Monday, 23 June 2014

လူမိုက် လက္ခဏာ လေးပါး

လူမိုက် လက္ခဏာ လေးပါး

(၁) တခုအမှား၊ ပြုမိငြားလျက်၊
(၂) တပါးသူကို၊ ပြုရန်ဆိုကာ၊
(၃) ထိုအမှားအား၊ တန်ဘိုးထား၍၊
(၄) မှားပြီဆိုလျှင်၊ ရန်ရှာချင်သေး၊
အမြင်မမှန်၊ ဗာလနံ၏၊
သဏ္ဌာန်လေးချက် လက္ခဏာ။

သီတဂူဆရာတော်ဘုရားကြီးဟောကြားတော်မူသော လူမိုက် လက္ခဏာ လေးပါးကို ကဗျာအဖြစ် ရေးဖွဲ့ ပူဇော်ပါသည်။

အသိအကြံ၊ သတိဉာဏ်နှင့်၊
အမှန်ကိုရှု၊ အမှန်ပြု၍၊
အမှုကိစ္စ၊ ကြုံသမျှကို၊
မုချဆင်ခြင်ကြည့်ပါကုန်။ ။

ဟယ်ရီလွင်

Read More...

23 June 2014

Sum My Post

Read More...

Thursday, 9 January 2014

သိပ်ပါလော့ ... အို, မရဏ

သိပ်ပါလော့ ... အို, မရဏ

သင်္ခါရတရား တနည်းအားဖြင့် သေခြင်းတရားနဲ့ ပတ်သက်လာရင် မြန်မာကဗျာတွေထဲမှာ “သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ …” အစချီထားတဲ့ အနန္တသူရိယအမတ်ကြီး ကွပ်မျက်ခံရကာနီး ရေးစပ်ခဲ့တယ်လို့ ဆိုကြတဲ့ သံဝေဂလင်္ကာလေးကို တခြား ဘယ်ကဗျာမှ မီမယ် မထင်ပါဘူး … ဒီလိုပဲ “သူတည်းတယောက်” ကို မမီစေကာမူ ဖြစ်ရပ်ခြင်းခပ်ဆင်ဆင်နဲ့ စိတ်ဝင်စားဖွယ် ကောင်းတဲ့ အင်္ဂလိပ် ကဗျာလေးတပုဒ် တွေ့တာနဲ့ ဘာသာပြန်ကြည့်မိပါတယ် …

ဒီကဗျာလေးက ပန်းမ်ဘရွတ်ခ်မြို့စား နဲ့ အင်္ဂလန်မိဘုရားကြီး ဖြစ်ခဲ့တဲ့ အန်း(န်)ဘိုလင်း ကွပ်မျက်မခံရမီ နာမည်ကျော် လန်ဒန်မျှော်စင် အကျဉ်းထောင်ထဲမှာ အကျဉ်းချခံနေရတုန်း ရေးဖွဲ့ခဲ့တဲ့ ကဗျာလို့ ဆိုပါတယ်။ တချို့ကတော့လည်း သူ့ရဲ့ မောင်လေး ရော့ခ်ဖို့ဒ်မြို့စား ဂျော့ခ်ျဘိုလင်း (George Boleyn, Viscount Rockford) ရေးခဲ့တာလို့ ပြောကြပါတယ် … ဒါပေမဲ့ အန်း(န်)ဘိုလင်း ရေးခဲ့တယ်လို့ အများက ပိုပြီးလက်ခံထားကြပါတယ်။

အန်း(န်)ဘိုလင်းဟာ တကယ်တော့ ပေါ့သေးသေးမဟုတ်ဘူးလို့ပဲ ပြောရမှာပါ။ သူကိုယ်တိုင် အင်္ဂလန် မိဘုရားကြီး ဖြစ်ခဲ့သလို သူ့သမီးတော်လေးဟာ သူကွယ်လွန်ပြီးနောက်ပိုင်း “အပျိုစင်ဘုရင်မ” လို့ လူသိများတဲ့ အင်္ဂလန်ပြည့်ရှင် ပထမ အယ်လီဇဘက် ဘုရင်မကြီး ဖြစ်လာခဲ့တာကြောင့်ပါပဲ။ ဒီ့ထက်ပိုအရေးကြီးတဲ့ အကြောင်းတခုကတော့ ခရစ်ယာန်သာသနာ သမိုင်းမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍတခုမှာ ပါခဲ့သူမို့ပါ။ သူ့ကို အကြောင်းပြုပြီး The English Reformation လို့ ခေါ်တဲ့ အထင်ကရ ခရစ်ယာန်ဂိုဏ်းခွဲကြီး တခုဖြစ်တဲ့ အင်္ဂလိကန်ဂိုဏ်းခွဲကြီးဟာ ပင်မ ရိုမန်ကက်သလစ်ဂိုဏ်းတော်ကြီးကနေ ခွဲထွက်ပေါ်ပေါက်ခဲ့ရတဲ့အထိတောင် ဖြစ်ခဲ့ရပါတယ်။

ဘာကြောင့်လဲ ဆိုရင်တော့ သူ့ကို တရားဝင်လက်ထပ်ပြီး မိဘုရားအရာ မြှောက်ချင်တဲ့ အတွက် အင်္ဂလန်ပြည့်ရှင် အဋ္ဌမမြောက် ဟင်နရီ ဘုရင်မင်းမြတ်ဟာ လက်ရှိမိဘုရား ကက်သရင်းကို ကွာရှင်းဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ အဲဒီခေတ်ကာလ က ခရစ်ယာန် သာသနာပိုင် ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး သတ္တမမြောက် ကလီမင့်က ဒါကို လက်မခံပါဘူး။ ဒါဟာ ရိုမန် ကက်သလစ် ကျောင်းတော်ရဲ့ အာဏာ အင်္ဂလန်မှာ ပြိုကွဲပျက်စီးခြင်းရဲ့ အစပဲ ဖြစ်ပါတယ်။ တကယ်တော့ ဟင်နရီ (၈) က အကြောင်းရှာတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ငါ ရှင်ဘုရင် ဘယ်နှစ်ပတ် ပတ်ပတ် ဆိုသလိုပေါ့ … သက်ဦးဆံပိုင် ဘုရင်ပဲဟာ … သူလိုချင်တဲ့ မိန်းမ သူယူတာ ဘယ်သူက ဘာပြောရဲမှာလဲလေ … တရားဝင် ယူလို့ မရလည်း တရားမဝင် ယူထားတဲ့ မောင်းမမိဿံတွေ အများကြီး ရှိနေတာပါပဲ … အန်း(န်)ရဲ့ ညီမ မေရီ ကိုယ်တိုင်ကကို ဟင်နရီဘုရင်ရဲ့ မောင်းမမိဿံပေပဲဟာ။ အဲဒီခေတ်က ပုပ်ရဟန်းမင်းကြီးတွေ ဟာ သက်ဦးဆံပိုင် ဘုရင်တွေထက်တောင် ပိုပြီး တန်ခိုးအာဏာ ကြီးမားပြင်းထန်လို့ နိုင်ငံတွေက နှစ်စဉ် အခွန်ဘဏ္ဍာတော်တွေ ဆက်သနေရတာကို ရပ်ပစ်ချင်လို့ အကြောင်းရှာပြီး ဟင်နရီ ရွှေ့လိုက်တဲ့ အကွက်လည်း ဖြစ်ကောင်းပါရဲ့။

ဒါနဲ့ပဲ ၁၅၃၃-ခုနှစ်၊ ဇန္နဝါရီလ ၂၅-ရက်နေ့မှာ အန်း(န်)နဲ့ ဟင်နရီ လက်ထပ်ပြီး ဟင်နရီနဲ့ မိဘုရားဟောင်း ကက်သရင်း တို့ရဲ့ လက်ထပ်မှုကို ၁၅၃၃-ခုနှစ်၊ မေလ ၂၃-ရက်နေ့မှာ တရားမဝင်ကြောင်း ကြေညာလိုက်ပါတယ်။ နောက် ငါးရက် အကြာမှာတော့ အန်း(န်) နဲ့ ဟင်နရီတို့ရဲ့ ထိမ်းမြားမင်္ဂလာကို တရားဝင်ကြောင်း ကြေညာလိုက်ပြီးတဲ့နောက် မကြာခင်မှာ ပုပ်ရဟန်းမင်းကြီးက အင်္ဂလန်ကျောင်းတော်ကို ရိုမန်ကက်သလစ်ကျောင်းတော်ကနေ ထုတ်ပယ်ပစ်လိုက်တဲ့ အတွက် အင်္ဂလန်ကျောင်းတော်ကို ဘုရင်က သူ့ထိန်းချုပ်မှုအောက်ကို ပို့ပြီး အင်္ဂလိကန် အသင်းတော်ရဲ့ အကြီးအမှူးအဖြစ် သူ့ကိုယ်သူ ခန့်အပ်လိုက်ပါတယ်။ ကွာရှင်းခြင်း၊ ထိမ်းမြားခြင်းများဟာ ခရစ်ယာန်ဘာသာရေးဓလေ့ထုံးတမ်းအရ ဘာသာရေးအကြီးအကဲရဲ့ သဘောတူခွင့်ပြုမှုရရှိမှ တရားဝင်တာကြောင့် ပုပ်ရဟန်းမင်းကြီး သဘောမတူတဲ့အတွက် ဘုရင်က သူ့ကိုယ်သူ ဘာသာရေးအကြီးအကဲ ခန့်ပြီး သူ့ထိမ်းမြားခြင်းကို တရားဝင်တယ်လို့ သူ့ဟာသူ ဆုံးဖြတ်ပေး လိုက်တာပါပဲ။ ပိုင်တယ်နော် ...

ဒါပေမဲ့ မကြာခင်မှာပဲ အန်း(န်)ရဲ့ ဇာတာညှိုးမှိန်ပြီး ဟင်နရီက အပြစ်ရှာပါတော့တယ်။ အဓိက အချက်ကတော့ ထီးညွှန့်နန်းလျာအဖြစ် သားတော်လေး မမွေးဖွားပေးနိုင်ဘဲ သမီးတော်သာ မွေးဖွားပေးနိုင်တာရယ်၊ သားတော်လေးကို ဆောင်ထားတဲ့ ကိုယ်ဝန်က ကံအကြောင်းမလှဘဲ ပျက်ကျသွားရရှာတာရယ်က အန်း(န်)ကို အရာက ကျစေခဲ့တယ် လို့ ဆိုရမှာဖြစ်ပေမဲ့ ဟင်နရီက နောက်ထပ် အချစ်သစ်တွေ့နေတဲ့အချက်ကလည်း အတော်လေး အရေးပါမယ့် အချက် ဖြစ်မယ် ထင်ပါတယ်။ ၁၅၃၆-ခု၊ မေလ ၂-ရက်နေ့မှာ အန်း(န်)ကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ အရာချဖမ်းဆီးပြီး လန်ဒန်မျှော်စင်မှာ အကျဉ်းချထားလိုက်ပါတယ်။ အဲဒီနောက်မှာတော့ အန်း(န်)ဟာ နိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊ အိမ်ထောင်ရေးဖောက်ပြန်မှု၊ သွေးရင်းလိင်ဆက်ဆံမှု စတဲ့ စွဲချက်တွေနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး သေဒဏ်စီရင်ခြင်း ခံခဲ့ရပါတယ်။ သူ့ကို စစ်ဆေးတရားစီရင်တဲ့ဂျူရီအဖွဲ့ဝင်တွေထဲမှာ သူ့ဦးရီးတော်အရင်းဖြစ်သူ သောမတ်စ် ဟိုးဝဒ်နဲ့ သူ့ချစ်သူဟောင်း ဟင်နရီပါစီ တို့ပါ ပါဝင်နေတာကတော့ ကံကြမ္မာရဲ့ လှောင်ပြောင်မှုလေလားလို့ ထင်စရာပါပဲ။

ဒါပေမဲ့ ဟင်နရီဟာ အန်း(န်)အပေါ်မှာ နောက်ဆုံးကရုဏာကို ပြခဲ့လေသလား၊ အပြစ်မဲ့သူကို အကြောင်းရှာပြီး ရက်ရက်စက်စက် သုတ်သင်ပစ်ရတာကိုပဲ လိပ်ပြာမသန့်ဖြစ်လေရော့သလားတော့ မဆိုနိုင်ပါဘူး … သေဒဏ်ကို မီးရှို့သတ်မဲ့အစား ခေါင်းဖြတ်သတ်စေလို့ ပြောင်းလဲသတ်မှတ်ပေးခဲ့တာပါပဲ။ သေရတာခြင်းအတူတူပေမဲ့ မီးရှို့အသတ် ခံရသလိုတော့ မချိမဆန့် မခံစားရဘဲ အလွယ်တကူ အသက်ထွက်သွားစေအောင်တော့ လုပ်ပေးခဲ့တယ်ပေါ့လေ။

မေလ ၁၉-ရက်၊ သောကြာနေ့ဟာ အန်း(န်)ရဲ့ နောက်ဆုံးနေ့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကို ပုံမှန် လူသတ်စင်ပေါ်မှာ မသတ်ဘဲ လန်ဒန်တာဝါ အကျဉ်းထောင်ကြီးရဲ့ ဝင်းထဲက ခုလက်ရှိ ဝါတာလူးစစ်တန်းလျားရဲ့ ရှေ့မှာ ရှိနေတဲ့ မျှော်စင်ဖြူရဲ့ မြောက်ဖက်မှာ ငြမ်းဆင်ထားတဲ့ လူသတ်စင်ပေါ်မှာ အန်း(န်)ရဲ့ ဘဝဟာ နိဂုံးကမ္ပတ် အဆုံးသတ် သွားခဲ့ရပါတယ်။ သူ ကွပ်မျက်ခံရတဲ့အချိန်မှာ အသက် သုံးဆယ်ဝန်းကျင်သာ ရှိပါသေးတယ်။

နန်းကျအိမ်နိမ့်စံ အန်း(န်) မိဘုရားကြီးဟာ အတွင်းခံကိုယ်ကျပ်အနီရောင်ပေါ်မှာ အကွက်ဖော်ပန်းထိုးထားတဲ့ မီးခိုးရင့်ရင့်ဝတ်ရုံဂါဝန်ရှည်ပွပွကြီးကို ဆင်မြန်းပြီး အဲမင်းန် သားမွေးခြုံထည်လေးကို လွှမ်းခြုံရင်း အပျိုတော်နှစ်ယောက် ခြံရံပြီး မိဘုရားနန်းဆောင်ကနေ လူသတ်ငြမ်းစင် ကို နောက်ဆုံးခြေလှမ်းများနဲ့ လျှောက်လှမ်းသွားခဲ့ပါတယ်။ ရဲရင့်တည်ကြည်စွာနဲ့ မကြာခင်မှာ သေရတော့မယ့်သူ မဟုတ်သလိုဘဲ ငြမ်းစင်ပေါ်ကို တက်လှမ်းသွားပြီး လူတွေကို မိန့်ခွန်းတိုလေး ပြောခဲ့ပါသေးတယ်။
“ခရစ်ယာန်သူတော်ကောင်းတို့ … ဒီနေရာကို တရားဥပဒေအရ သေခြင်းနဲ့ ရင်ဆိုင်ဖို့ လာခဲ့ပါတယ်။ ကျွန်မကို သေဒဏ် စီရင်ဆုံးဖြတ်လိုက်တဲ့ ဥပဒေအရ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ ဘာမှ ဆန့်ကျင်ကန့်ကွက်မနေတော့ပါဘူး။ ဒီကို ကျွန်မလာတာ ဘယ်သူ့ကိုမှလည်း ပြစ်တင် စွပ်စွဲဖို့မဟုတ်သလို ဒါမျိုးတွေ ပြောဖို့လည်း မဟုတ်ပါဘူး။ ကျွန်မကို စွပ်စွဲ ရှုံ့ချပြီး သေဒဏ်စီရင်ခဲ့ပေမဲ့ ဘုရင်မင်းမြတ်ကို ဘုရားသခင်စောင့်ရှောက်ကယ်မစေဖို့နဲ့ သင်တို့အပေါ် ပိုမိုသိမ်မွေ့ပြီး ပိုမိုကရုဏာတော်ထားတတ်တဲ့ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ မင်းသားတပါးအဖြစ် သင်တို့ကို ပိုမို ရှည်ကြာစွာ အုပ်စိုးနိုင်ပါစေ လို့ ကျွန်မ ဆုတောင်းခဲ့ပါတယ်။ ကျွန်မအတွက်တော့ သူဟာ ထာဝရကောင်းမွန်သိမ်မွေ့ပိုင်စိုးနေတဲ့ အရှင်သခင်ပါပဲ။ ကျွန်မအမှုထဲမှာ မဆီမဆိုင် စွပ်စွဲခံရပြီး ပါဝင်ခဲ့ရသူ တစုံတယောက်များရှိခဲ့မယ် ဆိုရင် သူတို့ကို အကောင်းမွန်အမျှတဆုံး တရားစီရင်ပေးဖို့ တောင်းဆိုလိုပါတယ်။ ဒီလောကကြီးနဲ့ သင်တို့အားလုံးကို ကျွန်မ ခွဲခွာ သွားတော့မှာမို့ သင်တို့အားလုံး ကျွန်မအတွက် ဆုမွန်ကောင်းတောင်းပေးကြဖို့ ရင်ထဲ အသည်းထဲက လှိုက်လှိုက်လှဲလှဲ တောင်းဆိုပါရစေ … အို … အရှင် တပည့်တော်မအပေါ် ကရုဏာထားတော်မူပါလော့ … အို ဘုရားသခင် တပည့်တော်မ၏ ဝိညာဉ်အား အပ်နှင်းပါ၏ …”

အန်း(န်) မိဘုရားကြီးဟာ အဲမင်းန် သားမွေးခြုံထည်လေးကို ဖယ်ရှားပြီး ခေါင်းစွပ်ကို မ,လို့ ဆံပင်ကို စည်းနှောင်ထား လိုက်ပါတယ်။ ငိုကြွေးနေကြတဲ့ အပျိုတော်၊ ရံရွေတော်တွေကို နှုတ်ဆက်ပြီး ဆုတောင်းပတ္တနာပြုပေးဖို့ ပြောကြားရင်း ဒူးထောက်ထိုင်ချလိုက်ပါတယ်။ ရံရွေတော်တယောက်က သူ့မျက်လုံးတွေကို အဝတ်စည်းပြီး ပိတ်ပေးလိုက်ပါတယ်။ အန်း(န်)ဟာ ဒူးထောက်တဲ့နေရာမှာ ပြင်သစ်ပုံစံနဲ့ ခန္ဓာကိုယ်ကို တဖြောင့်တည်း မတ်ထားပြီး ဒူးထောက်တာ ဖြစ်ပါတယ်။ “ယေရှုသခင် … တပည့်တော်မ၏ ဝိညာဉ်အား လက်ခံတော်မူပါ … အို အရှင် ဘုရားသခင် တပည့်တော်မ၏ ဝိညာဉ် အပေါ် ကရုဏာထားတော်မူပါလော့ …” လို့ နောက်ဆုံး ဆုတောင်းစကားကို ထပ်ခါတလဲလဲ ရေရွတ်နေရင်းနဲ့ပဲ ဓားရောင် တချက် ဝင်းကနဲအလက်မှာ အန်း(န်)ရဲ့ ဘဝလည်း အဆုံးသတ်သွားရပါတော့တယ်။
အဲဒီနောက်ပိုင်းမှာတော့ ခေါင်းပြတ်ကြီးကို ကိုင်ပြီး လျှောက်သွားနေတဲ့ အန်း(န်)ကို တွေ့လိုက်ရတဲ့ အစောင့်တွေလည်း မနည်းဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် လင်းအားကြီးအချိန်တွေမှာပါတဲ့။ အန်း(န်)တစ္ဆေဟာ လန်ဒန်မျှော်စင် အကျဉ်းထောင်ကြီးရဲ့ နာမည်ကျော် တစ္ဆေဒဏ္ဍာရီတွေထဲမှာ ထင်ရှားတဲ့ ဇာတ်ကောင်တကောင်ပါပဲ။
သမီးတော်လေး အဲလစ်ဇဘက် ဘုရင်မကြီးအဖြစ် နန်းတက်လာပြီးချိန်မှာတော့ အင်္ဂလိပ်သမိုင်းပညာရှင် ဂျွန်ဖော့က်စ် ကနေတဆင့် မယ်တော်ကို English Reformation ရဲ့ အာဇာနည် သူရဲကောင်းမယ်အဖြစ် ချီးမြှင့်မြှောက်စား ရေးသားစေခဲ့ပါတယ်။
ညှဉ်းပမ်းနှိပ်စက်မှုတွေကနေရရှိတဲ့ နာကျင်မှု ဝေဒနာတွေကို ခံစားရင်း သေခြင်းတရားကို စောင့်မျှော်နေရချိန်မှာ ရေးသားခဲ့တဲ့ အန်း(န်)ရဲ့ ကဗျာလေးကို ခံစားကြည့်ကြပါဦး … မူရင်းကိုပါ ခံစားနိုင်အောင် ထည့်ပေးလိုက်ပါတယ်။


သိပ်ပါလော့ အို-မရဏ

အို မရဏ၊ ငါ့အားလှုပ်ယမ်း
သိပ်စမ်းပါလော့၊ ဖျော့ဖျော့ငြိမ်ဆိတ်၊
နားမှိတ်စက်ရာ၊ ခေါ်ပါဆောင်ကြဉ်း၊
ငါ့ကိုနှင်းလော့၊ နွမ်းလျော့ပင်ပန်း
ကြေနွမ်းညိုညစ်၊ အပြစ်ကင်းစင်၊
ငါ့ဝိညာဉ်ကို၊ သတိသိုထား၊
ရင်ခွင်ကြားမှ၊ ခွဲသွားထွက်ခွာ၊
သွားစေပါတော့။ ။
မသာခေါင်းလောင်း၊
သောင်းသောင်းညံညံ၊ မြည်သံဆူဟီး၊
ဆက်တီးပါစေ၊ ကြေကွဲလွမ်းလျ၊
ဈာပနတေး၊ ငါ့တွက်ညည်းဆို၊
ငိုကြွေးထုတ်အန်၊ ခေါင်းလောင်းသံညင်း၊
ငါ့သေခြင်းကို၊ ဆိုတင်းထုတ်ဖော်၊
အော်မြည်ပါစေ၊ သေခြင်းတရား၊
ဆွဲအားပြင်းပြင်း၊ ချဉ်းကပ်လာမူ၊
အဘယ်သူသည်၊ ကယ်ယူကုစားနိုင်မည်နည်း။

ငါ့နာကျင်မှု၊ စာရတုဖြင့်၊
ဖွဲ့စုပုံတူ၊ အဘယ်သူသည်၊
ဖော်နိုင်မည်နည်း၊ ငိုညည်းမြည်ကြွေး၊
အလိုလေးတ၊ ပြင်းပြသည်းထန်၊
ငါ့ဒဏ်ရာတွေ၊ သေလုမျောပါး၊
ခွန်အားမဲ့ကင်း၊ ပျက်ယွင်းတန်ဖိုး၊
သက်ဆိုးရှည်ရန်၊ မဖန်တီးပါ။ ။
မသာခေါင်းလောင်း၊
သောင်းသောင်းညံညံ၊ မြည်သံဆူဟီး၊
ဆက်တီးပါစေ၊ ကြေကွဲလွမ်းလျ၊
ဈာပနတေး၊ ငါ့တွက်ညည်းဆို၊
ငိုကြွေးထုတ်အန်၊ ခေါင်းလောင်းသံညင်း၊
ငါ့သေခြင်းကို၊ ဆိုတင်းထုတ်ဖော်၊
အော်မြည်ပါစေ၊ သေခြင်းတရား၊
ငါ့အားပြင်းပြင်း၊ ချဉ်းကပ်လာမူ၊
အဘယ်သူသည်၊ ကယ်ယူကုစားနိုင်မည်နည်း။

နရသိန်ထဲ၊ တကိုယ်တည်းပင်၊
ဖောက်လွဲကြမ်းတမ်း၊ ငါ့လမ်းဆုံးအား၊
စောင့်စားနေ၏၊ ပီဘိကြမ်းကြုတ်၊
စက်ဆုပ်ဝမ်းနည်း၊ ကြေကွဲလွမ်းဇာတ်၊
ဤဖြစ်ရပ်တွက်၊ ရက်စက်နာကျင်၊
ဖြစ်အင်ဖန်ဖန်၊ ထိုက်တန်သလော၊
မောလျကိုယ်စိတ်၊ ထိတ်လန့်နွမ်းကြေ၊
မပြေကြမ်းတမ်း၊ ငါမြည်းစမ်းရန်၊
ထိုက်တန်သလော၊ တွေးတောဖွေရှာ။ ။
မသာခေါင်းလောင်း၊
သောင်းသောင်းညံညံ၊ မြည်သံဆူဟီး၊
ဆက်တီးပါစေ၊ ကြေကွဲလွမ်းလျ၊
ဈာပနတေး၊ ငါ့တွက်ညည်းဆို၊
ငိုကြွေးထုတ်အန်၊ ခေါင်းလောင်းသံညင်း၊
ငါ့သေခြင်းကို၊ ဆိုတင်းထုတ်ဖော်၊
အော်မြည်ပါစေ၊ သေခြင်းတရား၊
ဆွဲအားပြင်းပြင်း၊ ချဉ်းကပ်လာမူ၊
အဘယ်သူသည်၊ ကယ်ယူကုစားနိုင်မည်နည်း။

နှုတ်ဆက်ခဲ့သည်၊ အတိတ်ဆီမှ၊
ကြည်နူးမှုများ၊ ချန်ထားရင်းဆို၊
ကြိုဆိုပါသည်၊ ပွေလီပူလျ၊
ပစ္စက္ခမှ၊ ပြင်းပြသက်ငင်၊
နာကျင်မှုများ၊ ခံစားလန့်ထိတ်၊
ကိုယ်စိတ်နှစ်ဝ၊ ဒုက္ခတရား၊
တိုးပွားလာနေ၊ မရှေ(ရှည်)အသက်၊
ရေပွက်ပမာ၊ တသက်လျာထင့်။ ။
မသာခေါင်းလောင်း၊
သောင်းသောင်းညံညံ၊ မြည်သံဆူဟီး၊
ဆက်တီးပါစေ၊ ကြေကွဲလွမ်းလျ၊
ဈာပနတေး၊ ငိုကြွေးမှားယွင်း၊
ငါ့သေခြင်းတွက်၊ ဆိုတင်းထုတ်အန်၊
ခေါင်းလောင်းသံညင်း၊ သေခြင်းတရား၊
ဆွဲအားပြင်းပြင်း၊ ချဉ်းကပ်လာမူ၊
အဘယ်သူသည်၊ ကယ်ယူကုစားနိုင်မည်နည်း။

ယခုငါသည်၊ သေခြင်းဆီသို့၊
သွားမည်နောက်ဆုံး၊ ငါ့နိဂုံးကို၊
ယူကျုံးမရ၊ တသ,သနှင့်၊
ဖွဖွဆိုညည်းရစ်ပါလေ။ ။

အန်း(န်)ဘိုလင်း (Anne Boleyn – Marquess of Pembroke)
ပန်းမ်ဘရွတ်ခ် မြို့စား နှင့်အင်္ဂလန်မိဘုရားကြီး (၁၅၃၃-၁၅၃၆)

O Death! rocke me asleep

O Death! rocke me asleep;
Bringe me to quiet reste;
let pass my weary, guiltles ghost
out of my carefull brest.
Toll on, the passinge-bell;
ring out my dolefull knell;
let thy sounde my death tell.
Death dothe drawe ny;
there is no remedie.

