မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၂)
တေးရိုး
တေးထပ် အကြောင်းပြီးတဲ့နောက်မှာ တေးထပ်နဲ့ ဆင်တူတဲ့ တေးရိုး နဲ့ တေးတွဲ့ အကြောင်း အနည်းငယ် ဖော်ပြချင်ပါတယ်။ ဒီခေတ်မှာ တေးရိုး၊ တေးတွဲ့ကို လုံးဝမတွေ့ရသလောက်ဖြစ်နေပါပြီ။ ဗဟုသုတ အဖြစ်နဲ့ပဲ ဖော်ပြလိုက်ပါတယ်။
တေးရိုးမှာ တေးရိုးငယ်နဲ့ တေးရိုးကြီး ဆိုပြီး နှစ်မျိုးရှိပါတယ်။
တေးထပ်ထက် ပိုပြီးရှေးကျတာကြောင့် တေးရိုးလို့ ခေါ်ဟန်တူတယ်လို့ ဆိုပါတယ်။ တေးရိုးကြီးနဲ့ တေးရိုးငယ်ဟာ နည်းနည်းပဲ ကွာတာမို့ ကဗျာ့စွယ်စုံကျမ်းထဲမှာ တပေါင်းတည်း ပြထားပါတယ်။
လေးချိုးကို တပိုဒ်ဖြုတ်ပြီး အနည်းငယ် ပြင်ဆင်လိုက်ရင် တြိချိုးဖြစ်လာသလိုမျိုးပဲ တေးထပ်ကို တချို့အပိုဒ်တွေ ဖြုတ်ပြီး နည်းနည်း ပြင်ဆင်လိုက်ရင် တေးရိုးငယ်-တေးရိုးကြီး ဖြစ်လာတယ် လို့ ဆိုထားပါတယ်။
အောက်က နမူနာ တေးရိုးငယ်ပုံစံ နဲ့ တေးရိုးကြီး ပုံစံကို ကြည့်လိုက်ကြရအောင်။
“တေးရိုးငယ် ပုံစံ”
မနှုန်းတန် စိန္တေယျမို့၊ အနန္တဘုန်းတော်ဂုဏ်၊
မြှောက်ဝှဲချီး အံ့မကုန်သည်၊ မြေဝသုန် တုနှိုင်း၊
သဗ္ဗညု ထွတ်ဘုန်းသည်ကို၊ ငါဇာနည် ဦးညွတ်လို့ကိုင်း။
စောမြတ်စွာ ထွဋ်ရှိုင်းသည့်၊ မနှိုင်းတန့် တရားတော်၊
ဂိုဏ်းရှစ်ဘို့ သံဃာတော်ကို၊ ရှိပူဇော် ဦးတင်၏လေး။
“ရှေးရေး တန်ခူးလဖွဲ့ တေးရိုးကြီးပုံစံ”
တန်ခူးဂိမှမှာ၊ ဓာတ်တေဇ ယှဉ်မှီ၊
ခါမိဿ အချိန်ညီ၊ သဝဏီနက္ခတ်၊
စိတြ မည်မကွာသည်၊ တာရမှာ ကေဝဋ္ဋမှတ်၊
ပန်းကံ့ကော် ရင်ခတ်တို့၊ ပွင့်ချပ်ကဲ့စုံလင်၊
သင်းရနံ့ ပျံ့ရွှင်၊ ရေသဘင်ပွဲလမ်း၊
ထိန့်ရိုက်ဆင့် ကျူးကျော်တယ်၊ သင်္ကြန်တော် ကြူးရင့်သည့်တမ်း။ ... ။
(တေးရိုးငယ်မှာ ‘လေး’ ဆိုပြီး တေးထပ်ချသလိုမျိုး ချပေမဲ့ တေးရိုးကြီးကတော့ အထက်အပိုဒ်ရဲ့ အချကာရန်အတိုင်း သံပြင်း လဟုသံနဲ့ ချတာကို သတိပြုပါ။)
ဒီခေတ်မှာ စပ်ဆိုမှု လုံးဝမရှိသလောက်ဖြစ်နေပြီမို့ ဒီလောက်နဲ့ပဲ တေးရိုးအကြောင်းကို ရပ်နားလိုက်ပါတယ်။
1 comment:
အကိုဟယ်ရီရေ သေသေချာချာ လေ့လာသွားပါတယ်ဗျ။။။
Post a Comment