့ရင်ခွင်မှာ ...
အားလုံးကိုထွေးပိုက်ရ...
အားလုံးကို ကြင်နာရ...
ကျွေးရမွေးရ...
လူလားမြောက်စေရနဲ့....
အခုအဖြစ်က....
အရွယ်ရောက်သားသမီးတစ်ချို့က
ငါ့ရင်ကဖြစ်တဲ့ နို့ရည်ကို
ခွက်နဲ့ခံပြီး ရောင်းစားသလိုမျိုး...
နောက်မွေးဖွားလာကြတဲ့..
လူမမယ် ဖတဆိုးလေးတွေရှင်သန်မှုအတွက်
လိုအပ်နေတဲ့အသွေးအသက်ကို
မစာမနာနဲ့ ဝင်နှုတ်သိမ်းတော့မယ့်ပုံမျိုး ...။ (သွေးခန့်)
မှတ်တမ်းမှတ်ရာဟောင်းကို ထိုးခွဲပြီး
မှန်နန်းကန့်လန်ကာနောက်ထိ လက်ညှိုးငေါက်ငေါက်ထိုးတဲ့
မျက်နှာလွှဲခဲပစ် အဖြစ်မျိုးပဲ ။
ဆေးရှိပေမဲ့ ကုသခွင့်မရတဲ့အနာတစ်မျိုးပဲ
သူမ လူမဆန်စွာ ကျူးလွန်မှုကို ခံစားထားရတယ်
ရက်စက်နိုင်လိုက်တာ လို့ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိရေရွတ်ပြီး
တာဝန်မဲ့တဲ့ လင်ယောက်ျားအပေါ်စိတ်နာပုံမျိုးနဲ့
စိုးရိမ်ရေမှတ်ရောက်တဲ့အထိ
နာနာကျည်းကျည်းငိုတယ် (အောင်ကိုကို)
ညတိုင်း ငါ့နားထဲမှာညံနေတဲ့
ဧရာဝတီရဲ့ ငိုကြွေးသံတွေ
ကန့်ကွက်ကြ ဆန့်ကျင်ကြ
သူမကိုဖျက်ဆီးသူမှန်သမျှ။
သူမရဲ့ နှလုံးသွေးနဲ့
ငါတို့ဘယ်လောက်တောင်များလုပ်ကျွေးခဲ့ပြီးပြီလဲ။
ထမင်းရှင်တင်မက သွေးရှင်သားရှင်
တိုင်းရင်းသားညီမောင်တို့ရင်မှာ
အစဉ်တည်တံ့စေ မြစ်ဧရာရေ ....။
သင့်အတွက် ဆုတောင်း သင့်အတွက် ကန့်ကွက်
သင့်အတွက် သင့်ဘက်က
ထာဝရရပ်တည်မယ်။ (မိုးသစ်လေပြည်)
ရာဇဝင်ထဲက သတို့သမီး
အခုတော့ ငိုညည်း နေရှာပြီလား
ငါ့သွေး ငါ့သား ငါ့ဧရာဝတီဆိုပြီး
ရင်ခွင်ထက်မှာ ကမ္ပည်း တင်ထားတယ်
ကျန်တာတွေ ဘာမှမပြောချင်ဘူး
ဘယ်သူပြောတာမှလည်း နားမထောင်ချင်ဘူး
ငါက သတို့သမီးရဲ့
ရယ်သံလေးတွေကိုပဲ မက်မက်မောမော နမ်းချင်နေသူပါ [ချီရွန် (ပုလဲ)]
သမိုင်း နဲ့  ရာဇဝင်နဲ့ 
ရာဇဝင်များရဲ့ သတို့ သမီး
ခေတ် အဆက်ဆက်
ပြည်သူတွေ ကို ရင်ဝယ်ပိုက် ပြီး
မမောနိုင် မပန်းနိုင်
တစ်နိုင်ငံလုံးကို စီးဆင်းနေတဲ့ 
ဘိုးဘေးဘီဘင် လက်ထက်ကအမွေ
ကျွန်တော်တို့ ခေတ်ရောက်မှ .......
ပျက်စီးရတော့ မယ် ဆို ရင် ........
ကျွန်တော်တို့ သမိုင်းမှာ ...... အမည်းစက် ကျန်ခဲ့လိမ့်မယ် (လုလင်ငယ်သွေး)
ရာဇဝင်ရဲ့သတို့သမီး..အပေါ်
မှောင်အောင်နေဝင်တော့မယ်တဲ့လား ...
တယ်လေ ..... ရိုင်းလိုက်လေခြင်း
ရင်နာတယ် ... ဧရာဝတီရယ်
အမြစ်တွယ်နေတဲ့ရင်ခွင်ထဲမှာ
အရင်အတိုင်းပဲ
...........
...........
လှပစီးဆင်းဆော့နေပါဦး ..........။ ။ (နေဝင့်မော်)
စီးစမ်း ....... စီး .....
ရဲရဲသာ .... စီး ..... ဧရာဝတီ ....
မင်းစီးစရာ နေရာမရှိရင်လေ ....
ငါတို့ ရဲ့ နှလုံးသွေးကြောတွေထဲက ဖြတ်ပြီး ... စီး ......
ငါတို့ ရဲ့ အသက်ဓာတ်ကို ဖြတ်ပြီး ... စီး .......
ပြီးတော့ .... အမှန်တရားကိုဖြတ်ပြီး ... စီး ...။
လူမဆန်ခြင်းတွေကို ကျော်ပြီး ... စီးကွာ ...
နောင် တစ်ခေတ်မှာ ........
ရှေးလူတွေကို ... မှတ်တမ်းပြုစုတဲ့ အချိန်...
မြို့ဟောင်းတွေကို ပြန်လည်တူးဖော်တဲ့ အချိန် ....
ရင်ဘတ်မှာ .... ဧရာဝတီ ဆိုတဲ့ နာမည်အထပ်ထပ်နဲ့
ကျောက်ဖြစ်ရုပ်ကြွင်းတွေဟာ ..... ငါတို့ပဲဖြစ်လိမ့်မယ် ... ဧရာဝတီ ....။ (ဟိန်း)
သတို့သမီးရဲ့ ဆည်းဆာချိန်ပေါ့ ...
နေဝင်လား ...
နေထွက်လား ...
ငါမဝေခွဲတတ်ပါ မဟာနဒီ ...
နေရယ် ...
မညိုပါနဲ့ဦး
မဝင်ပါနဲ့ဦး
သုံးပါးသော ဒုက္ခသစ္စာ တရားတွေ
ဝေးဝေးနေကြပါဦး ...
အရှေ့ဆီမှ ရောင်နီတို့ဆမ်းသော
နံနက်ဆည်းဆာသာ ဖြစ်ပါလေ
အို ... ချစ်သော မဟာနဒီ ...။ (ဟယ်ရီလွင်)
ကဗျာချစ်သူ (http://www.facebook.com/groups/206785939348399/) မှ ဧရာဝတီကို ချစ်သော ညီအကိုမောင်နှမများ စုပေါင်းရေးဖွဲ့ပါသည်။ ....
သရုပ်ဖော်ပုံအား ရေးဆွဲပေးသော ညီလေး Kyaw Myint Oo အား အထူးကျေးဇူးတင်ရှိပါသည်။
တတ်စွမ်းသမျှ ဆက်လက်ဖြန့်ဝေပေးကြပါရန် မေတ္တာရပ်ခံပါသည် ....
ဟယ်ရီ
Read More...
Summary only...