My paynes, who can expres?
Alas! they are so stronge
my dolor will not suffer strength
my lyfe for to prolonge.
Toll on, the passinge-bell;
ring out my dolefull knell;
let thy sounde my death tell.
for I must dye;
there is no remedie.

Alone, in prison stronge,
I wayte my destenye.
Wo worth this cruel hap, that I
should taste this miserie!
Toll on, the passinge-bell;
ring out my dolefull knell;
let thy sounde my death tell.
Death dothe drawe ny;
there is no remedie.

Farewell! my pleasures past;
welcum! my present payne.
I fele my tormentes so increse
that lyfe cannot remayne.
Toll on, the passinge-bell;
rong is my dolefull knell;
for the sound my dethe doth tell.
Death dothe drawe ny;
there is no remedie.

Sound my end dolefully
for now I dye.

Anne Boleyn – Marquess of Pembroke and Queen Consort of England (1533-1536)


Anne Boleyn in the Tower by Edouard Cibot (1799–1877)

Photo credit: http://speedy.theanneboleynfiles.com/wp-content/uploads/2009/05/anneboleyninthetower2-278x300.jpg


ဟယ်ရီလွင်

Read More...

Monday, 6 January 2014

ဟားဗတ်တက္ကသိုလ်စာကြည့်တိုက်နံရံမှ ဆောင်ပုဒ်များ

ဟားဗတ်တက္ကသိုလ်စာကြည့်တိုက်နံရံမှ ဆောင်ပုဒ်များ ... ဟုပြောကြသည့်စာများကို သံပေါက်အသွင်ဖြင့် ဘာသာပြန်ထားပါသည် ...

၁) ယခုအိပ်ပါ၊ အိပ်မက်သာ၊ ပေါ်လာပေလိမ့်မည်။
ယခုလေ့ကျက်၊ အားအင်ဆက်၊ အိပ်မက်ကောင်ထည်ပေါ်လိမ့်မည်။

၂) ကျွန်ုပ်ကုန်လာ၊ ယနေ့တာ၊ ဘယ်ရာဖြစ်သနည်း။
ရှုံးသူမနော၊ တောင်းခံသော၊ မျှော်မောနက်ဖြန်ဖြစ်လေ၏။

၃) နှောင်းလေပြီသာ၊ သင်ထင်ရာ၊ ချိန်ခါစောဆုံးဖြစ်သတည်း။

၎) ခုထ,လုပ်ပါ၊ နက်ဖြန်ခါ၊ ဆိုကာအချိန်မဆွဲနှင့်။

၅) သင်အံစေ့ငု၊ ပင်ပန်းမှု၊ ယခုခဏတာလျှင်တည်း။
သင်အံမပြု၊ ပင်ပန်းမှု၊ လူ့တဘဝစာလျှင်တည်း။

၆) လေ့လာဖို့မြဲ၊ ချိန်မနည်း၊ ဇွဲနှင့်လုံ့လနည်းခြင်းသာ။

၇) ချမ်းမြေ့ပျော်လတ်၊ ဆင့်သတ်မှတ်၊ ရတတ်လျှင်လည်း ရကောင်းမည်။
သို့စေတမင်း၊ အောင်မြင်ခြင်း၊ အလျဉ်းအဆင့်ရှိလေသည်။

၈) သင်အံလေ့လာ၊ ဘဝမှာ၊ ဤဟာတခုတည်းမဟုတ်။
သို့ပင်ဖြစ်ငြား၊ မကျော်လွှား၊ ဘာများသင်ကျော်နိုင်မည်နည်း။

၉) ပင်ပန်းရှောင်ကျဉ်၊ မရလျှင်၊ ပျော်ရွှင်ရင်ဆိုင်ခံစားပါ။

၁၀) ခပ်စောစောထ၊ ကြံ့ခံပြ၊ သင်ရယူလော့ အောင်မြင်မှု။

၁၁) ပြင်းပြမာန်ဟုန်၊ လုံ့လဂုဏ်၊ ပြည့်စုံထိန်းချုပ် စိတ်နှင့်ရုပ်။
ဤဂုဏ်ကင်းမူ၊ အောင်ပန်းချူ၊ လွယ်ကူမရ မည်သူမျှ။

၁၂) ကာလရထား၊ အချိန်များ၊ ဖြတ်သွားကုန်ဆုံးလွယ်လွန်းသည်။

၁၃) ယနေ့ယိုကျ၊ သွားရည်စ၊ စီးကျသွားမည် ဘယ်ဝယ်ဆီ၊
စီးလိမ့်အမှန်၊ မနက်ဖြန်၊ တဖန်မျက်ရည်စများဆီ။

၁၄) ပြင်းထန်ပင်ပန်း၊ သင်ယူလှမ်း၊ စည်းကမ်းလိုက်နာ ကစားပါ။

၁၅) ယနေ့လှမ်းခြေ၊ ရပ်လိုက်လေ၊ ပြေးပေဦးတော့ နက်ဖြန်တွင်။

၁၆) ရင်းနှီးမြှုပ်နှံ၊ နောင်ခါယံ၊ အမှန်မြင်သူစင်စစ်တည်း။

၁၇) ပညာဂုဏ်အင်၊ ဝင်ငွေပင်၊ အသွင်တူညီ၏။

၁၈) ယနေ့ဆိုတာ၊ ဘယ်သောခါ၊ ပြန်လာလိမ့်မည်မဟုတ်ပေ။

၁၉) ခုချိန်ထိငြား၊ ပြိုင်ဘက်များ၊ မနားစာရွက်လှန်တုန်းပင်။

၂၀) အနာခံမှ၊ သာစံရ၊ မှတ်ကြရှေးစကား။

ဟယ်ရီလွင်

1. Sleep now, Dream will come out; Study now, Dream will come true.
2. My wasteful today is the tomorrow those losers begging for.
3. The earliest moment is when you think it's too late.
4. Better do it today than tomorrow.
5. The pain of study is temporary; the pain of not study is lifelong.
6. You do not lack time to study, you are lacking the efforts.
7. There might not be a ranking of happiness but there is surely a ranking of success.
8. Study is one but not the only component of your life, but if you cannot even overcome this single component, what can you overcome?
9. Please enjoy the pain if it is unavoidable.
10. Get up early, Grind out hardy, Gain on success.
11. Nobody succeeds easily without complete self-control and strong perseverance.
12. Time pass by.
13. Today's slaver will drain into tomorrow's tear.
14. Study like a Dog; Play like a gentleman.
15. Stop walking today and you'll have to run tomorrow.
16. People who invest the future are the true realists.
17. Education equals income.
18. Today never comes back.
19. Even at this very moment your competitors will not stop flipping pages.
20. No pain, No gain.

ကျေးဇူးတင်ပါသည်
ဟယ်ရီလွင် —

Read More...

Thursday, 17 October 2013

မြင်းသားဖွဲ့ တေးထပ်

သီတင်းကျွတ်အခါသမယမှာ လူငယ်ကဗျာဆရာလေးတွေက ဘုရားတရားကို ပူဇော်တဲ့ ကဗျာတွေ ရေးဖွဲ့ပြီး ယဉ်ကျေးလိမ္မာကြသလောက် မိုက်ပင်ပျိုး၍ မိုက်ဆိုးမိုက်မဲ မိုက်မြဲမိုက်လျက်ရှိနေတဲ့ ကျနော် မောင်ဟယ်ရီကတော့ လူမိုက်ကြီးပီပီ အရက်နဲ့ မြင်းသားအကြောင်း သုံးချက်ညီတေးထပ်တပုဒ်ကို မျက်နှာပြောင်ပြောင်နဲ့ ခပ်တည်တည် ဆက်ရေးပါတယ် ခင်ည ... ဆဲသွားကြပါကုန် ... ဟေဟေဟေ

မြင်းသားဖွဲ့ တေးထပ်

မြင်းသား မြင်းသားနဲ့၊
အငြင်းပွားတဲ့ အိုအဆွေ၊
မစဉ်းစားနဲ့ ချိုသလေ၊
အပိုတွေ မပြော၊
ပါးစပ်ဖျား ဆတ်သားပမာ၊
အပြတ်ဝါးမှာ တွေးလို့မြင်သေး။

ညီမွန်လှ ချီရွန်ဟာ၊
အတည်လွန်စွာ အမှန်တွေး၊
ရည်မွန်စွာ အကြံပေးတာကြောင့်၊
မြန်မနှေး ပြေးကာ၊
ပန်းကန်ဆီ ဟန်ညီလက်၊
ဘရန်ဒီခွက် သွက်သွက်သောက်ပါ။

သင်းကြည်တဲ့ ပုလင်းနီတျာ၊
ပြင်းရီကာ ရှဝေမူးပါလို့၊
ညနေထူး မြင်းသားအမှန်တည်၊
အပြင်းစား ဘရန်ဒီ၊
မယွင်းစား အကြွင်းများမကျန်သည်၊
မင်းတရားဟန် စည်းစိမ်ကွယ့်လေး။ ။

ဟယ်ရီလွင်

(သုံးချက်ညီ တေးထပ်)

ခက်ဆစ်
ချီရွန် = ကဗျာဆြာကြီး (ဟု သူ့ကိုယ်သူ သတ်မှတ်သူ) ချီရွန်(ပုလဲ)

မောင်ချီရွန် မြှောက်ပေးလို့ သောက်မိစားမိခြင်းဖြစ်ပါ၍ ယမမင်း၏ ခွေးရေပုရပိုက်တွင် အကုသိုလ် ခွဲတမ်းထဲပါသူ ဒင်းကိုပါ မှတ်သားထားစေလိုပါကြောင်း ... အပြစ်တင်လိုပါကလည်း ထိုငနဲကိုပါ ရော၍အပြစ်တင်ကြပါကုန် ...

အလုပ်များနေ၍တကြောင်း ... ကွန်နက်ရှင်မကောင်း၍တကြောင်း ... အခြားအကြောင်းများကြောင့်နှင့်လည်းပေါင်းစုံ၍ ပို့စ်များ မတင်နိုင်ခြင်းကို ခွင့်လွှတ်ပေးကြပါရန် တောင်းပန်ပါသည် ခင်ဗျား ...

ဟယ်ရီလွင်

Read More...

မြင်းသားနဲ့ ကာဇက်ဘရန်ဒီ

မြင်းသားနဲ့ ကာဇက်ဘရန်ဒီ

ချိုမြမြ ခါးသက်သက်
ကာဇက်ရဲ့ ဘရန်ဒီ။

အေးတဲ့ချိန် လွေးပြန်တော့
နွေးပြန်ပေါ့အတည်။

မြင်းသားနဲ့ ဘရန်ဒီ
ဟန်ညီလိုက်ပုံများ။

ချိုမွှေးကာ ပြင်းရီရှလေတော့
ပိုနွေးကာ သင်းရီမြလေတဲ့
နှင်းဆီည တရာရယ်
လာကွယ်ကိုယ့်အပါး။ ။

ဟယ်ရီလွင်

(ကဗျာဆြာကြီး ချီရွန်(ပုလဲ) ၏ လမ်းညွှန်မိန့်မှာချက်အရ … မိုက်သဟ အဟေဟေဟေ)
ကာဇက် = ကာဇက်စတန်

Read More...

Sunday, 15 September 2013

မြက်ရိုင်းလွင်ပြင်သို့ ...

မြက်ရိုင်းလွင်ပြင်သို့ ...


သဲတောင်ကုန်းလှိုင်း၊ သဲမုန်တိုင်းထဲ၊
ဒုန်းစိုင်းဖြတ်ကျော်၊ ထိုအဖော်အား၊
ကျနော်ထားရစ်ရတော့မည်။

နေ့ညမဟူ၊ နေပူမှောင်မိုက်၊
မိုးပြိုက်မြူကြား၊ အတူသွားလည်း၊
ခုများချန်ရစ်ရတော့မည်။

လမ်းအထွေထွေ၊ လမ်းတွေရှည်လျား၊
လမ်းပါးလမ်းသွယ်၊ လမ်းငယ်လမ်းလတ်၊
လမ်းဖြတ်လမ်းမြှောင်၊ လမ်းမှောင်လမ်းကြီး၊
လမ်းနီးလမ်းဝေး၊ လမ်းကလေးနှင့်၊
လမ်းသေးလမ်းမွှား၊ လမ်းကြားမကျန်၊
လမ်းမှန်မသိ၊ လမ်းမရှိငြား၊
လမ်းမှားလည်းလိုက်၊ လမ်းဝိုက်လမ်းကောက်၊
လမ်းစောက်လမ်းပြေ၊ လမ်းခွေလမ်းဖြောင့်၊
ကြောင့်ကြမထား၊ မမှုငြားဘဲ၊
သူ့အားဖြင့်ရုန်း၊ မာန်ဟုန်သုံးကာ၊
လုံးလုံးဖြတ်ကျော်ခဲ့ဖူး၏။

ပင်လယ်ကမ်းခြေ၊ သဲမြေကန္တာ၊
ရေပြာအလွန်၊ စွံပလွန်ရိပ်၊
ချွေးသိပ်ခဲ့ဖူး၊ ယှက်လူးကူးသန်း၊
ယက္ကန်းလွန်းပမာ၊ လူးလာပျော်မွေ့၊
ပင်လယ်ကွေ့တွင်၊ နေ့စဉ်အမျှ၊
တူတကွဖြင့်၊ ဘဝခရီး၊
ညည်းညည်းမညူ၊ အတူတူစိုင်း၊
ဝါညိုမှိုင်းသည့်၊
"မြက်ရိုင်းလွင်ပြင်"၊ ခရီးနှင်ရင်း၊
သခင်သစ်နှင့်ပျော်လေတော့။ ။

ဟယ်ရီလွင်

Read More...

Tuesday, 20 August 2013

ခေါင်းစဉ်ပေးမထားသောကဗျာ

အနမ်းတွေဆင့်
ပန်းတွေပွင့်မှ
လေလွင့်ရက်က ကဗျာသီ...
နွေရင့်ရွက်က ကမ္ဘာရှည်...


ဟယ်ရီလွင်

(ခေါင်းစဉ်ပေးမထားပါ)

Read More...

Monday, 29 July 2013

သဝဏ်

သဝဏ်

ဝေးနေလည်း၊
အတွေးတွေထဲ ရှိနေပြန်။

မမြင်ရပေမဲ့၊
ရင်မှမေ သိစေရန်။

သူအိပ်ချိန်တန်၊
သူပန်ဖို့ သံစဉ်ပန်း။

ညကဗျာ၊
လှရာရာ ရွေးသီကုံးပါလို့၊
တေးပန်းချီမှုန်း ခန်းသဉ္ဇာမှာ၊
ပန်းသဝဏ်လွှာ တေးသံနော့ရယ်နဲ့၊
ချော့သိပ်မယ်မှန်း။ ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ

ဟယ်ရီလွင်

Read More...

Saturday, 27 July 2013

လေးလုံးစပ်ရေးနည်း

လေးလုံးစပ် ရေးနည်း

လေးလုံးစပ်ရေးနည်းကို ရှင်းပြပါဆိုပြီး တောင်းဆိုကြသူတွေ များလာလို့ ထပ်ရေးထားပါတယ် ... လေးလုံးစပ် လင်္ကာသွားနဲ့ အခြေခံကဗျာစပ်နည်းတွေကို ထပ်ပြောပါ့မယ်။ မရေးတတ်သေးသူ၊ စတင်လေ့လာကာစ သူများ အတွက် ဖြစ်ပါတယ်။ တတ်ကျွမ်းနားလည်ပြီးသူ ပညာရှင်များအတွက် ရည်ရွယ်ခြင်းမဟုတ်ပါ။

လေးလုံးစပ် ဖွဲ့နည်း
လေးလုံးစပ်ကဗျာတွေကို “လင်္ကာသွား” နဲ့ ရေးတယ် လို့လည်း ပြောကြပါတယ်။ လင်္ကာ၊ ရတု၊ ပျို့၊ ဧချင်း၊ သံပိုင်း၊ သမိုင်း စတဲ့ မြန်မာဂန္ထဝင်ကဗျာအမျိုးအစားတွေဟာ လေးလုံးစပ်လင်္ကာသွားနဲ့ချည်း ရေးထားတာဖြစ်ပါတယ်။

လေးလုံးစပ်ကို ရေးတဲ့အခါ
(၁) စာလုံး ၄-လုံးကို အပိုဒ်ငယ်တပိုဒ် (ပါဒ တခု) အဖြစ် ထားရပါတယ်
(၂) ဘယ်နှစ်ပိုဒ်အထိရေးရမယ်ဆိုတဲ့ ကန့်သတ်ချက် မရှိပါ။ ကြိုက်သလောက်ရေးနိုင်ပါတယ်။ (ရတု တွေက ချွင်းချက်ဖြစ်ပါတယ်။ ရတု တွေမှာ ၁၀၈-ပိုဒ်ထက် ပိုမစပ်ရပါ။ ဒါပေမဲ့ သျှိုးလိုက်ရတု ခေါ် မင်္ဂလာရတုတွေကတော့ အပိုဒ်ရေ ကန့်သတ်ချက်မရှိပါ။ ပျို့တွေလိုပဲ အပိုဒ်ရေ အမြောက်အများ ရေးစပ်လေ့ရှိပါတယ်။)
(၃) အဆုံးသတ်တဲ့အခါ စာလုံး ၇-လုံး (သို့မဟုတ်) ၈-လုံးနဲ့ အဆုံးသတ်လေ့ ရှိပါတယ်။ အဲဒါကို ‘ချ’ တယ် လို့ ခေါ်ပါတယ်။ အဲဒီအပိုဒ်ငယ်ကို ‘အချပိုဒ်’ လို့ ခေါ်ပါတယ်။ (ရတုတွေအတွက် အချကိုတော့ အမျိုးမျိုး ချလေ့ရှိပါတယ်။ အဲဒါတွေကိုတော့ လေးလုံးစပ်ကို ကျွမ်းကျင်မှ ရတုအကြောင်းမှာ သီးသန့် လေ့လာပါ)
(၄) အဲဒီလိုစပ်တဲ့အခါ တပိုဒ်နဲ့ တပိုဒ် (ပါဒ တခုနဲ့တခု) ကာရန်ချိတ်ပေးရပါတယ်။ ဒီလို ကာရန်ချိတ်ဖို့အတွက် အခြေခံ ကာရန်စပ်နည်း ၅-မျိုး ရှိပါတယ်။ အောက်မှာ တခုချင်း ပြောပါ့မယ်။

(မှတ်ချက်။ ။ တကယ်တော့ လေးလုံးစပ်ကဗျာတွေအတွက် ကာရန်ယူနည်းက ၆-မျိုးဖြစ်ပါတယ် ... ဒီနည်းတွေကို အစပ် ခြောက်ပါး လို့ ရှေးဆရာများ သတ်မှတ်ခဲ့ကြပါတယ် ... ဒါပေမဲ့ အဲဒီထဲက နောက်ဆုံးနည်းဖြစ်တဲ့ ချိန်ခွင်လျှာစပ်နည်းကို နောက်ပိုင်းမှာ ဆရာတွေက ပယ်ခဲ့ကြပါတယ် ... ဒါကြောင့် ၅-နည်းပဲ အသုံးများတယ် လို့ ပြောရပါမယ်)

ကာရန်
ကာရန်ဆိုတာ ပါဠိစကား ကာရန္တ ကနေလာပါတယ်။ အက္ခရာရဲ့အဆုံးသတ် (ဒါမှမဟုတ်) အဆုံး အက္ခရာ လို့ အဓိပ္ပါယ်ရပါတယ်။ ကဗျာမှာဆိုရင်တော့ အက္ခရာအချင်းချင်း အသတ်တူ (သို့မဟုတ်) အသံတူ စပ်ထားတဲ့ စာလုံးတွေကို ဆိုလိုပါတယ်။

ပထမဆုံး စပ်နည်းကို ကြည့်ကြရအောင်။

သတ်စေ့နှက်သုံးချက်ညီ စပ်နည်း (၄-၃-၂ စပ်နည်း)

ဒီနည်းကို အတိုကောက် ၄-၃-၂ စပ်နည်း လို့ မှတ်ပါ ... အခြေခံအကျဆုံးနဲ့ အသုံးအများဆုံး စပ်နည်းဖြစ်ပါတယ်။
လေးလုံးစပ်မြန်မာကဗျာတွေမှာ ကာရန်ယူရင် အတွဲတတွဲပြည့်အောင် ယူရပါတယ်။
အခုစပ်နည်းမှာ ကာရန်တတွဲပြည့်ဖို့အတွက် အပိုဒ်ငယ် ၃-ပိုဒ်ကို ကာရန်တူချိတ်ဆက်ပေးရပါတယ်။ ဒါကြောင့် ကာရန် ၃-ချက် ယူရပါတယ်။ ပထမဆုံးစတဲ့ ကာရန်ကို “အခံကာရန်” လို့ ခေါ်ပြီး နောက်ကလိုက်တဲ့ ကာရန်တွေကို “အအုပ်ကာရန်” လို့ ခေါ်ပါတယ်။
ဘယ်နေရာတွေမှာ ချိတ်ဆက်ပေးရမှာလဲ ဆိုတော့ ပထမဆုံးအပိုဒ်ရဲ့ စာလုံး (၄)လုံးမြောက်၊ ဒုတိယအပိုဒ်ရဲ့ စာလုံး (၃) လုံးမြောက်၊ တတိယအပိုဒ်ရဲ့ စာလုံး (၂)လုံးမြောက်တွေကို ကာရန်တူ ချိတ်ဆက်စပ်ဆို ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၄-၃-၂ လို့ အတိုကောက် မှတ်ကြခြင်း ဖြစ်ပါတယ်။
အောက်က ဥပမာ မှာ အဝါရောင် ပြထားတဲ့နေရာတွေ ဖြစ်ပါတယ်။



ပထမဆုံးအပိုဒ်ရဲ့ စာလုံး (၄)လုံးမြောက် (ခြေ)၊ ဒုတိယအပိုဒ်ရဲ့ စာလုံး (၃) လုံးမြောက် (ထွေ)၊ တတိယအပိုဒ်ရဲ့ စာလုံး (၂)လုံးမြောက် (ရေ) တွေကို ကာရန်တူ ချိတ်ဆက်စပ်ဆိုထားတာ တွေ့ရပါလိမ့်မယ်။

အဲဒီလို ပထမ ၃-ပိုဒ်ကို ခြေ-ထွေ-ရေ ဆိုပြီး ကာရန်ချိတ်ပြီးသွားတဲ့အခါ ကာရန်တတွဲပြည့်စုံသွားပါပြီ။ လေးလုံးစပ်မှာ ကာရန်လွတ်နေတာ တချက်မှ မရှိရဘူး ဆိုတာ အထူးသတိပြုရပါမယ်။ ဒါကြောင့် နောက်ထပ် ကာရန်အသစ်တတွဲ ပြန်စရပါမယ်။
ဒီလို နောက်ထပ် ကာရန်အသစ်တတွဲကို ဘယ်ကပြန်စရမလဲ ဆိုရင် ပထမကာရန်တွဲ (၄-၃-၂ ယူထားတဲ့ ကာရန်တွဲ) ဆုံးသွားတဲ့ အပိုဒ်ကနေပဲ ပြန်စရမှာပါ။ ဘယ်နေရာကနေ ပြန်စရမလဲဆိုတော့ အဲဒီအပိုဒ်ရဲ့ လေးလုံးမြောက်ကပဲ ပြန်စရပါမယ်။
ဒါကြောင့် ပထမကာရန်တွဲ ဆုံးသွားတဲ့ အပိုဒ်က (မြစ်ရေဝန်းလည်) ဆိုတဲ့ အပိုဒ်ဖြစ်ပါတယ်။ အဲဒီအပိုဒ်ရဲ့ လေးလုံးမြောက် (လည်) ဆိုတဲ့ နေရာကနေ ကာရန်တွဲအသစ်တခု ပြန်စယူထားတာကို အပြာရောင်နဲ့ ပြထားပါတယ်။ ဒီမှာလည်း ကာရန်က ၄-၃-၂ ကိုပဲ ယူထားတာကြောင့် (လည်-ဆီ-ပြည်) ဆိုပြီး စပ်ထားတာ တွေ့ရပါမယ်။
အဲဒီမှာ ဒုတိယကာရန်တွဲ ပြည့်သွားပါပြီ။ ဒါကြောင့် နောက်ထပ် ဆက်စပ်ချင်ရင် အဲဒီ ဒုတိယ ကာရန်တွဲ ဆုံးတဲ့ (ရွှေပြည်ကိုသာ) ဆိုတဲ့ အပိုဒ်ရဲ့ လေးလုံးမြောက်ဖြစ်တဲ့ (သာ) ဆိုတဲ့ အစိမ်းရောင်စာလုံးကနေ နောက်ထပ် ဆက်ပြီး စပ်ရမှာ ဖြစ်ပါတယ်။ ပထမ အပိုဒ်ကြီးတပိုဒ်လုံး ဘယ်လို ကာရန်တွေ ယူသွားလဲဆိုတာ အားလုံးပြီးတဲ့အခါ ဆက်ပြပါ့မယ်။
လေးလုံးစပ်မှာ အဲဒီ အချက်ဟာ သိပ်အရေးကြီးပါတယ်။ အများအားဖြင့် လေးလုံးစပ် စရေးကာစမှာ ၄-၃-၂ ချိတ်ပြီးပေမဲ့ အဲဒီ ကာရန်တွဲ ဆုံးသွားတဲ့ အပိုဒ်ကနေ အသစ်ပြန်မစမိဘဲ လွတ်သွားတတ်ကြပါတယ်။ ဒါကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။

ထိပ်ချင်းထပ် စပ်နည်း (၄-၃-၁ စပ်နည်း)

ဒီနည်းကို အတိုကောက် ၄-၃-၁ စပ်နည်း လို့ မှတ်ပါ။
အခုစပ်နည်းမှာလည်း ကာရန်တတွဲပြည့်ဖို့အတွက် အပိုဒ်ငယ် ၃-ပိုဒ်ကို ကာရန်တူချိတ်ဆက်ပေးရပါတယ်။
ဘယ်နေရာတွေမှာ ချိတ်ဆက်ပေးရမှာလဲ ဆိုတော့ ပထမဆုံးအပိုဒ်ရဲ့ စာလုံး (၄)လုံးမြောက်၊ ဒုတိယအပိုဒ်ရဲ့ စာလုံး (၃) လုံးမြောက်၊ တတိယအပိုဒ်ရဲ့ အစ စာလုံး (၁-လုံးမြောက်) တွေကို ကာရန်တူ ချိတ်ဆက်စပ်ဆို ပေးရမှာ ဖြစ်ပါတယ်။
အောက်က ဥပမာ မှာ အဝါရောင် ပြထားတဲ့နေရာတွေ ဖြစ်ပါတယ်။
ပထမဆုံးအပိုဒ်ရဲ့ စာလုံး (၄)လုံးမြောက် (ရာ)၊ ဒုတိယအပိုဒ်ရဲ့ စာလုံး (၃) လုံးမြောက် (ကွာ)၊ တတိယအပိုဒ်ရဲ့ စာလုံး (၁)လုံးမြောက် (မှာ) တွေကို ကာရန်တူ ချိတ်ဆက်စပ်ဆိုထားတာ တွေ့ရပါမယ်။



အဲဒီလို ပထမ ၃-ပိုဒ်ကို (ရာ-ကွာ-မှာ) ဆိုပြီး ကာရန်ချိတ်ပြီးသွားတဲ့အခါ ကာရန်တတွဲပြည့်စုံသွားပြီဖြစ်လို့ နောက်ထပ် ကာရန်အသစ်တတွဲ ကို ပထမကာရန်တွဲဆုံးတဲ့ (မှာလည်းမကြား) ဆိုတဲ့ အပိုဒ်ရဲ့ လေးလုံးမြောက် (ကြား) ကနေပြီး ပြန်စရမှာ ဖြစ်ပါတယ်။

ဦးတိုက် (ထိပ်ချင်းတိုက်) စပ်နည်း (၄-၁ စပ်နည်း)

ဒီနည်းကတော့ အပေါ်က နှစ်နည်းလို သုံးလုံးတတွဲ ကာရန်မယူဘဲ နှစ်လုံးတတွဲကာရန်ယူတဲ့နည်း ဖြစ်ပါတယ်။
အတိုကောက် ၄-၁ စပ်နည်း လို့ မှတ်ပါ။ ခပ်တိုတို ခပ်သွက်သွက် အကြောင်းအရာတွေကို စပ်ရင် သုံးလေ့ရှိပါတယ်။
အခုစပ်နည်းမှာ ကာရန်တတွဲပြည့်ဖို့အတွက် အပိုဒ်ငယ် ၂-ပိုဒ်ကို ကာရန်တူချိတ်ဆက်ပေးရပါတယ်။
ဘယ်နေရာတွေမှာ ချိတ်ဆက်ပေးရမှာလဲ ဆိုတော့ ပထမဆုံးအပိုဒ်ရဲ့ စာလုံး (၄)လုံးမြောက်နဲ့ ဒုတိယအပိုဒ်ရဲ့ အစ စာလုံး (၁-လုံးမြောက်) တွေကို ကာရန်တူ ချိတ်ဆက်စပ်ဆို ပေးရမှာ ဖြစ်ပါတယ်။ အဲဒီ နှစ်ချက်ယူလိုက်ရုံနဲ့ ကာရန် တတွဲ ပြည့်ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၄-၃-၁ စပ်နည်းက ဥပမာ မှာ ပထမကာရန်တွဲဆုံးတဲ့ (မှာလည်းမကြား) ဆိုတဲ့ အပိုဒ်ရဲ့ လေးလုံးမြောက် (ကြား) ကနေပြီး ပြန်စပြီး ၄-၁ ဆက်ယူပုံကို အောက်က ဥပမာမှာ ကြည့်ပါ။
အဝါရောင် ပြထားတဲ့နေရာတွေ ဖြစ်ပါတယ်။
ပထမဆုံးအပိုဒ်ရဲ့ စာလုံး (၄)လုံးမြောက် (ကြား)၊ ဒုတိယအပိုဒ်ရဲ့ စာလုံး (၁)လုံးမြောက် (သွား) တွေကို ကာရန်တူ ချိတ်ဆက်စပ်ဆိုထားတာ တွေ့ရပါမယ်။



အဲဒီလို အပိုဒ် ၂-ပိုဒ်ကို ကြား-သွား ဆိုပြီး ကာရန်ချိတ်ပြီးသွားတဲ့အခါ ကာရန်တတွဲပြည့်စုံသွားပြီဖြစ်လို့ နောက်ထပ် ကာရန်အသစ်တတွဲ ကို ကာရန်တွဲဆုံးတဲ့ (သွားလည်းမသင့်) ဆိုတဲ့ အပိုဒ်ရဲ့ လေးလုံးမြောက် (သင့်) ကနေပြီး ပြန်စရမှာ ဖြစ်ပါတယ်။

ထိပ်ချင်းချွတ် (ရထားပြေး) စပ်နည်း (၄-၂ စပ်နည်း)

အတိုကောက် ၄-၂ စပ်နည်း လို့ မှတ်ပါ။ ဒီနည်းကလည်း ခပ်တိုတို ခပ်သွက်သွက် အကြောင်းအရာတွေကို စပ်ရင် သုံးလေ့ရှိပါတယ်။
ဒီနည်းက ၄-၁ စပ်နည်းလိုပါပဲ။ နှစ်လုံးတတွဲကာရန်ယူပါတယ်။
ဘယ်နေရာတွေမှာ ချိတ်ဆက်ပေးရမှာလဲ ဆိုတော့ ပထမဆုံးအပိုဒ်ရဲ့ စာလုံး (၄)လုံးမြောက်နဲ့ ဒုတိယအပိုဒ်ရဲ့ စာလုံး (၂)လုံးမြောက် တွေကို ကာရန်တူ ချိတ်ဆက်စပ်ဆို ပေးရမှာ ဖြစ်ပါတယ်။ အဲဒီ နှစ်ချက်ယူလိုက်ရုံနဲ့ ကာရန် တတွဲ ပြည့်ပြီဖြစ်ပါတယ်။
အောက်က ဥပမာ မှာ အဝါရောင် ပြထားတဲ့နေရာတွေ ဖြစ်ပါတယ်။
ပထမဆုံးအပိုဒ်ရဲ့ စာလုံး (၄)လုံးမြောက် (မြို့)၊ ဒုတိယအပိုဒ်ရဲ့ စာလုံး (၂)လုံးမြောက် (သို့) တွေကို ကာရန်တူ ချိတ်ဆက်စပ်ဆိုထားတာ တွေ့ရပါမယ်။



အဲဒီလို အပိုဒ် ၂-ပိုဒ်ကို မြို့-သို့ ဆိုပြီး ကာရန်ချိတ်ပြီးသွားတဲ့အခါ ကာရန်တတွဲပြည့်စုံသွားပြီဖြစ်လို့ နောက်ထပ် ကာရန်အသစ်တတွဲ ကို ကာရန်တွဲဆုံးတဲ့ (သည်သို့စေတီ) ဆိုတဲ့ အပိုဒ်ရဲ့ လေးလုံးမြောက် (တီ) ကနေပြီး ပြန်စရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ (တီ-ဆီ) ဆိုပြီး အပြာရောင်ပြထားတဲ့အတိုင်း ၄-၂ နဲ့ပဲ ဆက်ပြီး စပ်ဆိုသွားပါတယ်။ ပြီးတော့ နောက်ထပ် ကာရန်တွဲအသစ်ကိုလည်း အရင်ကာရန်တွဲ အဆုံးသတ်တဲ့ (သည်ဆီရွှေနန်း) အပိုဒ်ရဲ့ လေးလုံးမြောက် ဖြစ်တဲ့ (နန်း) ကနေ ပြန်စပြီး (နန်း-တန်း) ဆိုပြီးတော့ အစိမ်းရောင်ပြထားတဲ့အတိုင်း ၄-၂ စပ်နည်းနဲ့ပဲ ဆက်ပြီး စပ်ဆိုသွားတာ တွေ့ရမှာ ဖြစ်ပါတယ်။

ဒီနည်းလေးနည်း ကို အသေအချာ ကျေညက်အောင် လေ့ကျင့်စပ်ဆိုကြည့်စေလိုပါတယ်။ နောက်ထပ်နည်းတနည်း ဖြစ်တဲ့ ဘီလူးရယ်စပ်နည်းကို ဒီလေးနည်းကို ပိုင်နိုင်မှသာလျှင် ဆက်လက် လေ့ကျင့် စပ်ဆိုကြည့်ဖို့ အကြံပြုချင်ပါတယ်။
ဒီနေရာမှာတခုပြောချင်တာက လေးလုံးစပ်ကဗျာတပုဒ်ကို စပ်ရင် ကာရန်စပ်နည်းတမျိုးတည်း သုံးဖို့ မလိုပါဘူး။ (သုံးချင်ရင်လည်း ရပါတယ် ... ဒါပေမဲ့ လိုအပ်သလို နည်းစုံထည့်စပ်တာ ပိုကောင်းပါတယ်) ကာရန် စပ်နည်းတွေ အားလုံး အဆင်ပြေသလို လှည့်ပတ် သုံးစွဲပြီး စပ်သွားလို့ရပါတယ်။

အဆုံးသတ်ခြင်း (အချပိုဒ်)

ဘီလူးရယ်စပ်နည်းကို မပြောခင် လေးလုံးစပ်ကဗျာတွေကို “ချ”ပုံ တနည်းအားဖြင့် အဆုံးသတ်ပုံကို ပြောပါ့မယ်။
အပေါ်က ပြခဲ့တဲ့ နည်းတွေ အတိုင်း စပ်လာခဲ့ပြီး အဆုံးသတ်မယ်ဆိုရင် ကာရန်တွဲတတွဲပြည့်သွားတဲ့ အပိုဒ်မှာ အဆုံးသတ်လိုက်လို့ ရပါတယ်။ ဒီလို အဆုံးသတ်တဲ့အခါ (ချတဲ့အခါ) မှာတော့ စာလုံးရေ ၇-လုံးနဲ့ အများဆုံး ချလေ့ရှိပါတယ်။
အောက်က ဥပမာကို ကြည့်ပါ။



အပေါ်မှာ ဖော်ပြခဲ့တဲ့ အတိုင်း (၄-၂) စပ်နည်းနဲ့ စပ်လာပြီး အဆုံးသတ်ကာနီးမှာ (၄-၂) ကာရန်ဆုံးတဲ့ (ဖြောင့်တန်းတော့မည်) အပိုဒ်ရဲ့ ၄-လုံးမြောက်ကနေ ကာရန်အသစ်တတွဲ ပြန်စပြီး (၄-၃-၂) စပ်နည်းနဲ့ (မည်-ရည်-ပြည်) ဆိုပြီး ၃-ပိုဒ်ကို ကာရန်ချိတ်လိုက်ပါတယ်။ အဲဒီအခါ (ပြည်) ဆိုတဲ့နေရာမှာ ကာရန်တတွဲပြည့်သွားပြီဖြစ်တဲ့အတွက် အဲဒီအပိုဒ်ငယ်ကို အဆုံးသတ် အချပိုဒ်အဖြစ် ယူပြီး ၄-လုံးအစား ၇-လုံးရေးပြီး (ရွှေပြည်ဌာနဝေးသောကြောင့်) ဆိုပြီး အဆုံးသတ်လိုက်တာကို တွေ့နိုင်ပါတယ်။
၇-လုံးအစား ၈-လုံးချချင်ရင်လည်း ချလို့ရပါတယ်။ ဒါပေမဲ့ ၈-လုံးချချင်ရင်တော့ အဲဒီအချပိုဒ်ရဲ့ (၄)လုံးမြောက်နဲ့ (၆)လုံး (သို့မဟုတ်) ၇-လုံးမြောက်ကို ကာရန်တချက် ပြန်ချိတ်ပြီးမှ ချလေ့ရှိပါတယ်။
ဥပမာ ... ရွှေပြည်ဌာ(န) ဝေး(လှ)သောကြောင့်။ ဆိုပြီး ချလိုက်တာမျိုးပါ။

ဘီလူးရယ်စပ်နည်း

ဒီစပ်နည်းက နည်းနည်း ထူးခြားပါတယ်။ သူလည်း အပိုဒ်သုံးပိုဒ် စပ်ရတာပါပဲ။ ဒါပေမဲ့ အပေါ်က ၄-၃-၂ နဲ့ ၄-၃-၁ စပ်နည်းတွေလို တပိုဒ်မှာ ကာရန်တချက်စီနဲ့ သုံးပိုဒ်ကို သုံးချက်ယူတာ မဟုတ်ဘဲ ဒုတိယပိုဒ်မှာ ကာရန်နှစ်ချက်ယူလိုက်တာပါ။
ပထမပိုဒ်နဲ့ ဒုတိယပိုဒ်ကို လေး-သုံး ကာရန်ယူပါတယ်။ တစ်ခါ အဲဒီ ဒုတိယပိုဒ် ရဲ့ လေးလုံးမြောက် ကို တတိယအပိုဒ်ရဲ့ တစ်လုံးမြောက် (သို့) နှစ်လုံးမြောက် (သို့) သုံးလုံးမြောက်စာလုံးနဲ့ ကာရန်ပြန်ယူပါတယ်။
ဥမ္မာဒန္တီ ပျို့ ကနေထုတ်နှုတ်ပြထားတဲ့ အောက်က ဇယားကွက်နဲ့ ဥပမာ ပြထားတာတွေကို ကြည့်ပါ။

၎-(၃၄)-၁ ယူနည်း



ဒီနည်းကိုကြည့်ရင် (ညီ-ဏီ) ဆိုပြီး ၄-၃ ကာရန်ယူလာပြီးတဲ့နောက် ၄-၃-၂ လို တတွဲမပြည့်ခင် အောက်တပိုဒ်ကို မဆင်းတော့ဘဲ အဲဒီအပိုဒ်မှာပဲ (၄) လုံးမြောက်ဖြစ်တဲ့ (က) ကနေပြန်စပြီး နောက်တပိုဒ်ရဲ့ ပထမ စာလုံး (စ) နဲ့ ကာရန်ပြန်ယူထားတာ တွေ့နိုင်ပါတယ်။
ဒါကြောင့် ပုံစံက ၄-(၃၄)-၁ ဖြစ်သွားပါတယ်။

၎-(၃၄)-၂ ယူနည်း



ဒီနည်းမှာတော့ (ငြား-သွား) ဆိုပြီး ၄-၃ ကာရန်ယူလာပြီးတဲ့နောက် တတွဲမပြည့်ခင် အဲဒီအပိုဒ်မှာပဲ လေးလုံးမြောက်ဖြစ်တဲ့ (လျှင်) ကနေပြန်စပြီး နောက်တပိုဒ်ရဲ့ ဒုတိယစာလုံး (ပင်) နဲ့ ကာရန်ပြန်ယူထားတာ တွေ့နိုင်ပါတယ်။
ဒါကြောင့် ပုံစံက ၄-(၃၄)-၂ ဖြစ်သွားပါတယ်။

၎-(၃၄)-၃ ယူနည်း



ဒီနည်းမှာတော့ (စွာ-မာ) ဆိုပြီး ၄-၃ ကာရန်ယူလာပြီးတဲ့နောက် တတွဲမပြည့်ခင် အဲဒီအပိုဒ်မှာပဲ သူ့ရဲ့ လေးလုံးမြောက် ဖြစ်တဲ့ (၌) ကနေပြန်စပြီး နောက်တပိုဒ်ရဲ့ တတိယစာလုံး (လိုက်) နဲ့ ကာရန်ပြန်ယူထားတာ တွေ့နိုင်ပါတယ်။
ဒါကြောင့် ပုံစံက ၄-(၃၄)-၃ ဖြစ်သွားပါတယ်။

ဒီ စပ်နည်းက ပုံမှန်ကာရန်စပ်နည်းတွေလိုမဟုတ်ဘဲ ဒုတိယပိုဒ်ရောက်တာနဲ့ အဲဒီအပိုဒ်ကနေ စာလုံးအသစ်တစ်လုံးကို ကာရန်အသစ်ပြန်စယူတာမို့ မူလကာရန်စပ်နည်းတွေကို ဝင်နှောက်ယှက်ပြီး စပ်ဘက်တဲ့အတွက် ဘီလူးရယ်သံလို အနှောက်အယှက်ပေးတတ်တဲ့ ပုံစံဖြစ်နေလို့ ဘီလူးရယ်လို့ခေါ်ခြင်းဖြစ်ပါတယ်။
သာဓိနပျို့လာ ပုံစံမှာတော့ ထိပ်ချင်းချွတ်စပ်နည်းကို မှီခိုပြီး နောက်ထပ်ပုံစံသစ်တမျိုးထွင်ပြီးစပ်တာကို အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။

၎-(၂၃)-၂ ယူနည်း



အခြားစပ်နည်းများ

နာမည်သီးခြားတပ်ထားတာ မရှိသေးတဲ့ အခြားစပ်နည်းများကို ဆက်လက်ဖော်ပြပါ့မယ်။ ပုံစံအားဖြင့်တော့ ဘီလူးရယ် စပ်နည်းခွဲတွေပဲ ဖြစ်တယ်လို့ ထင်မြင်ပါတယ်။ ဆရာကြီးမင်းသုဝဏ်ကတော့ သုံးလို့ရတယ်လို့ ညွှန်ပြထားပါတယ်။

ဒါပေမဲ့ ကျနော့်သဘောအရတော့ ဒီနည်းတွေဟာ မူလ အစပ်ခြောက်ပါးထဲ မပါတဲ့အပြင် အသုံးအလွန်နည်းလှတာမို့ အပေါ်က ကာရန်စပ်နည်း ၅-မျိုးကို ကျွမ်းကျင်ပိုင်နိုင်ပြီးမှသာလျှင် သုံးသင့်ပါတယ်။ ကာရန်အားလုံးကို ကျွမ်းကျင်ပိုင်နိုင်တဲ့ ဆရာကြီးမင်းသုဝဏ်တို့လို ကဗျာကဝိတွေ အထူးအခြားဖွဲ့ချင်မှသာ (special effect လိုချင်မှ) သုံးသင့်တယ်လို့ ထင်ပါတယ် ... သာမာန်အားဖြင့် များများစားစား သုံးစွဲတာ မတွေ့ဖူးပါဘူး ... ကျနော်တော့ တခါမှ မသုံးဖူးပါဘူး ...

၃-၁ စပ်နည်း



ရှင်မဟာရဋ္ဌသာရ ရဲ့ စတုဓမ္မသာရ ကိုးခန်းပျို့ထဲက ဖြစ်ပါတယ်။ ဒီနည်းကတော့ ၄-၂ အစား ၃-၁ ယူပြီး စပ်တဲ့နည်း ဖြစ်ပါတယ်။ ပထမအပိုဒ်ရဲ့ (၃) လုံးမြောက်နဲ့ ဒုတိယအပိုဒ်ရဲ့ အစ (၁)လုံးမြောက်ကို ကာရန်ချိတ်ပေးရပါမယ်။ ဒါဆိုရင် ကာရန်တတွဲပြည့်သွားပြီဖြစ်တဲ့အတွက် ဒီကာရန်တွဲဆုံးတဲ့ အပိုဒ်ရဲ့ (၄)လုံးမြောက် (သက်) ကနေ နောက်ထပ် နှစ်သက်ရာ ကာရန်စပ်နည်း တမျိုးမျိုးနဲ့ ဆက်လက် စပ်ဆိုနိုင်ပါတယ်။ ဒီနည်းဟာ များသောအားဖြင့် စစချင်း အပိုဒ်နှစ်ပိုဒ်ကိုပဲ ဒီနည်းနဲ့ စပ်တာတွေ့ရပြီး အလယ်ပိုဒ်တွေမှာ စပ်တာ တွေ့ရခဲပါတယ်။

၃-၂ စပ်နည်း



နတ်သျှင်နောင်ရဲ့ စစ်ချီရတုထဲက ထုတ်နှုတ်ပြထားတဲ့နည်းဖြစ်ပါတယ်။ ဒီနည်းကတော့ ၄-၂ အစား ၃-၂ ယူပြီး စပ်တဲ့နည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနည်းလည်း စစချင်း အပိုဒ်နှစ်ပိုဒ်ကိုပဲ စပ်တာတွေ့ရပြီး အလယ်ပိုဒ်တွေမှာ စပ်တာနည်းပါတယ်။ ဆုတောင်းခန်းပျို့၊ ပထမအပိုဒ်ကြီးထဲမှာပဲ ...
လင်းစေမျက်မှောက်၊ အမိုက်ဖျောက်၍၊ ရောက်ဘုံထို(ခါ)၊ (ဝါ)လ[နီး]သော်၊ စော[မီး]ရှင်မွန် ... (နီး-မီး)
ရှင်မဟာရဋ္ဌသာရ ရေးတဲ့ ဘူရိဒတ်လင်္ကာကြီး အပိုဒ် (၉၀) မှာ ... ဆိုပါ[ဘိ]လော၊ မိ[မိ]ပင်ကိုယ် ... (ဘိ-မိ)
ဆိုပြီး အတွင်းမှာ စပ်ထားတွေ့ဖူးပါတယ်။ ဒီလို စပ်ထားတဲ့ တခြားကဗျာလင်္ကာတွေ ရှိတော့ရှိပါတယ်။ ဒါပေမဲ့ အသုံးနည်း ပါတယ်။

၎-(၃၄)-၃-၂ စပ်နည်း

ဒီနည်းလည်း တွေ့ရခဲပါတယ်။ ဆုတောင်းခန်းပျို့ရဲ့ အပိုဒ်ကြီး (၁) မှာ အောက်က ဥပမာ ဇယားကွက်အတိုင်း စပ်သွားတာကို တွေ့မြင်နိုင်ပါတယ်။ ဘီလူးရယ်စပ်နည်းရဲ့ နည်းခွဲတခုအဖြစ် ယူဆနိုင်ပါတယ်။ တနည်းအားဖြင့် အပေါ်မှာ ဖော်ပြထားတဲ့ ဘီလူးရယ်နည်းခွဲ ၄-(၃၄)-၃ စပ်နည်းနဲ့ ၃-၂ စပ်နည်းကို ပေါင်းစပ်ထားခြင်းလို့လည်း ယူဆနိုင်ပါတယ်။



သံမြွက်ဝှဲချီး၊ ဟောပေပြီးမှု၊ ချေချွတ်ပြုမှ၊ ဥရုဝေလ၊ ...
ပြည်ကျော်နဂိုရ်၊ ရာဇဂြိုဟ်တွင်၊ ရောက်တုံကျင်မှ၊ ဖူးမြင်လာရှောင်း ...
အစရှိသဖြင့်လည်း အဲဒီအပိုဒ်ကြီး (၁) မှာ ဆက်လက် စပ်ဆိုထားတာ တွေ့ရပါတယ်။
ဘူရိဒတ်လင်္ကာကြီး၊ အပိုဒ် (၉၁) မှာလည်း ...
မပျက်စတောင်း၊ ဝဲခနောင်း၌၊ ပစ်ထည့်လိုက်ဟု၊ တိုက်တိုက်တွန်းတွန်း .. ဆိုပြီး စပ်ထားတာ တွေ့ရပါတယ်။

၎-၃-၃- စပ်နည်း

အလွန်တွေ့ရခဲတဲ့ စပ်နည်းဖြစ်ပါတယ်။ အောက်မှာ ဥပမာ ကြည့်ပါ။


ကိုးခန်းပျို့ (အပိုဒ်-၁၃၁)

ဒါ့အပြင် လယ်တီဆရာတော်ဘုရားရေးတဲ့ သီဟတောဘုရားကျောက်စာ သံပိုင်း (ဂမ္ဘီရကဗျာကျမ်း၊ စာ-၈၂) မှာလည်း ...
လူရှင်သော(သော)၊ ခုတိုင်(ပြော)သား၊ သီဟ(တော)ခေါ်၊ ပုထိုးတော်ကို၊ မင်းကျော်ရာဇိန် ...
အကြိမ်လေး(လီ)၊ ပြင်ဆင်(ပြီ)တည့်၊ ပဉ္စ(မီ)ကြုံ ...
ဆိုပြီး ဒီနည်းကို သုံးသွားတာ တွေ့ရပါတယ်။

ဒီနည်းဟာ ရှင်မဟာရဋ္ဌသာရလို၊ လယ်တီဆရာတော်လို ရှေးပညာရှိ ကဗျာကဝိဆရာများ သုံးစွဲသွားတဲ့အတွက် စပ်ရင်လည်း မှားတယ်လို့မဆိုနိုင်ပါဘူး။ ဒါပေမဲ့ ကျနော့်အမြင်အရတော့ ဖြစ်နိုင်ရင် မသုံးသင့်ဘဲ တတ်နိုင်သမျှ ရှောင်ကြဉ်သင့်တဲ့ စပ်နည်းဖြစ်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် မြန်မာ လေးလုံးစပ်လင်္ကာသွားရဲ့ ကာရန်ယူနည်းတွေမှာ နောက်ကာရန်ဟာ ရှေ့ကာရန်ကို ကျော်လေ့လည်း မရှိ၊ ထပ်တူ ဖြစ်လေ့လည်း မရှိလို့ပါပဲ။ ဒီနည်းကလွဲပြီး တခြားနည်းတွေမှာ နောက်ကလိုက်တဲ့ကာရန် (တနည်း အအုပ်ကာရန်) မှန်သမျှမှာ ရှေ့ကကာရန် (အခံကာရန်) တွေထက် အမြဲ စောယူလေ့ရှိပါတယ်။ ဥပမာ ၄-၃-၂၊ ၄-၃-၁၊ ၄-၂ စသဖြင့်ပါ။ ဒါကတော့ ကျနော့် အယူအဆ သက်သက်ပဲ ဖြစ်ပါတယ်။

၎-၃-၃-၂ စပ်နည်း

ဒီနည်းဟာလည်း အလွန်တွေ့ရခဲတဲ့ စပ်နည်းဖြစ်ပါတယ်။ အောက်မှာ ဥပမာ ကြည့်ပါ။


ဆုတောင်းခန်းပျို့ (အပိုဒ်-၃၀)


နမူနာ

အဲဒီတော့ လေးလုံးစပ်လင်္ကာသွား နဲ့ ရေးထားတဲ့ မြန်မာကဗျာတပုဒ်ကို ဘယ်လိုနည်းတွေ သုံးပြီး ရေးထားသလဲ ဆိုတာ အခု နမူနာအနေနဲ့ ခွဲထုတ်ပြပါမယ် ... လက်ဝဲသုန္ဒရအမတ်ကြီးရေးဖွဲ့ထားတဲ့ “မဲဇာတောင်ခြေ” အစချီ ရတုရဲ့ ပထမအပိုဒ် ဖြစ်ပါတယ်။



မဲဇာတောင်ခြေ၊ စီးတွေတွေတည့်၊ မြစ်ရေဝန်းလည်၊ (၄-၃-၂) (ကာရန်တတွဲပြည့်သွားလို့ အဲ့ဒီကာရန်တွဲ ဆုံးတဲ့ အပိုဒ် (ပါဒ) ဖြစ်တဲ့ "မြစ်ရေဝန်းလည်" ရဲ့ ၄-လုံးမြောက် (လည်) ကနေ စပြီး ကာရန်တွဲအသစ် ပြန်ယူရပါတယ်။ လေးလုံးစပ် စရေးသူတွေ မှားတဲ့နေရာ အဲဒီနေရာပါပဲ ... ကာရန်အသစ်ပြန်စတဲ့အခါ ပထမကာရန်တွဲ ဆုံးတဲ့ အပိုဒ်ကနေ ပြန်မစမိဘဲ နောက်တပိုဒ်ကမှ ပြန်စမိလို့ လွတ်သွားတတ်တာမျိုးပါ)

မြစ်ရေဝန်းလည်၊ မြိုင်တောဆီက၊ ရွှေပြည်ကိုသာ (၄-၃-၂)

ရွှေပြည်ကိုသာ၊ တ-ရှာတော့မိ၊ (၄-၂)

တ-ရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကြက်သရေ၊ (၄-၃-၂)

သီရိကြက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ (၄-၃-၂)

အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ (၄-၃-၂)

ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး၊ (၄-၃-၂)

ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ (၄-၃-၂)

ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မွေ၊ (၄-၃-၂)

ရွှေခြင်္သေ့မွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊ (၄-၃-၂) ဒါမှမဟုတ် (၄-၃-၁) လို့ ယူဆနိုင်ပါတယ်

ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊ (၄-၃-၂)

ပိတ်ဆီးခြယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ (၄-၃-၂)

ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ (၄-၃-၂)

အာရုံမျက်မြင်၊ ဖူးမျှော်ချင်၍၊ သည်တွင်ရွှေမြို့၊ (၄-၃-၂)

သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ (၄-၂)

သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ (၄-၂)

သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ (၄-၂)

ဖြောင့်တန်းတော့မည်၊ စိတ်က ရည်သည် …. ရွှေပြည်ဌာန ဝေးသောကြောင့်။ …. ။ (၄-၃-၂)

နောက်ဆုံးအချပိုဒ်မှာ ကာရန်တတွဲပြည့်အောင် ယူပြီးမှ ချရတာကို သတိပြုပါ ...

ကာရန် အများစုက ၄-၃-၂ နဲ့ အဓိက စပ်သွားပေမဲ့ ဆုံးကာနီးမှာ "သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း" ဆိုပြီး ၄-၂ တွေချည်း တောက်လျှောက် ယူသွားတဲ့အတွက် ခပ်သွက်သွက် ဖြစ်သွားပြီး ဖတ်တဲ့အခါ မြို့တော်၊ စေတီ၊ နန်းတော် နေရာတွေကို ဖျတ်ကနဲ၊ ဖျတ်ကနဲ ပြသွားသလို ဖတ်သူရဲ့ စိတ်ထဲ ပေါ်လာစေပါတယ် ... အဲဒီလိုနေရာမျိုးမှာ ၄-၃-၂။ ၄-၃-၁ စတဲ့ ကာရန်တွဲ အရှည်တွေ သုံးလိုက်ရင် အဲ့လို effect မျိုး ရမှာ မဟုတ်ဘူး ဆိုတာ သတိပြုထိုက်ပါတယ် ...

ဒါဆိုရင် လေးလုံးစပ် လင်္ကာသွားနဲ့ စပ်လို့ရသမျှ စပ်နည်း အားလုံး ကုန်ပြီလို့ ပြောနိုင်ပါတယ်။ (ချိန်ခွင်လျှာ စပ်နည်းကိုတော့ ပညာရှိများ ပယ်ခဲ့ကြလို့ ထည့်သွင်းမဖော်ပြတော့ပါဘူး။ ဒီနည်းက လေးလုံးစပ်မှာထက် ရကန်တို့လို အသွားတွေမှာ စပ်လေ့ရှိပါတယ်)

အစပိုင်းမှာ ဖော်ပြထားတဲ့ အခြေခံစပ်နည်း ၄-မျိုးကို အရင်ပိုင်နိုင်အောင် ကာရန်မလွတ်ဘဲ ရေးတတ်အောင် လေ့ကျင့်ပြီးမှ နောက်ပိုင်း စပ်နည်းတွေကို သုံးစွဲသင့်ပါတယ်။ ဒီစပ်နည်းတွေက ရှုပ်ထွေးတာမို့ မရှင်းတာရှိရင်လည်း အချိန်မရွေး မေးမြန်းနိုင်ပါတယ် ...

ကာရန်များဖြင့် ပျော်ရွှင်နိုင်ကြပါစေ ...

ဟယ်ရီလွင်

Read More...

Monday, 22 July 2013

သန္ဓေ တောထွက် ဓမ္မစက် ဟောမြွက်လဝါဆို

သန္ဓေ တောထွက် ဓမ္မစက် ဟောမြွက်လဝါဆို

“(ဗြဟ္မာနတ်လူအပေါ် ဒေသနာကြားလိုက်သော် ကမ္ဘာလောကမြေပြင်ပေါ် ... သုံးကြိမ်တိုင်အောင်အင်မတန်သာဓုခေါ်) ... (သဟမ္ပတိ နာမကေ မဟာဗြဟ္မေဏအကျော်) ... ကောဏ္ဍညနဲ့ ဝပ္ပဘဒ္ဒိ မဟာနာမ် အဿဇိ ကျွတ်တမ်း ဝင်ပြီ ဧဟိ... ဧဟိ... ခေါ်...” ဆိုပြီး နန်းတော်ရှေ့ဆရာတင်က ရေးဖွဲ့ပူဇော်ခဲ့တဲ့ သီချင်းသံလေးကို ကြားယောင်မိပါတယ်။

ဒီနေ့မှာ သဟမ္ပတိဗြဟ္မာမင်းရဲ့ တောင်းပန်လျှောက်ထားချက်အရ မြတ်စွာဘုရားရှင်ဟာ ဓမ္မစကြာတရားဦးကို စတင်ဟောတော်မူပြီး ဗုဒ္ဓလမ်းစဉ် ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးနဲ့ မဇ္ဈိမပဋိပဒါလမ်းစဉ်ကို လူသားများအား စတင်ကြေငြာ ဟောပြဆုံးမတော်မူခဲ့တဲ့အတွက် တရားရတနာ ဖြစ်တဲ့ “ဓမ္မ” ဟာ ကမ္ဘာပေါ်မှာ စတင် ထွန်းတောက် ပေါ်ထွန်းလာခဲ့ပါတယ်။ အရှင်ကောဏ္ဍညဟာ ပထမဦးဆုံး သောတာပန်တည်ပြီး တရားကို စတင်သိတော်မူတဲ့ အရိယာသံဃာတော် ဖြစ်လာတဲ့အတွက် “အညာသိကောဏ္ဍညော” (အရင်ဦးဆုံး သိသော ကောဏ္ဍည) လို့ မြတ်စွာဘုရားရှင် ကိုယ်တော် ဥဒါန်းကျူးရင့် ခေါ်ဆိုတော်မူပြီး ဧဟိဘိက္ခု ခေါ်တော်မူရာက ရဟန်းအသွင် စတင်တည်ရှိတဲ့အပြင် ပဉ္စဝဂ္ဂီ ငါးဦးထဲက ကျန်တဲ့ လေးဦးဖြစ်တဲ့ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်နဲ့ အရှင် အဿဇိတို့လည်း ရဟန်းအဖြစ်ကို ဆက်လက်ရရှိခဲ့တာမို့ သံဃာရတနာဖြစ်တဲ့ “သံဃာ” အစုအဝေးလည်း စတင်ပေါ်ထွန်းရာနေ့ဖြစ်တဲ့အတွက် သာသနာ့ သမိုင်းမှာ အရေးပါလှပါတယ်။

ဒီသီချင်းလေးနဲ့ တဆက်တည်းမှာပဲ “သန္ဓေ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်လဝါဆို” ဆိုတဲ့ ဝါဆိုလပြည့်နေ့နဲ့ ပတ်သက်တဲ့ သံပေါက်လေးကို သွားသတိရမိပါတယ်။

သာသနာသမိုင်းနဲ့ ဗုဒ္ဓဝင်မှာ မြတ်စွာဘုရားနဲ့ ပတ်သက်နေတဲ့ ထူးထူးခြားခြား လပြည့်နေ့ နှစ်နေ့ရှိပါတယ်။ အဲဒီနေ့တွေ ကတော့ ကဆုန်လပြည့်နေ့နဲ့ ဝါဆိုလပြည့်နေ့ပါပဲ။ ကဆုန်လပြည့်နေ့ကိုတော့ “ကဆုန်လပြည့် ဗုဒ္ဓနေ့” လို့ ခေါ်ကြပြီး ဝါဆိုလပြည့်နေ့ကိုတော့ “သန္ဓေ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်လဝါဆို” ဆိုတဲ့ သံပေါက်လေးနဲ့ အမှတ်သညာပြုကြပါတယ်။

ကဆုန်လပြည့်နေ့ရဲ့ ထူးခြားမှုက မြတ်စွာဘုရားရှင်ရဲ့ ဘဝတော်နဲ့ ပတ်သက်ပါတယ်။ မြတ်စွာဘုရားရှင်ဟာ အလောင်းတော် သိဒ္ဓတ္ထမင်းသားဘဝနဲ့ မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်၊ သောကြာနေ့မှာ ဖွားမြင်တော်မူပါတယ်၊ တခါ မဟာသက္ကရာဇ် ၉၇-ခုနှစ် ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့မှာ သမ္မာသမ္ဗုဒ္ဓဘုရားရှင် အဖြစ် ပွင့်တော်မူပြီး မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့မှာ ပရိနိဗ္ဗာန်စံတော်မူပါတယ်။

ဝါဆိုလပြည့်နေ့ကတော့ ဓမ္မနဲ့ ပိုပြီးပတ်သက်သလို ကနဦး အခြေစတင်တည်ခြင်းသဘောလည်း ဖြစ်နေတာကို တွေ့ရ ပါမယ်။ မယ်တော် မဟာမာယာဒေဝီရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေယူတာ၊ သားတော်ရာဟုလာ ဖွားမြင်တော်မူတဲ့နေ့မှာ နိမိတ်ကြီး လေးပါးကိုမြင်ပြီး တောထွက်တော်မူတာ၊ ဘုရားအဖြစ် ပွင့်တော်မူ ပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် လူသားတွေကို ဓမ္မကို ဟောပြပြီး သံဃာရတနာ စတင်ဖြစ်တည်စေတော်မူခဲ့တာ အားလုံးဟာ ဝါဆိုလပြည့်နေ့ တွေချည်းပါပဲ။

မြတ်စွာဘုရားရှင်ရဲ့ အရေးကြီးတဲ့ဖြစ်တော်စဉ်တွေဟာ နေ့ခုနစ်နေ့အဖြစ် တည်ရှိနေပါတယ်။ ဒီနေ့တွေကို “နံတော်စဉ်” လို့လည်း ခေါ်ကြပါတယ်။ ပဋိသန္ဓေယူတဲ့နေ့ကနေစပြီး တေဇောဓာတ်လောင်တော်မူတဲ့နေ့အထိ နေ့နံအစဉ်အတိုင်းပါ။ ဒီနေ့တွေကို အစဉ်အတိုင်း “မ-သိ-ကြ-လျှင်-တွေး-ဆ-ဦး” လို့ အတိုကောက်မှတ်လေ့ရှိကြပါတယ်။ ဒီနံတော်စဉ်အပေါ် မူတည်ပြီးတော့ တချို့ အင်္ဂဝိဇ္ဇာ ဆရာတွေ ဟောကိန်းထုတ်တတ်ကြပါတယ်။ အင်္ဂဝိဇ္ဇာပညာရပ်မှာ အရေးကြီးတဲ့ ကဏ္ဍအဖြစ် ပါဝင်နေတယ်လို့ သိရပါတယ်။

“မ-သိ-ကြ-လျှင်-တွေး-ဆ-ဦး” ဆိုတဲ့ နံတော်စဉ် အတိုကောက် စကားလုံးတွေက နံသင့်သင်္ချာနည်းအတိုင်း မှတ်ထား တာပါ။ ဖြစ်တော်စဉ်တွေကတော့ -
ပဋိသန္ဓေနေတော်မူသောနေ့ (မ = ကြာသပတေး၊ ဝါဆိုလပြည့်)
ဖွားတော်မူသောနေ့ (သိ = သောကြာ၊ ကဆုန်လပြည့်)
တောထွက်တော်မူသောနေ့ (ကြ = တနင်္လာ၊ ဝါဆိုလပြည့်)
ဘုရားဖြစ်တော်မူသောနေ့ (လျှင် = ဗုဒ္ဓဟူး၊ ကဆုန်လပြည့်)
ဓမ္မစကြာတရားဦးဟောတော်မူသောနေ့ (တွေး = စနေ၊ ဝါဆိုလပြည့်)
ပရိနိဗ္ဗာန်စံတော်မူသောနေ့ (ဆ = အင်္ဂါ၊ ကဆုန်လပြည့်)
တေဇောဓာတ်လောင်တော်မူသောနေ့ (ဦး =တနင်္ဂနွေ၊ ကဆုန်လဆုတ်) ... တွေပဲဖြစ်ပါတယ်။

ဒီ နံတော်စဉ်ကို ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးက ခုနစ်နေ့ဘုရားရှိခိုး ဆိုပြီး လင်္ကာလေး ဖွဲ့ပြီး ပူဇော်ထား ပါတယ်။ ကျနော်တို့ ငယ်ငယ်ကတော့ ကျောင်းမှာ ဆိုရသလို ကျနော့်ရဲ့ ဖွားဖွားကြီး နှုတ်တိုက်သင်ပေးထားလို့ ငယ်ငယ် ကတည်းက အလွတ်ရခဲ့ ပါတယ်။ ခုတော့ အဲဒီ အလေ့အထတွေ ပျောက်ကုန်ပြီ ထင်ပါတယ်။ ဒါကြောင့် လယ်တီ ဆရာတော်ကြီးရဲ့ ခုနစ်နေ့ ဘုရားရှိခိုးကို မသိသေးတဲ့ လူငယ်တွေလည်း သိရအောင်၊ သိပြီးသား လူကြီးလူငယ်များလည်း ကြည်ညိုပူဇော်နိုင်အောင် တလက်စတည်း ပြန်လည်ဖော်ပြလိုက်ပါတယ်။

လယ်တီဆရာတော်ဘုရားကြီး၏ (၇)နေ့ ဘုရားရှိခိုးနှင့် ကန်တော့ဆုတောင်းခန်း

ပဋိသန္ဓေယူသောနေ့

သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊
သောင်းခွင် စကြာဝဠာ၊
နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မှုကြောင့်၊ ရတုနဂို၊
ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊
ကြွက်မင်းနေ့ဝယ်၊
ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊
နတ်လူငြိမ်းဖို့ ကိန်းပါကို ... ။

ဖွားမြင်တော်မူသောနေ့

သန္ဓေယူကာ၊ ဆယ်လကြာသော်၊
မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊
ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊
မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊
နတ်လူအောင်မြို့လမ်းပါကို ... ။

တောထွက်တော်မူသောနေ့

ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊
ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊
သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊
ဘုံးသစ်လျှံလူ၊ စံတော်မူ၍၊
ရွယ်မူနုဖြိုး၊ နှစ်ဆဲ့ကိုးဝယ်၊
လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊
ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊
ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊
ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊
စုံမြိုင်ပင်ရိပ်ခန်းမှာကို ... ။

ဘုရားဖြစ်တော်မူသောနေ့

တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊
ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊
ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊
မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊
ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊
မငြီးကြည်ဖြူ၊ နေတော်မူလျက်၊
ရန်မြူခပင်း၊ အမိုက်သင်းကို၊
အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊
ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊
သုံးဖော်လူတို့ ငြမ်းပါကို ... ။

ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့

ဘုရားဖြစ်ခါ၊ မိဂဒါသို့၊
စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊
ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊
မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊
ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊
ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊
ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊
မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊
တရားနတ်စည် ရွမ်းတယ်ကို ... ။

ပရိနိဗ္ဗာန်စံတော်မူသောနေ့

တရားနတ်စည်၊ ဆော်ရွမ်းလည်က၊
သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊
ကျွတ်ထိုက်သသူ၊ နတ် လူ ဗြဟ္မာ၊
သတ္တဝါကို၊ ခေမာသောင်သို့၊
ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးကာ၊
ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊
စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊
သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊
စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊
အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊
အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊
စံတော်မူသည်၊
ဝှန်းဆူသောင်းလုံးကျော်တယ်ကို ... ။

တေဇောဓာတ်လောင်တော်မူသောနေ့

နိဗ္ဗူစံပြီ၊ ရှုမအီသား၊
သင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊
ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊
ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊
ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊
ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊
မီးပူဇော်သည်၊
မွေတော်ရှစ်စိတ်ကြွင်းတယ်ကို ... ။

ကန်တော့ဆုတောင်းခန်း

ထိုခုနှစ်နေ့၊ သာချမ်းမြေ့ကို၊
ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊
သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊
ကိုယ်တော်ဘုရားကို၊ သုံးပါးမွန်စွာ၊
ဝန္ဒနာနှင့်၊ သဒ္ဒါဖြိုးဖြိုး၊
ကျွန်ရှိခိုးသည် ...
ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော် ... ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ...

ဟယ်ရီလွင်


Read More...

Saturday, 20 July 2013

စာမရီအဖ

စာမရီ အဖ


‘ဗိုလ်ချုပ်’ဆို တဦးတည်းပဲ၊
‘မှူးကြီး’ လည်း နောက်မှာမပါ၊
ထူးပြီးကဲ တယောက်သာ၊
နောက်တခါ ပြန်မရ၊
ပုပျပ်ပျပ် ညိုတိုတို၊
အပိုမဆို နှုတ်မြွက်ချွေဟ။

ရင်ထဲက လှိုင်လှိုင်ခေါ်
ပြိုင်ရန်မပေါ် အို ‘အဖ’
နိုင်ငံကျော် ဟို‘အဘ’ တွေနဲ့
ဘယ်လိုမှ မဆိုင်၊
ကိုယ်ကျိုးမရှာ အာဏာမသုံး၊
လူမမုန်း သက်ဆုံးသည့်တိုင်၊

ဆယ့်ကိုးရက် လဇူလိုင်
ကူမနိုင် မျက်ရည်မိုး
သက်စွေဖြိုး ခေါင်လွှမ်းပါသည်၊
အောင်ဆန်းဇာနည်၊
အရောင်မနွမ်း ဘာမထီ၊
စာမရီဇာနည်သွေးတဲ့လေး။ ။

ဟယ်ရီလွင်

Read More...

Wednesday, 17 July 2013

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၉)

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၉)

(၅) အက္ခရာလုံးရေ အားဖြင့်
ရတုရဲ့ အပိုဒ်ပေါင်းများစွာ ရှိတဲ့အနက် အချပိုဒ်ကလွဲလို့ ကျန်အပိုဒ်ငယ်တိုင်းမှာ (ထောင့်တဲတွန့်ရတုမျိုးကလွဲလို့) အက္ခရာ ၄-လုံးစီ ‎အတိအကျ ထားရှိစေရမယ်လို့ ဆိုထားပါတယ်။ လေးလုံးစပ် လင်္ကာအတိုင်းပါပဲ။ မပေါ်လွင်တဲ့ အသံရှိတဲ့ အက္ခရာဆိုရင်တော့ ၅-လုံး ‎၆-လုံးလည်း ထားနိုင်ပါတယ်။ ရေတွက်တဲ့အခါမှာ အဲဒီလိုအက္ခရာ ၂-လုံးကို ၁-လုံး၊ ၃-လုံးကို ၁-လုံး ‎အနေနဲ့ ရေတွက်ရပါတယ်။ ချွင်းချက်အနေနဲ့ အချီပိုဒ်မှာ ၃-လုံးချီ၊ ၅-လုံးချီ၊ ၇-လုံးချီတာတွေ ရှိကြောင်း အထက်မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အလွန်တွေ့ရခဲသလို ကဗျာအရာ တဖက်ကမ်းခတ်တဲ့ ပညာရှင်များသာ စပ်ဆိုကြတာမို့ ရတုကို စရေးရင်တော့ ၄-လုံးနဲ့ပဲ ချီတာ အကောင်းဆုံးလို့ အကြံပြုချင်ပါတယ်။
အချပိုဒ်တိုင်းမှာတော့ အက္ခရာ ၇-လုံး၊ ၈-လုံး၊ ၉-လုံး၊ ၁၁-လုံး၊ ၁၅-လုံး၊ ၁၉-လုံး၊ ၂၅-လုံး၊ ၃၅-လုံး တခုခုသာ ‎ထားရပါမယ်။ ဒီ့ထက်ပိုလို့ လျော့လို့ မထားသင့်ပါဘူး။ ဒီ ချနည်းတွေအကြောင်းကို “(၄) အချီအချအားဖြင့်” အခန်းငယ်မှာ အသေးစိတ် ဖော်ပြပြီး ဖြစ်ပါတယ်။

(၆) အစပ်ကာရန်အားဖြင့်
အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်။ အစပ်ကာရန်အနေနဲ့ဆိုရင် အစပ် ၆-ပါး ရှိတဲ့အနက် (‘၄-၃-၂’ လို့ခေါ်တဲ့) သတ်စေ့နှက်သုံးချက်ညီ စပ်နည်းနဲ့ စပ်တာဟာ ‎အကောင်းဆုံးပါပဲလို့ ဆိုထားပါတယ်။ ဒါပေမဲ့ ဦးတိုက်၊ ထိပ်ချင်းထပ် စတဲ့ တခြား လင်္ကာစပ်နည်းတွေနဲ့လည်း စပ်နိုင်ပါတယ်။ မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၃) - အစပ်၊ အဟပ် (http://harrylwin.blogspot.com/2008/08/blog-post_28.html) မှာ အစပ် (၆)ပါးအကြောင်းကို အသေးစိတ် ပြန်ကြည့်နိုင် ပါတယ်။ ရတုမှာ ကာရန်လွတ်လို့ လုံးဝ (လုံးဝ) မရပါဘူး။ ဘာတွေ ဘယ်လိုပဲ မိုးပျံအောင်ရေးထားရေးထား ကာရန်ကိုက်အောင် မစပ်နိုင်ရင် ရတုရဲ့ အင်္ဂါပျက်ပါတယ်။ ရတုလို့ ခေါ်လို့ကို မရဘူး ဆိုတာ သတိပြုကြစေလိုပါတယ်။

(၇) လေပြင်းလေလျော့ (ဂရု၊ လဟု) အားဖြင့်
ပျို့၊ ကဗျာ၊ လင်္ကာ၊ သီချင်း တွေကို ရေးစပ်သီကုံးတဲ့နေရာမှာဖြစ်ဖြစ် ရွတ်ဖတ်သီဆိုတဲ့နေရာမှာဖြစ်ဖြစ်၊ လေပြင်း လေလျော့ (အသံ) ဟာ ‎အလွန်အရေးကြီးတဲ့ အဓိက အချက်ကြီးဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါဟာ ကဗျာတိုင်းမှာ အလွန်အရေးကြီး ပါတယ်။ ကဗျာရဲ့ Rhythm လို့ ခေါ်ပါတယ်။ ကာရန်ထက်တောင် ပိုပြီး အရေးကြီးတယ်လို့ ယူဆနိုင်ပါတယ် (ဒါပေမဲ့ ရတုမှာတော့ ကာရန်လည်း မှားလို့ လုံးဝ [လုံးဝ] မရပါဘူး)။ လေယူလေထား (အသံ) မှားရင် ကဗျာတပုဒ်ဟာ ချောချောမွေ့မွေ့ မရှိဘဲ ထောက်နေ တာကို တွေ့ရ ပါလိမ့်မယ်။
နန္ဒမာလိနီကျမ်းအလိုအရ ပြောရရင် လေးလုံး တပိုဒ် ထားပြီး ရေးသားရတဲ့ ရတုမှာတော့ မ-ပိုဒ်ဟူသမျှရဲ့ အဆုံးအက္ခရာ မှာ အာ-အီ-အူ စတဲ့ ‎လေလျော့သံအက္ခရာ (ဂရုသံ) တို့ကိုသာ ထားရှိရပါမယ်။ တကယ်လို့ လေပြင်းသံ (လဟုသံ) ထားမိရင်လည်း ‎လေလျော့လိုသာ (အသံမဖြတ်ဘဲ၊ မချဘဲ) သီဆိုရပါမယ်။
စုံပိုဒ်ဟူသမျှရဲ့ အဆုံးအက္ခရာမှာတော့ အား-အီး-အူး စတဲ့ လေပြင်းသံ အက္ခရာ (လဟုသံ) တို့ကိုသာ ‎ထားရှိရပါမယ်။ လေလျော့သံ ထားမိရင်လည်း လေပြင်းသံလိုသာ (အသံဖြတ်ပြီး၊ ချပြီး) သီဆိုရပါမယ်။
ဥပမာ ..
မဲဇာတောင် ခြေ၊ (ဂရု)
စီးတွေတွေ တည့်၊ (လဟု)
မြစ်ရေဝန်း လည်၊ (ဂရု)
မြိုင်တောစည် က၊ (လဟု)
ရွှေပြည်ကို သာ၊ (ဂရု)
စသဖြင့် လေပြင်း လေလျော့ တကျော့စီ ရေးစပ်ရမယ်လို့ နန္ဒမာလိနီကျမ်းက ဆိုထားပါတယ်။ အဲဒီလိုမှ မဟုတ်ရင် ‎အက္ခရာကာရန် ဘယ်လောက်မှန်မှန် သီဆိုတဲ့အခါ စည်းဝါး မကိုက်ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ရတုတိုင်းကတော့ ဒီလို အတိအကျကြီး ရေးဖွဲ့ထားတာမျိုး မဟုတ်ပါဘူး။ သဘောတရားကို ဆိုလိုတာပါ။ အရေးကြီးတဲ့အချက်က အသံမထောက်ဘဲ ပြေပြေပြစ်ပြစ်လေး ဖြစ်အောင်၊ တူရိယာတခုခုနဲ့သီဆိုတဲ့အခါ ရွတ်ဆိုတဲ့အခါ ချောချောမွေ့မွေ့ ဖြစ်အောင် ရေးဖွဲ့ဖို့ပါပဲ။ အဆုံးသတ်အသံတွေသာမက ယူထားတဲ့ ကာရန်တွေနဲ့ တခြားစကားလုံးတွေကိုလည်း အဲဒီလို ဂရုသံ နဲ့ လဟုသံ တလှည့်စီ အလိုက်သင့်ဖြစ်အောင် တတ်နိုင်သမျှ ရေးဖွဲ့သင့်ပါတယ်။ ဒါဆိုရင် အသံက တက်လိုက် ကျလိုက်နဲ့ ပြေပြစ်ပါ တယ်။

(၈) အပြစ်ဒေါသအားဖြင့်
ပဓာနဖြစ်တဲ့ အစပ်ကာရန်တွေမှာ ဝက်နင်း နဲ့ ခွာထောက် အပြစ်တို့ကို ရှောင်ကြဉ် ရေးသားရမယ်လို့ ‎ဆိုထားပါတယ်။ ဝက်နင်းနဲ့ ခွာထောက်အပြစ်တွေအကြောင်း ခဏခဏ ပြောထားပေမဲ့ ထပ်ပြောပါဦးမယ်။
ဝက်နင်းဆိုတာက ... ကာရန်နှစ်ချက်ကို အဓိပ္ပာယ်တူတဲ့ စကားလုံးအတူတူ ဆက်တိုက်ယူထားတာမျိုးကို ခေါ်ပါတယ်။ ဥပမာ ပြရရင် ...
နန္ဒကဗျာ၊ ကျမ်းကဗျာ၊ သညာ ကြိုင်သင်းထုံ။
အဲဒီစာပိုဒ်က (ဗျာ - ဗျာ - ညာ) ကာရန် ၃-ချက်မှာ အရှေ့ ၂-လုံးဆက်တိုက် အသံတူ စာလုံးတူ ‎စပ်ဆိုထားတာမျိုးဟာ ဝက်နင်းဒေါသ သင့်ပါတယ်။ ဒီနေရာမှာ ခွဲထားကာရန်တွေနဲ့ ဆိုရင်တော့ သုံးလို့ရပါတယ်။ သဘောက အသံတူပေမဲ့ အဓိပ္ပာယ် မတူရင် ဝက်နင်း မသင့်ပါဘူး။

ခွာထောက်ဆိုတာကတော့ ဝက်နင်းလို ကပ်လျက်ဆက်တိုက် ကာရန်ယူတာမဟုတ်ဘဲ တလုံးခြားပြီး ယူထားတဲ့ ကာရန်ကို ဆိုလိုပါတယ်။ ဥပမာ ...
နန္ဒကဗျာ၊ ဤကျမ်းစာ၊ ကဗျာ ဖွဲ့နည်းစုံ။
ဒီမှာတော့ တလုံးကျော် ထပ်တူညီ ဖွဲ့ဆိုထားတာကြောင့် ခွာထောက် ဒေါသသင့် ပါတယ်။ (ခွထောက်) လို့လည်း ခေါ်ပါတယ်။
ဒီလို ဝက်နင်းနဲ့ ခွာထောက်စပ်ခြင်းမျိုးကို ကို မစပ်သင့်ဘူးလို့ ဆိုထားပါတယ်။ ဒါက ရတုမှာတွင်မကဘဲ ကဗျာလင်္ကာအားလုံးနဲ့ အကျုံးဝင်တဲ့ အပြစ်ဒေါသတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဥပဒေသ (၈) ပါးကို နန္ဒမာလိနီ ကျမ်းပြုဆရာ ဦးထွန်းရွှေက ဥပဒေသ ဆောင်ပုဒ် ဧကပိုဒ်ရတုလေး ရေးဖွဲ့ထားပါတယ်။

နန္ဒမေဓာ၊ ထေရ်ဆရာက၊
သေချာစီမှု၊ ရေးဖွေပြုပိမ့်၊
ရတုကဗျာ၊ ဖွဲ့ဆိုပါက၊
အက္ခရာလေးလုံး၊ ထားမြဲထုံးတည့်၊
ပိုဒ်သုံးတည်ပြန်၊ ထပ်ကာရန်၌၊
သတ်မှန်ရှာမှီး၊ သုံးချက်နည်းဖြင့်၊
အပြီးပုံသေ၊ စပ်မြဲပေတည့်၊
သို့လေတမင့်၊ ဆင်မသင့်၍၊
အခွင့်မသာ၊ ယင်းအခါ၌၊
ကြွင်းရာစပ်ထုံး၊ ရံခါသုံး၏၊
သီကုံးဖတ်ရန်၊ ပိုဒ်သုံးတန်မှ၊
ပြင်းထန်နိမ့်လျော့၊ ပြန်လှန်ကျော့၍၊
လေးပေါ့သံသာ၊ စီကုံးရှာသည်၊
ဘယ်ညာ ပြောင်းလှည့် စပ်မြဲတည်း။ ။

ဒီဥပဒေသ ဆောင်ပုဒ်မှာ (အက္ခရာလေးလုံး၊ ထားမြဲထုံးတည့်) လို့ဆိုထားပြီး “အက္ခရာလေးလုံး” ဆိုတဲ့ ‎စာပိုဒ်မှာ ၅-လုံးဖြစ်နေတယ်လို့ ထင်စရာရှိပါတယ်။ ဒီနေရာမှာ အသံကို ယူရပါတယ်။ အက္ခရာ (အက်ခရာ) ဆိုတဲ့ စကားလုံးမှာ ခ-သံဟာ ‎ ထင်ရှားပေါ်လွင်ခြင်း မရှိတာကြောင့် စာလုံးအားဖြင့် ၃-လုံးဖြစ်ပေမဲ့ အသံအားဖြင့် ၂-သံ [အက် (၁) + ခရာ (၁) = ၂-သံ] တနည်းအားဖြင့် စာလုံး ၂-လုံး အနေနဲ့သာ ‎ယူရပါ မယ်။ အဲဒီလို ပေါ်လွင်ထင်ရှားခြင်း မရှိတဲ့အသံတွေက မတြာဝက်ပဲ ရှိတဲ့ အသံတွေဖြစ်ပါတယ်။ ဥပမာ - ပဓာန၊ သင်္ဂဟ၊ အစရှိတဲ့ စကားလုံးတွေမှာ (ပ)၊ (ဂ) ဆိုတဲ့ အသံတွေဟာ မတြာဝက်-သံ တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အသံနှစ်သံ၊ စာလုံးနှစ်လုံးအဖြစ်ပဲ ယူဆရပါမယ်။

ရတုအမျိုးအစားတွေအကြောင်း ဥပမာများနဲ့ ဆက်လက်ဖော်ပြသွားပါမယ်။

ဟယ်ရီလွင်

Read More...

Sunday, 14 July 2013

ဥသြသံ

ဥသြသံ


ငယ်စဉ်ကာလ၊ စူးရှဟိန်းညံ၊
ဥသြသံဆို၊ ဖန်ဖန်နားဝ၊
ကြားလေရတိုင်း၊ ရင်မှကြောက်စိတ်၊
ဖိတ်လျှံတက်ဖူးခဲ့ပါ၏။

မီးသတ်ကားတို့၊ ဖြတ်သွားကြစဉ်၊
လူနာတင်ကား၊ ဖြတ်သွားမစဲ၊
ရဲကားဆီမှ၊ လွင့်ပျံကျဖိတ်၊
ထိတ်လန့်သွေးပျက်၊ ဘဝဂ်ညံသော၊
ဥသြသံဆိုထိတ်မိသည်။

သို့ပါသော်လည်း၊ ရင်ထဲတမ်းတ၊
မကြားရကြာ၊ ရာစုတစိတ်၊
စိတ်ထဲရည်မှန်း၊ လွမ်းမိုးညို့ညို့၊
မျက်ရည်စို့ဖူး၊ ဦးညွတ်ဦးခိုက်၊
ရင်ဆို့လှိုက်ငင်၊ နားဆင်လိုသော ...
ဥသြတသံရှိလေ၏။ ။

ဟယ်ရီလွင်

Read More...

Friday, 5 July 2013

ကြံကြောက်

ကြံကြောက်

အတွေးအကြံ၊ ကလေးဉာဏ်နှင့်၊
မှားမှန်ကိုခွဲ၊ မသိဘဲလျက်၊
စိတ်ထဲထင်ရာ၊ ကြောက်လန့်ရှာဘိ၊
ကြိုးကြာ မျောက် တီ၊ ငှက်တစ်တီတူး၊
စိတ်ရည်ကူးကာ၊ ကြိုးကြာ မြေပြို၊
စိုးရိမ်ပို၍၊ ခြေကိုဖော့လျှောက်၊
မျောက် မြေပျောက်မှာ၊ စိုးကြောက်ရင်ဖို၊
ညဆိုထ,စမ်း၊ ဖုံးလွှမ်းမြေဆီ၊
တီကောင်စားသုံး၊ မြေထုပြုန်းမှာ၊
မဆုံးထိတ်ပြန်၊ စားပြီးအန်၏၊
ကြံဖန်စိတ်ကူး၊ တစ်တီတူးသည်၊
ရည်မူးစိုးပို၊ မိုးပြိုမှာကြောက်၊
ခြေထောက်ထောင်အိပ်၊ သင့်စိတ်ဉာဏ်ဖြင့်၊
မတွေးချင့်ဘဲ၊ မသင့်မမှန်၊
တွေးကြံ၍ကြောက်၊ ဗျာပါရောက်သော်၊
ဦးနှောက်ဘယ်ကျပျောက်သနည်း။ ။

ဟယ်ရီလွင်

Read More...

Saturday, 22 June 2013

ဗုဒ္ဓဘာသာဝင်များ၏ အကြမ်းဖက်မျက်နှာစာ

ဗုဒ္ဓဘာသာဝင်များ၏ အကြမ်းဖက်မျက်နှာစာ



ဤဘာသာသည် ငြိမ်းချမ်းအေးမြခြင်းနှင့် ခန္တီတရားတို့ဖြင့် ထင်ရှားကျော်ကြားသော ဘာသာအယူဝါဒတခုဖြစ်ပေသည်။ သို့ရာတွင် ဗုဒ္ဓဘာသာ အများစုဖြစ်သော အာရှနိုင်ငံအများအပြား၌ ဘုန်းတော်ကြီးများသည် အများအားဖြင့် မူဆလင်များ အပေါ်တွင် တယူသန်အကြမ်းဖက်မှုများကို လှုံ့ဆော်နှိုးဆွပေးလျက် ရှိကြပေသည်။

ဟန်နာ ဘီးခ်ျ - မိတ္ထီလာ၊ မြန်မာ နှင့် ပတ္တနီ၊ ယိုးဒယား။ ၂၀၁၃-ခုနှစ်၊ ဇူလိုင်လ ၁-ရက်၊ တနင်္လာနေ့။

ဗုဒ္ဓဘာသာများ ကြမ်းကြလေသော် ...



ဟန်နာ ဘီးခ်ျ - မိတ္ထီလာ၊ မြန်မာ နှင့် ပတ္တနီ၊ ယိုးဒယား။ ၂၀၁၃-ခုနှစ်၊ ဇူလိုင်လ ၁-ရက်၊ တနင်္လာနေ့။

“ဗမာ ဘင်လာဒင်” လို့ ဘွဲ့အမည်ခံယူထားပြီး သူ့မျက်နှာက ရုပ်ထုတခုလို တည်ငြိမ်အေးချမ်းလှတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်ဟာ တရား စတင်ဟောကြားပါတယ်။ ရာပေါင်းများစွာသော တရားနာပရိဿတ်က ချွေးတွေ ယိုစီးကျလို့ ကပ်စေးစေးဖြစ်နေတဲ့ ကျောပြင်တွေနဲ့ လက်အုပ်လေးတွေချီရင်း သူ့ရှေ့မှာ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် ထိုင်လို့ပါ။ တရားထောက်က ထောက်လိုက်တိုင်း လူအုပ်ကြီးက နီညိုရောင်သင်္ကန်းရုံထားကြတဲ့ ရဟန်းများနဲ့အတူ သာဓု ခေါ်သံ တရားစာရွတ်သံတွေက ရန်ကုန်မြို့ပြီးရင် မြန်မာပြည်ရဲ့ ဒုတိယအကြီးဆုံးမြို့ကြီးဖြစ်တဲ့ မန္တလေးက ဘုန်းကြီးကျောင်းတိုက်တတိုက်ရဲ့ ပူလောင်အိုက်စပ်တဲ့လေထုထဲမှာ ပျံ့လွင့်လို့နေပါတယ်။ ကြည့်ရတာကတော့ ငြိမ်းချမ်း အေးမြတဲ့ မြင်ကွင်းပါပဲ ... ဒါပေမဲ့ ဦးဝီရသူရဲ့အသံကတော့ အမုန်းတရားတွေနဲ့အက်ကွဲရှတ နေပါတယ်။ ဗုဒ္ဓဘာသာ အများစုဖြစ်တဲ့မြေမှာ လူနည်းစု မူဆလင်တွေကို မုန်းတီးရေးတရားတွေကို မိနစ် ၉၀-လောက်ကြာအောင် နည်းအမျိုးမျိုးနဲ့ ဟောပြောရင်း “အခု အချိန်ဟာ အေးအေးဆေးဆေးနေကြရမယ့် အချိန်မဟုတ်ဘူး” လို့ သက်တော် ၄၅-နှစ်အရွယ် ရဟန်းတော်က ဖြည်းဖြည်းလေးလေးနဲ့ မိန့်ပါတယ်။ “ခုချိန်ဟာ နိုးထကြရမယ့်အချိန် ခင်ဗျားတို့ရဲ့ သွေးတွေ ဆူပွက်နေရမယ့်အချိန်” ပါတဲ့။

ဗုဒ္ဓဘာသာဝင်တွေရဲ့ သွေးတွေဟာ မြန်မာလို့လည်း သိကြတဲ့ ဗမာပြည်မှာ ဆူပွက်နေပြီး မူဆလင်သွေးတွေကလည်း အမြောက်အများ ဖိတ်လျှံကျနေကြပါတယ်။ မနှစ်က တနှစ်လုံး ဗုဒ္ဓဘာသာ လူအုပ်စုကြီးတွေဟာ ဘာသာရေး ယုံကြည်ချက်မတူတဲ့ လူနည်းစုတွေအပေါ် ပစ်မှတ်ထားခဲ့ကြပါတယ်။ မူဆလင် ဆယ်ဂဏန်းခန့် အသတ်ခံကြရတယ်လို့ အာဏာပိုင်တွေက ဆိုပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တွေ ကတော့ ရာပေါင်းများစွာ လို့ ခန့်မှန်းကြပါတယ်။ အကြမ်းဖက်မှု အများအပြားဟာ ကုလသမဂ္ဂက ကမ္ဘာ့ အဖိနှိပ်ခံရဆုံး သူတွေထဲက တစုလို့ သုံးနှုန်းတဲ့ ရိုဟင်ဂျာလို့ ခေါ်သူ မြန်မာနိုင်ငံ အနောက်ဖျားက နိုင်ငံမဲ့ မူဆလင် အုပ်စုကြီးအပေါ် ရည်ရွယ်တိုက်ခိုက်တာ ဖြစ်ပါတယ်။ ဒီလို လူမျိုးစုခြင်း သွေးချောင်းစီးမှုဟာ ဦးဝီရသူ သီတင်းသုံးပြီး ပြင်းထန်ခါးသီးတဲ့ တရားများ ဟောကြားမိန့်မြွက်ရာ မြန်မာနိုင်ငံ အလယ်ပိုင်းကို ပျံ့နှံ့ရောက်ရှိသွားပါတယ်။ ဒီ အစွန်းရောက်ဘုန်းတော်ကြီး ဟာ မြန်မာနိုင်ငံရဲ့ ခန့်မှန်းချေ သန်းပေါင်း-၆၀ ခန့်ရှိတဲ့ လူဦးရေရဲ့ ၅% လောက် အနည်းဆုံးရှိမယ့် မူဆလင်များကို နိုင်ငံနဲ့ ယဉ်ကျေးမှုကို ခြိမ်းခြောက်နေကြသူများ အဖြစ် ရှုမြင်ပါတယ်။ “[မူဆလင်တွေဟာ] မျိုးပွားတာ သိပ်မြန်ပြီး ကျုပ်တို့ သမီးပျိုတွေကို ခိုးယူနေကြ၊ အဓမ္မပြုကျင့် နေကြတယ်” လို့ ကျနော့်ကို ပြောပါတယ်။ “သူတို့က ကျုပ်တို့ တိုင်းပြည်ကို အပိုင်စီးသိမ်းပိုက်ချင်နေကြတာ၊ ဒါပေမဲ့ ကျုပ်ကတော့ ဒါကို ခွင့်မပြုနိုင်ဘူး။ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံ အဖြစ်ပဲ ကျုပ်တို့ ထိန်းသိမ်းထားရမယ်” ... ဒီလို အမုန်းတရားမိန့်ခွန်းမျိုးဟာ သိမ်မွေ့တဲ့ နိုင်ငံရေးဂေဟစံနစ်ဖြစ်ထွန်းနေပြီး အနည်းဆုံး တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅-စု ရှိတဲ့ နိုင်ငံ၊ ရာစုနှစ်တဝက်နီးပါးလောက် စစ်တပ် အုပ်ချုပ်ရာကနေ မကြာသေးမီကလေးကတင် လွတ်မြောက်လာရတဲ့ နိုင်ငံတနိုင်ငံကို ခြိမ်းခြောက်နေပါတယ်။ အစိုးရတာဝန်ရှိသူအချို့က ရိုဟင်ဂျာအမျိုးသမီးတွေ ကလေး နှစ်ယောက်ထက် ပိုမမွေးရ ဆိုတဲ့ စစ်အုပ်ချုပ်ရေးခေတ်မှာတောင် ကျင့်သုံးခဲလှတဲ့ တားမြစ်မှုမျိုးကို ထုတ်ပြန်ဖို့ ကြိုးစားစည်းရုံးနေပြီး ဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံမြောက်ပိုင်းက ခရစ်ယာန်အများအပြား ကလည်း ဗမာစစ်တပ်နဲ့ ခရစ်ယာန်အများစုဖြစ်တဲ့ ကချင်တိုင်းရင်းသားသူပုန်များအကြား မကြာသေးမီက ဖြစ်ပွားတဲ့ တိုက်ခိုက်မှု တွေဟာ ဘာသာရေးခွဲခြားမှုကြောင့် ပိုမိုဆိုးဝါးကုန်တာလို့ ပြောဆိုကြပြန်ပါတယ်။ အစွန်းရောက် ဗုဒ္ဓဝါဒ ဟာ အာရှရဲ့ အခြားဒေသတွေမှာလည်း ရှင်သန် ထွန်းကားနေပါပြီ။ ဒီနှစ်ထဲမှာပဲ သီရိလင်္ကာမှာ အစိုးရပိုင်းက အဆင့်မြင့် ထိပ်သီးတွေနဲ့ ဆက်နွယ်နေတဲ့ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီ အုပ်စုတွေဟာ ထင်ရှားလူသိများလာပြီး မူဆလင်နဲ့ ခရစ်ယာန်ပိုင်ဆိုင်မှုတွေကို ဖျက်ဆီး ရာမှာ ဘုန်းတော်ကြီးတွေက စီစဉ်ညွန်ကြားမှုတွေကို ထောက်ကူနေကြပါတယ်။ နောက်ပြီး မူဆလင်သောင်းကျန်းမှုကြောင့် ၂၀၀၄-ခုနှစ် ကတည်းကနေ ခုထိ အသက်ပေါင်း ၅၀၀၀-ကျော် ဆုံးရှုံးခဲ့ရပြီ ဖြစ်တဲ့ ထိုင်းနိုင်ငံ တောင်ဘက်စွန်းမှာ ထိုင်းစစ်တပ်ဟာ ပြည်သူ့စစ်တွေကို လေ့ကျင့်ဖွဲ့စည်းပေးထားပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ ဘာသာရေး ဝိနည်းအရ သူတို့ ဘုန်းကြီးကျောင်းတွေကနေ ဆွမ်းခံကြွဖို့ ထွက်လာကြပြီဆိုရင် မကြာခဏ လိုက်ပါစောင့်ရှောက် ပေးကြ ရပါတယ်။ စစ်သားနဲ့ဘုန်းကြီး အတူရောနှောနေပြီး တချို့ဘုန်းကြီးတွေက ကိုယ်တိုင်လက်နက်ကိုင်ထားတဲ့ မြင်ကွင်းက ထိုင်းနိုင်ငံက မူဆလင်တွေအဖို့ ပိုပြီး သီးခြားတစိမ်းတရံဆန်လာမှုကိုတိုးပွားစေပါတယ်။ နိုင်ငံတခုချင်းစီရဲ့ သမိုင်းမှာ အစွန်းရောက်ဗုဒ္ဓဝါဒလမ်းစဉ် သြဇာထွန်းကားလာမှုဟာ သူတို့ရဲ့ ကိုယ်ပိုင်နယ်နိမိတ်အတွင်းမှာသာ ရှိခဲ့ပေမဲ့ အင်တာနက်အသုံးချမှု တိုးပွားလာတာနဲ့အမျှ Facebook သို့မဟုတ် Tweeter ပို့စ်တခုနဲ့တင် အခြေအမြစ်မဲ့ ဘက်လိုက် မလိုမုန်းထားမှုတွေနဲ့ ကောလာဟလတွေဟာ ချက်ခြင်းဆိုသလို မီးလောင်ရာလေပင့်ပေးလိုက်သလို ဖြစ်သွား ပါတော့တယ်။ အကြမ်းဖက်မှုတွေဟာ နယ်ခြားတွေကို အလွယ်တကူ ဖြတ်ကျော်ပြီး ပျံ့နှံ့ဖိတ်လျှံသွားနိုင်ပါတယ်။ ဇွန်လထဲမှာပဲ မြန်မာလူမျိုး သိန်းပေါင်းများစွာ လာရောက် အခြေချပြီး အလုပ်လုပ်ကိုင်နေကြတဲ့ မလေးရှားမှာ မြန်မာ ဗုဒ္ဓဘာသာဝင် အမြောက်အများ အသတ်ခဲ့ခံရပြီး ဒါဟာ မြန်မာပြည်မှာ မူဆလင်တွေ သေဆုံးရတဲ့အတွက် တန်ပြန်ကလဲ့စားချေ လက်တုန့်ပြန်ခြင်းဖြစ်နိုင်ချေရှိတယ်လို့ မလေးရှား အာဏာပိုင် များက ဆိုပါတယ်။

ဘာသာရေးအစွန်းရောက်ဝါဒတွေကို ပြန်ကြည့်မယ်ဆိုရင် ဟိန္ဒူအမျိုးသားရေးဝါဒီတွေ၊ မူဆလင် စစ်သွေးကြွတွေ၊ ကျဉ်းမြောင်းတင်းကျပ်တဲ့အယူရှိတဲ့ သမ္မာကျမ်းစွဲ ခရစ်ယာန်ဝါဒီတွေ၊ ရှေးရိုးစွဲ ခရစ်ယာန်အစွန်းရောက် ဂျူးတွေကြားမှာ ဗုဒ္ဓဘာသာဟာ ဒီလိုကိစ္စမျိုးတွေကနေ ကင်းလွတ်ကြောင်း ကြိမ်ဖန်များစွာ အစမ်းသပ်ခံနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀-ကျော်က ဗုဒ္ဓဘုရားရှင်ဖြစ်သူ သိဒ္ဓတ္ထဂေါတမ ဖြန့်ချီဟောကြားခဲ့တဲ့ အကြမ်းမဖက်ရေးနဲ့ မေတ္တာ ကရုဏာတရားကို ထင်ဟပ်တဲ့ ဘာသာအဖြစ် ကမ္ဘာတလွှားက နားလည်ထားကြပါတယ်။ ဒါပေမဲ့ ဘယ်ဘာသာတရားမဆို ၄င်းတို့ရဲ့ နောက်လိုက်ကျင့်သုံးသူတွေလိုပဲ ဗုဒ္ဓဘာသာဝင်တွေနဲ့ သူတို့ရဲ့ အထွတ်အမြတ် ကိုးကွယ်ရာ သံဃာတွေ ဟာလည်း နိုင်ငံရေး “ပြီး” သူတွေ မဟုတ်ကြဘဲ အခါအခွင့်သင့်ရင် သင့်သလို လူမျိုးရေးခွဲခြားတဲ့ မျက်ကန်းမျိုးချစ်ဝါဒရဲ့ ဖျားယောင်းမှုဒဏ်ကိုလည်း ခံနိုင်ရည်မရှိကြပါဘူး။ အာရှဟာ ဗြိတိသျှအင်ပါယာနဲ့ ဖိနှိပ်မှုတွေ အောက်က နိုးထလာတဲ့အခါ အရေအတွက် အများအပြားရှိတဲ့ ဗုဒ္ဓဘာသာရဟန်းတော်များဟာ သူတို့ရဲ့ စိတ်ဓာတ်ရေးရာ ဦးဆောင်မှုနဲ့အတူ ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့ကြပါတယ်။ တချို့ဟာ သူတို့လမ်းစဉ်နဲ့ ယုံကြည်ချက် အတွက် အစာငတ်ခံ ဆန္ဒပြခဲ့ကြပြီး ကြုံလှီသွားတဲ့ အသားအရည်နဲ့ ငေါထွက်လာတဲ့ နံရိုးအပြိုင်းပြိုင်းဟာ လူဝတ်ကြောင် ဒကာ ဒကာမတွေအတွက် စွန့်လွှတ်အနစ်နာခံမှုကို အထင်းသား ဖော်ပြခဲ့ကြပါတယ်။ ဖိနှိပ်ချုပ်ခြယ်တဲ့ တောင်ဗီယက်နမ်အစိုးရကို လွန်ခဲ့တ့ နှစ်ပေါင်း ငါးဆယ်ကျော်က ကန့်ကွက်ဆန္ဒပြရင်း ပဒုမာသန ထိုင်နည်းနဲ့ ထိုင်လျက် ကနေ မီးလျှံတွေဖုံးလွှမ်းကာ ပျံတော်မူသွားတဲ့ ဗီယက်နမ် ရဟန်းတော် သစ်ခ်ျကွမ်ဒပ်ခ်ရဲ့ ပုံရိပ်ဟာ အထင်ရှားဆုံး ပြယုဂ် တခု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ၂၀၀၇-ခုနှစ်မှာတော့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေဟာ မြန်မာပြည်မှာ ထင်ရှားတဲ့ ဒီမိုကရေစီရေး လှုပ်ရှားထကြွမှုတခုကို ဦးဆောင်ခဲ့ကြပါတယ်။ သပိတ်တွေ လွယ်ထားတဲ့ သံဃာတန်းကြီးများစွာဟာ စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြရင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်နေတဲ့ ပုံရိပ်တွေအပေါ် (သူတို့ကို သတ်ဖြတ်ခဲ့ကြတဲ့ စစ်သားတွေဆီက မရခဲ့ရင်တောင်မှ) တကမ္ဘာလုံးက ကရုဏာသက်ခဲ့ကြပါတယ်။ ဒါပေမဲ့ လူမှုရေးလှုပ်ရှားတက်ကြွမှုတွေ ဘယ်နေရာမှာ အဆုံးသတ်ပြီး နိုင်ငံရေးစစ်သွေးကြွမှုတွေ ဘယ်နေရာက စပါသလဲ။ ဘာသာတိုင်းဟာ အတွေးအခေါ် အယူအဆတွေကြောင့် အဆိပ်ခတ်ခံရပြီး အဖျက်အင်အားစု အဖြစ် မူလအုတ်မြစ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် ပြောင်းလဲသွားနိုင်ပါတယ်။ အခုတော့ ဗုဒ္ဓဘာသာရဲ့ အလှည့်ကျလာပါပြီ။

အမုန်းတရား၏မန္တရား

ဘေးက နံရံပေါ်မှာ သူ့ရဲ့ ကိုယ်လုံးပြည့်ပကတိလူအရွယ်ပုံကြီးက ဖုံးလွှမ်းလို့ မန္တလေး မစိုးရိမ်တိုက်သစ်ရဲ့ စင်မြင့်ပေါ်မှာ တင်ပလ္လင်ခွေထိုင်နေတဲ့ ဦးဝီရသူက သူ့ရဲ့ ကမ္ဘာ့အမြင်ကို အသေးစိတ် ရှင်းလင်းဟောကြားပါတယ်။ အမေရိကန် သမ္မတ ဘားရက်အိုဘားမားဟာ “လူမည်း မူဆလင်သွေး ရောနှော စွန်းထင်နေသူ” ဖြစ်တယ်။ သူ့နာမည်ကို အာရပ် အကြမ်းဖက် သမားတယောက်ရဲ့ နာမည်နဲ့ ဆက်စပ်ပြီး ခေါ်ဝေါ်နေတာကို အရွဲ့တိုက်တယ်လို့ မမြင်ပေမဲ့ အာရပ်တွေဟာ ကုလသမဂ္ဂကို အပိုင်စီးထားကြပြီဖြစ်ကြောင်း သူယုံကြည်ပါတယ်။ မြန်မာပြည်က မူဆလင် ၉၀% လောက်ဟာ “အစွန်းရောက် လူဆိုး” တွေလို့ ၂၀၀၃-ခုနှစ်မှာ မူဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ် ခုနစ်နှစ် ကျခံခဲ့ရသူ ဦးဝီရသူက ပြောပါတယ်။ အခုအခါ ဗုဒ္ဓဘာသာရဲ့ ဂုဏ်တော်တရားများစွာကို ကိုယ်စားပြုထားတဲ့ ဂဏန်းဖြစ်တဲ့ ၉၆၉-လို့ ခေါ်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို ကိုယ့်အချင်းချင်းသာ ဆက်ဆံကြဖို့ စည်းရုံးလှုံ့ဆော်တဲ့ လှုပ်ရှားမှုတရပ်ကို သူဟာ ဦးဆောင်နေပြန်ပါတယ်။ “ကိုယ့်အမျိုးဘာသာကို စောင့်ရှောက်ဖို့က ဒီမိုကရေစီထက် ပိုအရေးကြီးတယ်” လို့ ဦးဝီရသူက မိန့်ပါတယ်။ အခြေခံလမ်းစဉ် အနည်းအကျဉ်းလောက်နဲ့ သူ့တယူသန်အမြင်အပေါ်ဖက်တွယ်ပြီး (လောကီ) ပညာ မတတ်တဲ့ စည်းအပြင်ကလူ အဖြစ်၊ မိဘတွေက ကျွေးဖို့ ပါးစပ်တပေါက်လျော့သွားရင် တော်ပြီဆိုပြီး ဘုန်းကြီးကျောင်းမှာ သွားထားတာ ခံခဲ့ရတဲ့ ကလေးရှစ်ယောက်ထဲက တယောက်အဖြစ် ဦးဝီရသူကို အရေးမစိုက်ဘဲ ပစ်ပယ်လိုက်ဖို့ လွယ်ပါလိမ့်မယ်။ ဒါပေမဲ့ ဦးဝီရသူဟာ ဆွဲဆောင်မှုအားကောင်းပြီး သြဇာပြည့်ဝသူဖြစ်တဲ့အပြင် သူ့ရဲ့အမြင်၊ စကားတွေ ဟာ ပဲ့တင်ထပ်သွားပါတယ်။ နိုင်ငံမှာ လူများစုဖြစ်တဲ့ ဗမာလူမျိုးစုအတွင်းနဲ့ အာရှရဲ့ ဗုဒ္ဓဘာသာဝင်တွေအကြားမှာပါ အစ္စလာမ်ဘာသာဟာ တချိန်က ဗုဒ္ဓဘာသာမြေတွေ ဖြစ်ခဲ့တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်တွေကို အောင်မြင်လွှမ်းမိုးပြီး ဖြစ်နေတာကြောင့် သူတို့ရဲ့ ဘာသာဟာ စီးနင်းသိမ်းပိုက်ခံနေရတယ်၊ အစကဒ်ပြားလဲသွားရင် ကျန်တာအကုန် ပြိုဆင်းသွားနိုင်တယ် ဆိုတဲ့ ဝိုးတဝါးအာရုံသိ ရှိနေကြပါတယ်။ သက်သေသာဓက မရှိဘဲတောင်မှ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေက ပြည်တွင်းမူဆလင်လူဦးရေဟာ သူတို့တွေထက် ပိုပြီး မြန်မြန်ဆန်ဆန် တိုးပွား နေတယ်လို့ စိုးရိမ်ထိတ်လန့်နေကြပြီး အရှေ့အလယ်ပိုင်းက ငွေကြေးတွေဟာ ဗလီအသစ်တွေ ဆောက်ဖို့ သွန်ချနေတာ ကိုလည်း စိုးရွံ့နေကြပါတယ်။ ၂၀၁၁-ခုနှစ်မှာ မြန်မာနိုင်ငံဟာ စစ်အစိုးရက အရပ်သားတပိုင်း အစိုးရကို လမ်းဖွင့်ပေးပြီး ပြုပြင်ပြောင်းလဲရေးတွေ စတင်လာကတည်းက စစ်တပ်ကို သူတို့ရဲ့ ဖိနှိပ်အုပ်ချုပ်ခဲ့မှုတွေအတွက် တာဝန်ခံဖို့ စည်းရုံးဆော်သြခဲ့တာဟာ လူနည်းနည်းပဲ အံ့သြစရာကောင်းလောက်အောင် ရှိခဲ့ပါတယ်။ ဒီလို အေးချမ်းတည်ငြိမ် သည်းခံ တတ်တဲ့ စိတ်မျိုးဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ခွင့်လွှတ်တတ်ခြင်းတရားနဲ့ ပြည့်ဝတဲ့စိတ်ဓာတ်ကို ထင်ဟပ်ပေါ်လွင်စေခဲ့ ပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်ရဲ့ ဒီမိုကရေစီဖော်ဆောင်မှုဟာ လူမျိုးတုန်းသုတ်သင်ရှင်းလင်းရေးကို နှီးနွယ်နေတဲ့ အယူအဆများနဲ့ ပတ်သက်တဲ့ အစွန်းရောက်တို့ရဲ့ အသံတွေကိုလည်း ဖြေလွှတ်လို့ တိုးပွားလာအောင် လမ်းဖွင့်ပေး ခဲ့ရပါတယ်။ ပြဿနာတွေက အချိုးအစားမညီမျှတဲ့ ဒေသခံဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေအကြား ပဋိပက္ခတွေဖြစ်ပွားပြီး မူဆလင်အများအပြား အသက်ပေးခဲ့ရတဲ့ အနောက်ဖျားဒေသတွေမှာ မနှစ်က စတင်ခဲ့ပါတယ်။ ဓားလွတ်တွေ ကိုင်ဆွဲထားတဲ့ ဗုဒ္ဓဘာသာ လူအုပ်ကြီးတွေက ရိုဟင်ဂျာကျေးရွာတွေကို တိုက်ခိုက်ခဲ့ကြပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အဆိုအရ ဇနပုဒ်တခုက တနေကုန်တနေခမ်း ကြာမြင့်အောင် အစုလိုက်အပြုံလိုက် သတ်ဖြတ် သုတ်သင်မှု တခုမှာ မူဆလင် ၇၀-ခန့် အသတ်ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။ အစိုးရက စုံစမ်းစစ်ဆေးမှု အနည်းငယ်သာ ပြုလုပ်ခဲ့တဲ့ ဒီလို လူမျိုးစုခြင်း အကြမ်းဖက်မှုတွေဟာ အဲဒီကတည်းကစပြီး နိုင်ငံရဲ့ တခြားဒေသတွေကို ပျံ့နှံ့ကူးစက် ဝင်ရောက်သွားပါတော့တယ်။ မတ်လမှာ ဒါဇင်ပေါင်းများစွာ အသတ်ခံခဲ့ရပြီး ဗလီတွေ အိမ်တွေ မီးရှို့ခံရတာကြောင့် သောင်းပေါင်းများစွာသော လူတွေဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ကလေးတွေဟာ အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရပြီး အမျိုးသမီးတွေဟာ မီးရှို့သတ်ခံခဲ့ရပါတယ်။ ဖြစ်ရပ်အများအပြားမှာ ရဟန်းတွေဟာ သွေးရူးသွေးတမ်း ထိန်းမနိုင် သိမ်းမရ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေကို လှုံ့ဆော်နေတာ တွေ့မြင်ရပါတယ်။ မတ်လနှောင်းပိုင်းမှာ သယ်ယူပို့ဆောင်ရေး အချက်အခြာဖြစ်တဲ့ မိတ္ထီလာမြို့ဟာ နေ့ပေါင်းများစွာ မီးလောင်နေပြီး မူဆလင်တွေက ရဟန်းတပါးကို သတ်ဖြတ်အပြီး မူဆလင်ရပ်ကွက်တခုလုံးဟာ ဗုဒ္ဓဘာသာ လူအုပ်ကြီးက ရှို့တဲ့ မီးတောက်မီးလျှံ တွေ အတိနဲ့ လောင်ကျွမ်းနေပါတယ်။ (တရားဝင် သေဆုံးသူအရေအတွက်အရ ဗုဒ္ဓဘာသာ နှစ်ဦးနဲ့ အနည်းဆုံး မူဆလင် ၄၀-လို့ ဆိုပါတယ်။) မူဆလင် ထောင်ပေါင်း များစွာဟာ သတင်းထောက်တွေကို ဝင်ခွင့်မပေးဘဲ တားမြစ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ ပြည့်သိပ်နေ ပါတယ်။ ဒေသခံ မဒရာဆာကျောင်းက အသတ်ခံခဲ့ရတဲ့ ကျောင်းသား အနည်းဆုံး နှစ်ဆယ်လောက်ထဲက တယောက် ဖြစ်တဲ့ အသက် ၁၅-နှစ်အရွယ် အဗ္ဗဒူလ်ရာဇတ်ရှာဘန်ရဲ့ မိသားစုနဲ့ ကျနော် တွေ့ဆုံနိုင်ခဲ့ပါတယ်။ ရာဇတ်ရဲ့အသက်ဟာ ခေါင်းကို သံတွေထိုးထိုးထောင်ထောင်နဲ့ သစ်သားပြားကြီးတခုနဲ့ အရိုက်ခံရတဲ့အခါ ချုပ်ငြိမ်းသွားခဲ့ရပါတယ်။ “ကျမရဲ့ သားဟာ မူဆလင်မို့ အသတ်ခံခဲ့ရတာပါ။ တခြားဘာကြောင့်မှ မဟုတ်ပါဘူး” လို့ ရာဇတ်ရဲ့ မိခင်ဖြစ်သူ ရာဟာမာဘီက မီးလောင်ကျွမ်းသွားတဲ့ ဗလီတခုရဲ့ နောက်ခံအရိပ်အောက်မှာ ကျနော့်ကို ပြောပါတယ်။

ကျောင်းတော်နှင့် နိုင်ငံတော်

အစ္စလာမ်ကို မောင်းနှင်ထုတ်ပြီး ဗုဒ္ဓဘာသာ အဓိကလွှမ်းမိုးထားရေးကို အာမခံပေးမယ့် အိပ်မက်တွေဟာ သီရိလင်္ကာရဲ့ အင်အား အတောင့်တင်းဆုံး ဗုဒ္ဓဘာသာ အဖွဲ့အစည်းဖြစ်ပြီး အမည်အားဖြင့် ဗုဒ္ဓဘာသာအင်အား တပ်မတော် လို့ အဓိပ္ပာယ်ရတဲ့ ဗုဒ္ဓဗလသေန (ဗဗသ) (Bodu Bala Sena - BBS) အဖွဲ့အစည်းကို သက်ဝင်လှုပ်ရှားစေခဲ့ပါတယ်။ ဖေဖော်ဝါရီလထဲမှာ သီရိလင်္ကာရဲ့ မြို့တော် ကိုလံဘိုရဲ့ ဆင်ခြေဖုန်းတနေရာမှာ ကျင်းပခဲ့တဲ့ အဖွဲ့ရဲ့ နှစ်ပတ်လည် ညီလာခံမှာ ရဟန်းတော် အပါး ၁၀၀-ကျော်က ချီတက်မှုကို ဦးဆောင်ခဲ့ပြီး နောက်လိုက်နောက်ပါ များက ဗုဒ္ဓသာသနာ့ အလံတွေကို ကိုင်စွဲရင်း သူတို့ရဲ့ ညာဘက်လက်ကို ရင်ဘတ်ပေါ်ယှက်တင်ရင်း သူတို့ရဲ့ ဘာသာတရားကို ကာကွယ်ဖို့ ကတိသစ္စာပြုခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ တနှစ်ကမှ ဖွဲ့စည်းခဲ့တဲ့ ဗဗသအဖွဲ့က ကမ္ဘာ့ ရှေးအကျဆုံး ဗုဒ္ဓဘာသာ နိုင်ငံအဖြစ် ဆက်တိုက်တည်ရှိခဲ့တဲ့ သီရိလင်္ကာဟာ သူ့ရဲ့ စိတ်ဓာတ်ရင်းမြစ်တွေကို အခိုင်အမာ ပြန်လည်ဖော်ထုတ်ဖို့ လိုအပ်နေပြီ လို့ အထူးတလည် တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒီအဖွဲ့က အစိုးရကျောင်းတွေမှာ ရဟန်းတော်တွေ သမိုင်းကို သင်ကြား ပေးစေလိုပြီး နိုင်ငံလူဦးရေရဲ့ ၉%ဟာ မူဆလင်တွေ ဖြစ်နေလင့်ကစား ဘာသာရေးအရ ခေါင်းမြီးခြုံမှုတွေ ပိတ်ပင်တားမြစ် ပေးစေလိုနေပါတယ်။ ဗဗသ အထွေထွေအတွင်းရေးမှူးနဲ့ ရဟန်းတော်တပါးဖြစ်သူ ဂါလဗုဒ္ဓ အတ္တတိ ဂန္ဓသာရ ထေရ က အဖွဲ့ကြီးရဲ့ နှစ်ပတ်လည် ညီလာခံမှာ “ဒါဟာ ဗုဒ္ဓဘာသာ အစိုးရဖြစ်တယ်။ ဒါဟာ ဗုဒ္ဓဘာသာ တိုင်းပြည်ဖြစ်တယ်” လို့ မိန့်ကြားခဲ့ပါတယ်။ ဗဗသက ရဟန်းတွေလိုပဲ သဘောထားတင်းမာတဲ့ ရဟန်းတော်တွေဟာ အထူးသဖြင့် ဟိန္ဒူ လွတ်မြောက်ရေး တမီလ်အီလမ်ကျားသူပုန်တွေနဲ့ ၂၆-နှစ်ကြာ စစ်ပွဲ လွန်ခဲ့တဲ့ လေးနှစ်တုန်းက အဆုံးသတ်သွား ကတည်းက လူနည်းစု ခရစ်ယာန်နဲ့ မူဆလင်တွေဘက် လှည့်လာကြပါတယ်။ ရှေးရိုးစွဲဝါဒီ သမ္မတ မဟိန္ဒာရာဇပဿ ၂၀၀၅-ခုနှစ်မှာ ရွေးခြယ်ခံရပြီးနောက်မှာ ဗုဒ္ဓဘာသာ လွှမ်းမိုးရေးဝါဒီ အုပ်စုတွေဟာ သြဇာအာဏာ ပိုရှိလာကြပါတယ်။ မကြာသေးခင်လများက သူတို့ရဲ့ ခြိမ်းခြောက်ရေး လှုပ်ရှားမှုတွေမှာ မူဆလင်ပိုင် အထည်ဆိုင်တဆိုင်၊ ခရစ်ယာန် သင်းအုပ်ဆရာအိမ်တအိမ်နဲ့ မူဆလင်တို့နဲ့ ဆက်စပ်နေတဲ့ သားသတ်ရုံတရုံကို တိုက်ခိုက်ကြတာတွေ ပါဝင်ခဲ့ပါတယ်။ ဒီလို လှည့်လည်သောင်းကျန်းနေကြတဲ့ လူတွေကို ဦးဆောင်နေတဲ့ ရဟန်းအချို့ကို ဗီဒီယိုပေါ်မှာ ရိုက်ကူးမှတ်တမ်းတင် ထားတာ တွေ့ရပေမဲ့လည်း ဘယ်သူမှ အရေးယူ မခံခဲ့ရပါဘူး။ သီရိလင်္ကာမှာ ရဟန်းတော်တွေ သြဇာလွှမ်းမိုးတဲ့ ပါတီက အစိုးရအဖွဲ့မှာ ညွန့်ပေါင်းအဖွဲ့ဝင်အဖြစ်ပါဝင်လာခြင်းနဲ့အတူ ကျောင်းတော်နဲ့ နိုင်ငံတော်ဟာ တကယ့်ကို ပိုမိုနီးစပ်စွာ ကြီးထွားလာပါတော့တယ်။ မတ်လမှာ ဗဗသအဖွဲ့က ကြီးမှူးတည်ထောင်တဲ့ ဗုဒ္ဓဘာသာ ခေါင်းဆောင်မှုအကယ်ဒမီ ဖွင့်ပွဲ မှာ အထူးဂုဏ်သရေရှိ ဧည့်သည်တော် အဖြစ် တက်ရောက်လာခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီး နဲ့ သမ္မတရဲ့ ညီဖြစ်သူ ဂေါတဘယ ရာဇပဿဖြစ်ပြီး “ကျနော်တို့တိုင်းပြည်နဲ့ အမျိုးဘာသာကို ကာကွယ်နေတာဟာ ရဟန်းတော်တွေပါပဲ” လို့ မိန့်ကြားသွားခဲ့ပါတယ်။

လက်နက်ထဲက ဆွမ်း

ထိုင်းနိုင်ငံ တောင်ဘက်စွန်းမှာတော့ အကူအညီလိုအပ်နေတာက ရဟန်းတော်တွေဖြစ်ပြီး တချို့တွေကတော့ သူတို့ရဲ့ ကြံရာမရဖြစ်မှုကနေ ဗုဒ္ဓဘာသာရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ ဆန့်ကျင်တဲ့ နည်းလမ်းတွေကို ခိုတွယ်အားကိုးကြရပါ တော့တယ်။ တောင်ပိုင်း ပြည်နယ်တွေဖြစ်တဲ့ ပတ္တနီ၊ ယာလနဲ့ နရသီဝပ်ပြည်နယ်တွေဟာ လွန်ခဲ့တဲ့ ရာစုနှစ် အစောပိုင်း ကာလတွေမှာ ဗုဒ္ဓဘာသာကို နက်နက်ရှိုင်းရှိုင်း သက်ဝင်ယုံကြည်တဲ့ ထိုင်းနိုင်ငံက ဒီဒေသကို မသိမ်းပိုက်မီအထိ မလေး ဆူလတန်စော်ဘွား နယ်မြေရဲ့ အစိတ်အပိုင်းတခုအဖြစ် တည်ရှိခဲ့ဖူးပါတယ်။ ဒီဒေသ လူဦးရေရဲ့ အနည်းဆုံး ၈၀% လောက်ဟာ မူဆလင်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ခွဲထွက်ရေးသောင်းကျန်းမှု အရှိန်ကောင်းလာတဲ့ ၂၀၀၄-ခုနှစ် ကတည်းက စလို့ ကျောင်းဆရာတွေ၊ စစ်သားတွေ၊ အစိုးရဝန်ထမ်းတွေ အစရှိတဲ့ ဗုဒ္ဓဘာသာဝင် အများအပြားဟာ ထိုင်းနိုင်ငံတော်နဲ့ ဆက်နွယ်နေတဲ့ သူတို့ရဲ့ ရာထူးတွေအရ ပစ်မှတ်ထား ခံခဲ့ကြရပါတယ်။ ရဟန်းတော် ဒါဇင်ပေါင်း များစွာ ဟာလည်း အတိုက်အခိုက် ခံခဲ့ကြရပါတယ်။ အခုအခါ ထိုင်းစစ်တပ်နဲ့ တခြားလုံခြုံရေးတပ်ဖွဲ့တွေဟာ ဝတ်ကျောင်းတော်တွေလို့ သိကြတဲ့ ထိုင်းဗုဒ္ဓဘာသာကျောင်းတွေထဲကို ရွှေ့ပြောင်းဝင်ရောက်ပြီး ရဟန်းတော်တွေ မနက်တိုင်း ဆွမ်းခံကြွကြတဲ့အခါ စစ်သားတွေက အတူလိုက်ပါပေးကြရပါတယ်။ “တခြားနည်းလမ်းမရှိဘူး” လို့ ဗိုလ် ဆဝိုင်းခွန်ဆစ်က ပြောကြားပါတယ်။ “ဗုဒ္ဓဘာသာကို သေနတ်တွေကနေ ထပ်ပြီးခွဲခြားထားလို့ မရတော့ပါဘူး” တဲ့။ ပတ္တနီမြို့ထဲက ဝပ်လပ်မွမ်ကျောင်းတော်မှာ ရဟန်းတော် ဆယ်ပါးနဲ့ စစ်သား ၁၀၀-လောက် ရှိနေပါတယ်။ ပြန့်ကျဲနေတဲ့ ကျောင်းဝင်းထဲမှာမူလစေတီကို ထိုင်းတပ်မတော်ရဲ့ အမှတ်-၂၃ ခြေလျင်တပ်ရင်းအတွက် စစ်ဆင်ရေးကွပ်ကဲမှုစခန်းအဖြစ် သိမ်းပိုက်ထားရပြီး ဒီမြင့်မြတ်တဲ့ ဘာသာရေးအဆောက်အဦးရဲ့ အခြေအလယ်ပိုင်းကို ပုံဖျက်ပိုက်ကွန်တွေနဲ့ ဖုံးအုပ်ထား ပါတယ်။ နှစ်စဉ်နှစ်တိုင်း ထောင်ပေါင်းများစွာသော ဗုဒ္ဓဘာသာ စေတနာ့ဝန်ထမ်းတွေကို သူတို့ ကျေးရွာတွေကို ကာကွယ် စောင့်ရှောက်ဖို့ရာ လက်နက်တပ်ဆင်ထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ထဲ ဝင်ရောက်ဖို့ ဒီကျောင်းမှာ သင်တန်းပေးပါတယ်။ ၁၆-နှစ်တိုင်တိုင် ရဟန်းဝတ်ခဲ့ပြီး အခု ကျောင်းတော်ကို စောင့်ရှောက်နေတဲ့ ဖရာ့ပလဒ်ဆုသီဖောင်း ပူရတ်ဆာရိုက သူ သင်္ကန်းကို ရုံထားတုန်းမှာပဲ ပစ္စတို သုံးလက် ပိုင်ဆိုင်ထားခဲ့ကြောင်း ဝန်ခံပါတယ်။ “ဗုဒ္ဓဘာသာဝင်တယောက် အနေနဲ့တော့ နည်းနည်း အပြစ်မကင်းသလိုမျိုး ခံစားကောင်း ခံစားရမှာပေါ့” လို့ ပြောပါတယ်။ “ဒါပေမဲ့ ကျနော်တို့ ကိုယ့်ကိုကိုယ် ကာကွယ်ရမယ်လေ” တဲ့။ ဗုဒ္ဓဘာသာဝင်တွေဟာ သူတို့ ဘုန်းကြီးကျောင်းတွေထဲမှာ စစ်သားတွေရှိနေ တာကြောင့် ပိုပြီး အကာအကွယ်ရတယ်လို့ ခံစားရရင်တော့ မူဆလင်တွေအတွက် ဒါဟာ တခြားတခုကို အချက်ပေးလိုက် သလိုပါပဲ။ “ဘုန်းကြီးကျောင်းတွေထဲ စစ်သားတွေကို ဖိတ်ခေါ်ထားခြင်းအားဖြင့် နိုင်ငံတော်ဟာ ဘာသာရေးကို စစ်ရေးနဲ့ ထိမ်းမြားမင်္ဂလာပြုလိုက်တာပဲ” လို့ အိုဟိုင်းယိုးမှာရှိတဲ့ ယန်းစတောင်းပြည်နယ်တက္ကသိုလ်က ဘာသာရေးလေ့လာမှု ဆိုင်ရာ လက်ထောက်ပါမောက္ခ နဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ပဋိပက္ခတွေမှာ ဗုဒ္ဓဘာသာရဲ့ အခန်းကဏ္ဍအကြောင်း စာအုပ် တအုပ် ရေးသားခဲ့တဲ့ စာရေးဆရာတဦး ဖြစ်သူ မိုက်ကယ်ဂျယ်ရီဆန်က ဆိုပါတယ်။ “ဗုဒ္ဓဘာသာဝင်တွေဟာ ကျမတို့ကို ထိုင်းလူမျိုးတွေအဖြစ် ဘယ်တုန်းကမှ မယူဆခဲ့ဘူး” လို့ အခြား လူ ၁၅-ယောက်နဲ့အတူ ဖေဖော်ဝါရီလမှာ ထိုင်းရေတပ်အခြေစိုက်စခန်းတခုကို ဝင်စီးနင်းဖို့ ကြိုးပမ်းမှုအပြီး ထိုင်း မရင်းတပ်သားတွေက သတ်ပစ်တာ ခံလိုက်ရတဲ့ သောင်းကျန်းသူလို့ သံသယဖြစ်ဖွယ်ရှိတဲ့သူတယောက်ရဲ့မိခင် ဆူမိုမာခေးက ပြောပြန်ပါတယ်။ “ဒါဟာ ကျမတို့မြေပေမဲ့ ကျမတို့က အပြင်လူတွေပါ” လို့ ဆက်လက် ပြောကြားပါတယ်။ ဒါတွေ အားလုံးအပြီးမှာတော့ မူဆလင်တွေဟာလည်း တောင်ဘက်စွန်းမှာ ထိတ်လန့်တုန်လှုပ်စွာနဲ့ ပြေးလွှားနေကြရတာပါပဲ။ အကြမ်းဖက်မှုတွေမှာ သေဆုံးကြရတဲ့ အများစုကတော့ ဗုဒ္ဓဘာသာတွေထက် ပိုများပြီး ဘယ်သူဘယ်ဝါရယ် မခွဲခြားတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဒါမှမဟုတ် သူတို့ ဟာ နိုင်ငံတော်နဲ့ တနည်းတဖုံးဆက်စပ်နေတယ် ဆိုတာတွေမှာ အသက်ပေးသွားကြရတာပါပဲ (လူဦးရေ အချိုးအစား အလိုက် ကြည့်မယ် ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်တွေ သေကြရတာက ပိုများပါတယ်)။ ဒါနဲ့တောင် ဘုန်းကြီး တပါးပြိးတပါးက မူဆလင်တွေဟာ ဗလီတွေကို လက်နက်တွေ သိုလှောင်ဖို့ အသုံးချနေတာ၊ ဒါမှမဟုတ်ရင်လည်း အီမန် (အစ္စလာမ်ဘာသာရေးခေါင်းဆောင်) တိုင်းက သေနတ်တွေ ကိုင်ထားကြတာဆိုပြီး ကျနော့်ကို ပြောကြပါတယ်။ “အစ္စလာမ်ဟာ အကြမ်းဖက်တဲ့ ဘာသာပဲ” လို့ မရင်းတပ်သားတဖြစ်လဲ ဘုန်းကြီး ဖရာ့တုံဂျီရတမို က ဆိုပါတယ်။ “ဒါကို အားလုံးသိကြပါတယ်”။ ဒါကတော့ ဗမာဘင်လာဒင်က ထောက်ခံပေးမယ့် သဘောထားပါပဲ။ ဦးဝီရသူ ဟာ သူ့ဘာသာတရားရဲ့ ငြိမ်းချမ်းတဲ့ သုတ္တန်တရားတော်တွေနဲ့ သူ့ရဲ့ ဗမာအများစုဖြစ်တဲ့ အမိမြေတလျှောက် ပျံ့နှံ့ နေတဲ့ မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေကို ဘယ်လိုများ ဆက်စပ်ယူမှာပါလိမ့်။ “ဗုဒ္ဓဘာသာမှာ ကျုပ်တို့ကို တိုက်စစ်ဆင်ခွင့် ပြုမထားပါဘူး” လို့ သူက ကျနော့်ကို မိန့်ကြားပါတယ်။ “ဒါပေမဲ့ ကျုပ်တို့ လူ့အဖွဲ့အစည်းကို ကာကွယ်ဖို့တော့ ကျုပ်တို့မှာ အခွင့်အရေးအပြည့်ရှိတယ်” လို့ ဆက်မိန့်ကြားပါတယ်။ နောက်ပိုင်းတော့ ညနေပိုင်း တရားနာပရိဿတ်ကို သူတရားဟောဖို့သွားတဲ့အခါမှာပြုံးရွှင်နေတဲ့ အိမ်ရှင်မတွေ၊ ကျောင်းသားတွေ၊ ဆရာတွေ၊ အဖွားအိုတွေနဲ့ တခြားသူတွေကို သူ့နောက်က လိုက်ဆိုစေဖို့ သူလှုံ့ဆော်နေတာကို နားထောင်နေမိပါတယ် ... “ဗမာ လူမျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်ပါ၏” တဲ့။ ဒါပေမဲ့လည်း ဗုဒ္ဓဘာသာဝင်တွေရဲ့ ခွင့်လွှတ်သည်းခံခြင်းတရားဟာ ဘယ်လိုမှ မျှော်လင့်မထားမိတဲ့နေရာမျိုးမှာ ရှားရှားပါးပါး တည်ရှိနေပါသေးတယ်။ ၂၀၁၁-ခုနှစ် ဗုံးတလုံးပေါက်ကွဲစဉ်မှာ ဝပ်လပ်မွမ်ကျောင်းတော်က ဘုန်းတော်ကြီးတပါး ဖြစ်တဲ့ ဝပ်ချရာပေါင်ဆွတ်သ ဟာ စစ်သားတွေ စောင့်ရှောက်လိုက်ပါပေးရင်း နံနက်ပိုင်း ဆွမ်းခံကြွနေဆဲ ဖြစ်ပါတယ်။ သူ့ ခန္ဓာကိုယ် အောက်ပိုင်းတပိုင်းလုံး ဗုံးဆံအစအနတွေက ရတဲ့ အမာရွတ်တွေနဲ့ ပြည့်နှက်ဖုံးလွှမ်းနေပါတယ်။ အခုအချိန်မှာ အသက် ၂၉-နှစ်အရွယ်ရှိပြီး လူဝတ်လဲထားတဲ့ ဝပ်ချရာပေါင်ဟာ သွေးလန့်နေဆဲဖြစ်ပြီး ကဏှာမငြိမ်တဲ့ မျက်လုံးတွေနဲ့ ခန္ဓာကိုယ်တခုလုံးကလည်း ဆန့်ငင်ဆန့်ငင်နဲ့ အကြောဆွဲနေရှာပါတယ်။ ဒါပေမဲ့ သူက သူ့ကိုတိုက်ခိုက်တဲ့ ဘာသာတရား တခုလုံးကို အပြစ်မတင်ရှာပါဘူး။ “အစ္စလာမ်ဘာသာဟာ ဗုဒ္ဓဘာသာလို၊ တခြားဘာသာ အားလုံးလိုပဲ ငြိမ်းချမ်းတဲ့ ဘာသာတခုပါ” လို့ သူက ဆိုပါတယ်။ “ကျုပ်တို့က မူဆလင်တွေကို အပြစ်တင်နေရင် သူတို့ကလည်း ကျုပ်တို့ကို အပြစ်ပြန်တင်မှာပါပဲ။ ဒါနဲ့ပဲ ဒီအကြမ်းဖက်မှုတွေဟာ ဘယ်တော့မှ ဆုံးတော့မှာ မဟုတ်ပါဘူး”


Time Magazine, Vol. 182, No. 1, 20 June, 2013 ၏ မျက်နှာဖုံးဆောင်းပါး "The Face of Buddhist Terror" ကို အပြည့်အစုံ ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။

ဟယ်ရီလွင်


Cover Credit: PHOTOGRAPH BY ADAM DEAN / PANOS FOR TIME

Read More...

Wednesday, 19 June 2013

ဒေါင်းမိခင်တပါး

ဒေါင်းမိခင်တပါး


မရှောင်စတမ်း၊
အရောင်လန်းပေရဲ့၊
အောင်ဆန်းတဲ့စုကြည်။

မြန်မာပြည်ဝယ် အခြေပြုပါတဲ့၊
ဇာနည်ကြယ် အမေစုဟေ့၊
မြေထုကိုတဲ့ သက်သေတည်။

အဖေ့သွေးပေမို့၊
ရှေ့ရေးကို သူမြော်မြင်၊
ပေါ်ပင်တွေ သူ မလိုက်၊
လူကြိုက်စေရေး မဟစ်ပါ၊
လူမိုက်တွေတွေး အပြစ်ရှာလည်း၊
ချစ်ရှာဆဲပါ သူ့တိုင်းပြည်၊
တုနှိုင်းမမီ ပြိုင်စံရှား။

အမှန်မြင်၊
ဉာဏ်ယှဉ်ကာ ပညာရှိပေမို့၊
အစဉ်သာသတိနဲ့ သူအမြဲဆို၊
အယူလွဲကို အားမပေး၊
အမှားအတွေးဘက် သူမယိမ်းရုံမက၊
အများအရေးတွက် အယူမတိမ်းပါဘူး၊
လူပြိန်းတွေ နားမဝင်လည်း၊
အားအင်မြဲထည့် ဇွဲညီညီ၊
ရဲနီနီ မပြောင်းဝိညာဉ်နဲ့
အမြဲတည်ကြည် ကောင်းသတိယှဉ်တဲ့၊
ဒေါင်းမိခင်တပါး။ ။

ဒေါ်အောင်ဆန်းစုကြည် ၆၈-နှစ်မြောက် မွေးနေ့မင်္ဂလာ အား ဂုဏ်ပြုလျက် ...
အမေစု သက်တော်ရာကျော်ရှည်၍ ကျန်းမာချမ်းသာလန်းဖြာစွာဖြင့် ဆက်လက်၍ ပြည့်ကျိုးဆောင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သရင်း ဤကဗျာဖြင့် ကန်တော့ပန်း ဆင်လိုက်ပါသည်။

ဟယ်ရီလွင်

သရုပ်ဖော် ပန်းချီ - ဗညားလင်း
(အချောမသပ်ရသေးတဲ့ ပုံတောင် တော်တော်ကောင်းနေပါပြီ ... ကြိုက်လွန်းလို့ ခွင့်တောင်းပြီး တင်လိုက်တာပါ)

Read More...

Tuesday, 28 May 2013

မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၂၈)

အက္ခရာ အသတ် အလိုက် ချီနည်းချနည်းများ

စာလုံးရေလိုက် ချနည်းတွေအပြင် “အသတ်” အက္ခရာနဲ့ အချပိုဒ် ရေးဖွဲ့ပုံကို ကြည့်ပြီး ခေါ်တဲ့ ချနည်းတွေလည်း ရှိပါသေးတယ်။ ဒီနည်းတွေ မှာကတော့ အားလုံးဟာ ၇-လုံးချ ချည်းပဲ ဖြစ်ပါတယ်။

ထူးဆန်းထွေလာ
ပိုဒ်စုံသုံးပိုဒ်လုံး အရှည်အတို မညီ၊ အချီအချ မတူဘဲ ရေးဖွဲ့ထားတဲ့ ရတုမျိုးကို ခေါ်ပါတယ်။ ကာရန်နည်းနည်း ကွဲလွဲပြီး ချထား တာမျိုး ဖြစ်ပါတယ်။ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၃၃၆၊ ၃၃၇၊ ၃၃၈ တို့မှာ လောကီကိုးရာ .... ဦးထက်ဆင်ရ သည်ဘုရား။ ဗောဓိမျိုးလျာ ... ဗိုလ်ပေါင်းရွှင်ပျ သည်ဘုရား။ မောဠိစိုးကာ ... မတ်များတင်ကြသည်ဘုရား။ ဆိုပြီး မန်လည်ဆရာတော်ကြီးက ရေးဖွဲ့ထားပါတယ်။ ဒါကြောင့် ရတုမှာ အချီအချ မညီလည်း ရေးလို့ရပါတယ်။ အချီပဲညီပြီး အချမညီလည်း ရပါတယ်။ အချီအချ ညီမှ ရတုခေါ်တာ မဟုတ်ဘူး ဆိုတာ သိနိုင်ပါတယ်။ နဝဒေးရတု အမှတ်-၇၇၊ ဟင်သာဝတီမြို့ဘွဲ့ရတု နဲ့ အမှတ်-၇၈ အင်းဝမြို့ဘွဲ့ ရတုမှာလည်း ဒီနည်းနဲ့ ချီထားချထားပါတယ်။ နဝဒေးရတု အမှတ်-၈၂ ဥဒေါင်းမ အမေးရတု၊ ၈၃ ဥဒေါင်းဖို အဖြေ အလိုက်ရတု တွေမှာ အချီညီပြီး အချကာရန် လုံးဝမညီပါဘူး (တခု သတိပြုဖို့က အချီမညီဘဲ အချညီတဲ့ ရတုတော့ မတွေ့ဖူး သေးပါဘူး၊ ဒါပေမဲ့ ရေးလို့ မရဘူးတော့လည်း မဟုတ်ပါဘူး။ ဆိုလို့မကောင်းလို့ ရှေးပညာရှင်တွေ ဒါမျိုး မရေးခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ တကယ်တော့ အချီရော အချရော ညီတဲ့ ပိုဒ်စုံရတုတွေဟာ ရေးရပိုခက်သလို ဆိုလို့လည်း ကောင်းတာကို တွေ့ရပါတယ်။ ဒါကြောင့် အချီရော အချရော ညီအောင် ရေးဖို့ အားထုတ်သင့်ပါတယ်။)

ညွန့်ရှင်
အသတ်ရှိတဲ့ စာလုံးနဲ့ပဲ ချထားတာမျိုးကို ညွန့်ရှင် လို့ ခေါ်ပါတယ်။ ဥပမာ - မင်းရောင်မင်းရုပ် မင်းသွေးတည်း။ ဆိုပြီး ချထား တာမျိုးပါ။

ပေါက်ပြ
အသတ်မပါတဲ့ အက္ခရာနဲ့ အသတ်ပါတဲ့အက္ခရာ ရောပြီး အက္ခရာအညီအမျှ ချီထား ချထားတာမျိုးကို ပေါက်ပြချနည်း လို့ ခေါ်ကြောင်း ကဝိကဏ္ဌပါသ ကျမ်း၊ စွယ်စုံကျော်ထင်ကျမ်းနဲ့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းတွေမှာပြထားပါတယ်။ မြင်သာတာမို့ ဥပမာ မပြတော့ပါဘူး။ ဒါပေမဲ့ မန်လည်ဆရာတော်ဘုရားကြီးရဲ့ ကဝိကဏ္ဌပါသကျမ်းကိုပဲ မှီငြမ်းရေးသားတဲ့ ရတုချနည်း လင်္ကာအရဆိုရင်တော့ အသတ် လုံးဝမပါဘဲ ချရတယ် လို့ ဆိုပါတယ်။ ဥပမာ - ရွှေကြာငါးခု ရုံလို့ဝေ။ ဆိုပြီး ချတာမျိုးပါ။

ငုံဖူး
“၍” ဆိုတဲ့အက္ခရာ မပါစေရဘဲ ကျန်တဲ့ အသတ်နဲ့ပဲ ချီခြင်းချခြင်းကို ခေါ်ပါတယ်။ ဥပမာ လက်ဝဲသုန္ဒရ အမတ်ကြီးရဲ့ မဲဇာတောင်ခြေ-ချီ ရတုမှာ “နေခြည်ဖြာမှ နွေးသောကြောင့်” ဆိုပြီး ချထားတာမျိုးကို ခေါ်ပါတယ်။ မန်လည်ဆရာတော်ဘုရားကြီးရဲ့ ရတုချနည်း လင်္ကာအရဆိုရင်တော့ “ဤ” ဆိုတဲ့ အက္ခရာလုံးဝမပါဘဲ ချရတယ် လို့ ဆိုပါတယ်။

ပုလဲသွယ် (မုလေးသွယ်)
ဒီ အချီအချနည်းကို မုလေးသွယ် လို့လည်းခေါ်ပါတယ်။ အသတ်လည်းပါ၊ “၍” ဆိုတဲ့ အက္ခရာလည်း ပါတဲ့ အချီအချနည်းမျိုး ဖြစ်ပါတယ်။ ဥပမာ -
လက်ရုံးချီ၍ ညွတ်တော်မူ
ကျမ်းညီဖြောင့်တန်းစေပြီး၍။ (မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၃၂၆။ မန်လည်ဆရာတော်) ဆိုပြီး ချတာမျိုး ဖြစ်ပါတယ်။

လည်ကုပ်ချီ (အစငင်)
ကဝိကဏ္ဌပါသ ကျမ်းရဲ့ ရတုချီချနည်း လင်္ကာအရ “... အချီလည်ကုတ်၊ ရှေ့ပုဒ်-ဒု-တ၊ ပါဒနှိုက်ဝယ်၊ ဓိပ္ပါယ်ဖြစ်စေ၊ ပုဒ်ဖြစ်စေပင်၊ ယူလေတတန် ...” ဆိုတဲ့အတိုင်း ရှေ့ပုဒ် (အပိုဒ်ကြီး) ရဲ့ ဒုတိယပါဒ၊ တတိယပါဒ တွေထဲက ပါဒတခုခုမှာပါတဲ့ အက္ခရာ (သို့မဟုတ်) အဓိပ္ပါယ်ကို ယူပြီး ပြန်ချီတာမျိုးကို ခေါ်ပါတယ်။ “၄င်းနည်းကို ရတနာသိင်္ခ မည်သော ကုန်းဘောင်မြို့ အနောက် ခရီးတတိုင်ကွာ ဆီးတော ရွာဘွား မောင်တိုး၏ ရတုအဖြေ၌ (အစငင်) ဆိုနည်းဟူ၍ ပြသည်။” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ဆိုထားပါတယ်။
မန်လည်ဆရာတော်ဘုရားကြီးရဲ့ ရတုချနည်း လင်္ကာအရဆိုရင်တော့ “ရှေ့ဝယ်မဆွ၊ ပုဒ်အစ၏၊ ဒု, တ, အက္ခရာ၊ တဖြာဖြာနှင့်၊ ဓိပ္ပာယတ္ထ၊ ချီတုံကမူ၊ နာမအညီ၊ လည်ဂုတ်ချီ တည့်၊ ...” လို့ ဆိုထားတဲ့အတွက် ရှေ့ကပုဒ် (အပိုဒ်ကြီး) ရဲ့ အစ ဒုတိယ၊ တတိယ အက္ခရာ တခုခု ကို တိုက်ရိုက် သို့မဟုတ် အဓိပ္ပာယ်အတူတူ ယူပြီး နောက်အပိုဒ်ကြီးမှာ ပြန်ချီခြင်းကို ဆိုလိုပါတယ်။ ဒီ နည်းနှစ်နည်းက အနည်းငယ် ကွဲပြားမှုရှိနေပါတယ်။

အဖျားကောက်
“ထိုပြည်တဝ၊ ရှေ့ပုဒ်ချ၍၊ ပါထ-ခရာ၊ အဓိပ္ပာနှင့်၊ ယူကာချီမြှောက်၊ အဖျားကောက် တည့် ...” လို့ မန်လည်ဆရာတော် ဘုရားကြီး ရဲ့ ရတုချနည်းလင်္ကာ ထဲမှာ ရေးသားထားချက်အရ ရှေ့ပုဒ်ရဲ့ အချမှာပါတဲ့ အက္ခရာ၊ ဒါမှမဟုတ် အဓိပ္ပာယ်ကို အဖျားမှကောက်ယူပြီး ချီခြင်း ဖြစ်ပါတယ်။ စာဆိုတော် အနောက်ဝန်မင်း မောင်ဥ ရဲ့ ရတုပိုဒ်စုံမှာ ပထမပိုဒ်ကို “ကျွမ်းငယ်ဖော်” လို့ ချီပြီး “ရွှင်ပျော်လေးမြတ်၊ ပေးသက်မှတ်” လို့ ချပါတယ်။ ပြီးတော့ ဒုတိယပိုဒ်ကို “မှတ်သက်ပေး” လို့ ပြန်ချီပြီး “မြင့်ကြာခေါ်တမ်း ဖော်ငယ်ကျွမ်း” လို့ ချပါတယ်။ တခါ တတိယပိုဒ်ကို “သက်မှတ်ပေး” လို့ ချီပြီး “ကြာမြင့်ခေါ်တမ်း ဖော်ငယ်ကျွမ်း” လို့ ပြန်ချပါတယ်။ ပထမပိုဒ်ရဲ့ အစ “ကျွမ်းငယ်ဖော်” နဲ့ ပြန်ချိတ်ထားတာကို တွေ့နိုင်ပါတယ်။ ဒီရတုကို သီးသန့်ဖော်ပြပေးပါမယ်။

ရွှေလောင်းပျံ
က, စ, တ, ယ, ရ, ပ, မ အက္ခရာတွေနဲ့ ချီခြင်း ချခြင်းဖြစ်ပါတယ်။ ဥပမာ - မန်လည်ဆရာတော်က မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ ၁၄၇၊ ၁၄၈၊ ၁၄၉ တွေမှာ ...
ကွင်း၍သေရတတ်ဘိမူ (၁၄၇)
ကင်း၍ကွေရတတ်ဘိမူ (၁၄၈)
ရှင်း၍နေရတတ်ဘိမူ (၁၄၉) ဆိုပြီး (ရတတ်ဘိမူ) နဲ့ချည်း ချထားတာကို တွေ့ရပါတယ်။

သော်တာရောင် (အညွန့်မဲ့၊ စာတင်း မီးစ)
အသတ်တူ၊ အသံတူ၊ ကာရန်တူ ချခြင်းဖြစ်ပါတယ်။ အဲဒီလို ညီကြပေမဲ့လည်း ...
“ဟု(ဟူ)” ဆိုပြီးချရင် (အညွန့်မဲ့၊ စာတင်း မီးစ) လို့လည်းခေါ်ပါတယ်။ ဥပမာ “ကံဟုမဆို စမာတည်း။” ဆိုပြီး ချထားတာမျိုး ဖြစ်ပါတယ်။
ဒီချနည်းမှာ ၇-လုံးသာမက ၉-လုံးလည်း ချလေ့ရှိပါတယ်။
ဥပမာ - မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၁၁၉၊ ၁၂၀၊ ၁၂၁ တွေမှာ မန်လည်ဆရာတော်က ...
“ဝေးကွာတစေစေနှင့်သာတမုံ့၊ (၁၁၉)
ချောက်ချားတမွှေမွှေနှင့်သာတမုံ့၊(၁၂၀)
ဆင်းရဲတပေပေနှင့်သာတမုံ့ (၁၂၁)” ဆိုပြီး "နှင့်သာတမုံ့" လို့ သတ်တူ သံတူ ကာရန်တူ ချထားတာမျိုး ဖြစ်ပါတယ်။

ကက္ကူဆူးချီ၊ ကက္ကူဆူးချ
သုံးပိုဒ်လုံး အရှည်အတို (အပိုဒ်ငယ် - ပါဒ အရေအတွက်) ညီမျှပြီး အချီအချ ကာရန် မညီဘဲ စပ်ထားတာမျိုး ဖြစ်ပါတယ်။ မြင်သာတဲ့အတွက် ဥပမာ အထူးမဖော်ပြတော့ပါဘူး။

နေရောင်ခြည်ပြေး
က, ဟ, ထ ဆိုတဲ့ အက္ခရာ ၃-လုံးထဲက တလုံးလုံးနဲ့ ချခြင်းဖြစ်ပါတယ်။ “ကား” နှင့် ချလျှင်လည်း ဒီလိုပဲခေါ်ပါတယ်။
ဥပမာ -
လူ့ရွာအတွင်း၊ သည်သေမင်းနှင့်။ ။ သေကွင်းတတ်သာပြီတကား။ (မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ-၁၁၀။ မန်လည်ဆရာတော်)
ရှုကကဲလွန်၊ အလွမ်းသန်သည်။ ။ လေသွန်သာညီ လတကား။ (ဖန်စကြာလျှင်-ချီ ပိုဒ်စုံရတု။ နတ်သျှင်နောင်)

ဖျောက်ဆိပ်လလယ်
အသတ်ရှိသောအက္ခရာနဲ့ ဝဏ္ဏ တလုံးတလုံးကြားမှာထည့်ပြီး ချခြင်းမျိုး ဖြစ်ပါတယ်။ ဆိုလိုရင်းက အသတ်ပါတဲ့ အက္ခရာတွေ ကို အသံတသံချင်းစီရဲ့ကြားမှာ ထည့်ပြီး ချတဲ့နည်းပါ။ ဥပမာ နဝဒေးရဲ့ တစိတ်စိတ်လျှင်-ချီ မိုးတောရတုမှာ “ပျောင်းပျစက်ရာ ခွေလိမ့်မည် - မှတ်နေ့ရက်ကြာရေလိမ့်မည် - ချစ်ထုံ့မျက်ပါ နေလိမ့်မည်” ဆိုပြီး ချထားတာမျိုး ဖြစ်ပါတယ်။

ညွန့်ဟုံ
ဝသတ် အက္ခရာများများသုံးပြီး ချခြင်းဖြစ်ပါတယ်။ နဝဒေးကြီးရေးတဲ့ ပြည်-မြင်ဗာဟု ဘုရားတိုင် ရတုပိုဒ်စုံမှာ ...
ဗာဟု တောင်ထိပ် မိုဖျားသောဝ်။ ။ ချောမွတ်ရွယ်နု ပျိုထွားသောဝ်။ ။ အိမ်သူမျိုးမြတ် ကိုယ်စားသောဝ်။ ။ ဆိုပြီး ဝ-သတ်နဲ့ ချထားတာကို တွေ့နိုင်ပါတယ်။

ချိန်ခွင်ညှာ
ဒီနည်းကို “ချိန်ခွင်လျှာ” လို့လည်း ခေါ်ပါတယ်။ (အစပ် ခြောက်ပါးမှာ ပါဝင်တဲ့ ချိန်ခွင်လျှာ ကာရန်စပ်နည်းနှင့် မသက်ဆိုင်ပါ။ ဒီနည်းဟာ ရတု ချီပုံ ချပုံအတွက် သီးသန့်နည်းဖြစ်ပါတယ်။)
ပထမပိုဒ်မှာ အချရင်းကို တတိယပိုဒ်မှာ အဖျားလုပ်၊ တတိယပိုဒ် အချရင်းကို ပထမပိုဒ်မှာ အဖျားလုပ်ပြီး ဒုတိယပိုဒ်မှာသာ မတူကွဲပြားထူးခြားအောင် စပ်ဆိုခြင်း၊ ပထမနှင့် တတိယပိုဒ်ကိုသာ သံတူချပြီး ဒုတိယပိုဒ်ကို သံကွဲချခြင်းမျိုးကို ခေါ်ပါတယ်။

ဘီလူးရယ်
သရူပ၊ သဝဏ္ဏံ ဖြစ်တဲ့ အက္ခရာ အသတ်သံတွေနဲ့ လှည့်လွှဲပြီး ချခြင်းမျိုး ဖြစ်ပါတယ်။ ဆိုလိုတာက အက္ခရာတမျိုးတည်းကိုပဲ ကာရန်အမျိုးမျိုးထားပြီး ချခြင်းဖြစ်ပါတယ်။ ဥပမာ -
“ဝမ်းဝယ်ဝိုးဝါး ဝေလို့ကို။ နွမ်းနယ်နိုးနား နေလို့ကို။ ကျမ်းကျယ်ကြိုးစား ကြေလို့ကို။” ဆိုပြီ ချတဲ့ပုံစံ ဖြစ်ပါတယ်။

စာကျိုး (စာကြိုး)
‘ဝ’ သတ်နှင့် တခြားအသတ်တွေကြားမှာ သဝေထိုးပါတဲ့ အက္ခရာတွေခြားပြီး ချထားတာမျိုးဖြစ်တယ်လို့ ကဗျာသာရတ္ထသင်္ဂြိုဟ် ကျမ်းထဲမှာ တွေ့ရပါတယ်။
နန္ဒမာလိနီကျမ်းထဲမှာတော့ ကဝိကဏ္ဌပါသကျမ်းလာ ရတု အချီအချ ၂၅-မျိုးမှာ စာကျိုးနဲ့ စာတုံး အတူတူပဲလို့ ရေးထား ပါတယ်။ ဒါပေမဲ့ ...
ကဝိကဏ္ဌပါသ ကျမ်းလာ ရတု အချီအချ ၂၅-မျိုး လင်္ကာမှာ “စာကြိုးမှာကား၊ သဝေခြားသတ်၊ ဝ-အသတ်နှင့်၊ သတ်စပ်မြဲထုံး။” ဆိုတဲ့ စာသားနဲ့ မန်လည်ဆရာတော်ကြီး ရေးသားတော်မူတဲ့ ရတုချီနည်းချနည်းလင်္ကာအရ “သဝေအသတ်၊ သတ်-မသတ်မျိုး၊ စာကျိုး ခေါ်ကြ၊” လို့ရေးထားတဲ့ စာသားအရ စာကျိုးနဲ့ စာတုံး အတူတူပဲ ဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။

စာတုံး
အချီနဲ့ အချတွေမှာ ...
(င) သတ်နဲ့ (ည) သတ်၊
(တ) သတ် နဲ့ (ပ) သတ်၊
(န) သတ်နဲ့ (မ) သတ် တွေကို ကာရန်တူလို့ ယူဆပြီး စပ်ထားတာမျိုးကို ခေါ်တယ်လို့ ကဝိကဏ္ဌပါသကျမ်း၊ ကဗျာသာရတ္ထ သင်္ဂြိုဟ်ကျမ်းတို့မှာ ဖွင့်ဆိုပြထားပါတယ်။ အချီအချမှာ မဟုတ်ပေမဲ့ အတွင်းကာရန်တွေမှာ "စုံ၊ ဂုဏ်၊ စုန်" ဆိုပြီး ရှင်မဟာ သီလဝံသ တောင်တွင်းမှာ နေစဉ်က စပ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းတော့ ဒါမျိုး မစပ်တော့ဘဲ ရှောင်ကျဉ်တယ်လို့ ဆိုပါတယ်။
ဗောဓိမဏ္ဍိုင်၊ ခန်းဝါပိုင်က၊ ချက်ရိုင်ပြည့်စုံ၊ နဝဂုဏ်တည့်၊ ဆန်စုန်ထက်အောက်၊ ကျော်ဝှန်တက်၍ ... (ပါရမီတော်ခန်းပျို့၊ ပိုဒ်ရေ ၁။ ရှင်မဟာသီလဝံသ)
မှတ်ချက်။ ။ သေးသေးတင်ဟာ မ-သတ် (မ်) နဲ့ အတူတူပဲ လို့ ယူဆရပါမယ်။

စာဆန်း (စာသွန်၊ စာဆွန့်)
ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ “ဆိုအပ်ပြီးသောနည်းတို့မှတပါး မလိမ္မာသော သူငယ်တို့သည် မဘွယ်မရာ မပီမပြင် ဆိုသော စကားကဲ့သို့ အသတ် အသံ ကာရန် မညီမညွတ် ယွင်းချွတ်တိမ်းမှား ထားလိုတိုင်း အက္ခရာဖြင့် ချီခြင်းချခြင်းတည်း။ ၄င်းကို ကျွန်ုပ်တို့ ကျေးဇူးတော်ရှင်၊ ရွှေတောင်မြို့၊ တောနယ် ဝါးလယ်ရွာကျောင်း အရှင် “သီရိမာလာ” ကား (စာသွန်) ဟူ၍ လည်းကောင်း (စာဆွန့်) ဟူ၍လည်းကောင်း၊ ခေါ်ရမည့်အကြောင်းနှင့် မိန့်တော်မူဖူး၏။” လို့ ဆိုထားပါတယ်။ အချီမညီ၊ အချမညီ၊ အသတ်၊ အသံ ကာရန်မညီဘဲ ထားချင်ရာ အက္ခရာနဲ့ ထားပြီး ချီတာ၊ ချတာမျိုးကို ဆိုလိုပါတယ်။

အစပြတ်
တပိုဒ်နှင့်တပိုဒ် အဓိပ္ပာယ်ကို လွှဲပြီး ပြတ်အောင် စပ်ဆိုခြင်းမျိုး ဖြစ်ပါတယ်။
ဥဒါဟရုဏ်အနေနဲ့ တောင်ငူမင်း (နတ်သျှင်နောင်) စာတော် “ဘဝဂ်လုံးလျှင်” ချီရတု နိဂုံးမှာ ... “... ဆီပျံ့ကျောသည်။ ။ သဘောတမ်းကာ နေတော့သည်။” လို့ချပြီး “တခဏ်းလုံးပင်၊ မရုံးချယ်လျှက် ... " လို့ အဓိပ္ပာယ်လွှဲပြောင်းပြီး နောက်တပိုဒ်ကို ချီထားတာမျိုး ဖြစ်ပါတယ်။

စမ္ပါယ်ချီစမ္ပါယ်ချ
အစချီတဲ့အပိုဒ်ရဲ့ အစအက္ခရာ အသံကိုယူပြီး ချခြင်းဖြစ်ပါတယ်။
ပထမအပိုဒ်မှာ ကသိုဏ်းကျူးရင့် ... လို့ ချီပြီး ... ကသိုဏ်းကျူးရင့်-ရှုပါလင့်။ ။ လို့ ချပါတယ်။ တခါ ဒုတိယအပိုဒ်မှာ ... ကသိုဏ်းကျူးရင့် ... လို့ပြန်ချီပြီး အတိုင်းကူးဆင့်-တုပါလင့်။ ။ လို့ ချပါတယ်။ နောက်ထပ်တခါ တတိယအပိုဒ်မှာ အတိုင်းကူးဆင့် ... လို့ ပြန်ချီပြီး မထိုင်းကျူးရင့်-ပြုပါလင့်။ ။ " ဆိုပြီး ချထားတာမျိုးဖြစ်ပါတယ်။
နောက်ထပ် ဥဒါဟရုဏ်တခု အနေနဲ့ ...
ရှင်သံခို ဆိုရတုမှာ ... "နေ" နတ်ကသည် လို့ ချီပြီး ... မုန်းလျက်မပိုင် "နေ" တော့သည်လို့ ချပါတယ်။ ပြီးတော့ အပိုဒ်-၂ မှာ "ခွေ" မပတ်လည် ... လို့ ချီပြီး တိမ်နှယ်ယှက်ဆိုင် "ခွေ" တော့သည် လို့ချပါတယ်။ ပြီးတော့ အပိုဒ်-၃ မှာ "ဝေ" မှတ်မြရည် ... လို့ ချီပြီး ... နေတိုင်းစက်တိုင်း "ဝေ" တော့သည်လို့ ချတာမျိုးကို ဆိုလိုပါတယ်။

မြင်းဆက်ခွ
အချပိုဒ်က စကားလုံး၊ အဓိပ္ပာယ်တွေကို ပြန်ယူပြီး နောက်တပိုဒ်ကို ချီတာမျိုးကို ဆိုလိုပါတယ်။ ဥပမာအနေနဲ့ ပြရရင် တောင်ငူမင်း (နတ်သျှင်နောင်) စာတော် “ခုနစ်တောင်စွန်” ချီ ကျေးစေ ပလီခတ်ရတုမှာ “ချုပ်နေရောင်တင်သည်ညတွင်။” လို့ ချပြီး နောက်တပိုဒ်ကို “ညခင်းချုပ်နေ၊ ပြန်တည့်လေသော် ...” ဆိုပြီး ပြန်ချီပါတယ်။ တခါ ... “နိုင်မည်ကိုပင် ရည်းကြထင်။” လို့ချပြီး တခါ “နိုင်မည်ရည်းထင်၊ အတင်တင်ဝယ် ...” လို့ နောက်တပိုဒ်မှာ ချီထားပြန်တာမျိုးကို ခေါ်ပါတယ်။

မြင်းဆက်ခွန့်
အချပိုဒ်က အက္ခရာကိုလည်းကောင်း၊ အဓိပ္ပာယ်ကိုလည်းကောင်း လည်ကုတ်မှာ ယူပြီး ချီခြင်းဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြရရင် ပါရမီတော်ခန်းပျို့ အပိုဒ်ရေ-၄ မှာ ရှင်မဟာသီလဝံသက “... ရပ်ရှုပြီးသော်၊ ငါ့ကိုမျှော်၍၊ ရှင်တော်မေတ္တာ သက်လတ်တည်း။” လို့ ချပြီး အပိုဒ်ရေ-၅ မှာ “ဘုရားမည်သည်၊ သက်ကြည်မေတ္တာ၊ ...” ဆိုပြီး အစပိုဒ်မှာမဟုတ်ဘဲ လည်ကုတ်ပိုဒ် (ဒုတိယပိုဒ်)မှာ ယူပြီး ပြန်ချီထားပါတယ်။ (ပျို့ဟာ ရတုမဟုတ်ပေမဲ့ လင်္ကာ ဆိုတဲ့အထဲမှာ နှစ်မျိုးလုံး အကျုံးဝင်လို့ ဒီချီနည်း ကို ဥပမာ ပြလိုက်တာပါ။)

ခု ဆက်လက်ဖော်ပြမယ့် နည်းတွေကတော့ စာလုံးရေနဲ့ မဟုတ်ဘဲ စာပိုဒ်တွေ အနေအထားအရ ခေါ်ဝေါ်တဲ့ အခေါ်အဝေါ်ပါ။ အမျိုးအစားသတ်မှတ်ချက်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်

ပွဲ့ကဆီ (မိုးဆွေ)
“ပိုဒ်စုံ ရတု ၃-ပိုဒ်တွင် ပဋ္ဌမအပိုဒ် ရှည်ခြင်းတည်း။” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ညွှန်ပြထားပါတယ်။ ကဗျာဖွဲ့နည်း နိသျည်းမှာတော့ ဒုတိယပိုဒ်၊ တတိယပိုဒ် တူလျှင်တူ၊ မတူလျှင်မတူဖြစ်ပြီး ပထမပိုဒ် ရှည်လျားနေလျှင် “မိုးဆွေ” လို့ ခေါ်တယ်လို့ ဆိုပါတယ်။

ဝမ်းပိုဒ်ကြီး (ဝမ်းပိုက်ကြီး)
ဒုတိယပိုဒ် က ကျန်တဲ့အပိုဒ်နှစ်ပိုဒ်ထက် ပိုပြီးရှည်နေတာရင် ဝမ်းပိုဒ်ကြီး လို့ခေါ်ပါတယ်။ ကဗျာဖွဲ့နည်း နိသျည်းမှာတော့ “ဝမ်းပိုက်ကြီး” လို့ ရေးထားပါတယ်။ သဘောကတော့ ပထမအစပိုဒ်ဟာ ဦးခေါင်း၊ ဒုတိယအလယ်ပိုဒ်က ဝမ်းပိုက်၊ တတိယ အဆုံးပိုဒ်က ခြေ လို့ ယူဆလိုက်တဲ့သဘောပါ။ ဒါကြောင့် ဒုတိယပိုဒ်က “ဝမ်း” ပိုဒ် (သို့မဟုတ်) ဝမ်းပိုက် ဖြစ်ပြီး တခြားအပိုဒ်တွေထက် ပိုပြီး ရှည်လျားနေတော့ ပိုကြီးနေတယ် ဆိုတဲ့ သဘောနဲ့ ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။

လည်တို
တတိယပိုဒ် က ကျန်တဲ့အပိုဒ်နှစ်ပိုဒ်ထက် ပိုပြီးရှည်နေတာရင် “လည်တို” လို့ခေါ်ကြောင်း ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ရော ကဗျာဖွဲ့နည်း နိသျည်းမှာပါ ပြဆိုထားပါတယ်။

ညွန့်တက်
ဒီမှာလည်း နှစ်မျိုးကွဲပြားတာကို တွေ့ရပါတယ်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ “ပဋ္ဌမပိုဒ် မရှည်မတို ရှိခြင်းတည်း။” (ပဋ္ဌမပိုဒ်က ကျန်တဲ့နှစ်ပိုဒ်နဲ့ မတူဘဲ မရှည်လွန်း မတိုလွန်းတာကို ဆိုလိုပါတယ်) လို့ ဖော်ပြထားပြီး ကဗျာဖွဲ့နည်း နိသျည်းမှာတော့ ပထမပိုဒ်၊ တတိယပိုဒ် တူပြီး ဒုတိယပိုဒ် မတူလျှင် "ညွန့်တက်" ဟုခေါ်သည် ဆိုပြီး ဖော်ပြထားပါတယ်။

ညွန့်လန်း (ညွှန်လမ်း)
ဒုတိယပိုဒ်က ပဋ္ဌမပိုဒ်ထက် ပိုရှည်နေရင် “ညွန့်လန်း” လို့ခေါ်တယ်လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ဖော်ပြထားပြီး ကဗျာဖွဲ့နည်း နိသျည်းမှာတော့ ပထမပိုဒ်၊ ဒုတိယပိုဒ် တူပြီး တတိယပိုဒ် မတူလျှင် "ညွှန်လမ်း" လို့ ခေါ်တယ်လို့ ဖော်ပြထား ပါတယ်။ ဒီမှာလည်း နှစ်မျိုးကွဲနေတာကို တွေ့ရပါတယ်။

ညွန့်တုံး
တတိယပိုဒ်က ဒုတိယပိုဒ်ထက် ပိုရှည်နေရင် “ညွန့်တုံး” လို့ ခေါ်တယ်လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာရော ကဗျာဖွဲ့နည်း နိသျည်းမှာပါ ဖော်ပြထားပါတယ်။

ပိုဒ်စုံစကြာ (စကြာလည်)
အဆုံးချလျှင် အစပိုဒ်သို့ ဆိုက်ခြင်း၊ တနည်းအားဖြင့် ချီပုဒ်ကို ပြန်ယူပြီး ချခြင်းဖြစ်ပါတယ်။
ဥပမာ - ရခိုင်သူ မိညိုရေး ကိုယ်ရည်သွေးဘွဲ့ ရတုမှာ “တောင်တွင်မြင့်မိုရ် ...” လို့ ချီပြီး အဲဒီအပိုဒ်ကိုပဲ “တောင်တွင် မြင့်မိုရ်သာတကား” ဆိုပြီး ပြန်ချပါတယ်။
နဝဒေးကြီးရဲ့ ရတုမှာလည်း ‘သီဟတောနှင့် ကျိုက်ပေါမွေ’ လို့ချီပြီး ‘တွင်မည်ကျိုက်ပေါ သီဟတော’ ဆိုပြီး ပြန်ချထားတာမျိုးပါ။
(အက္ခရာတလုံးတည်းနဲ့ အစပိုဒ်တိုင်းကို ရေးထားတဲ့ ပဒုမ္မာကြာဆိုနည်း ရတုတွေကိုတော့ ယန္တရားစကြာလည် ရတု လို့ ခေါ်ကြပါတယ်။ ပိုဒ်စုံစကြာရတုနဲ့ မတူပါ)

ကိုယ်တွင်းပြည့် (ရင်တွင်းပြည့်၊ ဝမ်းတွင်းပြည့်)
“ပိုဒ်ရေအတူ၊ ကာရန်တူ ပိုဒ်စုံညီညွတ်ခြင်းတည်း” လို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြထားပါတယ်။ ရှိသမျှ အပိုဒ်အားလုံး အရေအတွက် တထပ်တည်းတူပြီး ပထမအပိုဒ်က စကားလုံးတိုင်းကို ဒုတိယနဲ့ တတိယ အပိုဒ်တွေမှာ တလုံးမကျန် နဘေအပြည့်ထပ်ပြီး ရေးတဲ့ ရတုမျိုးဖြစ်ပါတယ်။ (ရင်တွင်းပြည့်၊ ဝမ်းတွင်းပြည့်) ဆိုပြီးလည်း ခေါ်ပါတယ်။ အလွန်ရေးရခက်တဲ့ ရတုအမျိုးအစား ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဥပမာ သီးသန့် ပြပေးပါ့မယ်။

စာဖြတ်
တပိုဒ်နှင့်တပိုဒ် မညီရင် “စာဖြတ်” လို့ ခေါ်ကြောင်း ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ပြဆိုထားပါတယ်။
ကဗျာဖွဲ့နည်း နိသျည်းမှာတော့ ဒုတိယပိုဒ်၊ တတိယပိုဒ် တူပြီး ပထမပိုဒ် မတူလျှင် “စာဖြတ်” လို့ ပြထားပါတယ်။

စာရိ
အဖြစ်ခြင်း မညီဘဲ စပ်ရင် “စာရိ” လို့ခေါ်ပါတယ်။ အလယ်မှာ တလုံးမညီဘဲ ရှိရင် ‘သတ်စေ့နှက်’ လို့ ခေါ်ပါတယ်။ မထောင်းတာစပ်ရတယ်။ အရင်းအဖျား ပျက်ရုံမျှနှင့် စာရိလို့ ခေါ်လို့မရဘူးလို့ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းမှာ ညွန်ပြထား ပါတယ်။

ထောင့်တဲတွန့်
တခြားရတုတွေလို လေးလုံးတပိုဒ် စပ်ရိုးစပ်စဉ်မဟုတ်ဘဲ သုံးလုံးတပိုဒ်၊ ၄-လုံးတပိုဒ်၊ ၅-လုံးတပိုဒ် အစရှိသဖြင့် စပ်ဆိုသွားတဲ့ နည်းဖြစ်ပါတယ်။ ရှင်မဟာရဋ္ဌသာရ ထွင်ခဲ့တဲ့ နည်းလို့ သိရပါတယ်။

သုံးလွန်းတင်
တပိုဒ် စပ်လိုက်ရုံနဲ့ ၃-ပိုဒ်ရခြင်း လို့ ဆိုပါတယ်။ ပထမအပိုဒ်ရဲ့ စာလုံးတွေကိုပဲ ရှေ့နောက်လှည့်ပတ်ရွှေ့ပြောင်းပြီး ဒုတိယနဲ့ တတိယအပိုဒ်တွေ ရအောင် စပ်သွားတာမျိုးကို ဆိုလိုပါတယ်။ ၃-လုံးတင်ကနေ ၁၈-လုံးတင်အထိ စပ်လို့ရတယ်လို့ ကဗျာသာရတ္ထသင်္ဂြိုဟ် ကျမ်း မှာ ညွန်ပြထား ပါတယ်။

ယမကချီ၊ ယမကချ
ယမက ဆိုတဲ့ ပါဠိစကားရဲ့ အဓိပ္ပာယ်က သဒ္ဓါတူအနက်ကွဲ (သံတူကြောင်းကွဲ) ပိုဒ်တွေ အစုံလိုက် အစုံလိုက်ထားပြီး ဖွဲ့ဆိုတဲ့ ပါဠိကဗျာတွေကို ဆိုလိုပါတယ်။ ချောင်းမဘုရားတိုင်ရတုတွေဖြစ်ကြတဲ့ ချောင်းမမွေရှင်-ချီ နဝဒေးရဲ့ ရတုမှာ ...
ချောင်းမမွေရှင်၊ ... ချစ်စမမြဲးတောင်းကိုလည်း။
မောင်းမျှရွှေစင်၊ ... ဖြစ်ရမခဲးတောင်းကိုလည်း။
ကြောင်းစထွေအင်၊ ... ပြစ်ပမရှဲးတောင်းကိုလည်း။ ဆိုပြီး ချီထား၊ ချထားသလို ...
ချောင်းမမွေတော်-ချီ နတ်သျှင်နောင်၏ ချောင်းမဘုရားတိုင်ရတုမှာ ...
ချောင်းမမွေတော်၊ ... မုန်းဘွယ်မများ တောင်းကိုလည်း။
မောင်းမျှရွှေလှော်၊ ... နှုန်းဆွယ်မရှား တောင်းကိုလည်း။
ကြောင်းစထွေငေါ်၊ ... ကုန်းသွယ်မသားတောင်းကိုလည်း ...
ဆိုပြီး အစုံလိုက် ချထားခြင်းမျိုး ဖြစ်ပါတယ်။ ဒီနည်းက ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်းနဲ့ တခြားကျမ်းတွေမှာ ဖော်ပြထားခြင်းမရှိပါဘူး။ နတ်သျှင်နောင်ဆို ရတုများထဲမှာ တွေ့ရတဲ့ နည်း ဖြစ်ပါတယ်။ သော်တာရောင် (အညွန့်မဲ့၊ စာတင်း မီးစ) ချနည်းနဲ့ ကွဲပြားတာက ဒီနည်းမှာ စကားလုံးအားလုံးကို ကာရန်အညီ ထပ်ပြီး စပ်ဆိုထားတာဖြစ်ပါတယ်။

မှတ်ချက်။
သုံးပိုဒ်လုံး အပိုဒ်ရေတူညီလျှင် ...
(က) သတ်စေ့နှက်သုံးချက်ညီ ရတု
(ခ) ပဒညီ ရတု
(ဂ) အရည်အပြည့် ရတု
(ဃ) မင်္ဂလာ ရတု လို့လည်း ခေါ်ကြောင်း ကဗျာဖွဲ့နည်း နိသျည်းမှာ ပြထားပါသေးတယ်။

ဒါဆိုရင် ကျမ်းတွေမှာလာသမျှ ရတုချီနည်း၊ ချနည်း အားလုံး စုံသွားပြီဖြစ်ပါတယ် ... ဆက်ပြီး တွေ့ရရင်လည်း ထပ်ပြီး ဖြည့်စွက်ပေးပါ့မယ် ...
ရတုအကြောင်းက ကျယ်ပြန့်လွန်းလို့ ရှေ့ဆက်ပြီး ရေးရပါဦးမယ် ...

ဟယ်ရီလွင်

Read More...